← Chapters

လက်ဆောင်ကြီး

Vol. 145 Ch. 2016

လက်ဆောင်ကြီး

Vol. 145 Ch. 2016

တိုက်ပွဲအစစ်အမှန် စလာရန် အချိန်အနည်းငယ် လိုပေလိမ့်ဦးမည်။ ကောင်းကင်စကြဝဠာဘုံက ကောင်းကင်ထူးခြားဘုံနှင့် အ‌တော်လေး ဝေးသည်။ ထိုဘုံနှစ်ခုကြားတွင် မရေမတွက်နိုင်သော ဆန်းကြယ်နယ်မြေများလည်း ရှိသည်။ ထိုဆန်းကြယ်နယ်မြေအားလုံးကို တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားပေသည်။

ထို့ကြောင့် ကောင်းကင်ထူးခြားဘုံကို ဝင်တိုက်လိုလျှင် အရင်ဆုံး ထိုဆန်းကြယ်နယ်မြေများထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်များကို ရှင်းရမည်ဖြစ်သည်။ မဟုတ်လျှင် လူသားမျိုးနွယ်၏ စစ်ကြောင်းသတင်းက အမြဲ တမလွန်ဘုံမျိုးနွယ်၏လက်ထဲ ရောက်နေပေလိမ့်မည်။ သို့ဆိုလျှင် ထိုတိုက်ပွဲကို တိုက်နေရန်ပင် မလိုတော့ပေ။

ကောင်းကင်ဧကရာဇ်ချင်နီသည် ကောင်းကင်စကြဝဠာဘုံသို့ ရောက်ပြီး သုံးရက်ကြာပြီးနောက် စစ်တပ်တစ်တပ်ကို ရှေ့တန်းအဖြစ် ဆောင်ရွက်စေလိုက်၏။ ထိုစစ်တပ်မှာ ရှားယွီ၏ မိစ္ဆာသုတ်သင်စစ်တပ်ပင်။ ရူးသွပ်အရှင်၊ ယန်အရှင်နှင့် ရွေအရှင်တို့က သူမ၏စစ်တပ်ထဲတွင် ဖြစ်သည်။ ထိပ်တန်းတပ်သား သန်းသုံးဆယ်က ရှေ့တန်းတွင် နေရာယူကာ ဆန်းကြယ်နယ်မြေများထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို ရှင်းပစ်ကြလေသည်။

ရှားယွီသည် ကောင်းကင်ဧကရာဇ်ချင်နီထံမှနေ၍ စစ်ရေးပညာကို အချိန်တစ်ခု သင်ယူခဲ့ရ၏။ သူမသည် စစ်တပ်ကို စီမံခန့်ခွဲရာတွင် အလွန်တော်သည်။ သူမက ပြိုင်ဘက်ကင်း အလှပဂေးလေးတစ်ယောက် ဖြစ်သလို အစွမ်းအစလည်း ရှိပေသည်။ သူမလက်အောက်ရှိ ယန်အရှင်၊ ရူးသွပ်အရှင်၊ ရွေအရှင်နှင့် စစ်သူကြီးဆယ်ယောက်တို့ကို သူမကို အလွန်လေးစားကြသည်။ သူမ၏ အမိန့်အောက်တွင် တပ်ဖွဲ့ဆယ်ဖွဲ့က ကောင်းကင်ထူးခြားဘုံသို့ ချီတက်လေသည်။ သူမ၊ ယန်အရှင်နှင့် ရွေအရှင်တို့က တပ်ဖွဲ့များ၏ အလယ်တွင်နေကာ လေးဘက်လေးတန်ကို စောင့်ကြည့်နေပေသည်။

မင်တဲသည် ရှားယွီနှင့် ထိပ်တိုက် တိုက်ခိုက်ရန် စစ်တပ် မစေလွှတ်ခဲ့ပါ။ ကောင်းကင်ထူးခြားဘုံက ကောင်းကင်စကြဝဠာဘုံနှင့် အလွန်ဝေးသည်။ သူသာ စစ်တပ်စေလွှတ်လိုက်လျှင် စစ်တပ်က လမ်းတွင် အလစ်ဝင်တိုက်ခံရနိုင်သည်။

ထို့ကြောင့် မင်တဲသည် ကောင်းကင်ထူးခြားဘုံထဲတွင်သာ တပ်များ စုဝေးနေလိုက်သည်။ သူ မည်သည့်စစ်တပ်ကိုမှ မစေလွှတ်ပါ။

ရှားယွီ၏ ရှင်းလင်းမှုက အလွန်ချောမွေ့နေ၏။ ရှားယွီထံတွင် အထူးဖွဲ့စည်းထားသော ထောက်လှမ်းရေးတပ် တစ်တပ်ရှိသည်။ လက်ရှိတွင် ထိုတပ်သည် ကောင်းကင်ထူးခြားဘုံ အနီးသို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သတင်းအချက်အလက်အားလုံးက ရှားယွီ၏လက်ထဲတွင် ရှိပေသည်။

မိစ္ဆာသုတ်သင်စစ်တပ်က ဆက်ချီတက်နေစဉ်တွင် ကောင်းကင်စကြဝဠာဘုံထဲတွင် ကျန်ခဲ့သော စစ်တပ်နှစ်တပ်က ပို၍ စိတ်လှုပ်ရှားလာကြ၏။ သူတို့ ကောင်းကင်ထူးခြားဘုံသို့ သွား၍ အမည်တစ်လုံးတွင်အောင် တိုက်ခိုက်ရန် မစောင့်နိုင်ကြတော့ပေ။ သူတို့က လူသားမျိုးနွယ်အတွက် တောက်ပကြည်လင်သော ကောင်းကင်တစ်ခု ဆောင်ကျဉ်းပေးမည်ဖြစ်သလို သူတို့မိသားစုများအတွက် ထာဝရခိုင်မြဲမည့် အုတ်မြစ်တစ်ခု ချပေးမည်ဖြစ်သည်။

ကောင်းကင်ဧကရာဇ်ချင်နီက မလှုပ်ရှားသေးပေ။ သူ စစ်တပ်နှစ်တပ်ကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ထားပြီး စိတ်ဓာတ်ကို အမြင့်ဆုံး ရောက်နေအောင် လုပ်ထားခြင်းပင်။ ရှားယွီဘက်မှ တစ်ဝက်လောက် ရှင်းလင်းပြီးသောအခါမှ သူ စစ်တပ်နှစ်တပ်ကို ဦးဆောင်ကာ ချီတက်မည်ဖြစ်သည်။ သို့ဆိုလျှင် တစ်ပွဲတည်းနှင့် သူတို့ သေချာပေါက် အနိုင်ရနိုင်ပေလိမ့်မည်။

***

တစ်ဘက်တွင် တိုက်ပွဲအငွေ့အသက်များ ပြည့်နှက်နေသော်လည်း ကျန်းရီဘက်၌ အလွန်တိတ်ဆိတ်နေသည်။ ကျန်းရီက မလှုပ်ရှားသေးပေ။ မင်တိသည် နေ့တစ်ဝက်ကြာတိုင်း လွင်မင်းဆန်းကြယ်နယ်မြေထဲမှ အခြေအနေကို စစ်ဆေးပေသည်။

အခြေအနေမှာ အမှန်ပင် အလွန်ဆိုးနေသည်။

လဝက်ကြာပြီးနောက် ကျန်းရီ ကျင့်ကြံနေရာမှ ထွက်လာသည်။ သူ လေအနှစ်သာရကို အထွတ်အထိပ်အဆင့်အထိ သိမြင်နားလည်သွားပြီဖြစ်သည်။ ထိုလေအရင်းအမြစ်က ထောက်ပံ့ရေးအမျိုးအစား စွမ်းရည်တစ်ခုပင်။ ၎င်းက လူတစ်ယောက်၏ တိုက်ခိုက်နှုန်းကို ငါးဆ သို့မဟုတ် ဆယ်ဆ တိုးသွားစေသည်။

သို့သော် အကျိုးမရှိပေ...

ကျန်းရီသည် လေအနှစ်သာရကို သိမြင်နားလည်သွားပြီဖြစ်သော်လည်း လေအရင်းအမြစ်ကို မစုပ်ယူနိုင်သေးပေ။ ကျန်းရီ အပြင်သို့ ထွက်ပြီးသည်နှင့် တဒင်္ဂအတွင်းမှာပင် စိတ်ပျက်စွာ အထဲပြန်ဝင်လာရသည်။

ကောင်းကင်ဘုံခုံရုံး၏ စွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးနေဆဲပင်။ ထို့ကြောင့် ကျန်းရီ ပို၍ ပို၍ ရင်လေးလာသည်။ သူ အလွန်စိတ်မလှုပ်ရှားသေးသော်လည်း ဖိအားကိုတော့ ခံစားနေရပေပြီ။ ကောင်းကင်ဘုံခုံရုံးထဲတွင် လူများစွာ ရှိနေသည်။ ချီဟုန် ပြောခဲ့သလိုပင် ကောင်းကင်ဘုံခုံရုံး ကျိုးပေါက်သွားသည်နှင့် ဟယ်နုန်ယင်း၊ ချီချင်ချန်၊ ကျန်းရှောင်နူ၊ ကျန်ဝူရွှမ်းနှင့် အခြားသူအားလုံး ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

ကျန်းရီ မရှုံးမပေးပါ။ နောက်ဆုံးအခိုက်အတန့်အထိ သူ လက်လျှော့မည် မဟုတ်ပေ။ သူ ကောင်းကင်ဘုံခုံရုံးထဲရှိ ဆန်းကြယ်နယ်မြေထဲ ပြန်ဝင်လိုက်ပြီး ပျံသန်းလာကြသော ကျန်းရှောင်နူနှင့် အခြားသူများကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူတစ်ယောက်တည်း ကန္တာရထဲတွင် လမ်းလျှောက်လိုက်လေသည်။

လေအေးများက ထက်ရှသော ဓားများအလား ကျန်းရီကို ပွတ်တိုက်နေ၏။‌ လေထဲတွင်လည်း သဲဝါများ ကခုန်နေသည်။ ကျန်းရီသည် ရင်ဗလာနှင့် တစ်ကိုယ်တည်း‌ လျှောက်နေ၏။ သူ ဖြစ်နိုင်‌ခြေ အမျိုးမျိုးကိုလည်း ကြိုးစား သုံးသပ်နေသည်။

ကျန်းရီတစ်ယောက် လျှောက်သွားရင်းနှင့် ပြီးခဲ့သော အခေါက်မှ နေရာကို ပြန်ရောက်သွား၏။ ထိုနေရာတွင် လေများက ပို၍ပင် အားကောင်းသည်။ ကျန်းရီသည် လေအနှစ်သာရကို ထိုနေရာတွင် သိမြင်နားလည်ခဲ့ခြင်းပင်။

‘ငါ လမ်းကို မသိရင် ပန်းတိုင်နဲ့ သက်ဆိုင်မဲ့ အရာတစ်ခုကစပြီး လေ့လာသင့်တယ်’

ကျန်းရီ ဟယ်နုန်ယင်း၏ အကြံပေးချက်ကို ပြန်တွေးကြည့်သည်။ သူ ရင်ခုန်မြန်သွားပြီး ရေရွတ်လိုက်၏။

“သက်ဆိုင်တဲ့အရာတစ်ခု။ လေနဲ့ ဘာကသက်ဆိုင်လဲ”

ကျန်းရီသည် ဘေးနှစ်ဘက်မှ တောင်နှစ်လုံး၊ မည်းမှောင်နေသော ကောင်းကင်နှင့် အဝေးမှ တိမ်များကို ငေးကြည့်နေ၏။ ရုတ်တရက် သူ့ခေါင်းထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာသည်။

‘လေက မြေနဲ့ရေနဲ့ သက်ဆိုင်တာလား။ မြေနဲ့ရေကြောင့် လေဖြစ်လာတာလား။ မဟုတ်ရင် အပြင်က ဆန်းကြယ်နယ်မြေထဲမှာ ဘာလို့ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်နဲ့ လေအရင်းအမြစ် ရှိနေမှာလဲ...’

‘လေက လေစီးကြောင်းကြောင့် ဖြစ်တာ၊ ဒါပေမဲ့ လေစီးကြောင့်က ဘာလို့ဖြစ်တာလဲ။ လေက အကြောင်းမရှိဘဲနဲ့တော့ မစီးလောက်ဘူး မဟုတ်လား...’

‘ရေက အငွေ့ပျံ၊ တိမ်တွေအဖြစ်ပြောင်းပြီး နောက်ဆုံးကျ မိုးစက်တွေအဖြစ် ပြန်ရွာချလာတာ။ ရေ၊ တိမ်နဲ့ မိုးကြားက ပြောင်းလဲမှုတွေကြောင့် အာကာပြင် ကျုံ့မှု၊ ဆန့်မှုဖြစ်ပြီး မတူညီတဲ့ ဖိအားတွေဖြစ်၊ လေစီးကြောင်းတွေ ဖြစ်လာတာလား...’

‘ကုန်းမြေနဲ့ ပင်လယ်ကြားက အပူချိန် မတူညီမှုကြောင့် ရေတွေက မတူညီတဲ့နှုန်းနဲ့ အငွေ့ပျံကြတာ။ အဲ့ဒါကြောင့်လည်း အာကာပြင်မှာ မတူညီတဲ့ ဖိအား ဖြစ်လာပြီး လေက စီးဆင်းလာတာပဲ...’

‘ဒီတော့... လေအရင်းအမြစ်က ရေနဲ့မြေ အရင်းအမြစ်ကြောင့် ဖြစ်ပေါ်လာတာပဲ။ ဒါမှမဟုတ်... လျှပ်စီးက ရေကိုဖန်တီးတာနဲ့ လျှပ်စီးက မြေကိုဖန်တီးတာ ပေါင်းပြီး လျှပ်စီးက လေကိုဖန်တီးတာ ဖြစ်လာတာလား’

ကျန်းရီသည် အတွေးစဉ်ဆက် လိုက်တွေးပြီးနောက် သူ့ကိုယ်သူပင် အံ့ဩသွားစေ၏။ သို့သော် တွေးလေလေ၊ အရာများက ပို၍ ဆန်းကြယ်လာသည် ခံစားလာရလေလေပင်။ ယခုတွင် သူ့ထံ၌ လမ်းကြောင်းတိတိပပ မရှိရာ သူ မြေပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ဆက်တွေးတော‌သုံးသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ လျှပ်စီးက ရေကိုဖန်တီးခြင်းနှင့် လျှပ်စီးက မြေကိုဖန်တီးခြင်းတို့ကို ပေါင်းစည်းကြည့်ကာ လျှပ်စီးက လေကို ဖန်တီးခြင်း ရနိုင်မည်လောကို ကြည့်ကြည့်လိုသည်။

ကျန်းရီ လျှပ်စီးက မီးကို ဖန်တီးနိုင်ခြင်း အကြောင်းကို သိမြင်နားလည်ပြီးနောက် မီးအရင်းအမြစ်ကို စုပ်ယူနိုင်ခဲ့သည်။ လျှပ်စီးက သစ်သားကို ဖန်တီးနိုင်ခြင်း အကြောင်းကို နားလည်ပြီးနောက်တွင်လည်း သစ်သားအရင်းအမြစ်ကို စုပ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် လျှပ်စီးက လေကို ဖန်တီးနိုင်ခြင်း အကြောင်းကို နားလည်သွားလျှင် လေအရင်းအမြစ်ကို စုပ်ယူနိုင်ပြီး ဤကြိုးထုံးကို ဖြေနိုင်သွားလောက်ပေသည်။

ထိုအတွေးမှာ ဖြစ်နိုင်ခြေရှိသည်။

သို့သော် လက်တွေ့ဖြစ်အောင် လုပ်ရန်မူ အလွန်ခက်ခဲသည်။ လျှပ်စီးက ဓာတ်ကို ဖန်တီးနိုင်ခြင်း အကြောင်းများမှာ အလွန်နက်နဲရာ ၎င်းတိုကို မည်သို့ အတူတကွ ပေါင်းစည်းနိုင်မည်နည်း။

ကျန်းရီသည် သုံးရက်လုံးလုံး ကြိုးစားနေခဲ့သော်လည်း များစွာတိုးတက်မှု မရှိခဲ့ပေ။ သို့သော် သူ သဲလွန်စအချို့ ရခဲ့သည်။ သူက လျှပ်စီးက ရေကို ဖန်တီးနို်ငခြင်းနှင့် လျှပ်စီးက မြေကို ဖန်တီးနိုင်ခြင်း အကြောင်းတို့ကို အထွတ်အထိပ်အဆင့်အထိ သိမြင်နားလည်ထားပြီဖြစ်ရာ ၎င်းတို့ကို ပေါင်းစည်းရန် ဖြစ်နိုင်ခြေ ရှိပေသည်။

ရှစ်ရက်...

နောက်ဆုံးတွင် ကျန်းရီ အတန်ငယ် နားလည်လာ၏။ အနှစ်သာရခွဲနှစ်မျိုးကို အနည်းငယ် ပေါင်းစည်းနိုင်လာရာ ကျန်းရီ အလွန်စိတ်လှုပ်ရှားလာသည်။ လမ်းစပေါ် ခြေချမိရန်မှာ အခက်ဆုံးဖြစ်သည်။ လမ်းပေါ်ရောက်သွားလျှင်မူ တဖြည်းဖြည်း လမ်းဆုံးထိ လျှောက်သွားနိုင်မည်ဖြစ်သည်။

ကျန်းရီ တစ်ခဏမျှပင် မရပ်ခဲ့ပေ။ သူ လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကိုင်ကာ အရာအားလုံးကို လျစ်လျူရှု၍ ဆက်လေ့လာနေသည်။ ရက်နှစ်ဆယ်ကြာပြီးနောက် သူ့မျက်လုံးများ ပွင့်လာလေသည်။

“ဟားဟားဟား...”

ကျန်းရီ ကောင်းကင်ထက်သို့ မော့ကြည့်ကာ အရူးတစ်ယောက်လို ရယ်လိုက်၏။ ကျင့်ကြံနေကြသော လူများစွာ လန့်နိုးလာကြသည်။ ချီချင်ချန်က အနီးတွင် ရှိနေ၍ ချက်ချင်း ပျံသန်းလာ၏။ အဝေးမှနေ၍ လူများစွာလည်း ပျံသန်းလာကြသည်။

“ကျန်းရီ... ဘာဖြစ်တာလဲ”

“ဘာသတင်းကောင်းလဲ။ ဘာလို့ ဒီလောက်ပျော်နေရတာလဲ”

“ဟုတ်တယ်... ကျွန်မတို့လည်း ပျော်ရအောင် ပြောပြပါဦး”

အားလုံးက စိတ်ဝင်တစား မေးလိုက်ကြ၏။ ကျန်းရီက ပဟေဠိဆန်ဆန် ပြုံးကာ ပြောလိုက်သည်။

“အားလုံးပဲ မမေးကြပါနဲ့ဦး။ အရင်ဆုံး ကျွန်တော့်ကို သွားအတည်ပြုခွင့် ပေးပါ။ နောက်မှ ကျွန်တော် အားလုံးကို ရှင်းပြပါမယ်”

ကျန်းရီသည် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲ၍ တည်နေရာပြောင်းရွှေ့သွားပြီး နားမလည်နိုင် ဖြစ်နေသော မျက်လုံးအစုံအနည်းငယ်ကို ချန်ခဲ့သည်။ သို့သော် ကျန်းရီက အလွန်ပျော်ရွှင်နေရာ သူတို့လည်း စိတ်ခံစားချက် ကောင်းနေကြပေသည်။

ကျန်းရီ အတွင်းခန်းမထဲတွင် ထွက်ပေါ်လာပြီး သဲရှင်ဒိုင်း ဖန်တီးလိုက်၏။ ထို့နောက် မီးတောက်နတ်ဘုရားဒိုင်းကိုလည်း ဖန်တီးကာ ကောင်းကင်ဘုံခုံရုံးအပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့လိုက်လေသည်။

ရွှစ်...ရွှစ်...

ကျန်းရီ အပြင်ရောက်လာသည်နှင့် လေပိုးကောင်များက ကြောက်လန့်တကြား ပျံပြေးသွားကြ၏။ လေဆင်နှာမောင်းများကမူ ကျန်းရီထံ ဦးတည်ရွေ့လျားလာကြသည်။

ကျန်းရီသည် လျှပ်စီးက လေကိုဖန်တီးနိုင်ခြင်း အကြောင်းကို တွေးတောဆင်ခြင်ကာ ချဉ်းကပ်လာသည့် လေဆင်နှာမောင်းအားလုံးကို အစိမ်းရောင်စွမ်းအင်တန်းများအဖြစ် ပြောင်းလဲ၍ သူ့ဝမ်းဗိုက်အောက်ပိုင်းထဲ စုပ်ယူလိုက်သည်။ နောက်ဆုံးတွင် အစိမ်းရောင်စွမ်းအင်တန်းများက သူ့ နဝမမြောက်ကြယ်စက်လုံးထဲ ရောက်သွားပေသည်။

“ဟုတ်ပြီ”

ကျန်းရီ၏ တစ်ကိုယ်လုံး ပျော့သွား၏။ သူ့ရင်ထဲမှ အလုံးကြီးက နောက်ဆုံးတွင် ကျသွားပေပြီ။ အနီးရှိ လေအရင်းအမြစ်ကို စုပ်ယူပြီးနောက် သူ့အထက်ရှိ တမလွန်ဘုံအရှိန်အဝါ ခပ်ရေးရေးကို ကြည့်ကာ အေးစက်စက် ရယ်လိုက်သည်။

“ဘယ်တမလွန်ဘုံဘုရင်က ထောက်လှမ်းနေတာလဲ။ ဒီတစ်ခေါက် ခင်ဗျားရဲ့ လက်ဆောင်ကြီးကို ကျွန်တော် လက်ခံလိုက်မယ်။ ကျွန်တော် ထွက်လာရင် ဒီထက်ပိုကြီးတဲ့ လက်ဆောင်ကြီးကို ခင်ဗျားကို ပေးမယ်”

အပြင်ဘက်မှ ထောက်လှမ်းနေသော တမလွန်ဘုံဘုရင် တုန်ယင်သွား၏။ သူသည် သူ့ကျောပေါ်သို့ ရေအေး လောင်းချခံလိုက်ရသလို ခံစားလိုက်ရပေသည်။

***

All Chapters