← Chapters

ချီသံသားရဲ

Vol. 145 Ch. 2017

ချီသံသားရဲ

Vol. 145 Ch. 2017

“ရှောင်မုန့် ထွက်လာခဲ့”

ကျန်းရီ ကောင်းကင်ဝါးမျိုသားရဲလေးကို အော်ခေါ်လိုက်ပြီး မီးတောက်နတ်ဘုရားဒိုင်းကို ဖယ်ရှားလိုက်၏။ ထို့နောက် အဝေးသို့ ပြေးသွားကာ လေအရင်းအမြစ်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးကလည်း လေအရင်းအမြစ်ထဲမှ ပိုး‌ကောင်များကို ထိန်းချုပ်လိုက်သည်။ ထိုပိုးကောင်များကို ထိန်းချုပ်ရန်မှာ အလွန်လွယ်ပေသည်။

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးပတ်ပတ်လည်ရှိ လေဆင်နှာမောင်း အားလုံးကို စုပ်ယူလိုက်၏။ ကောင်းကင်ဝါးမျိုသားရဲလေးကလည်း သောင်းချီသော လေပိုးကောင်များကို ထိန်းချုပ်နေသည်။ ကျန်းရီက ထိန်းချုပ်ပြီးသော ပိုးကောင်များကို ကောင်းကင်ဘုံခုံရုံးထဲ ပို့သည်။ ထိုပိုးကောင်များမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တိတ်ဆိတ်ကာ သဏ္ဌာန်မဲ့သည်။ ၎င်းတို့က ဧရာမစစ်တပ်ကြီးတစ်တပ်နှင့် ယှဉ်နိုင်သည်။

ဝှစ်...

ကျန်းရီ ကောင်းကင်ဘုံခုံရုံးထဲမှ ဆန်းကြယ်နယ်မြေထဲ ပြန်တည်နေရာပြောင်းရွှေ့လိုက်၏။ သို့သော် လူများကို များစွာ မရှင်းပြပေ။ အချို့အရာများက အလွန်ဆန်းကြယ်လွန်းသည်။ သူ ရှင်းပြလျှင်ပင် ကျန်ဝူရွှမ်းနှင့် ကျန်သောသူများက နားလည်နိုင်မည် မဟုတ်ချေ။ သူက စွမ်းအားကြီး အနှစ်သာရတစ်ခုကို သိမြင်နားလည်သွား၍ သူ့တိုက်ခိုက်စွမ်းအား ထပ်မံတိုးသွားသည်ဟုသာ ပြောလိုက်သည်။ သူ အခက်အခဲမှ လွတ်မြောက်နိုင်ပေပြီ။

အားလုံး ဝမ်းမြောက်သွားကြပြီး ကျင့်ကြံခြင်းကို ရပ်ကာ ကျန်းရီနှင့်အတူ အောင်ပွဲခံရန် ဘေးခန်းတစ်ခုသို့ သွားလိုက်ကြသည်။ ကျန်းရီက ပုံမှန်ဆိုလျှင် သူ့စွမ်းရည်များကို မဝံ့ကြွားပါ။ ဤတစ်ကြိမ်က သူ အားလုံးကို ပထမဆုံးအကြိမ် ရှင်းပြခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းအနှစ်သာရက အလွန်စွမ်းအားကြီးသော အနှစ်သာရ ဖြစ်ပေလိမ့်မည်။

ယခုတွင် လေအရင်းအမြစ်ကို စုပ်ယူနိုင်ပြီဖြစ်ရာ ကျန်းရီ စိတ်အေးသွားပြီး အားလုံးနှင့် သေရည်အနည်းငယ် သောက်၍ နာရီအနည်းငယ် စကားပြောလိုက်၏။

“ကောင်းပြီ... အားလုံး သွားအနားယူကြပါတော့။ ကျွန်တော်လည်း လုပ်စရာရှိတာ ဆက်လုပ်လိုက်ဦးမယ်”

ကောင်းကင်ဘုံခုံရုံးက ဆန်းကြယ်နယ်မြေထဲတွင် ပိတ်မိနေဆဲဖြစ်သည်။ လေဆင်နှာ‌မောင်းများက ဆက်တိုက်ခိုက်လျှင် ကောင်းကင်ဘုံခုံရုံး၏ စွမ်းအင်က ဆက်ကုန်နေပေလိမ့်မည်။ သူ မြေအရင်းအမြစ်ဆီသွားရန် အလျင်မလိုပေ။ ထိုအစား နေရာမှာပင် ရပ်၍ လေဆင်နှာမောင်းများ အနားကပ်လာပြီး ပိုးကောင်များက သူ့အား တိုက်ခိုက်မည်ကို စောင့်နေလိုက်သည်။

ရွှစ်...ရွှစ်...

ပိုးကောင်များနှင့် လေဆင်နှာမောင်းများက အဆက်မပြတ် ဆွဲသွင်းခံနေရ၏။ လေဆင်နှာမောင်းလေးများက ရွေ့လျားလာသော်လည်း ကျန်းရီက ၎င်းတို့ကို နဝမမြောက်ကြယ်စက်လုံးထဲ အလွယ်တကူ ဆွဲစုပ်လိုက်သည်။ ပိုးကောင်အားလုံးကိုလည်း ကောင်းကင်ဝါးမျိုသားရဲလေးက ထိန်းချုပ်ကာ ကောင်းကင်ရတနာထဲ ပို့နေသည်။

လေအရင်းအမြစ်က နဝမမြောက်ကြယ်စက်လုံးထဲ ရောက်သွားသောအခါ ထူးဆန်းသောအရာတစ်ခု ဖြစ်လာ၏။ ၎င်းက မိုးမြေစွမ်းအားကဲ့သို့ ငြိမ်ငြိမ်မနေဘဲ နဝမမြောက်ကြယ်စက်လုံးထဲတွင် လျင်မြန်စွာ လှည့်ပတ်ပျံသန်းနေသည်။

ကြာသောအခါ ကျန်းရီသည် စုပ်ယူနှုန်းက နှေးသည်ဟု ခံစားလာရ၏။ ထို့ကြောင့် လေဆင်နှာမောင်းများက သူ့အနား ကပ်လာမည်ကို မစောင့်တော့ဘဲ သူကိုယ်တိုင် လေဆင်နှာမောင်းများအနီးသို့ သွားကာ စုပ်ယူလိုက်သည်။ ဤဆန်းကြယ်နယ်မြေက အတော်လေးကြီးသည်။ ထို့ကြောင့် လေအရင်းအမြစ် လေဆင်နှာမောင်းများစွာ ရှိနေသည်။ ဆန်းကြယ်နယ်မြေထဲတွင် အနည်းဆုံး လေဆင်နှာမောင်း ဆယ်သန်းကျော် ရှိပေသည်။

ကျန်းရီသည် ပတ်ဝန်းကျင်တွင် နာရီအနည်းငယ် ပတ်ပြေး၍ လေအရင်းအမြစ် လေဆင်နှာ‌မောင်း တစ်သန်းကျော်ကို စုပ်ယူလိုက်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးကလည်း လေပိုးကောင် သန်းဆယ်ချီကို ထိန်းချုပ်လိုက်သည်။

‘အချိန်ကျတော့မယ်’

ကျန်းရီ၏ အကြည်က မလှမ်းမကမ်းရှိ ဧရာမကျောက်တုံးကြီးတစ်တုံးအပေါ် ကျရောက်သွား၏။ မြေအရင်းအမြစ်က ထိုကျောက်တုံးကြီးအောက်တွင် ဖြစ်ကြောင်း ချီဟုန်က ပြောခဲ့သည်။ ထိုကျောက်တုံးတွင် အသက်အရှိန်အဝါလည်း ရှိနေသည်။ ထိုနေရာတွင် ထူးဆန်းသော သတ္တဝါတစ်မျိုး ရှိနေပုံပင်။

ကျန်းရီသည် မိုးမြေအရင်းအမြစ်တစ်ခုက သက်ရှိတစ်မျိုးအား မွေးထုတ်နိုင်ခြင်းကို မအံ့ဩပါ။ ချီဟုန်ကလည်း မီးအရင်းအမြစ်မှ မွေးဖွားလာခဲ့ခြင်း မဟုတ်ပါလား။ သစ်သားအရင်းအမြစ်က မိစ္ဆာသစ်ပင်များနှင့် အသက်နွယ်ကို မွေးထုတ်ပေးနိုင်သည်။ လေအရင်းအမြစ်က လေပိုးကောင်များကို မွေးထုတ်ပေးသည်။ ထို့ကြောင့် မြေအရင်းအမြစ်ကလည်း ထူးဆန်းသော သားရဲတစ်မျိုးကို မွေးထုတ်ပေးပေလိမ့်မည်။

ကျန်းရီသည် ဧရာမကျောက်တုံးကြီးနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွား၏။ ကျောက်တုံးကြီးနားသို့ ရောက်လေ၊ မြေဆွဲအားက ပိုအားကောင်းလာလေပင်။

“အရှင်ချီဟုန်... အဲ့ကျောက်တုံးထဲမှာ ဘယ်လိုသားရဲမျိုး ရှိလဲဆိုတာ အာရုံခံကြည့်နိုင်လား။ အဲ့သားရဲရဲ့ တိုက်ခိုက်စွမ်းအားက ဘယ်လောက်ရှိလဲ”

ကျန်းရီသည် ကျောက်တုံးကြီးနှင့် ကီလိုမီတာငါးဆယ်အကွာသို့ ရောက်သောအခါ ရပ်၍ ချီဟုန်ထံ အသံပို့လွှတ်လိုက်၏။ ချီဟုန်က တစ်ခဏမျှ အာရုံခံကြည့်ပြီးနောက် အသံပြန်ပို့လွှတ်လိုက်သည်။

“ငါ အာရုံမခံနိုင်ဘူး။ အဲ့ကျောက်တုံးကြီးက အရမ်းသိပ်သည်းတယ်။ ငါ ကောင်းကင်စိတ်အာရုံက မထိုး‌ဖောက်နိုင်ဘူး။ ဒါပေမဲ့... အဲ့သားရဲရဲ့ အရှိန်အဝါက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ရဲ့ အရှိန်အဝါထက် မနိမ့်ဘူး။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်လောက်တောင် အားကောင်းနိုင်တယ်’

“ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားလား”

ကျန်းရီ၏ မျက်နှာထားက တည်သွား၏။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်မှာ သွားရှုပ်သင့်သော သူတစ်ယောက် မဟုတ်ပေ။ ထိုသားရဲက ဧကရာဇ်အဆင့်နှင့်ပင် ယှဉ်နိုင်ရာ သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်သည်။ ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အနီးရှိ လေအရင်းအမြစ် လေဆင်နှာမောင်းအားလုံးကို စုပ်ယူလိုက်၏။ ထို့နောက် သူ ကောင်းကင်ရတနာကို ထုတ်ကာ ကောင်းကင်ဘုံခုံရုံး ထုတ်လိုက်သည်။

သို့သော်...

ဧရာမကျောက်တုံးကြီး အနီးမှ လေထုက အလွန်ခိုင်မာနေ၏။ ကောင်းကင်ရတနာက လင်းရုံသာ လင်းလက်လာပြီး ကောင်းကင်ဘုံခုံရုံး ထွက်မလာပေ။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ နောက်ဆုတ်လိုက်ရသည်။ သူ ကီလိုမီတာတစ်ရာ့ငါးဆယ် ဆုတ်ပြီးမှ ကောင်းကင်ဘုံခုံရုံးကို ထုတ်နိုင်လိုက်သည်။

“ဟုတ်ပြီ...”

ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်လာ၏။ သူ ကောင်းကင်ဝါးမျိုသားရဲလေးကို ပြောလိုက်သည်။

“ရှောင်မုန့်... လေပိုးကောင်တစ်အုပ်ကို ထိန်းချုပ်ပြီး ငါတို့အရှေ့က ဝါညစ်ညစ်ရောင် ကျောက်တုံးကို တိုက်ခိုက်ခိုင်းလိုက်။ သူတို့ သားရဲကို မျှားထုတ်နိုင်မလား ကြည့်ကြတာပေါ့။ သားရဲကြီး ထွက်လာတာနဲ့ မင်း ချက်ချင်း ပြန်ဆုတ်ပါ”

“ကောင်းပြီ တမုန့်၊ ငါ့ကို ကြည့်ထား”

ကောင်းကင်ဝါးမျိုသားရဲလေးသည် ခေါင်းကို ဝံ့ကြွားစွာ မော့၍ လေပိုးကောင်သိန်းကျော်ကို ဦးဆောင်ခေါ်သွား၏။ သို့သော် မြေဆွဲအားက အားကောင်းလာရာ ၎င်း၏ ပျံသန်းနှုန်းက အလွန်နှေးလာသည်။ နောက်ဆုံးတွင် ၎င်းသည် မပျံတော့ဘဲ မြေပေါ်မှ ပြေးသွားရန်သာ ဆုံးဖြတ်လိုက်လေသည်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ကီလိုမီတာတစ်ရာ့ငါးဆယ်အကွာရှိ ဧရာမကျောက်တုံးကြီးဆီသို့ ရောက်သည်ဆိုရုံသာ ရောက်၏။ သူ ကျောက်တုံးကြီးကို မျက်ခြည်မပြတ် ကြည့်နေပြီး တစ်ခုခု ဖြစ်လာသည်နှင့် ကောင်းကင်ဝါးမျိုသားရဲလေးကို ချက်ချင်း ပြန်ဆုတ်ခိုင်းရန် အသင့်ပြင်ထားသည်။

ကီလိုမီတာတစ်ရာ၊ ငါးဆယ်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ...

ကောင်းကင်ဝါးမျိုသားရဲလေးသည် လေပိုးကောင်သိန်းကျော်ကို ထိန်းချုပ်၍ ဧရာမကျောက်တုံးကြီးဆီသို့ သွားနေ၏။ လေပိုးကောင်မားက ဧရာမကျောက်တုံးကြီးနှင့် နီးလာသောအခါ ပို၍ ပို၍ နှေးလာကြသည်။ ကျောက်တုံးကြီးနှင့် မီတာငါးရာအကွာသို့ ရောက်သောအခါတွင်မူ ၎င်းတို့ တွားသွား၍သာ သွားကြရလေတော့သည်။

လေပိုးကောင်သိန်းကျော်က ကျောက်တုံးကြီးဆီသို့ တွားသွား၍ သွားနေကြ၏။ လေပိုးကောင်များမှာ ဖောက်မြင်နိုင်သည်။ ထို့ကြောင့် ၎င်းတို့က လေတံလျှပ်လေးများကဲ့သို့ ထင်ရသည်။ ထိုမြင်ကွင်းမှာ အလွန်ထူးဆန်းပေသည်။

လေပိုးကောင်အားလုံး ကျောက်တုံးကြီးအနား ရောက်သွားသောအခါ ကောင်းကင်ဝါးမျိုသားရဲလေးသည် ၎င်းတို့ကို ထိန်းချုပ်၍ ကျောက်တုံးကြီးကို ကိုက်စေလိုက်၏။ လေပိုးကောင်များ၏ သွားများက အလွန်ထက်ရှသဖြင့် ကျန်းရီ ပျော်သွားသည်။ ၎င်းတို့၏ ကိုက်ဝါးနှုန်းက ခရုကဲ့သို့ နှေးသော်လည်း ၎င်းတို့သည် ကျောက်တုံးကြီးကို တတိတိ ကိုက်နိုင်နေကြလေသည်။

ဧရာမကျောက်တုံးကြီးက အချင်း သုံးကီလိုမီတာရှိ၏။ ၎င်းမှာ ဧရာမငန်းဥကြီးတစ်ဥကဲ့သို့ပင်။ သိန်းချီသော လေပိုးကောင်များသည် ကျောက်တုံးကြီးကို အဘက်ဘက်မှ ကိုက်နေကြပေသည်။ သို့သော် ၎င်းတို့၏ အမြန်နှုန်းက အလွန်နှေးရာ ကျောက်တုံးကြီးတစ်တုံးလုံးကို ကိုက်ပြီးရန် အနည်းဆုံး ရက်အနည်းငယ် လိုပေလိမ့်မည်။

ကျန်းရီ အလျင်မလိုပါ။ သူ ရက်အနည်းငယ် စောင့်နိုင်သည်။ သူ အသက်ရှင်နေသေးသ၍ ထျန်းဖုန့်ဧကရာဇ် သေမည် မဟုတ်ချေ။ အစောတွင် တမလွန်ဘုံဘုရင်တစ်ပါးက လျှို့ဝှက် ထောက်လှမ်းနေခဲ့သည်။ ကျန်းရီ မသေသေးသော သတင်းက ပျံ့သွားလောက်ပေပြီ။ ထို့ကြောင့် တမလွန်ဘုံဘုရင်များက ထျန်းဖုန့်ဧကရာဇ်ကို သတ်လိမ့်မည် မဟုတ်ပေ။

နှစ်နာရီကြာ ကိုက်ဝါးပြီးနောက် ကျောက်တုံးကြီးပေါ်တွင် ချိုင့်ရာအသေးလေးများ ပေါ်လာ၏။ သို့သော် ကျောက်တုံးကြီးထဲတွင် လှုပ်ရှားမှု ရှိမလာသေးပေ။ ကျန်းရီသည် စောင့်ရသည်ကို ပျင်းလာ၍ ကောင်းကင်ဝါးမျိုသားရဲလေးကို ပြန်လာစေလိုက်၏။ ကောင်းကင်ဝါးမျိုသားရဲလေးက အမိန့်တစ်မျိုး ထပ်မပေးမချင်း ထိုလေပိုးကောင်များက ကျောက်တုံးကြီးကို ကုန်သည်အထိ ဆက်ကိုက်ဝါးနေကြမည်သာ။

ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲလေးကို ခေါ်၍ ဧရာမကျောက်တုံးကြီးကို ခပ်လှမ်းလှမ်းမှ လှည့်ပတ်ကာ ပတ်ပတ်လည်ရှိ လေဆင်နှာမောင်များကို စုပ်ယူလိုက်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးကလည်း လေပိုးကောင်များကို ထိန်းချုပ်ပြီး ကောင်းကင်ဘုံခုံရုံးအနားသို့ ပို့လိုက်ပေသည်။

နေ့တစ်ဝက်၊ တစ်ရက်၊ နှစ်ရက်...

ကျောက်တုံးကြီး၏ တစ်ခြမ်းလောက်ကို ကိုက်ဝါးပြီးပြီဖြစ်သည်။ ကျန်းရီက မိုင်ထောင်ကျော်ပတ်လည်အတွင်းရှိ လေအရင်းအမြစ် လေဆင်နှာ‌မောင်းများကို စုပ်ယူနေဆဲပင်။ လေပိုးကောင် သန်းဆယ်ချီကိုလည်း ထိန်းချုပ်ပြီးပေပြီ။

သုံးရက်၊ လေးရက်...

မိုင်တစ်သောင်းပတ်လည်အတွင်း၌ လေအရင်းအမြစ် မရှိတော့ပါ။ ကျန်သော လေအရင်းအမြစ်များနှင့် လေပိုးကောင်များက အလွန်ဝေးသောနေရာများတွင် ရှိနေကြသည်။ ၎င်းတို့သည် ဤနေရာမှ အသက်အရှိန်အဝါကို အာရုံမခံမိ၍ ရောက်မလာကြခြင်းဖြစ်သည်။

ကျောက်တုံးကြီးက တစ်ခြိမ်းမပြည့်တော့ပေ။ ကျန်းရီ လေအရင်းအမြစ် စုပ်ယူမှုကို ရပ်တန့်လိုက်ပြီး ကျောက်တုံးကြီးကို အာရုံစိုက်လိုက်သည်။ ကျောက်တုံးထဲမှ သားရဲကြီး ထွက်လာမည်ကို သူ စောင့်ဆိုင်းနေပေသည်။

ဝုန်း...

တစ်ရက်ကြာပြီးနောက် အချင်းဝက် ‌ပေတစ်ထောင်လောက်သာ ရှိတော့သော ကျောက်တုံးကြီးက ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ဧရာမသားရဲကြီးက ၎င်း၏ ကြောက်မက်ဖွယ် မျက်နှာကြီးကို ဖော်ပြလိုက်လေသည်။

“ချီသံသားရဲ”

ချီဟုန်က အံ့ဩတကြီး အသံပို့လွှတ်လာသည်။

“အဲ့လို ထူးဆန်းတဲ့ သားရဲတစ်ကောင် ရှိတယ်လို့ ငါကြားဖူးတယ်။ ဒါပေမဲ့ တကယ် ရှိနေလိမ့်မယ်လို့ ထင်မထားဘူး။ ကျန်းရီ... မင်း သတိထားပါ။ အဲ့သားရဲက သံအေးတွေကို စားတာ။ သူ့ရဲ့ မစင်က သံမဏိလိုပဲ၊ လက်နက်တစ်ခုလို သုံးနိုင်တယ်။ သူ့ခံနိုင်ရည်ကလည်း မယုံနိုင်စရာပဲ၊ သူရဲ့ ဝင်တိုက်အားက ပိုတောင် ကြောက်ဖို့ကောင်းတယ်။ ကောင်းကင်ဧကရာဇ်တွေရဲ့ မှတ်တမ်းတွေအရ ချီသံသားရဲတစ်ကောင်က တစ်ခါတုန်းက ဘုံအရှင်တစ်ပါးရဲ့ မြို့က အကာအရံတွေကို ဆယ်ကြိမ်ဝင်တိုက်ရုံနဲ့ ဖောက်နိုင်ခဲ့တယ်တဲ့။ သူလည်း အကြိမ်တစ်ရာ ဝင်တိုက်ပြီးရော မြို့လည်းပျက်ရောပဲ။ ကောင်းကင်ဘုံခုံရုံးရဲ့ အကာအရံက ခိုင်မာပေမဲ့ အဲ့သားရဲ အကြိမ်သိန်းကျော် ဝင်တိုက်ပြီးရင် ပေါက်သွားလောက်တယ်”

***

All Chapters