အညံ့ခံမည်လော၊ သေမည်လော
Vol. 145 Ch. 2019
ချီသံသားရဲသည် အမှန်ပင် ခေါင်းမာသောနွားပင်။ ထို့ပြင် ချီသံသားရဲက ဒေါသမှ နိုးထလာပြီး ရပ်တန့်လိုက်တိုင်း ကျန်းရီက အပြင်ထွက်၍ ၎င်း၏ဒေါသကို ပြန်ဆွပေးသည်။ ထိုသားရဲက ဒေါသကြီးသည်။ ကျန်းရီ၏ ဒေါသဆွမှုကို ခံရပြီးနောက် အခြားမည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ကျန်းရီထံ ထပ်ခါ ထပ်ခါ ပြေးဝင်တိုက်လေသည်။
အသက်စွမ်းအားများစွာ စုပ်ယူခံထားရသဖြင့် ချီသံသားရဲ၏ အမြန်နှုန်းက နှေး၍ နှေး၍ လာ၏။ ၎င်း၏ ခန္ဓာကိုယ်ကလည်း အားနည်း၍လာသည်။ ထို့ကြောင့် ဝင်တိုက်အားမှာလည်း ပျော့လာပေသည်။
အသက်နွယ်၏ အသက်စွမ်းအား စုပ်ယူမှုကို နောက်ထပ် အကြိမ်သုံးထောင် ထပ်ခံရပြီးနောက် ချီသံသားရဲ ကြောက်ရွံ့လာသည်။ ၎င်း၏ လက်ရှိအမြန်နှုန်းက မူလအမြန်နှုန်း၏ သုံးပုံတစ်ပုံသာ ရှိတော့သည်။ ဝင်တိုက်အားမှာလည်း သာမန် ဧကရာဇ်တစ်ပိုင်းအဆင့်တွင်သာ ရှိတော့လေသည်။
“နွားရူး... မြန်မြန်လာတိုက်လေ။ ဒီတစ်ခေါက် မင်းရဲ့အရှင်က ဘယ်ကိုမှ မသွားတော့ဘူးကွ။ ငါ့ကို ဝင်တိုက်ခွင့်ပေးမယ်။ လာစမ်း”
ကျန်းရီသည် အပြင်သို့ တည်နေရာပြောင်းရွှေ့၍ ထပ်မံ ရန်စလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် ချီသံသားရဲက ကျန်းရီ မည်မျှရန်စပါစေ ထပ်ပြေးမလာတော့ပေ။ ထို့ပြင် တစ်ခဏမျှ စောင့်ပြီးနောက် ၎င်းသည် ကျန်းရီကို လျစ်လျူရှုကာ အဝေးသို့ ထွက်ပြေးသွားသည်။
“ဟွန်း... ထွက်ပြေးဖို့က အဲ့လောက်မလွယ်ဘူး”
ချီသံသားရဲ၏ ခန္ဓာကိုယ်က သန်မာ၏။ ယခုတွင် ၎င်းက အားနည်းနေပြီဖြစ်သော်လည်း အချိန်တစ်ခုအတွင်း ပြန်အားပြည့်လာနိုင်သည်။ သို့ဖြစ်လာလျှင် ကျန်းရီ အချိန်များစွာ၊ စွမ်းအင်များစွာသုံး၍ ၎င်းကို ထပ်ရင်ဆိုင်ရပေလိမ့်မည်။
ဝှစ်...
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ရတနာထဲ ထည့်သိမ်း၍ အရှေ့သို့ ပြေးသွားလိုက်၏။ သူ မိုးမြေစွမ်းအား လှည့်ပတ်ကာ ချီသံသားရဲဆီ အရှိန်တင်သွားလိုက်သည်။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ကျန်းရီက လိုက်လာ၍ ချီသံသားရဲ ဒေါသထွက်သွား၏။ ကောင်းကင်ဘုံခုံရုံးက ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ချီသံသားရဲက ကျန်းရီထံသို့ မကြောက်မရွံ့ ပြန်ပြေးသွားလိုက်သည်။ ၎င်းသည် ထိုလူသားလေးကို အသားနှစ် လုပ်ပစ်လိုနေပေသည်။
“ဟွန်း...”
ပေါင်းစည်းမိုးမြေစွမ်းအားကို လှည့်ပတ်လိုက်သောအခါ ကျန်းရီ၏ အမြန်နှုန်းက ပိုမြန်လာ၏။ သူ့လက်ထဲတွင် ဓားတစ်ချောင်လည်း ထွက်ပေါ်လာသည်။ သူသည် ဓားကို လက်နှစ်ဘက်နှင့် တင်းကြပ်စွာ ဆုပ်ကိုင်၍ လေအနှစ်သာရလှည့်ပတ်ကာ ကီလိုတစ်သောင်းအားနှင့် ချီသံသားရဲ၏ ရှေ့ခြေထောက်ကို ခုတ်ပိုင်းလိုက်၏။
ပေါင်းစည်းမိုးမြေစွမ်းအားက ကျန်းရီ၏ခွန်အားကို ဧကရာဇ်အဆင့်သို့ ရောက်သွားစေနိုင်သည်။ ဓားမှာလည်း ကမ္ဘာဦးဝိညာဉ်ရတနာဖြစ်သည်။ ယင်းအား တိုက်ခိုက်နှုန်းကို အဆများစွာ တိုးပေးနိုင်သော လေအနှစ်သာရနှင့် ပေါင်းစည်းလိုက်သောအခါ ထိုဓားချက်မှာ လွန်စွာ စွမ်းအားကြီးသွားသည်။ တောက်နူပင် ထိုဓားချက်ကို ခံလိုက်ရပါက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
တစ်ဘက်တွင်မူ ချီသံသားရဲ၏ ခန္ဓာကိုယ်က အလွန်အားနည်းနေပြီး ခွန်အားလည်း အတော်လျော့ကျနေပြီဖြစ်သည်။ ကျန်းရီ၏ ပြင်းထန်သော ဓားချက်ကို ခံလိုက်ရသောအခါတွင်မူ ကျောက်တိုင်ကဲ့သို့သော ဧရာမခြေထောက်ကြီးက များစွာထိခိုက်မသွားသော်လည်း တောင်ကဲ့သို့ ခန္ဓာကိုယ်ကြီးမှာ သုံးကီလိုမီတာအကွာအထိ လွင့်ပျံထွက်သွားသည်။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲ လူးလိမ့်သွား၏။ ၎င်း၏ မျက်လုံးများထဲတွင် မယုံနိုင်မှုများ ပြည့်နှက်သွားသည်။ ထိုပုရွက်ဆိတ်ကဲ့သို့သော လူသားလေးထံတွင် ထိုကဲ့သို့သော ခွန်အားမျိုး ရှိသည်လော။ ၎င်း၏ မျက်လုံးများက ထပ်မံ၍ ဒေါသနှင့် အရောင်လက်လာ၏။ ၎င်း ခြေယက်ကာ အရှေ့သို့ ထပ်မံ ပြေးလာပြန်သည်။ ဦးခေါင်းထက်မှ ချိုကို အရှေ့တွင် ထားထားပြီး ကျန်းရီကို ချိုနှင့်ထိုးရန် ကြံနေလေသည်။
“အချိန်ကိုက်ပဲ”
ကျန်းရီက အော်ပြောလိုက်ပြီး ပြန်ဆုတ်မည့်အစား အရှေ့သို့ ပြေးသွားလိုက်၏။ သူ့အမြန်နှုန်းက အဆုံးအစွန်သို့ ရောက်နေပေပြီ။ သူ ချီသံသားရဲနှင့် မီတာရာကျော်အကွာသို့ ရောက်သောအခါ မြေဆွဲအားကို ဆန့်ကျင်၍ ခုန်လိုက်ပြီး ၎င်းသားရဲ၏ အနက်ရောင်ဦးချိုကို ပြင်းထန်စွာ ခုတ်ချလိုက်၏။
ဝုန်း...
ကျန်းရီ အနောက်သို့ မီတာသုံးဆယ် လွင့်ထွက်သွား၏။ သူ့လက်နှစ်ဘက်လုံး နာကျင်သွားသည်။ သို့သော် ချီသံသားရဲ၏ အခြေအနေက ပိုဆိုးသည်။ ၎င်း၏ တောင်ကဲ့သို့သော ခန္ဓာကိုယ်ကြီးက ခြောက်ကီလိုမီတာကျော် လွင့်သွားသည်။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲ ကြောက်ရွံ့သွားသည်။ ၎င်း ထရပ်ကာ အဝေးသို့ ထွက်ပြေးလေသည်။ ကျန်းရီသည် ၎င်းနောက်သို့ တရစပ်လိုက်၏။ သူ့အမြန်နှုန်းက ချီသံသားရဲ၏ အမြန်နှုန်းထက် ပိုမြန်သည်။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် သူ လိုက်မီသွားပြီး ချီသံသားရဲ၏ ကျောကို ထပ်မံ ခုတ်ချလိုက်သည်။
ဝုန်း...
ချီသံသားရဲ လွင့်သွားပြန်၏။ သို့သော် ၎င်း၏ ခံနိုင်ရည်က အလွန်အားကောင်းသည်။ ကျန်းရီက သုံးကြိမ် တိုက်ခိုက်လိုက်ပြီ ဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ချက် မထင်သေးပေ။ သာမန် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ၏ ခံနိုင်ရည်ပင် ထိုမျှကောင်းမည် မဟုတ်ပါ။
ချီသံသားရဲ ပြန်ထရပ်ကာ ကျန်းရီကို ကြောက်လန့်တကြားနှင့် ထွက်ပြေးသည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ၎င်းနောက်သို့ ဆက်လိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် သူ မတိုက်ခိုက်ဘဲ ချီသံသားရဲ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
ရွှီး...
ကျန်းရီ၏ ခြေထောက်က တောက်ပလာပြီး သူ့ခြေထောက်မှနေ၍ အသက်နွယ် ထွက်လာကာ ချီသံသားရဲ၏ ကျောပေါ်မှ ဆူးချွန်အချို့ကို ရစ်ပတ်လိုက်၏။ အသက်နွယ်သည် ဆူးချွန်များမှနေ၍ ချီသံသားရဲ၏ အသက်စွမ်းအားကို စုပ်ယူလိုက်လေသည်။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲသည် ဒေါသတကြီးနှင့် ကဆုန်ပေါက်၍ ခေါင်းမော့ကာ အော်လိုက်၏။ ကျန်းရီကိုလည်း ကျောပေါ်မှ ခါချရန် ကြိုးစားသည်။ သို့သော် ကျန်းရီသည် ကျောပေါ်မှ ဆူးချွန်များကို ဆုပ်ကိုင်၍ အလွယ်တကူ တွယ်နေနိုင်သည်။ သူ ပြုတ်ကျမည် မဟုတ်ပါ။
ဝုန်း...
ချီသံသားရဲသည် မလှမ်းမကမ်းရှိ တောင်ငယ်တစ်လုံးကို ဝင်ဆောင့်၏။ သို့သော် ကျန်းရီ၏ ရုပ်ခန္ဓာကလည်း အလွန်သန်မာ၍ သူ မည်သို့ ထိခိုက်သွားမည်နည်း။
ချီသံသားရဲ၏ တိုက်ခိုက်မှုများက အလွန်ရိုးရှင်းသည်။ ၎င်း၏ ခံနိုင်ရည်က အားကောင်းသည်။ အကယ်၍ ၎င်း၏ ကျောပေါ်မှလူက ကျန်းရီ မဟုတ်ဘဲ အခြားတစ်ယောက်ဆိုလျှင် သေချာပေါက် ထိခိုက်သွားပေလိမ့်မည်။
နှစ်နာရီ... လေးနာရီ...
ချီသံသားရဲသည် ကျန်းရီကို သယ်၍ လှည့်ပတ်ပြေးလွှားနေ၏။ ၎င်း မိုင်ပေါင်းမည်မျှ ပြေးခဲ့ကာ၊ တောင်ပေါင်းမည်မျှကို အမှုန့်လုပ်ခဲ့ပြီဖြစ်ကြောင်း မသိနိုင်တော့ပေ။ ၎င်းသည် မြေပြင်ပေါ်တွင် လူးလိမ့်ရန်ပင် ကြိုးစားခဲ့သည်။ အခြားနည်းအမျိုးမျိုးကိုလည်း သုံးခဲ့ပေသည်။
ကျန်းရီကမူ ချီသံသားရဲ၏ ကျောပေါ်တွင် ကော်နှင့်ကပ်ထားသော ခွေးသားရေတစ်ချပ်ကဲ့သို့ တွယ်ကပ်နေ၏။ အသက်နွယ်ကလည်း သားရဲ၏ အသက်စွမ်းအားကို အဆက်မပြတ် စုပ်ယူနေသည်။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်က အားနည်း၍ လာသည်။ ၎င်း အရိုးပေါ်လာပြီး အမြန်နှုန်းမှာလည်း နှေးလာပေသည်။
ခြောက်နာရီ ကြာပြီးနောက်...
ချီသံသားရဲ ရုန်းကန်နေမှုကို ရပ်တန့်လိုက်ပြီး မြေပြင်ပေါ် ပစ်လှဲကာ ဟောဟဲလိုက်နေသည်။ ၎င်းသည် အရိုးပေါ်အရေတင်နေပြီဖြစ်ပြီး အရေပြားမှာလည်း အိုမင်းရှုံ့တွနေသည်။ ၎င်း၏ အသက်စွမ်းအားမှာ အလွန်အားနည်းနေသည်။ ၎င်းသည် အသက်ကြီးကာ သေသွားတော့မည့် ဆင်ကြီးတစ်ကောင်ကဲ့သို့ပင်။
“ချီသံသားရဲ...”
ကျန်းရီသည် ထိုအခိုက်တွင် အသက်နွယ်ကို ပြန်ရုတ်လိုက်၏။ သူ ချီသံသားရဲကို အေးစက်စက် မျက်လုံးများနှင့် ကြည့်ကာ ပြောလိုက်သည်။
“မင်း ငါ့စကားတွေကို နားလည်နိုင်တာ ငါသိတယ်။ အခု ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ မင်း ငါ့ရဲ့ ဝိညာဉ်သားရဲ လုပ်နိုင်တယ်၊ အဲ့လိုဆို ငါ မင်းရဲ့ အသက်စွမ်းအားကို ပြန်ပေးမယ်။ မင်း ငါ့ကို နှစ်တစ်ရာ အလုပ်အကြွေးပြုပြီးရင် ငါ မင်းကို လွတ်လပ်ခွင့် ပြန်ပေးမယ်။ မဟုတ်ရင်တော့ မင်း သေရမယ်”
ချီသံသားရဲ၏ ခံနိုင်ရည်နှင့် ခွန်အားက အလွန်အားကောင်း၏။ ထို့ကြောင့် ကျန်းရီ ၎င်းကို လိုချင်သည်။ ၎င်းက စစ်သားရဲတစ်ကောင်ပင်။ ၎င်းသာ ရန်သူစစ်စခန်းထဲ ပြေးဝင်သွားမည်ဆိုလျှင် တိုက်ခိုက်ရန်ပင် လိုမည် မဟုတ်ချေ။ ရန်သူများကို ဝင်တိုးကာ သတ်ပစ်နိုင်လောက်သည်။ ထို့ပင် ချီသံသားရဲ၏ ခံနိုင်ရည်က မယုံနိုင်ဖွယ်ပင်။ ကျန်းရီထံတွင် ချီသံသားရဲနှင့် တွဲဖက်ရန် နတ်ဘုရားသစ်ရွက်လည်း ရှိသည်။ တမလွန်ဘုံဧကရာဇ် သို့မဟုတ် မိုးပြာမဟာဧကရာဇ်ကမှ သူ့ကို မတိုက်ခိုက်လျှင် သူ သေမည် မဟုတ်ပါ။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲမှာ အမှန်ပင် လူသားစကားကို နားလည်နိုင်သည်။ သို့သော် ၎င်းသည် အားနည်းနေသော မျက်လုံးများကို ဖွင့်၍ ဒေါသတကြီး အော်လိုက်၏။ ကျန်းရီက ၎င်း၏အော်သံကို နားမလည်သော်လည်း ၎င်း၏ မျက်လုံးများထဲမှ ခနဲ့မှု၊ သရော်မှုကို တွေ့နိုင်ပေသည်။ လူသားလေးတစ်ယောက်က ၎င်းကို ဝိညာဉ်သားရဲ လုပ်ခိုင်းနေသည်လော။ အိပ်မက်သာ ဆက်မက်နေသင့်သည်။
ကျန်းရီ တည်တည်ငြိမ်ငြိမ်နှင့် အသက်နွယ်ကို ပြန်ထုတ်လိုက်၏။ ဤတစ်ကြိမ်တွင် အသက်နွယ်သည် ချီသံသားရဲ၏ကိုယ်ထဲ အသက်စွမ်းအား ပြန်ထည့်သွင်းပေးလိုက်သည်။ ချီသံသားရဲ၏ မျက်လုံးများ အရောင်လက်လာသည်။
သို့သော်...
တစ်ခဏကြာပြီးနောက် ကျန်းရီသည် အသက်နွယ်ကို ထိန်းချုပ်၍ အသက်စွမ်းအားကို ပြန်စုပ်ယူစေလိုက်၏။ ချီသံသားရဲသည် ကောင်းကင်ဘုံမှနေ၍ ငရဲသို့ ပြန်ပြုတ်ကျသွားသည်။ ၎င်း၏ မျက်လုံးများထဲတွင် ဒေါသပြည့်နှက်သွားကာ ၎င်း ရုန်းကန်၍ အော်ဟစ်လိုက်သည်။
ကျန်းရီသည် ချီသံသားရဲ၏ ဒေါသကို လျစ်လျူရှု၍ အသက်စွမ်းအားကို ဆက်စုပ်ယူနေလိုက်၏။ ငါးမိနစ်ကြာပြီးနောက်တွင် သူ ချီသံသားရဲ၏ ကိုယ်ထဲ အသက်စွမ်းအား ပြန်ထည့်ပေးလိုက်ပြန်သည်။ ချီသံသားရဲ၏ မျက်လုံးများ လင်းလက်လာသောအခါတွင်မူ သူ အသက်စွမ်းအားကို ပြန်စုပ်ယူသည်။
ထိုအခြင်းအရာက နှစ်နာရီလုံးလုံး ဖြစ်နေခဲ့၏။ ချီသံသားရဲ၏ အသက်စွမ်းအားက ကုန်လုနီးပါး ဖြစ်နေချိန်တွင် ကျန်းရီက အေးစက်စက် မေးလိုက်သည်။
“အညံ့ခံမလား၊ သေမလား”
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲသည် ပြတ်သားစွာ အော်လိုက်၏။ ၎င်း၏ မျက်လုံးများထဲ၌လည်း ပြတ်သားမှု ပြည့်နှက်နေသည်။ စွမ်းအားကြီး သက်ရှိများတွင် ဂုဏ်မာနရှိကြသည်။ ၎င်း၏ ရင်ထဲတွင် ကျန်းရီက မိစ္ဆာအတတ်များကို သုံး၍ ၎င်းကို အနိုင်ယူခဲ့သော လူသားငယ်လေးသာ။ သို့ဖြစ်ရာ ၎င်းက ကျန်းရီထံတွင် အဘယ်သို့ အညံ့ခံနိုင်မည်နည်း။
“အဲ့လိုဆိုလည်း မင်းရဲ့လမ်းကို ပို့ပေးရတာပေါ့”
ကျန်းရီသည် သတ်ဖြတ်ရာတွင် အမြဲ ပြတ်သားခဲ့သည်။ ချီသံသားရဲကို အသုံးချ၍ မရလျှင် သူ မြေအရင်းအမြစ် စုပ်ယူရာ၌ အနှောင့်အယှက်မရှိစေရန် ရွေးချယ်စရာမရှိဘဲ ၎င်းကို သတ်ရပေမည်။
“နေဦး...”
ထိုအခိုက်အတွင် ချီဟုန်က ရုတ်တရက် အသံပို့လွှတ်လာ၏။
“ချီသံသားရဲကို မြေအရင်းအမြစ်နား ခေါ်သွားလိုက်။ မင်း မြေအရင်းအမြစ်ကို စုပ်ယူတာကို သူ ကြည့်ပါစေ။ မြေအရင်းအမြစ်က သူ့ရဲ့ အခြေခံပဲ။ မင်းက မြေအရင်းအမြစ်ကို စုပ်ယူပြလိုက်ရင် သူ မင်းဆီမှာ အညံ့ခံလောက်တယ်”
ကျန်းရီသည် စဉ်းစားပြီးနောက် ချီဟုန်၏စကားက အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်၏။ ယခုတွင် ချီသံသားရဲကလည်း အန္တရာယ်တစ်ခု မဟုတ်တော့ပေ။ သူ ၎င်းကို သဘောရှိ သတ်ပစ်နိုင်သည်။
ထို့ကြောင့် ကျန်းရီသည် ချီသံသားရဲပေါ်မှ ခုန်ဆင်း၍ ၎င်း၏ဦးချိုကို နွယ်အိုများ ထုတ်၍ ရစ်ပတ်လိုက်သည်။ ယင်းနောက် သူ ဧရာမသားရဲကြီးကို မြေအရင်းအမြစ်ဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်လေသည်။
***