ဘုံပျက်
Vol. 145 Ch. 2020
ကျန်းရီက အရပ် အလွန်မမြင့်ပါ။ သူက အရပ်မြင့်၍ တုတ်ခိုင်လျှင်ပင် ပေတစ်ထာင်ရှည်သော ချီသံသားရဲနှင့် ယှဉ်လိုက်ပါက ဆင်နှင့် ပုရွက်ဆိတ်ကဲ့သို့ ဖြစ်နေဦးမည်သာ။ အကယ်၍ သာမန်လူတစ်ယောက်က ကျန်းရီ ချီသံသားရဲကို ဆွဲ၍ ပြေးနေသည်ကို မြင်လိုက်လျှင် ကျန်းရီအား မသေမျိုးတစ်ပါးဟု သေချာပေါက် ထင်သွားပေလိမ့်မည်။
ချီသံသားရဲမှာ အလွန်လေးလံသည်။ သို့သော် ကျန်းရီ မည်သည့်လေးလံမှုကိုမှ မခံစားရပေ။ သူ ပေါင်းစည်းမိုးမြေစွမ်းအားပင် လှည့်ပတ်ရန် မလိုပါ။ သာမန် မိုးမြေစွမ်းအားကိုသာ သုံး၍ ချီသံသားရဲကို အလွယ်တကူ ဆွဲခေါ်နိုင်နေသည်။
ကျန်းရီက မြေအရင်းအမြစ်နှင့် အတော်လေးဝေးနေ၏။ ခြောက်နာရီကြာ ပြေးပြီးနောက်မှ သူ မြေအရင်းအမြစ်အနီးသို့ ရောက်သွားသည်။ ဤနေရာမှ မြေဆွဲအားက ပို၍ အားကောင်းလာသည်။ ချီသံသားရဲသည် ကျန်းရီက ၎င်းကို မြေအရင်းအမြစ်အနီး ဆွဲခေါ်လာသည်ကို မြင်သောအခါ အတန်ငယ် နားမလည်နိုင်ဖြစ်သွား၏။ ကျန်းရီ မည်သို့မှ မပြောဘဲ ရပ်တန့်လိုက်သည်။
ဟူး...ဟူး...
ကျန်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မြေအရင်းအမြစ်ဆီသို့ လျှောက်သွားလိုက်၏။ သူ ဧရာမကျောက်တုံးကြီး ဘေးသို့ ရောက်သောအခါ ချီဟုန်က အသံပို့လွှတ်လိုက်သည်။
“မြေအရင်းအမြစ်က ကျောက်တုံးအောက်မှာပဲ”
“ဟုတ်ကဲ့”
ကျန်းရီသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ လျှပ်စီးက မြေကိုဖန်တီးခြင်း အကြောင်းကို တွေးတောလိုက်၏။ မကြာခင်တွင် ဆန်းကြယ်သည့်အရာတစ်ခု ထွက်ပေါ်လာသည်။ အနီးမှ မြေပြင်က စတင်တုန်ခါလာသည်။ မြေကြီးထဲမှနေ၍ မြေဝါရောင်လေတန်းများ ထွက်လာပြီး ကျန်းရီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့က သူ့ဝမ်းဗိုက်ထဲ စုပ်ယူခံလိုက်ရလေသည်။
“ဝမ်းဘဲ...”
ချီသံသားရဲသည် ၎င်း အမြင်မှားသည်ဟု ထင်သွား၏။ ၎င်းသည် ဧရာမမျက်လုံးကြီးများကို ပုတ်ခတ်ကာ ထူးဆန်းစွာ အော်လိုက်သည်။ ကျန်းရီက မြေအရင်းအမြစ်ကို အဆက်မပြတ် စုပ်ယူနေကြောင်း မြင်သောအခါ ၎င်း ရုတ်ခြည်း ဒေါသထွက်သွားပြီး မရပ်မနား အော်လေတော့သည်။
ချီသံသားရဲအတွက် မြေအရင်းအမြစ်က မိသားစုကဲ့သို့ဖြစ်သည်။ ၎င်းသည် မြေအရင်းအမြစ်မှ မွေးဖွားလာခြင်းပင်။ ၎င်း သေရမည်ကို မကြောက်သော်လည်း မြေအရင်းအမြစ် ပျောက်ကွယ်သွားမည်ကိုတော့ ကြောက်သည်။ မြေအရင်းအမြစ်မရှိလျှင် ၎င်းလည်း ဤနေရာတွင် ကြာရှည်နေနိုင်မည် မဟုတ်ပါ။
ကျန်းရီသည် ချီသံသားရဲကို လျစ်လျူရှု၍ မြေအရင်းအမြစ်ကို လျင်မြန်စွာ စုပ်ယူနေ၏။ အောက်ဘက်တွင် မြေအရင်းအမြစ်များစွာရှိသည်။ ၎င်းတို့က ကျန်းရီ၏ ဗိုက်ထဲ ရောက်သွားပြီးနောက် နဝမမြောက်ကြယ်စက်လုံးထဲ ဝင်သွားကြပေသည်။
ရှစ်နာရီကျော်ကြာပြီးနောက် ကျန်းရီ မြေအရင်းအမြစ်အားလုံးကို စုပ်ယူပြီးသွား၏။ ကျန်းရီ မျှော်လင့်ထားသလိုပင် အားကောင်းသော မြေဆွဲအားက အရိပ်အယောင်တစ်ခုမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။ ဤနေရာရှိ မြေဆွဲအားက အလွန်ကြောက်မက်ဖွယ်ကောင်းနေရခြင်းမှာ မြေအရင်းအမြစ်ကြောင့် ဖြစ်သည်။
ဝှစ်...
ကျန်းရီ ကောင်းကင်ထက်သို့ ကီလိုမီတာသုံးဆယ် ပျံတက်လိုက်၏။ ထို့နောက် အနီးရှိ လေအရင်းအမြစ် လေဆင်နှာမောင်း ဒါဇင်ကျော်ကို လျင်မြန်စွာ စုပ်ယူကာ အောက်ပြန်ဆင်းလာလိုက်သည်။ ပြီးမှ ချီသံသားရဲကို အေးစက်စက် ကြည့်၍ ပြောလိုက်လေသည်။
“မင်း နားမလည်နိုင်ဘူးမလား။ ငါ မင်းကို ပြောမယ်၊ ငါက မင်းကို မွေးပေးတဲ့ မြေအရင်းအမြစ်ကို စုပ်ယူနိုင်ရုံတင် မကဘူး မီးအရင်းအမြစ်၊ သစ်သားအရင်းအမြစ်၊ လေအရင်းအမြစ်နဲ့ တခြားမိုးမြေအရင်းအမြစ်တွေကိုလည်း စုပ်ယူနိုင်တယ်။ မင်း ငါ့နောက်ကို လိုက်ရင် မျက်နှာမငယ်စေရပါဘူး။ ပြီးတော့ မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် ငါ မင်းကို အဆုံးမဲ့မြေအရင်းအမြစ် ပေးမယ်။ မင်း ပိုပြီးလည်း သန်မာလာနိုင်လိမ့်မယ်။ အခု ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ အညံ့ခံမလား၊ သေမလား”
ချီသံသားရဲ နှုတ်ဆိတ်သွား၏။ ကျန်းရီက ၎င်းကို မွေးထုတ်ပေးသည့် မြေအရင်းအမြစ်ကို စုပ်ယူနိုင်သည်။ ထို့ကြောင့် ၎င်း ဒေါသလည်း ထွက်သလို ကြောက်လည်း ကြောက်နေသည်။ လူသားငယ်လေးက အဘယ်သို့ မြေအရင်းအမြစ်ကို စုပ်ယူနိုင်ရသနည်း။
ရွှီး...
ကျန်းရီ၏ လက်က လင်းလက်လာပြီး မြေဝါရောင် မြေအရင်းအမြစ် ထွက်ပေါ်လာ၏။ မြေအရင်းအမြစ် ထွက်ပေါ်လာပြီးနောက် မြေဆွဲအားက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသွားသည်။ ကျန်းရီက မြေအရင်းအမြစ်ကို စုပ်ယူထားပြီးဖြစ်၍ မြေဆွဲအားက သူ့အပေါ်တော့ မသက်ရောက်ပါ။ သူ ချီသံသားရဲကို အေးအေးလူလူ ကြည့်ကာ ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့။ ငါ မင်းကို ကူပြီး မြေအရင်းအမြစ်တွေ ရှာပေးနိုင်တယ်။ မြေအရင်းအမြစ်များများ ရှိလာလေ၊ မင်းရဲ့ အင်အားလည်း မြန်မြန်တိုးလာလေပဲပေါ့”
ကျန်းရီသည် ကလေးတစ်ယောက်ကို လှည့်စားရန် ကြိုးစားနေသော ထူးဆန်းသည့် ဦးလေးတစ်ယောက်ကဲ့သို့ပင်။ သူ့အသံက အလွန်ချိုသာနေသည်။ ချီသံသားရဲသည် အသက်ဆယ်ရှူစာမျှ နှုတ်ဆိတ်နေပြီးမှ ထူးဆန်းစွာ အော်သံပြု၍ ခေါင်းညိတ်လိုက်တော့သည်။
“ဟင်း...”
ကျန်းရီ အလွန်စိတ်လှုပ်ရှားသွား၏။ ချီသံသားရဲက အညံ့ခံလိုက်လျှင် သူ့အတွက် အထောက်အကူများစွာ ရပေလိမ့်မည်။ ချီသံသားရဲ၏ ခံနိုင်ရည်နှင့် အင်အားက သူ့ရန်သူများကို တုန်လှုပ်သွားစေနိုင်သည်။
ကျန်းရီသည် ချီသံသားရဲကို ဝိညာဉ်မျိုးစေ့ မည်သို့ထုတ်ရမည်ကို ခပ်သွက်သွက် သင်ပေးလိုက်၏။ သို့သော် ချီသံသားရဲက အတန်ငယ် တုံးအသည်။ နောက်ဆုံးတွင် ကျန်းရီသည် ချီဟုန်ကို အပြင်ထုတ်၍ ချီသံသားရဲနှင့် ပြောဆိုစေလိုက်မှ ချီသံသားရဲ သဘောပေါက်သွားပြီး ၎င်း၏ ဝိညာဉ်မျိုးစေ့ကို ထုတ်ပေးလိုက်လေသည်။
ချီသံသားရဲနှင့် ဝိညာဉ်ချိတ်ဆက်ပြီးနောက် ကျန်းရီသည် အသက်နွယ်ကို ချက်ချင်းထုတ်ကာ ချီသံသားရဲ၏ ကိုယ်ထဲ အသက်စွမ်းအား ပြန်ထည့်သွင်းပေးလိုက်သည်။ ချီသံသားရဲသည် မျက်လုံးဖြင့် မြင်သာသောနှုန်းနှင့် ပြန်ကောင်းလာ၏။ ၎င်း၏ ခန္ဓာကိုယ် ပြည့်ဖြိုးလာကာ ၎င်း၏ အရေပြားများ ပြန်တင်းရင်းလာသည်။ အသက်စွမ်းအားလည်း ပြန်ပြည့်ဝလာပေသည်။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲထံတွင် အသက်စွမ်းအားများစွာ ရှိ၏။ ကျန်းရီသည် ၎င်းကိုယ်ထဲ နာရီအနည်းငယ်ကြာအောင် အသက်စွမ်းအား ပြန်ထည့်ပေးရသည်။ နောက်ဆုံးတွင် ချီသံသားရဲသည် နဂိုအခြေအနေ ပြန်ရောက်သွားပြီး စိတ်လှုပ်တရှား အော်လိုက်လေသည်။
“အထဲကိုသွားစို့”
ကျန်းရီသည် ချီသံသားရဲကို ကောင်းကင်ဘုံခုံရုံးထဲ ထည့်လိုက်၏။ ထို့နောက် သူလည်း အလင်းလက်ကာ နေရာမှ ပျောက်ကွယ်သွားသည်။ သူ ဆန်းကြယ်နယ်မြေထဲမှ ချက်ချင်း ထွက်မသွားလိုပါ။ လေအရင်းအမြစ်ကို ဆက်စုပ်ယူပြီး ရေအရင်းအမြစ်ကို ရှာလိုသေးသည်။
မိုးမြေအရင်းအမြစ်များမှာ အလွန်ဆန်းကြယ်သောအရာများပင်။ မိုးမြေအရင်းအမြစ်တိုင်းတွင် ကိုယ်ပိုင်အသုံးဝင်မှုများ ရှိကြသည်။ ကျန်းရီသည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဆိုသော ဓာတ်ကြီးငါးပါးစလုံး၏ အရင်းအမြစ်များကို စုပ်ယူပြီးသွားမည့် အချိန်ကို မစောင့်နိုင်တော့ပေ။ ၎င်းတို့အားလုံးကို စုပ်ယူပြီးသွားလျှင် လျှပ်စီးအနှစ်သာရက အထွတ်အထိပ်အဆင့်သို့ ရောက်သွားမည်လောကို သူ သိလိုနေပေသည်။
မြေဆွဲအား မရှိလျှင် ကျန်းရီ ဆန်းကြယ်နယ်မြေထဲ၌ အလွန်လျင်မြန်စွာ ပျံသန်းနိုင်သည်။ ဆယ်နာရီအတွင်းမှာပင် သူ ဆန်းကြယ်နယ်မြေထဲရှိ လေအရင်းအမြစ်အားလုံးကို စုပ်ယူပြီးသွားသည်။ လေပိုးကောင်များကိုလည်း ကောင်းကင်ဝါးမျိုသားရဲလေးက ထိန်းချုပ်လိုက်သည်။ လေပိုးကောင်များက သန်းထောင်နှင့်ချီ၍ ရှိရာ ကောင်းကင်ဘုံခုံရုံး၏ တတိယထပ်တစ်ထပ်လုံး ပြည့်သွားလေသည်။
ကျန်းရီ ရေအရင်းအမြစ်ကို ရှာတွေ့သွား၏။ ဆန်းကြယ်နယ်မြေ၏ အရှေ့ဘက်တွင် ပင်လယ်တစ်ခု ရှိနေသည်။ ချီဟုန်က ရေအရင်းအမြစ်မှာ ထိုပင်လယ်အောက်တွင်ဟု ပြောပေသည်။
ပင်လယ်ထဲတွင် မရေမတွက်နိုင်သော ဟွင့်သွမ့်သားရဲများ ရှိသည်။ ၎င်းတို့က ရေအရင်းအမြစ်မှ မွေးဖွားလာခဲ့ခြင်းဖြစ်ပေမည်။
သို့သော် ရေအရင်းအမြစ်အနီးတွင် ထူးခြားသော စွမ်းအားကြီး သားရဲများ မရှိပေ။ မီးမြွေများပင် မရှိပါ။ ယင်းမှာ အချိန်မလုံလောက်သေး၍ ဖြစ်နိုင်သည်။ အကယ်၍ နောက်ထပ်နှစ်တစ်သောင်း ကြာသွားလျှင် ဟွင့်သွမ့်သားရဲများက ဆင့်ကဲပြောင်းလဲကာ ပိုသန်မာလာနိုင်ပေသည်။
ဤနေရာတွင် ရီဖျောင်ဖျောင် မရှိပါ။ ထို့ကြောင့် ကျန်းရီ ဟွင့်သွမ့်သားရဲများကို မထိန်းချုပ်နိုင်ပေ။ သူ ချီဟုန်ကို အပြင်ထွက်လာရန် ပြော၍သာ ဟွင့်သွမ့်သားရဲများကို ဖိနှိပ်စေလိုက်သည်။ သူကမူ ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ သွားလိုက်သည်။ ပြီးလျှင် လျှပ်စီးက ရေကိုဖန်တီးနိုင်ခြင်း အကြောင်းကို သုံး၍ ဧရာမ ရေအရင်းအမြစ်လုံးကို စုပ်ယူလိုက်သည်။
‘ဒီရေအရင်းအမြစ်မှာ ဘာထူးခြားတဲ့ အသုံးဝင်မှုမှ မရှိဘူးလား’
ကျန်းရီ အတန်ငယ် နားမလည်နိုင် ဖြစ်သွားသည်။ အခြားမိုးမြေအရင်းအမြစ်အားလုံးက ကိုယ့်အသက်ဝင်မှုနှင့်ကိုယ် ရှိကြသည် မဟုတ်ပါလား။ သို့သော် ရေအရင်းအမြစ်၏ အသုံးဝင်မှုကိုမူ သူ ရှာမရပေ။
“အခုတော့ ထားလိုက်ဦး၊ နောက်မှ ထပ်ကြည့်မယ်”
ချီဟုန်သည် တစ်ခဏမျှ စစ်ဆေးပြီးနောက် ရေအရင်းအမြစ်နှင့် ပတ်သတ်၍ မည်သည့်အမှားမှ ရှာမတွေ့ပေ။ ကျန်းရီလည်း ရွေးချယ်စရာမရှိတော့သဖြင့် ရေအရင်းအမြစ်ကို လျစ်လျူရှုလိုက်ရသည်။ နောက်မှ ၎င်း၏ ထူးခြားမှုကို ရှာရပေမည်။
“သွားဖို့အချိန်တန်ပြီ”
ကျန်းရီ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ ရေအရင်းအမြစ်နှင့် မြေအရင်းအမြစ်ကို စုပ်ယူပြီးသွားပြီး လေအရင်းအမြစ်ကိုလည်း မမျှော်လင့်ဘဲ ရခဲ့သည်။ သူ စစ်သားရဲတစ်ကောင်ဖြစ်သော ချီသံသားရဲကိုလည်း သူ့ဝိညာဉ်သားရဲအဖြစ် ရခဲ့ပေသည်။
စွန့်စားခဲ့ရသည်မှာ တန်သွားပေပြီ။ ကျားသိုက်ထဲ မဝင်လျှင် ကျားပေါက်ကို ရမည် မဟုတ်ချေ။
ဝှစ်...
ကျန်းရီ ကောင်းကင်ထက်သို့ ပျံတက်လိုက်၏။ သူ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ အနား ရောက်သောအခါ ချီဟုန်က ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အပြင်ဘက်မှ အခြေအနေကို စူးစမ်းလိုက်သည်။
“ဒီမှာ တမလွန်ဘုံဘုရင်တွေ မရှိဘူး။ လုံခြုံတယ်”
ချီဟုန် အသံပို့လွှတ်လိုက်သည်။ ကျန်းရီ ရုတ်ခြည်း ပျံတက်လိုက်ပြီး ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့ကို ထိုးဖောက်ကာ အာကာသဟင်းလင်းပြင်ထဲ ထွက်လိုက်သည်။
ရွှီး...
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထုတ်၍ ၎င်းထဲ ဝင်လိုက်၏။ ချီဟုန် ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးလိုက်သည်။ သို့သော် အပြင်ဘက်တွင် အလွန်တိတ်ဆိတ်နေပေသည်။ တိတ်ဆိတ်လွန်းသဖြင့် ကြောက်စရာပင် ကောင်းနေသည်။ တမလွန်ဘုံဘုရင်များ မဆိုထားနှင့် တမလွန်ဘုံမျိုးနွယ်ဝင် ထောက်လှမ်းရေးများကိုပင် မတွေ့ရချေ။
“ဟွန်း...”
ကျန်းရီ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူ တမလွန်ဘုံထောက်လှမ်းရေးကို သတင်းပို့ရန် ခိုင်းထားပြီးဖြစ်သည်။ မင်တဲက သူ့ကို လှည့်စားဝံ့သည်လော။ သူ လက်စားမချေလျှင် ကျန်းရီဟုတ်တော့မည် မဟုတ်ချေ။
ထျန်းဖုန့်ဧကရာဇ်က အဖမ်းခံထားရပြီး သူ့ကံကြမ္မာကို မသိရသေးပါ။ ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ချန်ထားခဲ့မည် မဟုတ်ပေ။ သူ တစ်ခဏမျှ တွေးတောပြီးနောက် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ကောင်းကင်ညီတူဘုံဆီသို့ ပျံသန်းသွားလိုက်လေသည်။
ကောင်းကင်ညီတူဘုံဘက်သို့ ကြည့်ရင်း ကျန်းရီ၏ မျက်လုံးများက အေးစက်လာသည်။ ထို့နောက် သူ ရေရွတ်လိုက်သည်။
“မင်တဲ... ခင်ဗျား ထျန်းဖုန့်ဧကရာဇ်ကို မသတ်သေးရင် ကောင်းလိမ့်မယ်။ မဟုတ်လို့ကတော့ ကျွန်တော် ကောင်းကင်ညီတူဘုံကို ဘုံပျက်တစ်ခု ဖြစ်သွားအောင် လုပ်ပစ်မယ်”
***