← Chapters

စစ်သားရဲ

Vol. 145 Ch. 2021

စစ်သားရဲ

Vol. 145 Ch. 2021

ကျန်းရီ ဆန်းကြယ်နယ်မြေထဲ၌ ရှိနေခဲ့ချိန်တွင် အပြင်ဘက်၌ စစ်မီးတောက်လောင်နေခဲ့သည်။ ကောင်းကင်ထူးခြားဘုံ အပြင်ဘက်ရှိ ဆန်းကြယ်နယ်မြေများကို ရှင်းလင်းပြီးပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်ချင်နီက သူ့စစ်တပ်နှစ်တပ်နှင့်အတူ ချီတက်လာနေခဲ့ပြီး လမ်းတစ်ဝက်သို့ ရောက်နေပေပြီ။

ကောင်းကင်ထူးခြားဘုံတွင်လည်း စစ်တပ်စုဝေးနေသည်။ တမလွန်ဘုံမျိုးနွယ်မှ ပညာရှင်အားလုံး ရောက်နေကြသည်။ တပ်သားအင်အားမှာ သန်းရာကျော်သည်။ သူတို့သည် ကောင်းကင်ထူးခြားဘုံကို သေသည်အထိ ကာကွယ်ရန် ဆုံးဖြတ်ထားရုံသာမက အနီးရီ ဆန်းကြယ်နယ်မြေကြီးသုံးခုတွင်လည်း တပ်ဖွဲ့များ ထား၍ တြိဂံပုံ စစ်အခင်းအကျင်း ဆင်ထားသည်။ လူသားမျိုးနွယ်က မည်သည့်ဘက်မှ တိုက်ခိုက်ပါစေ တစ်ဘက်ဘက်မှနေ၍ စစ်ကူပေးနိုင်မည်ဖြစ်သည်။

ရှားယွီသည် မိစ္ဆာသုတ်သင်စစ်တပ်ကို ဦးဆောင်ကာ သတိကြီးကြီးနှင့် ရှေ့တိုးနေ၏။ သူမတို့သည် ကောင်းကင်ထူးခြားဘုံနှင့် မိုင်ဆယ်သန်းအကွာတွင် တပ်ချထားကြသည်။ သူမသည် သူမ၏ တပ်ဖွဲ့များကို စီမံခန့်ခွဲရာတွင် အလွန်တော်သည်။ တမလွန်ဘုံမျိုးနွယ်က ရှားယွီကို မဆင်မခြင် တိုက်အောင် မျှားခေါ်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။ သူတို့ အကြိမ်အနည်းငယ်လည်း အလစ်ဝင်တိုက်ခဲ့ကြသေးသည်။ သို့သော် ရှားယွီက သူတို့၏ အကြံကို မြင်သဖြင့် လိုက်မတိုက်ခဲ့ပေ။

မင်တဲသည် ကောင်းကင်ဧကရာဇ်ချင်နီတို့ ရောက်မလာခင် သူ့စစ်တပ်ကို စေလွှတ်၍ ရှားယွီ၏ စစ်တပ်ကို ရှင်းပစ်လိုနေသည်။ ရှားယွီသည် ရန်သူ၏ အကြံကို ခန့်မှန်းမိ၍ မိမိဘက်က ဦးအောင် ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် စစ်တပ်ကို စုစည်း၍ ကောင်းကင်ထူးခြားဘုံ အနီးမှ ဆန်းကြယ်နယ်မြေကြီးတစ်ခုကို တိုက်ခိုက်ကာ မင်တဲကို ပြန်ဆုတ်သွားအောင် ဖိအားပေးခဲ့ပေသည်။

ကျန်းရီ ဆန်းကြယ်နယ်မြေထဲမှ ထွက်လာချိန်တွင် ကောင်းကင်ဧကရာဇ်ချင်နီက စစ်တပ်ကို ဦးဆောင်၍ ရှားယွီနှင့် တွေ့ဆုံနေပြီဖြစ်သည်။ လူသားမျိုးနွယ်မှ ပညာရှင်အားလုံး ချီတက်လာသည်။ တပ်သားအရေအတွက်မှာ သန်းကိုးဆယ်အထိပင် ရောက်နေပေသည်။

အင်အားသန်းကိုးဆယ်ရှိသော စစ်တပ်၏ ပျှမ်းမျှ တိုက်ခိုက်စွမ်းအားသည် ပြီးခဲ့သော တိုက်ပွဲပြီးနောက် အတန်ငယ် တိုးလာခဲ့၏။ ယခုတွင် လူသားမျိုးနွယ်ဘက်၌ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား ငါးယောက် ရှိနေပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်ချင်နီကလည်း ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်မလာသ၍ လူသားမျိုးနွယ်သည် သူတို့ အနိုင်ရလိမ့်မည်ဟု ယုံကြည်မှု ရှိနေပေသည်။

ကောင်းကင်ဧကရာဇ်ချင်နီသည် စစ်တပ်ကို သုံးရက်အနားယူရန် ပြော၏။ သုံးရက်ကြာပြီးလျှင် စစ်တပ်သုံးတပ်သည် ဆက်ချီတက်ကာ ကောင်းကင်ထူးခြားဘုံကို တိုက်ခိုက်မည်ဖြစ်သည်။ ထိုသတင်းပျံ့နှံ့သွားသည်နှင့် ထောက်လှမ်းရေးအားလုံး လှုပ်ရှားလိုက်ကြ၏။ စစ်တပ်က သူတို့၏ ဓားများကို ထက်ရှနေအောင် သွေးလိုက်ကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်များကလည်း သက်တံ့အလား ထိုးတက်သွားကြသည်။ သူတို့သည် သုံးရက်ကြာလျှင် ဖြစ်တော့မည့် ကောင်းကင်တုန် တိုက်ပွဲကြီးကို မျှော်လင့်နေကြပေသည်။

‘မိုးပြာမဟာဧကရာဇ်က တိုက်ပွဲကြီးတစ်ပွဲအတွက် ပြင်ဆင်နေတာလား’

ကျန်းရီသည် ကောင်းကင်ညီတူဘုံသို့ ပျံသန်းနေရင်း လမ်းတွင် ထောက်လှမ်းရေးအချို့ကို တွေ့၍ ဖမ်းခဲ့၏။ ထို့ကြောင့် စစ်ရေးအခြေအနေကို အလွယ်တကူ သိလိုက်ရသည်။ သို့သော် ထောက်လှမ်းရေးများက ယေဘုယျသတင်းအချက်အလက်များကိုသာ သိသည်။ အသေးစိတ်ကို မသိပေ။ သို့တစေ ကျန်းရီ အကြောင်းအရာများကို ခန့်မှန်းကြည့်နိုင်ပေသည်။

‘ကြည့်ရတာ မင်တဲနဲ့ တခြားတမလွန်ဘုံဘုရင်တွေက ကောင်းကင်ထူးခြားဘုံကို သွားတဲ့ပုံပဲ။ ကောင်းကင်ညီတူဘုံမှ ထိပ်တန်းတမလွန်ဘုံဘုရင်တွေ အများကြီး မရှိနိုင်လောက်ဘူး။ အလွန်ဆုံးမှ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ရှိမယ်’

ထိုအခိုက်တွင် ကျန်းရီသည် ကောင်းကင်ညီတူဘုံသို့ သွားရန် အလျင်လိုမနေတော့ပေ။ သူ ကောင်းကင်ထူးခြားဘုံကို တိုက်ပြီးမှ ထိုကလူသားမျိုးနွယ်စစ်တပ်များနှင့်အတူ ကောင်းကင်ညီတူဘုံကို ဆက်တိုက်လျှင် တမလွန်ဘုံမျိုးနွယ်ကို ပိုအထိနာသွားစေနိုင်ပေသည်။

သို့သော် ထိုသတင်းက ကောလာဟလ ဟုတ်မဟုတ်၊ ရန်သူက တမင်ဖြန့်သောသတင်း ဟုတ်မဟုတ် အတည်ပြုရန် ကျန်းရီသည် ပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံသန်း၍ ထောက်လှမ်းရေးများစွာကို ဖမ်းကာ ချီဟုန်အား ၎င်းတို့၏ စိတ်ဝိညာဉ်များကို ရှာဖွေစေလိုက်သည်။ ထောက်လှမ်းရေး ရာကျော်ထံမှ သိရသော သတင်းများမှာ အနည်းနှင့် အများဆိုသလို အတူတူပင်။ သို့သော် ကျန်းရီ စိုးရိမ်နေသေးသည်။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ ကောင်းကင်ညီတူဘုံအနီးသို့ ပျံသန်းသွားပြီး ချီဟုန်ကို အပြင်ထွက်ကာ ဘုံထဲမှ အခြေအနေကို စူးစမ်းစေလိုက်၏။ သူ နေရာကိုလည်း သုံးကြိမ်ပြောင်းလိုက်သည်။

ချီဟုန်၏ ထောက်လှမ်းမှုအရ ကောင်းကင်ညီတူဘုံ၏ နေရာများစွာတွင် အလွန်တိတ်ဆိတ်နေကြောင်း သိရ၏။ ကောင်းကင်ညီတူမြို့ထဲတွင်လည်း စွမ်းအားကြီး အရှိန်အဝါများစွာ မရှိပေ။ ထိပ်တန်းတမလွန်ဘုံဘုရင် တစ်ပါး၊ နှစ်ပါးလောက်သာ ရှိရမည်။ သို့သော် စွမ်းအားကြီးသူများက အနီးရှိ နေရာများတွင် ပုန်းအောင်းနေခြေကိုလည်း ထည့်မထွက်၍ မရပေ။

သတင်းကို အတည်ပြုပြီးနောက် ကျန်းရီ ပြတ်သားစွာ လုပ်ဆောင်လိုက်၏။ သူ ကောင်းကင်ညီတူဘုံကို မတိုက်ခိုက်ဘဲ ကောင်းကင်ညီတူဘုံအနီးမှ ဆန်းကြယ်နယ်မြေကြီး တစ်ဒါဇင်ကျော်ကို တိုက်ခိုက်လိုက်သည်။ ထိုဆန်းကြယ်နယ်မြေများထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင် သိန်းဂဏန်းအနည်းငယ်မှနေ၍ သန်းဂဏန်းအနည်းငယ်အထိ ရှိနေကြသည်။ ကောင်းကင်ဧကရာဇ်ချင်နီက ကောင်းကင်ထူးခြားဘုံကို တိုက်မည်ဆိုသော သတင်းမှာ မှန်၊ မမှန် အရေးမကြီးပါ။ ကျန်းရီ အရင်ဆုံး ထို တမလွန်ဘုံမျိုးနွယ်ဝင် သန်းဆယ်ချီကို ရှင်းပစ်ရပေမည်။

အစတွင် ကျန်းရီသည် ကောင်းကင်ညီတူဘုံ အပြင်ဘက်မှ အကြီးဆုံး ဆန်းကြယ်နယ်မြေကို ပစ်မှတ်ထားခဲ့သည်။ ထိုဆန်းကြယ်နယ်မြေထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင် ငါးသန်းကျော်၊ ခြောက်သန်းရှိနေသည်။ သာမန် တမလွန်ဘုံဘုရင်တစ်ပါးက ၎င်းတို့ကို ဦးဆောင်နေပေသည်။

ရွှစ်...ရွှစ်...

ကျန်းရီ ဆန်းကြယ်နယ်မြေထဲ ထိုးဖောက်ဝင်ပြီးနောက် ကောင်းကင်ဘုံခုံရုံး ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်ဘုံခုံရုံးထဲ ဝင်ပြီးသည်နှင့် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ အောက်ဆင်းစေလိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ကောင်းကင်ထဲတွင် တိမ်မည်းအနည်းငယ် လိပ်တက်လာ၏။ အောက်ဘက်ရှိ မြို့ကြီးထဲရှိ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်အချို့လည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ ထို့နောက် တိမ်မည်းများ ပို၍ လိပ်တက်လာသည်။ ဆန်းကြယ်နယ်မြေထဲရှိ တမလွန်ဘုံမျိုးနွယ်စစ်တပ် လှုပ်ရှားပေပြီ။

“သတ်...”

ကျန်းရီက အေးစက်စွာ အော်ပြောလိုက်၏။ ကောင်းကင်ဘုံခုံရုံးသည် ဧရာမတောင်ကြီးတစ်လုံးအလား အောက်ဘက်သို့ ဖိဆင်းသွားသည်။ အောက်ဘက်ရှိ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်များက ချက်ချင်း တိုက်ခိုက်လိုက်ကြ၏။ အနက်ရောင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ကောင်းကင်ဘုံခုံရုံးဆီသို့ ပျံတက်လာကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

ပေါက်ကွဲမှုများသည် ကောင်းကင်ဘုံခုံရုံး၏ အကာအရံအလွှာကိုပင် တုန်ခါမသွားစေပါ။ ကောင်းကင်ဘုံခုံရုံးက တောင်ကြီးတစ်လုံးအလား ဆက်ဆင်းသွားသည်။ အောက်ဘက်မှ တမလွန်ဘုံဘုရင်နှင့် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေသည်။

ဝုန်း...

ကောင်းကင်ဘုံခုံရုံး အောက်သို့ ကျဆင်းသွားပြီး မြို့တစ်ခြမ်းကို အမှုန့်ချေပစ်လိုက်ည်။ အောက်ဘက်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်တပ်သား ရာကျော်လည်း အသားနှစ်များ ဖြစ်သွားကြသည်။

“ဝူ...ဝူ...”

တမလွန်ဘုံမျိုးနွယ်ဝင်များ အော်လိုက်ကြ၏။ ဤဆန်းကြယ်နယ်မြေထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်များမှာ မျိုးနွယ်ကြီးတစ်ခုမှ ဖြစ်သည်။ ၎င်းတို့အားလုံးက အစိမ်းရောင်မျက်နှာနှင့် ဝက်ဝံခန္ဓာကိုယ်ရှိသော မိစ္ဆာများပင်။ ၎င်းတို့၏ မျက်နှာက လူသားပုံဖြစ်ပြီး အရေပြားမှာ အစိမ်းရောင်ဖြစ်သည်။ ၎င်းတို့၏ ဦးခေါင်းက အလွန်သေးပြီး ခန္ဓာကိုယ်မှာမူ အလွန်ကြီးပေသည်။ ၎င်းတို့ပုံစံက အလွန်ထူးဆန်းကာ ခက်ထန်ပေသည်။

‘မြို့တစ်မြို့’က ရုတ်တရက် ကျဆင်းလာသောအခါ အနီးရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး လန့်သွားကြသည်။ မြေပြင်ကလည်း ပြင်းထန်စွာ တုန်ခါသွားရာ ကီလိုမီတာငါးသောင်းပတ်လည်အတွင်းရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး ထိတ်လန့်ကုန်သည်။ ၎င်းတို့သည် ချက်ချင်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။

“ချီသံသားရဲ... မင်း အပြင်ထွက်ပြီး တမလွန်ဘုံမျိုးနွယ်ဝင်တွေ အကုန်လုံးကို သတ်လိုက်။ မင်း တမလွန်ဘုံအရှိန်အဝါရဲ့ ထိန်းချုပ်မှုကို ခံရတော့မယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးဆီ ချက်ချင်း ပြန်လာခဲ့။ ငါ မင်းကိုယ်ထဲက တမလွန်ဘုံအရှိန်အဝါတွေကို သန့်စင်ပေးမယ်”

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံး၏ ပထမထပ်ရှိ ချီသံသားရဲဆီသို့ အသံပို့လွှတ်လိုက်၏။ အပြင်ဘက်တွင် တမလွန်ဘုံမျိုးနွယ်ဝင်များစွာ ရှိနေပြီး စွမ်းအားကြီးသူများ မပါ‌ပေ။ ထို့ကြောင့် ချီသံသားရဲကို အပြင်လွှတ်၍ သတ်ခိုင်းခြင်းက အကောင်းဆုံးပင်။

“ဝမ်းဘဲ...ဝမ်းဘဲ...”

ချီသံသားရဲက အပြင်သို့ တည်နေရာပြောင်းရွှေ့သွား၏။ ၎င်းသည် သံမဏိအလင်းတန်း တစ်တန်းအလား တမလွန်ဘုံမျိုးနွယ်စစ်တပ်ဆီသို့ ဦးတည်သွားလိုက်သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီး၊ ကြောက်မက်ဖွယ်အရှိန်အဝါနှင့် ကျောပေါ်မှ တောက်ပသည့် အနက်ရောင်ဆူးချွန်များက တမလွန်ဘုံမျိုးနွယ်ဝင်များကို ကြောက်ရွံ့သွားစေပေသည်။

ရွှစ်...ရွှစ်...

ကောင်းကင်ထဲမှ အနက်ရောင်အရှိန်အဝါကို ချီသံသားရဲကို ထိမှန်သွား၏။ ဤနေရာမှ တမလွန်ဘုံမျိုးနွယ်ဝင်များက ထူးဆန်းသော တိုက်ခိုက်မှုတစ်မျိုးကို သိကြသည်။ ၎င်းတို့၏အနက်ရောင်အမွေးများက ကိုယ်မှ ကျွတ်ထွက်သွားပြီး လေထဲတွင် စုဝေးကာ တမလွန်ဘုံအရှိန်အဝါနှင့် ပေါင်းစည်း၍ ကြောက်မက်ဖွယ် အနက်ရောင်ဆူးချွန်များကို ဖန်တီးနိုင်ကြပေသည်။

သို့သော် အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များ မဆိုထားနျင့် သာမန် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပင် ချီသံသားရဲ၏ အရေပြားကို ထိုး‌ဖောက်နိုင်ကြမည် မဟုတ်ပါ။ ချီသံသားရဲ၏ အမြန်နှုန်းက အလွန်မြန်သည်။ ထို့ပြင် ၎င်းက အချိန်နှင့်အမျှ ပို၍ မြန်လာနေသည်။ ၎င်း ဝင်တိုက်သည်ကို ခံလိုက်ရသော တမလွန်ဘုံမျိုးနွယ်ဝင်တိုင်း အသားနှစ် ဖြစ်သွားကြသည်။ အားကောင်းသော တိုက်အားက အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များ မပြောနှင့် အရာအားလုံးကို ဖျက်ဆီးနိုင်ပေသည်။

ဖုန်း...ဖုန်း...ဖုန်း...

စက္ကန့်အနည်းငယ်အတွင်းမှာပင် ချီသံသားရဲသည် ကီလိုမီတာငါးရာ သွားပြီးသွား၏။ ထိုကီလိုမီတာငါးရာလမ်းက မူလတွင် တမလွန်ဘုံမျိုးနွယ်ဝင်များ ပြည့်နှက်နေခဲ့၏။ သို့သော် ချီသံသားရဲက ပေတစ်ထောင်ကျယ်သော လမ်းကြောင်းတစ်ခု ဖော်နိုင်ခဲ့သည်။ ဝင်တိုက်ခဲ့ရသော တမလွန်ဘုံမျိုးနွယ်ဝင်များက မရှင်သန်ခဲ့ပါ။ အလောင်းပင် မကျန်ခဲ့ပေ။ ၎င်းတို့အားလုံး အသားနှစ် ဖြစ်သွားကြသည်။

‘အဲ့သားရဲက တကယ့်ကို စစ်သားရဲတစ်ကောင်ပဲ။ သူသာ ပျံနိုင်ရင် ကောင်းမှာ’

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထို့နောက် သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး တစ်ယောက်နှင့် တမလွန်ဘုံဘုရင်တို့က ချီသံသားရဲကို တိုက်ခိုက်လိုက်၏။ ထိုတမလွန်ဘုံဘုရင်၏ တိုက်ခိုက်မှုက ချီသံသားရဲကို ဒေါသထွက်သွားစေသည်။ ၎င်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်လှည့်လိုက်သည်။ ၎င်း၏ ခြေလေးချောင်းလုံး အတန်ငယ် ညွတ်သွားပြီး မြေပြင်ပေါ်တွင် ခြေရာနက်နက်လေးခု ချန်လိုက်၏။ ပြီးနောက် ၎င်းသည် ကောင်းကင်ထက်သို့ ခုန်တက်လိုက်လေသည်။ ထိုတမလွန်ဘုံဘုရင်သည် ရှောင်ရန်ပင် အချိန်မရလိုက်ဘဲ ချီသံသားရဲ၏ ဝင်တိုက်မှုကို ခံလိုက်ရလေသည်။

ဝုန်း...

တမလွန်ဘုံဘုရင်၏ ခန္ဓာကိုယ်က အသားနှစ် ဖြစ်သွားပြီး ချီသံသားရဲက ကောင်းကင်ထက် ကီလိုမီတာငါးရာအထိ တက်သွားသည်။ ၎င်းသည် လေထဲတွင် တစ်ခဏမျှ ရပ်သွားပြီးမှ အောက်ဘက်သို့ ဆင်းလာလေသည်။

‘အဲ့ချီသံသားရဲက ပျံနိုင်တာလား’

ကျန်းရီ အလွန်အံ့ဩနေ၏။ ထိုကဲ့သို့ ဧရာမသတ္တဝါကြီးတစ်ကောင်က မပျံနိုင်လောက်ဟု သူ သေချာနေခဲ့သည်။ ဝမ်းမြောက်ဖွယ် အံ့အားသင့်မှုမျိုး ရှိလာလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

သို့သော် ပြန်တွေးကြည့်သောအခါ ကျန်းရီ နားလည်သွား၏။ မိုးမြေအရင်းအမြစ်တစ်ခုမှ မွေးဖွားလာသော စွမ်းအားကြီး သတ္တဝါတစ်ကောင်က မပျံနိုင်မှသာ ထူးဆန်းနေမည်ဖြစ်သည်။ ယခင်တွင် ၎င်းက မြေအရင်းအမြစ်အနားတွင် နေခဲ့၍ မြေဆွဲအား၏ ဖိနှိပ်မှုကို ခံထားခဲ့ရခြင်းဖြစ်မည်။ ထို့ကြောင့် ၎င်း မပျံနိုင်ခဲ့ခြင်းပင်။ ယခုတွင်မူ မြေဆွဲအားက အားမကောင်းတော့ရာ ၎င်း ပျံသန်းသွားသည်။

“ဟုတ်ပြီ...”

ကျန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု ပြည့်နှက်နေသည်။ ထိုစစ်သားရဲနှင့်ဆိုလျှင် အင်အားဆယ်သန်းစစ်တပ်ကြီး ရှိနေသလို သူ ခံစားရသည်။ ရန်သူဘက်တွင် သန်းဆယ်ချီသော တပ်သားများ ရှိနေလျှင်ပင် ကျန်းရီ ကြောက်စရာမလိုပါ။

***

All Chapters