← Chapters

အချိန်ဆွဲထား

Vol. 145 Ch. 2022

အချိန်ဆွဲထား

Vol. 145 Ch. 2022

တမလွန်ဘုံမျိုးနွယ်ဝင် ငါးသန်းကျော် ခြောက်သန်းရှိသော ဧရာမဆန်းကြယ်နယ်မြေကြီးသည် ချီသံသားရဲကြောင့် ရှစ်နာရီမှ ဆယ်နာရီအတွင်း ရှင်းပစ်ခံလိုက်ရသည်။

ကျန်းရီသည် ချီသံသားရဲ၏ တမလွန်ဘုံအရှိန်အဝါကို သန့်ပင် သန့်စင်မပေးခဲ့ရပါ။ ချီသံသားရဲ၏ ခံနိုင်ရည်က အလွန်အားကောင်းသလို စိတ်ဝိညာဉ်ကလည်း အလွန်သန်မာပေသည်။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များ၏ တမလွန်ဘုံအရှိန်အဝါက ၎င်းကို လုံးဝထိန်းချုပ်နိုင်မည် မဟုတ်ပါ။

ချီသံသားရဲသည် နာရီအနည်းငယ် သောင်းကျန်းနေခဲ့၏။ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး ဖိချေသတ်ဖြတ်ခံရသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များ နေထိုင်ရာ မြို့များနှင့် ဂူများလည်း ပျက်စီးကုန်သည်။ ဆန်းကြယ်နယ်မြေတစ်ခုလုံး ရှုပ်ထွေးသွားသည်။ နယ်မြေတစ်ခုလုံး သွေးနီညိုရောင် လွှမ်းသွားသည်။ ယင်းမှာ တုန်လှုပ်ဖွယ် မြင်ကွင်းပင်။

ကျန်းရီ၏ နှလုံးသားက ဗလာဖြစ်နေသည်။ သန်းချီသော လူသားများ သူ့အရှေ့တွင် သေသွားလျှင်ပင် ယခုတွင် သူ မျက်တောင်ပင်ခတ်မည် မဟုတ်တော့ပေ။ သို့ဖြစ်ရာ တမလွန်ဘုံမျိုးနွယ်ဝင် သန်းကျော် သေသွားခြင်းအတွက် သူ မည်သို့မှ မခံစားရပါ။ သူ ငရဲမြင်ကွင်းများစွာကို မြင်ခဲ့ဖူးပြီဖြစ်၍ ထုံနေပြီဖြစ်သည်။

“သွားကြစို့...”

ကျန်းရီသည် ချီသံသားရဲကို ကောင်းကင်ဘုံခုံရုံးထဲတွင် ထည့်ပြီးနောက် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်လိုက်၏။ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးရန် မလိုကြောင်း အတည်ပြုပြီးနောက် သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ဆန်းကြယ်နယ်မြေထဲမှ ပျံထွက်စေကာ နောက်ထပ်ဆန်းကြယ်နယ်မြေတစ်ခုသို့ ဆက်သွားလိုက်သည်။

ကျန်းရီက နောက်ဆန်းကြယ်နယ်မြေသို့ သွားသောအခါ ကျန်ခဲ့သော ဆန်းကြယ်နယ်မြေဆီသို့ ထောက်လှမ်းရေးများ လျင်မြန်စွာ ရောက်လာပြီး ထောက်လှမ်းကြ၏။ ထိုဆန်းကြယ်နယ်မြေက ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သူတို့ ကောင်းကင်ညီတူဘုံသို့ သတင်းပြန်ပို့ကြသည်။ ကောင်းကင်ညီတူမြို့တစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ မရေမတွက်နိုင်သော တော်ဝင်မိသားစုဝင်များ ဒေါသထွက်သွားကြပြီး အဆက်မပြတ် ကျိန်ဆဲလိုက်ကြသည်။

သို့သော် တော်ဝင်မိသားစုဝင်များ စိတ်မသက်မသာလည်း ဖြစ်နေကြသည်။ မီးမိစ္ဆာကျန်းရီ၏ အမည်က အလွန်ကျော်ကြားသည်။ တစ်ခါက မင်တဲနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်များသည် သူ့ကို လိုက်သတ်ခဲ့ဖူးသည်။ သို့သော် သူ လွတ်သွားခဲ့သည်။ ယခုလည်း မင်တဲတို့သည် သူ၏ လက်အောက်ခံတစ်ယောက်ကို ဖမ်းထားသည်။ သို့ငြားလည်း သူက လွင်မင်းဆန်းကြယ်နယ်မြေမှ လွတ်သွားပြန်သည်။

ကျန်းရီက လက်စားချေနေခြင်းလော။ သူက အနီးရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သတ်ပစ်မည့်ပုံပင်။ နောက်ဆုံးတွင် သူ ကောင်းကင်ညီတူဘုံထဲ ဝင်လာကာ ဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သတ်ပေလိမ့်မည်။

တော်ဝင်မိသားစုဝင်များစွာသည် အထက်ပါအတိုင်း တွေးကြသည်။ ထို့ကြောင့် ချန်နေခဲ့ရသော မင်တိ တုန်လှုပ်လာသည်။ လွင်မင်းဆန်းကြယ်နယ်မြေကပင် ကျန်းရီကို မချုပ်ထားနိုင်လျှင် သူက မည်သို့ ကျန်းရီ၏ပြိုင်ဘက် ဖြစ်ပါမည်နည်း။

မင်တိ ကူကယ်ရာမဲ့နေသဖြင့် မင်တဲထံ သတင်းပို့၍သာ မည်သို့ဆက်လုပ်ရမည်ကို မေးလိုက်သည်။ မင်တဲက ချက်ချင်း အကြောင်းပြန်သည်။ ကောင်းကင်ဧကရာဇ်ချင်နီက ကောင်းကင်ထူးခြားဘုံကို တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် မင်တိအား ကျန်းရီကို အချိန်ဆွဲထားရန် ခိုင်းလိုက်သည်။ တိုက်ပွဲပြီးသွားသည်နှင့် သူတို့ ချက်ချင်း ပြန်လာကာ ကျန်းရီကို သတ်ကြမည်ဖြစ်သည်။

ကျန်းရီကို အချိန်ဆွဲရမည်‌လော။

မည်သို့နည်း။

မင်တိ အတန်ငယ် စိုးရိမ်နေသည်။ ထိုအရူးသည် ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့ထဲတွင် သတ်ဖြတ်ခဲ့ဖူးသည်။ ထို့နောက် တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ပိုင်နက်အတွင်းမှနေ၍ လွတ်မြောက်သွားခဲ့သည်။ နောက်ဆုံးတွင် ကျန်းရီသည် ရေခဲအရင်းအမြစ်ဆန်းကြယ်နယ်မြေ အနီးတွင်လည်း သတ်ဖြတ်ခဲ့သေးသည်။ မင်တိသည် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။

ယခုတွင် ကျန်းရီက သွေးကြွေးဆပ်နေပြီဖြစ်နေသည်။ မင်တိ သူ့ကို မည်သို့ အချိန်ဆွဲရမည်နည်း။

မင်တိသည် မည်သို့လုပ်ရမည်မသိ ဖြစ်နေ၏။ နောက်ဆုံးတွင် ဖြေရှင်းနည်း မဟုတ်သော အရာတစ်ခုကိုသာ တွေးနိုင်လိုက်သည်။ ကျန်းရီကို သတ်ရန် သူ တပ်သားသန်းအနည်းငယ် စေလွှတ်လိုက်သည်။ သူတို့က ကျန်းရီကို ဝန်းရံ၍ သတ်ရမည်ဟု ဆိုလိုက်သော်လည်း အမှန်တွင် အချိန်ဆွဲရန်သာ ဖြစ်ပေသည်။

တမလွန်ဘုံမျိုးနွယ်တပ်သား သန်းအနည်းငယ်သည် ကောင်းကင်ညီတူဘုံမှ ထွက်သွားကြ၏။ သူတို့ ကျန်းရီကို ရှာတွေ့ချိန်တွင် ကျန်းရီက ဆန်းကြယ်နယ်မြေတစ်ခုကို သတ်ဖြတ်ပြီးသွားပြီဖြစ်သည်။ ထိုဆန်းကြယ်နယ်မြေထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင် သုံးသန်းကျော် အသတ်ခံခဲ့ရသည်။ တစ်ယောက်မှ ရှင်မကျန်ခဲ့ပေ။

“ဟင်းဟင်း...”

သန်းချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများနှင့် သောင်းချီသော တော်ဝင်မိသားစုဝင်များ ရောက်လာကြောင်း သိလိုက်ရသောအခါ ကျန်းရီ ပြုံးလိုက်၏။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ဟင်းလင်းပြင်ထဲတွင် လည်ပတ်နေစေလိုက်၏။ သို့သော် ချက်ချင်း မတိုက်ခိုက်ဘဲ ကောင်းကင်ဘုံခုံရုံးအပြင်ဘက်တွင် ဝိညာဉ်ပုံရိပ် ဖန်တီးကာ အော်ပြောလိုက်သည်။

“ဘယ်တမလွန်ဘုံဘုရင်က စစ်တပ်ကို ဦး‌ဆောင်လာတာလဲ။ ကျွန်တော်နဲ့ ထွက်လာတွေ့လိုက်”

“မီးမိစ္ဆာကျန်းရီ”

တမလွန်ဘုံမျိုးနွယ်တပ်သားအားလုံးသည် ဟင်းလင်းပြင်ထဲရှိ ဧရာမဝိညာဉ်ပုံရိပ်ကြီးကို ကြည့်လိုက်၏။ သူတို့ အလိုလို တုန်ယင်သွားကြသည်။ စစ်တပ်ကို ဦးဆောင်လာသော သာမန် တမလွန်ဘုံဘုရင်လည်း တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ပြီးမှ သူ စစ်တပ်အရှေ့သို့ ပျံထွက်ကာ အော်ပြောလိုက်သည်။

“ငါက ရီဖုန့်၊ ကျန်းရီ မင်းက တမလွန်ဘုံမျိုးနွယ်ဝင်တွေ အများကြီးကို သတ်ခဲ့တယ်။ မင်းရဲ့ ပြစ်မှုကို ခွင့်လွှတ်ပေးလို့မရဘူး။ အရှင်က မင်းကို သတ်ဖို့ ငါတို့ကို အမိန့်ပေးလိုက်ပြီ။ မင်း ဦးနှောက်ရှိရင် လူသားမျိုးနွယ်ရဲ့ ပိုင်နက်ဆီ ချက်ချင်း ပြန်သွားလိုက်။ မဟုတ်ရင်‌တော့ ငါတို့ မင်းကို မညှာဘဲ သတ်ပစ်မယ်”

ကျန်းရီသည် ထိုတမလွန်ဘုံဘုရင်၏ စကားကို နားပင်မထောင်ချေ။ သူက ပေါက်ကရများ ပြောနေသကဲ့သို့သာ သဘောထားသည်။ ကျန်းရီသည် ထိုမတွန်ဘုံဘုရင်ကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ် ဘယ်မှာလဲ။ သူက မင်းတို့ ဖမ်ထားတဲ့ မိစ္ဆာအရှင်ပဲ။ အရင်ဆုံး သူ့ကို လွှတ်ပေးလိုက်၊ ပြီးရင် အကုန်လုံးကို ဆွေးနွေးလို့ရပြီ။ လွှတ်မပေးရင်တော့ အကျိုးဆက်တွေကို ခံရမယ်”

“မိစ္ဆာအရှင်လား”

ရီဖုန့်သည် ထိုအကြောင်းကို သိ၏။ သူ မျက်လုံးဝေ့လိုက်ပြီး အေးစက်စက် ရယ်ကာ ပြန်ပြောလိုက်သည်။

“အဲ့မိစ္ဆာအရှင်ကို ထိန်းချုပ်ပြီးပြီ။ အခု သူက တမလွန်ဘုံမျိုးနွယ်ရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နေပြီ။ မင်းက သူ့ကို ကယ်ချင်သေးတာလား၊ အိပ်မက်ထဲမှာပဲ ရမယ်”

ကျန်းရီ ဒေါသထွက်သွား၏။ စကားတစ်ခွန်းမှ မပြောဘဲ သူ့ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွားသည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံးက တောက်ပစွာ လင်းလက်လာပြီး မည်းနက်နေသော ဧရာမသားရဲတစ်ကောင် ထွက်ပေါ်လာသည်။ ပြီးမှ ကျန်းရီ ဒေါသတကြီး အော်ပြောလိုက်သည်။

“အဲ့တမလွန်ဘုံဘုရင်ကို သတ်လိုက်၊ တမလွန်ဘုံမျိုးနွယ်ဝင်တွေ အကုန်လုံးကို သတ်ပစ်လိုက်”

“ဝမ်းဘဲ...ဝမ်းဘဲ...”

ချီသံသားရဲက အော်လိုက်၏။ ၎င်း၏အော်သံက ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။ ရီဖုန့်၏ စိတ်ဝိညာဉ်လည်း တုန်ခါသွားသည်။ အနက်ရောင် လျှပ်စီးတန်းတစ်တန်းအလား ပျံသန်းလာသော ချီသံသားရဲကို ကြည့်ကာ သူ ကြောက်လန့်တကြား အော်လိုက်သည်။

“ပြန်ဆုတ်ကြ...”

မင်တိသည် ရီဖုန့်ကို အပြင်ထွက်၍ ကျန်းရီအား အချိန်ဆွဲခိုင်းခြင်းသာဖြစ်သည်။ သူ ကျန်းရီနှင့် တိုက်ပွဲဖြစ်ရန် တစ်ခါမှ မရည်ရွယ်ခဲ့ပါ။ သူ ကျန်းရီကို ဒေါသဖြစ်အောင်လုပ်၍ စစ်တပ်နောက်သို့ လိုက်လာစေလိုခြင်းသာဖြစ်သည်။

တစ်နည်းဆိုရသော် ထို အင်အားသန်းချီသော စစ်တပ်မှာ ကျန်းရီသတ်သည်ကို ခံရန်ဖြစ်သည်။ မင်တိကိုယ်တိုင်လည်း အသေခံရန် ပြင်ဆင်ထားပေသည်။

ဝှစ်...ဝှစ်...

တမလွန်ဘုံမျိုးတပ်သားအားလုံး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြ၏။ သို့သော် ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးထဲမှနေ၍ လူတစ်ယောက် ပျံထွက်လာသည်။ ကျန်းရီ ဟင်းလင်းပြင်ထဲ ရောက်လာပေပြီ။ သူသည် ကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ရတနာထဲတွင် သိမ်းလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မြေဝါရောင်လေလှိုင်းများ ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။

မြေဝါရောင်လေလှိုင်းများ ထွက်ပေါ်လာချိန်တွင် ဟင်းလင်းပြင်က အတန်ငယ် တုန်ခါသွားသည်။ ယင်းနောက် မမြင်နိုင်သော လှိုင်းတစ်ခုက ကျန်းရီကိုဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားလေသည်။

ဆန်းကြယ်သောအရာတစ်ခု ဖြစ်ပွားလာ၏။

လျင်မြန်စွာ ထွက်ပြေးနေကြသော တမလွန်ဘုံမျိုးနွယ်တပ်သားများ ရုတ်တရက် နှေးသွားကြသည်။ သူတို့က အဆရာကျော် နှေးသွားသကဲ့သို့ပင်။ ကျန်းရီ အနီးမှ တမလွန်ဘုံမျိုးနွယ်တပ်သားများဆိုလျှင် ကျန်းရီဆီသို့ပင် ပြန်ရွေ့လျားသွားသည်။ ကျန်းရီက သံလိုက်တုံးတစ်တုံးလိုပင်။ သူတို့အားလုံး ကျန်းရီဆီသို့ စုပ်ယူခံနေရပေသည်။

“အဲ...အဲဒါက... ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ စုပ်အားလဲ”

ရီဖုန့် တုန်လှုပ်သွား၏။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူ့အမြန်နှုန်းမှာ ခရုတစ်ကောင်ကဲ့သို့ နှေးသွားသည်။ တစ်ဘက်တွင်မူ ချီသံသားရဲ၏ အမြန်နှုန်းက များစွာမထိခိုက်ပေ။ ၎င်းသည် ရီဖုန့်ထံသို့ ဆက်ပျံသန်းလာပေသည်။

ဝုန်း...

ချီသံသားရဲက ရီဖုန့်ကို ဝင်တိုက်လိုက်၏။ ရီဖုန့်၏ခန္ဓာကိုယ်လေး ပေါက်ကွဲထွက်သွားသည်။ ချီသံသားရဲမှာ မရပ်သေးဘဲ အရှေ့သို့ ဆက်ပျံသန်းသွားသည်။ ၎င်း၏အရှေ့တွင် ပူးကပ်နေသော စစ်တပ်ကြီးတစ်တပ် ရှိနေသည်။ ထိုတပ်သားများကို သတ်ရန်မှာ အလွန်လွယ်ကူပေသည်။ ၎င်းသည် အရှေ့သို့ ပျံသန်းကာ အာကာပြင်ကို ရှင်းလင်းပစ်လိုက်သည်။

“အဲဒါက ဘယ်လို မိစ္ဆာအတတ်မျိုးလဲ”

တမလွန်ဘုံမျိုးနွယ်တပ်သားများသည် ထွက်ပြေးရန် အကောင်းဆုံးကြိုးစားကြ၏။ သို့သော် သူတို့၏ ခန္ဓာကိုယ်များက ကျန်းရီထံသာ အဆက်မပြတ် ရွေ့လျားနေသည်။ တပ်သားများ ကြောက်ရွံ့သွားကြသည်။ သူတို့သည် ထိုကဲ့သို့သော အတတ်မျိုးကို မကြားဖူးကြပါ။ ကျန်းရီက မည်သည့်လှုပ်ရှားမှုမှ လုပ်မနေပေ။ သို့သော် သူတို့က ကျန်းရီထံ စုပ်ယူခံနေရသည်။ ကျန်းရီက မသေမျိုးတစ်ပါး ဖြစ်သွားခြင်းလော။

မီးမိစ္ဆာကျန်းရီသည် ဤတစ်ကြိမ်တွင် မီးတောက်များ ထုတ်မသုံးသေးပေ။ ထိုအစား မြေဝါရောင် လေလှိုင်းများသာ ထုတ်နေသည်။ သို့သော် မြေဆွဲအားက ရုတ်တရက် အဆသောင်းကျော် တိုးသွားသည်။ အနီးရှိ အာကာသဟင်းလင်းပြင်ကလည်း မတည်မငြိမ် ဖြစ်လာသည်။ တပ်သားများ ထွက်မပြေးနိုင်တော့ပေ။

ရွှီး...ရွှီး...

ကျန်းရီ၏ လက်ထဲရှိ ကောင်းကင်ရတနာက လင်းလက်လာ၏။ ထို့နောက် မရေမတွက်နိုင်သော လေပိုးကောင်များ ထွက်လာသည်။ ထိုပိုးကောင်များမှာ မမြင်နိုင်ဘဲ သေးငယ်သည်။ ၎င်းတို့သည် မြေဆွဲအား၏ သက်ရောက်မှုကို များစွာ မခံရပါ။ ကောင်းကင်ဝါးမျိုသားရဲလေး၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့ အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြလေသည်။

ကျန်းရီသည် လေပိုးကောင် သန်းရာကျော်ကို တစ်ခါတည်း ထုတ်လိုက်၏။ သာမန် တမလွန်ဘုံမျိုးနွယ်တပ်သားများသည် ထိုလေပိုးကောင်များကို လုံးဝ မတွေ့ရပါ။ သူတို့ လေတိုးမှုကိုသာ ခံစားကြရသည်။ ထိုအခါမှသာ သူတို့၏ခန္ဓာကိုယ်က အကိုက်ခံနေရပြီဖြစ်ကြောင်း သိသွားကြပေသည်။ သူတို့၏ခန္ဓာကိုယ်က အရိုးပါမကျန် စားမပစ်ခံရသေးခင်တွင် သူတို့ အော်သာ အော်နိုင်ကြလေသည်။

“အဲဒါက ဘာလဲ”

အဝေးမှ တမလွန်ဘုံမျိုးနွယ်တပ်သားများ အလွန်ကြောက်ရွံ့သွားကြ၏။ သူတို့သည် လေပိုးကောင်များကို လုံးဝ မမြင်နိုင်ကြပေ။ ၎င်းတို့ကို အာရုံလည်းမခံနိုင်ပါ။ တမလွန်ဘုံမျိုးနွယ်တပ်သားများ တစ်ယောက်ပြီးတစ်ယောက် ဟစ်အော်လာကြ၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက မျက်လုံးဖြင့် မြင်သာသော နှုန်းနှင့် ပျောက်ကွယ်လာသည်။ နောက်ဆုံးတွင် သူတို့၏ စိတ်ဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရပေသည်။

***

All Chapters