သတ်လိုက်
Vol. 145 Ch. 2023
မသိရမှုက လူများကို တုန်လှုပ်စေ၏။ တုန်လှုပ်မှုမှာ ပလိပ်ရောဂါကဲ့သို့ ပျံ့နှံတတ်သည်။
ကျန်းရီ၏ မြေအရင်းအမြစ်က ထို အဆင့်နိမ့် တမလွန်ဘုံတပ်သားများကို မှင်တက်နေစေပြီးဖြစ်သည်။ ယခု မမြင်နိုင်သော လေပိုးကောင်များလည်း ထွက်ပေါ်လာရာ သူတို့ လွန်စွာ ကြောက်ရွံ့သွားကြသည်။ တမလွန်ဘုံမျိုးနွယ်တပ်သားများစွာသည် ထွက်ပြေးရန်ပင် မေ့လျော့ကုန်ကြသည်။ သူတို့ တုန်ယင်စွာနှင့်သာ သူတို့၏အဖော် တမလွန်ဘုံမျိုးနွယ်တပ်သားများ အော်ဟစ် ပျောက်ကွယ်သွားသည်ကို ကြောင်ကြည့်နေကြသည်။ သူတို့သွားများလည်း တဂတ်ဂတ် ရိုက်နေပေသည်။
တော်ဝင်မိသားစုဝင်များစွာသည် မြေဝါရောင်လေလှိုင်းများ၏ လွှမ်းခြုံမှုကို ခံထားရသော ကျန်းရီကို လှမ်းကြည့်လိုက်ကြ၏။ ထိုအခိုက်တွင် ကျန်းရီက မီးမိစ္ဆာ မဟုတ်တော့ပေ။ သူက မိစ္ဆာဘုရင်တစ်ပါး ဖြစ်သွားပေပြီ။
လူသားများ၏ မျက်လုံးထဲတွင် တမလွန်ဘုံမျိုးနွယ်က မိစ္ဆာဖြစ်သည်။ သို့သော် တမလွန်ဘုံမျိုးနွယ်ကမူ ထိုသို့မတွေးပါ။ ယင်းအခိုက်၌ ကျန်းရီက မိစ္ဆာအစစ်အမှန်တစ်ကောင် ဖြစ်လာပေသည်။ သူက မိစ္ဆာမဟုတ်လျှင် အဘယ်သို့ ထိုကဲ့သို့သော အတတ်များကို တတ်မည်နည်း။
သန်းရာချီသော လေပိုးကောင်များက အလွန်လျင်မြန်ကြ၏။ ၎င်းတို့သည် ဆောင်းဦးလေကဲ့သို့ တိုက်ခတ်နေကြသည်။ တစ်နာရီအတွင်းမှာပင် သန်းချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများ အစားခံလိုက်ရသည်။ တော်ဝင်မိသားစုဝင် ရာကျော်သာ ကျန်တော့သည်။
ကျန်းရီသည် ထို တော်ဝင်မိသားစုဝင် ရာကျော်ကို တမင် အရှင်ထားထားခြင်းဖြစ်သည်။ သူ ကောင်းကင်ဘုံခုံရုံးကို ထုတ်၍ ပျံသန်းသွားလိုက်သည်။ တော်ဝင်မိသားစုဝင်များက သူတို့သေရတော့မည်ဟု တွေးလိုက်ချိန်တွင် ကျန်းရီသည် နွယ်အိုများကို ထုတ်၍ သူတို့ကို ဖမ်းလိုက်၏။ ထို့နောက် နောက်ထပ် ဝိညာဉ်ပုံရိပ်တစ်ခု ဖန်တီးကာ သူတို့အား ပြောလိုက်သည်။
“မင်းတို့ရဲ့ ကောင်းကင်ညီတူဘုံက ခေါင်းဆောင်ကို ပြောလိုက်၊ သူ ထျန်းဖုန့်ဧကရာဇ်ကို ဆယ်ရက်အတွင်း လွှတ်မပေးရင် ငါ ကောင်းကင်ညီတူဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်လို့။ ထွက်သွားတော့”
တော်ဝင်မိသားစုဝင် ရာကျော်သည် သေမိန့်မှ လွတ်သွားသော အကျဉ်းသားများကဲ့သို့ ခံစားလိုက်ရ၏။ သူတို့ ကြောက်လန့်စွာနှင့် အဝေးသို့ လျင်မြန်စွာ ပျံပြေးသွားကြသည်။ ချီသံသားရဲလည်း ပြန်လာသည်။ ကျန်းရီသည် လေပိုးကောင်များကို ပြန်သိမ်းပြီးနောက် နောက်ဆန်းကြယ်နယ်မြေတစ်ခုဆီသို့ သွားလိုက်လေသည်။
ကျန်းရီ အချိန်ဆယ်ရက်ပေးလိုက်၏။ တမလွန်ဘုံမျိုးနွယ်က ထျန်းဖုန့်ဧကရာဇ်ကို ပြန်လွှတ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ပါ။ သူ အချိန်ဆွဲရန် ကြိုးစားနေခြင်းပင်။ ဆယ်ရက်ပြည့်လျှင် သူက တိုက်ခိုက်လိမ့်မည်ဟု တမလွန်ဘုံမျိုးနွယ်ကို ထင်သွားအောင် လုပ်ခြင်းသာဖြစ်သည်။
ဤတစ်ခေါက် တမလွန်ဘုံမျိုးနွယ်စစ်တပ် လာရောက်တိုက်ခိုက်မှုက ကျန်းရီအား တစ်စုံတစ်ခုကို သဘောပေါက်သွားစေခဲ့သည်။ ကောင်းကင်ညီတူဘုံမှ တမလွန်ဘုံမျိုးနွယ်က အချိန်ဆွဲရန် ကြိုးစားနေခြင်းဖြစ်မည်။
သို့ဖြစ်ရာ ကောင်းကင်ဧကရာဇ်ချင်နီတို့ ကောင်းကင်ထူးခြားဘုံကို လာတိုက်သည်ဆိုသော သတင်းမှာ အမှန်ဖြစ်လောက်သည်။ ထို့ကြောင့် ကျန်းရီသည် အချိန်ဆွဲလိုသူကို အချိန်ပေး၍ ကောင်းကင်ညီတူဘုံမှ တော်ဝင်မိသားစုကို တည်ငြိမ်သွားအောင် လုပ်ပြီးမှ အချိန်မရွေး တိုက်ခိုက်မည်ဖြစ်သည်။
“အရှင်ချီဟုန်... သူတို့ရဲ့ ဝိညာဉ်တွေကို ရှာလိုက်ပါ”
ကျန်းရီသည် ဝိညာဉ်မရှာတတ်ပေ။ ထို့ကြောင့် မလွှတ်ပေးဘဲ ချန်ထားသော တော်ဝင်မိသားစုဝင် အချို့၏ စိတ်ဝိညာဉ်များကို ချီဟုန်ကိုသာ ရှာခိုင်းလိုက်ရသည်။ မကြာခင်မှာပင် သူ တိကျသော သတင်းကို ရလိုက်လေသည်။
ကောင်းကင်ဧကရာဇ်ချင်နီက သုံးရက်အတွင်း တိုက်ခိုက်မည်ဟု ပြောထားသည်။ ယခု တစ်ရက်ကုန်သွားပြီဖြစ်သည်။ နှစ်ရက်အတွင်း သူက ကောင်းကင်ထူးခြားဘုံကို တိုက်ခိုက်ပေလိမ့်မည်။
“ဟုတ်ပြီ...”
ကျန်းရီ အလွန်စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ အနီးရှိ ဆန်းကြယ်နယ်မြေများကို သွေးနှင့် ဆက်၍ဆေးကြောလိုက်၏။ သို့သော် ဆန်းကြယ်နယ်မြေများကို တစ်ခုချင်း ခပ်ဖြည်းဖြည်းသာ ရှင်းလင်းနေပေသည်။
ကောင်းကင်ညီတူဘုံ အပြင်ဘက်တွင် မင်တိ၊ တမလွန်ဘုံဘုရင်တစ်စုနှင့် အကြီးအကဲတစ်စုသည် တော်ဝင်မိသားစုဝင်ရာကျော် ပြန်သယ်လာသော သတင်းကြောင့် တုန်လှုပ်နေကြ၏။
မည်မျှသာ ကြားခဲ့သေးသနည်း။
ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အလွန်လျင်မြန်စွာ တိုးတက်လာသည်လော။ သူတို့သာ ထျန်းဖုန့်ဧကရာဇ်ကို ဆယ်ရက်အတွင်း လွှတ်မပေးလျှင် ကောင်းကင်ညီတူဘုံတွင် သွေးချောင်းစီးသွားနိုင်သည်။
ဆယ်ရက်...
ကောင်းကင်ထူးခြားဘုံမှ တိုက်ပွဲကြီးက မည်သို့ ဆယ်ရက်အတွင်း ပြီးနိုင်မည်နည်း။ ထို့ပြင် ထိုနေရာ၌ ကောင်းကင်ဧကရာဇ်ချင်နီနှင့် လူသားပညာရှင်များစွာ ရှိနေသည်။ ကောင်းကင်ထူးခြားဘုံက ခုခံနိုင်၊ မခံနိုင်မှာပင် မေးခွန်းတစ်ခုအဖြစ် ရှိနေပေသေးသည်။
ထျန်းဖုန့်ဧကရာဇ်ကို လွှတ်ပေးရမည်လော။
ပြဿနာမှာ ထျန်းဖုန့်ဧကရာဇ်က မင်တိ၏လက်ထဲတွင် မရှိခြင်းပင်။ မင်တဲက ထျန်းဖုန့်ဧကရာဇ်ကို ခေါ်သွားခဲ့သည်။ ယခုလောက်ဆို သူက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကိုပင် ခံပြီးလောက်ပေပြီ။ သို့ဖြစ်ရာ မင်တိက သူ့ကို မည်သို့ လွှတ်ပေးနိုင်မည်နည်း။
ရွေးချယ်စရာ မရှိတော့သောအခါ မင်တိ မင်တဲဆီသို့သာ သတင်းပို့၍ ဆုံးဖြတ်ချက် တောင်းလိုက်သည်။ နေ့ဝက်ကြာပြီးနာက် မင်တဲက ပြန်ဆက်သွယ်လာသည်။ သူက ဆက်သွယ်လာရုံသာမက တမလွန်ဘုံဘုရင်တစ်ပါးကိုလည်း ထျန်းဖုန့်ဧကရာဇ်အားခေါ်၍ ကောင်းကင်ညီတူဘုံဆီ ပြန်သွားစေလိုက်သည်။ မင်တဲသည် မင်တိကို ကျန်းရီအား လဝက်အချိန်ဆွဲထားရန် ပြော၏။ သူ မလုပ်နိုင်လျှင် ထျန်းဖုန့်ဧကရာဇ်ကို လွှတ်ပေးရမည်ဖြစ်သည်။ ထိုသို့မှ အဆင်မပြေသေးလျှင် တမလွန်ဘုံမျိုးနွယ်တပ်သားအားလုံးကို ကောင်းကင်မသေမျိုးဘုံသို့ ရွှေ့ပြောင်းပေးရပေမည်။
“ရွှေ့ပြောင်းပေးရမှာလား”
သူတို့ ကောင်းကင်ညီတူဘုံကို စွန့်ပစ်ခဲ့ရမည်လော။ အခြေအနေက ထိုမျှကြီးကျယ်သလော။ မင်တိနှင့် တမလွန်ဘုံဘုရင်အားလုံး နှုတ်ဆိတ်သွားကြသည်။ သူတို့သည် တမလွန်ဘုံဧကရာဇ်က မည်သည့်နေရာတွင်ရှိသည်၊ မည်သည်ကို လုပ်နေသည်ကို မသိကြပေ။ အဘယ်ကြောင့် တမလွန်ဘုံဧကရာဇ်က အမိန့်မပေးရသေးသနည်း၊ အဘယ်ကြောင့် သူ့ကိုယ်သူ ထွက်မပြရသေးသနည်း။
တမလွန်ဘုံဧကရာဇ် ပြန်ဝင်စားတိုင်း မည်သည့်နေရာသို့ ရောက်သွားသည်ကို မင်တဲအပါအဝင် မည်သူမှ မသိကြပါ။ သို့သော် တမလွန်ဘုံထဲရှိ တမလွန်ဘုံဧကရာဇ်ပုလဲက လင်းလက်လာသည်။ ယင်းမှာ တမလွန်ဘုံဧကရာဇ် ပြန်မွေးဖွားလာတော့မည်ဆိုသော အဓိပ္ပာယ်ပင်။
သို့သော်...
တမလွန်ဘုံဧကရာဇ်ပုလဲ လင်းလက်လာသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အချိန်များစွာ ကုန်ခဲ့ပေပြီ။ ကောင်းကင်ဝိညာဉ်ဘုံ၊ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်စကြဝဠာဘုံတို့ကို လူသားမျိုးနွယ်က ပြန်သိမ်းယူသွားပြီ။ ယခုတွင် ကောင်းကင်ထူးခြားဘုံနှင့် ကောင်းကင်ညီတူဘုံတို့လည်း ခြိမ်းခြောက်ခံနေရသည်။ သို့ရာတွင် တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်မလာသေးပေ။
ယခု ကောင်းကင်ဧကရာဇ်ချင်နီက နန်းတက်လိုက်ပြီဖြစ်ရာ လူသားမျိုးနွယ်မှာ ရပ်တန့်၍ မရနိုင်တော့ပေ။ အကယ်၍ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်မလာသေးလျှင် တမလွန်ဘုံမှလွဲ၍ ကျန်သောဘုံအားလုံးမှာ လုံခြုံမည် မဟုတ်ပါ။
ကျန်းရီက အပြင်ဘက်တွင် သတ်ဖြတ်နေသေးသည်။ မင်တိ အံကြိတ်ကာ ကျန်းရီကို အချိန်ဆွဲရန်အတွက် တမလွန်ဘုံမျိုးနွယ်တပ်သား သန်းကျော် ထပ်မံစေလွှတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီကိုလည်း ဆက်သွယ်ကာ ဆက်မသတ်တော့ရန်နှင့် ထျန်းဖုန့်ဧကရာဇ်ကို လဝက်အတွင်း လွှတ်ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ယင်းကို လက်မခံလျှင် ထျန်းဖုန့်ဧကရာဇ် သေရပေလိမ့်မည်။
ဤတစ်ကြိမ်တွင် တမလွန်ဘုံမျိုးနွယ်တပ်သား သန်းကျော်သည် ကျန်းရီကို ရူးမိုက်စွာ မဝိုင်းတော့ပေ။ သူတို့သည် တပ်ဖွဲ့ဒါဇင်ကျော်အဖြစ် ခွဲထွက်ကာ အရပ်မျက်နှာအနှံ့မှနေ၍ ကျန်းရီကို ဝန်းရံ၍ ကျန်းရီ၏ အာရုံကို ဆွဲဆောင်ရန် လုပ်လိုက်ကြသည်။
သို့သော်...
ကျန်းရီသည် ထိုတပ်သားများကို လုံးဝလျစ်လျူရှု၍ အနီးရှိ ဆန်းကြယ်နယ်မြေများထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်များကိုသာ ဆက်သတ်နေ၏။ သူ မင်တိ၏စကားများကိုလည်း လျစ်လျူရှုလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို လွှတ်ပေးမှသာ သတ်ဖြတ်မှုကို ရပ်မည်ဟု ပြန်ပြောထားပေသည်။
သုံးရက်ပြည့်သည်နှင့် ကောင်းကင်ထူးခြားဘုံတွင် တိုက်ပွဲကြီး စတင်လာ၏။
စစ်တပ်သုံးတပ်က ကောင်းကင်ထူးခြားဘုံ ပတ်ပတ်လည်မှ ဆန်းကြယ်နယ်မြေသုံးခုကို တိုက်ခိုက်ကြသည်။ ကောင်းကင်ဧကရာဇ်ချင်နီက အဘိုးကြီးသုံးယောက်နှင့်အတူ ကောင်းကင်ထူးခြားဘုံ အပြင်၌ စောင့်နေလိုက်သည်။ မင်တဲ ထွက်လာဝံ့သည်နှင့် ကောင်းကင်ဧကရာဇ်ချင်နီက တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်မည်ဖြစ်သည်။
မင်တဲ ထွက်မလာဝံ့ပါ။
ကောင်းကင်ထူးခြားဘုံကို စွမ်းအားကြီး အကာအရံများက ကာထားသည်။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကလည်း သဘာဝအကာအရံအဖြစ် ရှိနေရာ ခံစစ်ကစားခြင်းက သူ့အတွက် ပိုအားသာစေပေလိမ့်မည်။ ထို့ပြင် သူ ကောင်းကင်ဧကရာဇ်ချင်နီကို ယှဉ်တိုက်နိုင်လိမ့်မည်ဟုလည်း ယုံကြည်မှုမရှိပေ။ သူ ကောင်းကင်ဧကရာဇ်ချင်နီကြောင့် အသတ်ခံလိုက်ရပြီး တမလွန်ဘုံဧကရာဇ် ထွက်ပေါ်မလာပါက တမလွန်ဘုံမျိုးနွယ်မှာ ခေါင်းဆောင်မဲ့သွားပြီး ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်သည်။
သန်းဆယ်ချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများက ကောင်းကင်ထူးခြားဘုံအပြင်ဘက်ရှိ ဆန်းကြယ်နယ်မြေသုံးခုတွင် တပ်ချထားခဲ့သည်။ ဆန်းကြယ်နယ်မြေတစ်ခုလျှင် ထိပ်တန်းတမလွန်ဘုံဘုရင် နှစ်ပါး၊ သုံးပါး ရှိကြသည်။
လူသားမျိုးနွယ်စစ်တပ် သုံးတပ်က ဆန်းကြယ်နယ်မြေသုံးခုကို ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နှစ်ဘက်ဘုံးတွင် ထိပ်သီးတပ်ဖွဲ့များ ပါကြသည်။ တမလွန်ဘုံမျိုးနွယ်၏ ထိပ်သီးတပ်ဖွဲ့များလည်း လှုပ်ရှားနေကြပြီဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲမှာ အလွန်ပြင်းထန်သည်။ နှစ်ဘက်စလုံး အထိအခိုက်အကျအဆုံး များပေသည်။ ဆန်းကြယ်နယ်မြေသုံးခုမှာ အသားကြိတ်စက်ကဲ့သို့ ဖြစ်လာသည်။
သို့သော်...
လူသားမျိုးနွယ်ဘက်က အသားစီးရနေကြောင်း ထင်ရှားသည်။ ကောင်းကင်ဧကရာဇ်ချင်နီက ကောင်းကင်ထူးခြားဘုံကို ခြိမ်းခြောက်ထားနိုင်သည်။ ထို့ပြင် တမလွန်ဘုံမျိုးနွယ်ဘက်မှ စစ်ကူများကလည်း အခုထိ ရောက်မလာသေးပေ။ ထို့ကြောင့် ဆန်းကြယ်နယ်မြေသုံးခုထဲမှ စစ်တပ်များက သီးခြားဖြစ်နေကြသည်။ သူတို့၏စိတ်ဓာတ်လည်း ကျဆင်းလာပေသည်။
တစ်ဘက်တွင်မူ လူသားမျိုးနွယ်၏ စိတ်ဓာတ်က ထိုးတက်နေ၏။ ထို့ပြင် သူတို့က ယန်ကိုးပါးစစ်တပ်၏ စစ်အခင်းအကျင်းများကိုလည်း သင်ကြားထားသဖြင့် သူတို့၏ တိုက်ခိုက်စွမ်းအားမှာ တိုးလာသည်။ တစ်ရက်အတွင်းမှာပင် စစ်တပ်သုံးတပ်က အသာစီးရသွားသည်။ တမလွန်ဘုံမျိုးနွယ်တပ်သားအားလုံးကို ရှင်းပစ်ရန် အချိန်တစ်ခုသာလိုမည်ဖြစ်သည်။
‘အချိန်ကျပြီ’
ကောင်းကင်ညီတူဘုံအနီးတွင် ရှိနေသော ကျန်းရီသည် ကောင်းကင်ထူးခြားဘုံမှ တိုက်ပွဲက စနေလောက်ပြီဟု ခန့်မှန်း၍ သူလည်း လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ ရှေးဦးစွာ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ ဝန်းရံထားသော တမလွန်ဘုံမျိုးနွယ်တပ်သားများကို ခြောက်လွှတ်လိုက်သည်။ ထို့နောက် ကောင်းကင်ညီတူဘုံအနား ကပ်နိုင်ရန် အခွင့်အရေး ရှာလိုက်သည်။ ဘုံအနားရောက်လျှင် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ဘုံထဲ တိုက်ရိုက်ပျံဝင်လိုက်လေသည်။
“အာ...”
မင်တိနှင့် တမလွန်ဘုံဘုရင်တစ်စုသည် ‘မြို့တစ်မြို့’က ကောင်းကင်ညီတူမြို့ဆီသို့ ပျံသန်းလာကြောင်း အာရုံခံမိလိုက်ကြ၏။ သူတို့အားလုံး မှင်တက်သွားကြသည်။ ကျန်းရီက ပြောထားသည့်အတိုင်း မလုပ်ပေ။ သူတို့က ဆယ်ရက်ပြည့်မှ တွေ့ဆုံရန် သဘောတူထားခြင်း မဟုတ်လော။ ယခုမှ ရက်အနည်းငယ်သာ ရှိသေးသည်။ အဘယ်ကြောင့် သူက ကောင်းကင်ညီတူဘုံထဲ ရောက်လာရသနည်း။
ဝှစ်...
မင်တိသည် ထျန်းဖုန့်ဧကရာဇ်ကို လက်တစ်ဘက်ဖြင့် ကိုင်၍ ပျံထွက်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“ကျန်းရီ... မင်း သူ့ကို မသေစေချင်ရင် ကောင်းကင်ညီတူဘုံထဲက ချက်ချင်း ထွက်သွား”
“ဟားဟားဟား...”
ကောင်းကင်ဘုံခုံရုံးအထက်တွင် ကျန်းရီ၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာ၏။ သူ ကျယ်လောင်စွာ ရယ်ကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်က ကောင်းကင်ညီတူဘုံကို လာခဲ့ပြီဆိုမှတော့ လွယ်လွယ်ထွက်သွားလိမ့်မယ်လို့ ခင်ဗျားထင်လား။ သူ့ကို သတ်လိုက်လေ။ ခင်ဗျား ထျန်းဖုန့်ဧကရာဇ်ကို သတ်လိုက်ရင် ကျွန်တော် ကောင်းကင်ညီတူဘုံထဲက သန်းဆယ်ချီတဲ့ တမလွန်ဘုံမျိုးနွယ်တပ်သားတွေနဲ့ သန်းရာချီတဲ့ တမလွန်ဘုံမျိုးနွယ်ဝင်တွေကို သူနဲ့အတူ သေရအောင် လုပ်ပေးလိုက်မယ်”
***