← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

Vol. 145 Ch. 2024

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

Vol. 145 Ch. 2024

ထျန်းဖုန့်ဧကရာဇ်က အခြေအနေဆိုးနေသည်။ သူ့တစ်ကိုယ်လုံး သွေးများရွှဲနေသည်။ သူ နှိပ်စက်ခံခဲ့ရကြောင်း ထင်ရှားသည်။ အနက်ရောင်အရှိန်အဝါကလည်း သူ့ကို လွှမ်းခြုံထားဆဲပင်။ သူ့ခန္ဓာကိုယ်တစ်ပိုင်းက ထိန်းချုပ်ခံထားရလောက်ပေပြီ။ အကယ်၍ ကျန်းရီကြောင့်သာ မဟုတ်လျှင် သူ တမလွန်ဘုံကျွန်တစ်ယောက် ဖြစ်ပြီးနေလောက်ပြီဖြစ်သည်။

ကျန်းရီ၏အသံကို ကြားသောအခါ ထျန်းဖုန့်ဧကရာဇ်၏ ပိတ်နေသော မျက်လုံးများက အတန်ငယ် ပွင့်လာ၏။ သူ ကျန်းရီနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်လေသည်။

“ကျန်းရီ... ငါက မင်းအပေါ် အရမ်းသစ္စာရှိတယ်။ မင်းက ဘာလို့ ငါ သေရေး၊ ရှင်ရေးကို အရေးမစိုက်ရတာလဲ။ ငါ မျက်လုံးကန်းခဲ့တာပဲ”

“ဟားဟားဟား...”

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်၏ တုံ့ပြန်မှုနှင့် အလွန်ကျေနပ်သွား၏။ သူ ရယ်ကာ ပြန်ပြောလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်... မစိုးရိမ်ပါနဲ့။ ကျွန်တော် မိစ္ဆာမျိုးနွယ်ကို ခင်ဗျားကိုယ်စား အုပ်ချုပ်မှာပါ။ ကောင်းကင်ညီတူဘုံထဲက တမလွန်ဘုံမျိုးနွယ်ဝင်တွေကိုလည်း ခင်ဗျားနဲ့ လိုက်အဖော်ပြုခိုင်းမှာပါ”

ရွှီး...

ကျန်းရီ စကားပြောပြီးသည်နှင့် ကောင်းကင်ဘုံခုံရုံးက လင်းလက်လာ၏။ ထို့နောက် အနက်ရောင် သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ကျန်းရီ ချီသံသားရဲကို အမိန့်ပေးလိုက်သည်။

“တိုက်... သူတို့က တမလွန်ဘုံမျိုးနွယ်ကပဲ။ သူတို့အကုန်လုံးကို သတ်ပစ်။ အရေအတွက်များများ ရှိတဲ့ဘက်ကို အဓိကထားတိုက်”

“ဝမ်းဘဲ...ဝမ်းဘဲ...”

ချီသံသားရဲက အော်၍ လျင်မြန်စွာ ပျံသန်းသွား၏။ ၎င်းက မတုံးပေ။ ၎င်းသည် မင်တိထံ ပျံမသွားဘဲ သူ့အနောက်ရှိ တမလွန်ဘုံမျိုးနွယ်စစ်တပ်ဆီသို့သာ ဦးတည်သွားလိုက်လေသည်။ မင်တိက ဧကရာဇ်အဆင့်တွင် ရှိရာ ၎င်းအတွက် အန္တရာယ်ဖြစ်နေပေသည်။

ရွှီး...ရွှီး...ရွှီး...

ကောင်းကင်ဘုံခုံရုံးက အဆက်မပြတ် လင်းလက်လာသည်။ မိစ္ဆာသစ်ပင်များလည်း တစ်ပင်ပြီးတစ်ပင် တည်နေရာပြောင်းရွှေ့လာ၏။ မရေမတွက်နိုင်သော လေပိုးကောင်များကိုလည်း ထုတ်လိုက်သည်။ လေပိုးကောင်များသည် တမလွန်ဘုံမျိုးနွယ်ဝင်များကိုသာ တိုက်ခိုက်ရန် ကောင်းကင်ဝါးမျိုသားရဲထံမှ အမိန့်ရထားပြီးဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်ဝင်များကလည်း နေရာအနှံ့တွင် ရှိနေသည်။ ထို့ကြောင့် လေပိုးကောင်များသည် ၎င်းတို့ကြိုက်ရာဘက်ကို တိုက်ခိုက်နိုင်ပေသည်။

ကျန်းရီ၏ အချိန်ဆွဲခြင်းနည်းက မင်တိကို အတွက်မှားသွားစေခဲ့သည်။ သူသည် ထျန်းဖုန့်ဧကရာဇ်ကို သုံး၍ ကျန်းရီနှင့် ညှိနှိုင်းလိုခဲ့သည်။ အနည်းဆုံးတော့ ထျန်းဖုန့်ဧကရာဇ်ကို လွှတ်ပေးလိုက်လျှင် ကျန်းရီကို ကောင်းကင်ညီတူဘုံထဲမှ ထွက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု တွေးထားခဲ့ပေသည်။

ကျန်းရီ၏ မူလရည်ရွယ်ချက်မှာ ကောင်းကင်ညီတူဘုံတွင် သတ်ဖြတ်ရန်ဖြစ်မည်ဟု မင်တိ မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် ‌တော်ဝင်မိသားစုဝင်များကိုပင် ရွှေ့ပြောင်းပေးမထားရသေးပါ။ တော်ဝင်မိသားစုထဲမှ အဆင့်အတန်းအမြင်ဆုံးသူ အချို့ကိုသာ အဝေးသို့ ပြောင်းရွှေ့ထားသည်။

ကြည့်ရပုံအရ ကျန်းရီက ထျန်းဖုန့်ဧကရာဇ်၏ သေရေးရှင်ရေးကို အရေးမစိုက်ပုံပင်။ ထို့ပြင် ထျန်းဖုန့်ဧကရာဇ်က သေသွားလျှင်လည်း ကျန်းရီက မိစ္ဆာမျိုးနွယ်ကို အုပ်စိုးနိုင်ဦးမည့်ပုံပေါ်သည်။ ထို့ကြောင့် မင်တိ စိတ်ဓာတ်ကျသွားသည်။ သူ လက်ထဲတွင် စွမ်းအားလှည့်ပတ်လိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို သေ‌အောင် ရိုက်သတ်ပစ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သေချာတွေးတောပြီးနောက် ထျန်းဖုန့်ဧကရာဇ်ကို အရှင်ဆက်ထားရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ ထျန်းဖုန့်ဧကရာဇ် အသက်ရှင်နေသေးလျှင် တစ်နည်းနည်းနှင့် ညှိနှိုင်းနိုင်လောက်ပေသေးသည်။

ဝှစ်...

မင်တိသည် ထျန်းဖုန့်ဧကရာဇ်ကို သာမန် တမလွန်ဘုံဘုရင်တစ်ပါးလက်ထဲ လွှဲပေးလိုက်ပြီး သာမန် တမလွန်ဘုံဘုရင်တစ်စုနှင့် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို ဦးဆောင်၍ ပျံထွက်သွားကာ အော်ပြောလိုက်သည်။

“တိုက်ကြ...”

ကျန်းရီက စတင်၍ အစုလိုက်အပြုံလိုက် စသတ်နေပြီဖြစ်သည်။ မင်တိ နောက်ဆုတ်၍ မဖြစ်တော့ပေ။ မင်တဲထံမှလည်း စစ်ကူ လှမ်းမတောင်းနိုင်လောက်ချေ။ သူ ကောင်းကင်ဧကရာဇ်ချင်နီနှင့် တိုက်ခိုက်နေလောက်သေးသည်။

ယခုမှ နေရာပြောင်းရွှေ့ရန်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ သူတို့ တည်နေရာပြောင်းရွှေ့လျှင်လည်း မည်မျှများများ ပြောင်းရွှေ့နိုင်မည်နည်း။ မင်တိ ကောင်းကင်ညီတူဘုံကို သေသည်အထိ ခုခံရပေမည်။ သူ ကျန်းရီကို အနိုင်ယူကာ ကောင်းကင်ညီတူဘုံအား ကာကွယ်နိုင်မည်လောကို သိလိုပေသည်။

မင်တိ၏ လက်ထဲတွင် အညိုရောင်ဓားရှည်တစ်ချောင်း ထွက်ပေါ်လာ၏။ ဓားရှည်ပေါ်တွင် အနက်ရောင်အခိုးအငွေ့က အရည်ကဲ့သို့ စီးဆင်းနေသည်။ ဓားရှည်ကို မြှောက်လိုက်ရာ ဓားရှည်မှာ အကန့်အသတ်မဲ့ ရှည်လာ၊ ကြီးလာလေသည်။ အရည်ငွေ့မှာလည်း ဓားပေါ်တွင် လျင်မြန်စွာ လည်ပတ်လာပေသည်။

“ကျား...”

မင်တိ အော်လိုက်သည်။ ထို့နောက် လေနှင့်မိုးကြိုးစွမ်းအားကို သုံးကာ အာကာပြင်ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေလိုက်သည်။ သူ့ဓားကလည်း ကောင်းကင်ဘုံခုံရုံးအပေါ် ပြင်းထန်စွာ ကျဆင်းသွားသည်။

ရွှီး...

ကောင်းကင်ဘုံခုံရုံးက လင်းလက်လာ၏။ သို့သော် အကာအရံက ပျက်မသွားပေ။ မင်တိ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုက ကောင်းကင်ဘုံခုံရုံးကို လုံးဝထိခိုက်မသွားစေပါ။ ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးထဲတွင် မင်တိ၏ စွမ်းအားက အားအနည်းဆုံးဖြစ်သည်။ ကောင်းကင်ဧကရာဇ်ချင်နီ၏ တိုက်ခိုက်မှုကပင် ကောင်းကင်ဘုံခုံရုံး၏ အကာအရံကို အတန်ငယ်သာ တုန်ယင်သွားစေရာ မင်တိ၏ တိုက်ခိုက်မှုက အကာအရံကို မည်သို့ ဖျက်ဆီးနိုင်မည်နည်း။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်သော တမလွန်ဘုံဘုရင်များလည်း တိုက်ခိုက်လိုက်ကြသည်။ အလင်းတန်းအမျိုးမျိုး၊ တမလွန်ဘုံအတတ်အမျိုးမျိုးနှင့် အနှစ်သာရအမျိုးမျိုးက ကောင်းကင်ဘုံခုံရုံးကို ထိမှန်သွားကြသည်။ သို့သော် ၎င်းတို့ကလည်း ကောင်းကင်ဘုံခုံရုံးကို ထိခိုက်မသွားစေပါ။ စွမ်းအင်ကိုသာ အနည်းငယ် ကုန်သွားစေသည်။

“ဟွန်း...”

ကျန်းရီ နှာမှုတ်လိုက်၏။ ကောင်းကင်ဘုံခုံရုံးသည် အလင်းတန်းတစ်တန်းအလား မင်တိနှင့် အခြားတမလွန်ဘုံဘုရင်များထံ ပျံသန်းသွားလိုက်လေသည်။

ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက အလွန်မြန်၏။ မင်တိပင် ထိုအမြန်နှုန်းကို လိုက်မမီပါ။ သို့သော် မင်တိသည် လျင်မြန်စွာ တုံ့ပြန်၍ ချက်ချင်း ရှောင်လိုက်သည်။ တမလွန်ဘုံဘုရင်အချို့လည်း ရှောင်နိုင်လိုက်သည်။ သို့သော် မင်တိအနောက်မှ တမလွန်ဘုံဘုရင် ဆယ်ပါးကျော်ကမူ မရှောင်နိုင်လိုက်ပါ။ သူတို့အားလုံး ကောင်းကင်ဘုံခုံရုံး၏ ဝင်တိုက်မှုကို ခံလိုက်ရပေသည်။

ကောင်းကင်ဘုံခုံရုံးသည် ချီသံသားရဲ မဟုတ်ပါ။ ၎င်း၏ ဝင်တိုက်အားက သိပ်၍ မကြီးသဖြင့် တမလွန်ဘုံဘုရင်များကို မသတ်နိုင်လိုက်ပေ။ သို့သော် ကျန်းရီထံတွင် နွယ်အိုများနှင့် အသက်နွယ် ရှိပေသေးသည်။

နွယ်အိုများက တမလွန်ဘုံဘုရင်များက ရစ်ပတ်လိုက်၏။ ထို့နောက် အသက်နွယ်က သူတို့၏ အသက်စွမ်းအားကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ တမလွန်ဘုံဘုရင် အများစုသည် နွယ်အိုများ၏ ရစ်ပတ်မှုမှ ရုန်းထွက်နိုင်လိုက်ကြ၏။ တမလွန်ဘုံဘုရင်နှစ်ပါးသာ ရုန်းမထွက်နိုင်ဘဲ အသက်စွမ်းအား စုပ်ယူခံလိုက်ရသည်။ ထို့နောက် သူတို့ ကျန်းရီ၏ ကောင်းကင်ဘုံခုံရုံးထဲ ဆွဲယူမှုကို ခံလိုက်ရလေသည်။

“အာ...”

မင်တိနှင့် အဖော်များ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ ကောင်းကင်ဘုံခုံရုံးထဲ ဆွဲယူခံရခြင်း၏ ရလဒ်မှာ ထင်ရှားသည်။ သေခြင်းပင်။

“ဆက်တိုက်...”

မင်တိ ရွေးချယ်စရာ မရှိတော့ပေ။ သူ တမလွန်ဘုံဘုရင်တစ်စုကို ဆင့်ခေါ်ကာ ဆက်တိုက်ခိုက်စေလိုက်သည်။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်လိုက်၏။ သို့သော် သူ တိုက်ခိုက်မှုများကို မရှောင်ဘဲ တမလွန်ဘုံဘုရင်များဆီ ပျံသန်းသွားလိုက်သည်။ သူ တမလွန်ဘုံဘုရင်များကို အလွယ်တကူ လိုက်မီလိုက်ပြီး နွယ်အိုများနှင့် အသက်နွယ် ထုတ်၍ တမလွန်ဘုံဘုရင်နှစ်ပါးကို ကောင်းကင်ဘုံခုံရုံးထဲ ဆွဲသွင်းလိုက်လေသည်။

တစ်ကြိမ်လျှင် တမလွန်ဘုံဘုရင်နှစ်ပါး ဆွဲသွင်းခံရသည်။ ထို့ကြောင့် ဆယ်ကြိမ်ဆိုလျှင် အပါးနှစ်ဆယ်ပင်။ ကောင်းကင်ညီတူဘုံထဲ၌ သာမန် တမလွန်ဘုံဘုရင် အပါးသုံးရာကျော် ရှိသည်။ ဤအတိုင်း ဆက်သွားလျှင် တစ်နာရီမပြည့်ခင်မှာပင် မင်တိမှလွဲ၍ အခြား တမလွန်ဘုံဘုရင်အားလုံး ကောင်းကင်ဘုံခုံရုံးထဲ ဆွဲသွင်းခံရပေလိမ့်မည်။

သို့သော် မင်တိ ဘာလုပ်နိုင်မည်နည်း။ တမလွန်ဘုံဘုရင်များ တစ်ပါးပြီးတစ်ပါး ပျောက်ကွယ်သွားနေသည်ကိုသာ သူ ကြည့်နေနိုင်သည်။ တစ်ဘက်တွင်မူ ကော်းကင်ဘုံခုံရုံးကလည်း သူနှင့် တမလွန်ဘုံဘုရင်တစ်စု၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရပေသည်။ ကောင်းကင်ဘုံခုံရုံးက မည်မျှစွမ်းအားကြီးကြောင်းကို သိသည်။ သူ ၎င်းကို မည်သို့ ထိုးဖောက်နိုင်မည်နည်း။

“ဝမ်းဘဲ...ဝမ်းဘဲ...”

ချီသံသားရဲက တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ဖြတ်နေသည်။ ကောင်းကင်ညီတူမြို့အနီးတွင် တမလွန်ဘုံမျိုးနွယ်တပ်သားများစွာ ရှိနေသည်။ အနည်းဆုံး သန်းလေး၊ ငါးဆယ် ရှိပေသည်။ ယခင်တွင် မင်တဲသည် ကျန်းရီကို တိုက်ခိုက်ရန် အင်အားပူးပေါင်းလိုခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်တပ်သားအားလုံးကို ကောင်းကင်ညီတူဘုံသို့ ခေါ်ခဲ့သည်။ ယခုတွင် မင်တဲက ထိပ်တန်းတပ်သားများကို ကောင်းကင်ထူးခြားဘုံဆီ ခေါ်သွားသော်လည်း ထို တပ်သား သန်းဆယ်ကျော်က ကောင်းကင်ညီတူဘုံထဲတွင်ပင် ကျန်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ညီတူမြို့ ပတ်ပတ်လည်တွင် သန်းဆယ်ချီသော တမလွန်ဘုံတပ်သားများ စုဝေးနေရာ ထိုနေရာတွင် တပ်သားများ မည်မျှပြည့်ကြပ်နေမည်ဖြစ်ကြောင်း တွေးကြည့်နိုင်သည်။ ပိုပြည့်ကြပ်လေ၊ ချီသံသားရဲအတွက် သူတို့ကို သတ်ရန် ပိုလွယ်ကူလေပင်။ ၎င်း အရှေ့သို့ ပြေးတိုက်လိုက်တိုင်း တမလွန်ဘုံမျိုးနွယ်ဝင်တပ်သား တစ်သောင်း၊ နှစ်သောင်း သေဆုံးသွားသည်။ ၎င်းသည် တပ်သားအုပ်ထဲမှ ပြန်ထွက်သွားသည်နှင့် နောက်ပြန်လှည့်ကာ ထပ်မံသတ်ဖြတ်ပေသည်။

မိစ္ဆာသစ်ပင်များနှင့် လေပိုးကောင်များလည်း ရှိသေးသည်။

မိစ္ဆာသစ်ပင်တစ်ပင်၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်နိုင်သည်။ မိစ္ဆာသစ်ပင် တစ်သန်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အယောက်တစ်သန်းဟူသော အဓိပ္ပာယ်ပင်။ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး အချို့သည် ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်နိုင်ကြသည်။ သို့သော် ပြဿနာ သူတို့၏ အရေအတွက်က အရမ်းနည်းနေခြင်းပင်။

မိစ္ဆာသစ်ပင်များက အများအပြား ရှိနေသည်။ ၎င်းတို့သည် အသိဉာဏ်မရှိ၍ သေရမည်ကို မကြောက်ကြပါ။ ၎င်းတို့သည် အရှေ့သို့ ရွေ့လျားလာကြပြီး သစ်ရွက်များ ပစ်လွှတ်ကာ အဆင့်နိမ့် တမလွန်ဘုံတပ်သားများစွာကို သတ်ပစ်ကြပေသည်။

လေပိုးကောင်များ၏ စားနိုင်စွမ်းကလည်း အလွန်အားကောင်းသည်။ တိုက်ခိုက်စွမ်းအားအရာတွင် ၎င်းတို့က ဧကရာဇ်တစ်ပိုင်းအဆင့်ထက် အားမနည်းပါ။ သို့သော် လေပိုးကောင်များ၏ ခံနိုင်ရည်မှာမူ သိပ်၍ အားမကောင်းပေ။ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ၎င်းတို့ ဒဏ်ရာရလျှင်ရ၊ ပိုဆိုးလျှင် သေပင်သွားကြသည်။

သို့သော် လေပိုးကောင်များကို တိုက်ခိုက်ရန်မှ ခက်သည်။ ၎င်းတို့က သဏ္ဌာန်မဲ့၊ အရောင်မဲ့သည်။ ၎င်းတို့၏ ပုံစံအစစ်အမှန်ကို မမြင်နိုင်ပေ။ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်တပ်သားများသာ လေထုထဲတွင် အတန်ငယ် တုန်ခါသွားမှုများကို ခံစားနိုင်ပေသည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်တပ်သားများ စိတ်ဖိစီးနေရသည်။ လေပိုးကောင်များက မည်သည့်နေရာ၊ မည်သည့်အချိန်တွင်‌ ပေါ်လာပြီး သူတို့ကို အရိုးပင်မကျန်အောင် ဝါးစားသွားမည်ကို မသိနိုင်သည် မဟုတ်ပါလား။

ကောင်းကင်ညီတူဘုံက ငရဲတစ်ခု ဖြစ်လာပေပြီ။

တစ်နာရီမပြည့်ခင်မှာပင် တမလွန်ဘုံမျိုးနွယ်တပ်သား တစ်သန်းကျော် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း မင်တိသိလိုက်ရ၏။ အကယ်၍ ချီသံသားရဲ၊ မိစ္ဆာသစ်ပင်များနှင့် လေပိုးကောင်များက ဆက်တိုက်နေမည်ဆိုလျှင် သန်းဆယ်ချီသော တပ်သားအားလုံး အနှေးနှင့်အမြန် အသတ်ခံရပေလိမ့်မည်။

“ကောင်းကင်ဘုံခုံရုံးကို အရေးစိုက်မနေနဲ့တော့။ အဲ့သားရဲနဲ့ မိစ္ဆာသစ်ပင်တွေကိုပဲ သွားသတ်လိုက်ကြ။ ပြီးတော့ လေထဲမှာ မမြင်နိုင်တဲ့ ပိုးကောင်တွေလည်း ရှိတယ်”

မင်တိသည် တစ်ခဏမျှ တွေးတောပြီးနောက် အော်ပြောကာ ချီသံသားရဲဆီသို့ ဦးတည်ပျံသန်းသွားလိုက်၏။ ကျန်သော တမလွန်ဘုံဘုရင်များလည်း သတိကပ်လာကြသည်။ ယနေ့တွင် သူတို့ ထွက်မပြေးနိုင်ဘဲ သေရတော့မည်ဖြစ်ရာ ကျန်းရီ၏ မိစ္ဆာသစ်ပင်များနှင့် ပိုးကောင်များကို သတ်ပစ်ကာ ကျန်းရီ၏ အတောင်တစ်ဘက်ကို ဖြတ်ရပေမည်။

***

All Chapters