← Chapters

မင်းတိုက်ရဲလား

Vol. 145 Ch. 2025

မင်းတိုက်ရဲလား

Vol. 145 Ch. 2025

“ဟုတ်ပြီ”

မင်တိသည် ကောင်းကင်ဘုံခုံရုံးဘက်ကို အ‌ရေးမစိုက်တော့ပေ။ ထို့ကြောင့် ကျန်းရီ စိတ်အားတက်ကြွသွားသည်။ သူ ဤတစ်ချိန်လုံး ထျန်းဖုန့်ဧကရာဇ်ကို ဖမ်းထားသည့် တမလွန်ဘုံဘုရင်ကို မတိုက်ခိုက်ခဲ့ပေ။ တမလွန်ဘုံဘုရင်က ထျန်းဖုန့်ဧကရာဇ်အား သတ်ပစ်လိုက်မည်ကို စိုးရိမ်၍ဖြစ်သည်။ ထိုအခိုက်တွင် မင်တိသည် ဤဘက်ကို အ‌ရေးမစိုက်တော့ပါ။ ကျန်းရီ ထျန်းဖုန့်ဧကရာဇ်ကို ကယ်နိုင်ပေပြီ။

ကောင်းကင်ဘုံခုံရုံးသည် လည်ပတ်၍ အလင်းတန်းတစ်တန်းအလား ထျန်းဖုန့်ဧကရာဇ်ကို ဖမ်းထားသည့် တမလွန်ဘုံဘုရင်ဆီသို့ ပျံသန်းသွား၏။ လမ်းတစ်ဝက်အရောက်တွင် ကောင်းကင်ဘုံခုံရုံးက အရှိန်တင်လိုက်ကာ တမလွန်ဘုံဘုရင်ကို ဝင်ဆောင့်တိုက်လိုက်လေသည်။

နွယ်အိုများ ထွက်ပေါ်လာပြီး တမလွန်ဘုံဘုရင်ကို ရစ်ပတ်လိုက်သည်။ အသက်နွယ်ကလည်း သူ့အသက်စွမ်းအားကို လျင်မြန်စွာ စုပ်ယူလိုက်ပြီး သူ့ကို ကောင်းကင်ဘုံခုံရုံးထဲ ဆွဲသွင်းလိုက်သည်။

“ဟုတ်ပြီ...”

ထျန်းဖုန့်ဧကရာဇ်မှာ ထိုတမလွန်ဘုံဘုရင်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ဖြစ်သည်။ ကျန်းရီ စိတ်သက်သာရာရသွားသည်။ သူ အသက်နွယ်ကို သုံးကာ ထိုတမလွန်ဘုံဘုရင်ကို သတ်လိုက်သည်။ ထို့နောက် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို လျင်မြန်စွာ ထုတ်ယူလိုက်လေသည်။

“ရှောင်မုန့်... လေပိုးကောင်တွေကို ဖြန့်ကျက်ခိုင်းပြီး တမလွန်ဘုံမျိုးနွယ်စစ်တပ်ထဲ ပျံဝင်ခိုင်းလိုက်”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် ထျန်းဖုန့်ဧကရာဇ်က လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူ ထျန်းဖုန့်ဧကရာဇ်ကို အာရုံမစိုက်တော့ဘဲ အပြင်ဘက်ကို အာရုံခံကာ ကောင်းကင်ဝါးမျိုသားရဲလေးကို အပြင်သို့ လျင်မြန်စွာ တည်နေရာပြောင်းရွှေ့လိုက်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးသည် ကောင်းကင်ဘုံခုံရုံးအပေါ်တွင် နားကာ လေပိုးကောင်များကို ထိန်းချုပ်၍ အရှေ့သို့ ပျံသန်းသွားစေလိုက်ပေသည်။

ကျီ...ကျီ...

ကောင်းကင်ဝါးမျိုသားရဲလေးသည် အော်မြည်ကာ လေပိုးကောင်များကို တမလွန်ဘုံမျိုးနွယ်စစ်တပ်ထဲ ပျံဝင်သွားရန် ထိန်းချုပ်နေသည်။ အကယ်၍ တမလွန်ဘုံဘုရင်များက လေပိုးကောင်များကို သတ်လိုလျှင် တမလွန်ဘုံမျိုးနွယ်တပ်သားများကိုလည်း သတ်ရပေလိမ့်မည်။

ချီသံသားရဲအတွက်မူ ကျန်းရီ ဂရုမစိုက်ပေ။ မင်တိက ချီသံသားရဲကို သတ်နိုင်မည် မဟုတ်ပါ။ သာမန် တမလွန်ဘုံဘုရင်များကလည်း မိစ္ဆာသစ်ပင်များစွာကို မသတ်နိုင်ပါ။

ဝှစ်...ဝှစ်...

ကောင်းကင်ဘုံခုံရုံးမှာ ဆက်၍ ပျံသန်းသွား၏။ ကျန်းရီ မင်တိကို ထပ်၍ မတိုက်ခိုက်တော့ပေ။ သူ သာမန် တမလွန်ဘုံဘုရင်များကိုသာ အာရုံစိုက်လိုက်သည်။

ကျန်းရီ အပြင်သို့ တည်နေရာမပြောင်းရွှေ့ပေ။ ဘေးကင်းမှုက ပထမဖြစ်သည်။ သူ နွယ်အိုများနှင့် အသက်နွယ်ကို သုံး၍သာ တမလွန်ဘုံဘုရင်များကို တိုက်ခိုက်နေသည်။ သူတိုက်ခိုက်လိုက်တိုင်း တမလွန်ဘုံဘုရင်တစ်ပါးကို ကောင်းကင်ဘုံခုံရုံးထဲ ဆွဲသွင်းနိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မင်တိက ချီသံသားရဲကို စတင်တိုက်ခိုက်နေပေပြီ။ ဧရာမဓားကြီးက ချီသံသားရဲ၏ ခန္ဓာကိုယ်ကို ရက်စက်စွာ ခုတ်ချသွားပြီး မီးပွားများနှင့် ပြင်းထန်သော တွန်းကန်အားတစ်ခု ဖြစ်ပေါ်လာစေသည်။ မင်တိ၏ အစွမ်းကုန်တိုက်ခိုက်မှုက ချီသံသားရဲ၏ ကိုယ်ပေါ်တွင် သွေးနည်းနည်း ထွက်သွားစေလေသည်။

‘အဲ့ဒါ ဘယ်လိုမိစ္ဆာမျိုးလဲ။ ဘာလို့ ခံနိုင်ရည်က အရမ်းကောင်းရတာလဲ’

မင်တိ မှင်တက်သွားသည်။ သူ ငေးကြည့်နေမိသည်။ သို့သော် ချီသံသားရဲက ဒေါသထွက်ကာ သူ့ထံ ပျံသန်းလာပေပြီ။ သူ ချက်ချင်း သတိကပ်လာပြီး အဝေးသို့ ထွက်ပြေးရင်း ချီသံသားရဲကို ဆက်တိုက်ခိုက်သည်။

‘ထင်ထားသလိုပဲ...’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို သုံး၍ အကြိမ်အနည်းငယ် စူးစမ်းလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ချီသံသားရဲက ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်သည်။ ကျန်းရီ အော်ပြောလိုက်သည်။

“ချီသံသားရဲ... မင်တိကို အရေးစိုက်မနေနဲ့။ သာမန်တပ်သားတွေကိုပဲ လိုက်သတ်”

ချီသံသားရဲက ကျန်းရီ၏ ဝိညာဉ်သားရဲဖြစ်သည်။ ၎င်းသည် ဒေါသထွက်နေသော်လည်း ကျန်းရီ၏ အမိန့်များကို နာခံရန် လိုပေသေးသည်။ ၎င်းသည် မင်တိကို လျစ်လျူရှုလိုက်ပြီး တမလွန်ဘုံမျိုးနွယ်စစ်တပ်ဘက်သို့ လှည့်သွားလိုက်သည်။

“မျိုးမစစ်... မင်းက ဘယ်ကို သွားနေတာလဲ”

မင်တိ ဒေါသတကြီး အော်ပြောလိုက်ပြီး ချီသံသားရဲနောက်သို့ လိုက်သွား၏။ သို့သော် ချီသံသားရဲ၏ အရှိန်ပြည့် အမြန်နှုန်းက မင်တိ၏ အမြန်နှုန်းထက် အနည်းငယ် ပိုမြန်သည်။ ထို့ကြောင့် မင်တိသည် ချီသံသားရဲက နောက်ပြန်လှည့်လာမည်ကိုသာ စောင့်နေရပေသည်။

မင်တိသည် ချီသံသားရဲကို သတ်၍ ကျန်းရီ၏ လက်ရုံးတစ်ဘက်ကို ဖြတ်ရန် ဆုံးဖြတ်ထားသည်။ ချီသံသားရဲ၏ အဖျက်စွမ်းအားက ကြီးမားလွန်းသည်။ ၎င်း၏ ဝင်တိုက်မှုအောက်တွင် သိန်းချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများ သေဆုံးသွားရသည်။ သို့သော် မင်တိ၏ တိုက်ခိုက်မှုများက ချီသံသားရဲကို အပြင်းအထန် ဒဏ်ရာမရစေသော်လည်း ဒဏ်ရာတော့ ရစေပေသေးသည်။ ထို့ကြောင့် သူ လက်လျှော့မည် မဟုတ်ပေ။

မင်တိသည် ချီသံသားရဲကို ထိန်းချုပ်ရန် စွမ်းအားကြီး တမလွန်ဘုံသေမင်းအရှိန်အဝါကို သုံးလိုက်၏။ သို့သော် ချီသံသားရဲ၏ စိတ်ဝိညာဉ်က အလွန်သန်မာသည်။ ၎င်းကို ထိန်းချုပ်နိုင်မည် ဆိုလျှင်ပင် ထိန်းချုပ်နိုင်ရန် အချိန်များစွာ လိုအပ်ပေလိမ့်မည်။

တမလွန်ဘုံဘုရင်များက ကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်မနေတော့သဖြင့် ကျန်းရီ အေးအေးဆေးဆေး ဖြစ်နေ၏။ လေပိုးကောင်များမှာလည်း နေရာအနှံ့သို့ ဖြန့်ကျက်ထားသည်။ တမလွန်ဘုံဘုရင်များက ၎င်းတို့ကို တစ်ခါတည်း အစုလိုက်အပြုံလိုက် မသတ်နိုင်ကြပါ။ သို့သော် မိစ္ဆာသစ်ပင်အချို့မှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

သို့ငြားလည်း ကျန်းရီ စိတ်မရှိပေ။ ကောင်းကင်ဘုံခုံရုံးထဲတွင် မိစ္ဆာသစ်ပင် တစ်သန်းကျော် ရှိသေးသည်။ ကျန်းရီ ၎င်းတို့ကို အကုန်အပြင်ပို့လိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် မိစ္ဆာသစ်ပင် သောင်းကျော်လောက် ဆုံးရှုံးရခြင်းမှာ ပြဿနာ မဟုတ်ပါ။

ကောင်းကင်ဘုံခုံရုံး ပျံသန်းလာတိုင်း တမလွန်ဘုံဘုရင်တစ်ပါး ပျောက်ကွယ်သွားသည်။ ထိုအဖြစ်မှာ သံသရာလည်နေသည်။ ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ ၎င်း ထပ်ခါ ထပ်ခါ ပျံသန်းသွားတိုင်း တမလွန်ဘုံဘုရင်များ တစ်ပါးပြီးတစ်ပါး ပျောက်ကွယ်သွားကြပေသည်။

တစ်နာရီ...

တမလွန်ဘုံဘုရင် တစ်ဝက်ကျော်လောက် ပျောက်ကွယ်သွားသည်။ ငါးဆယ်လောက်သော ကျန်တော့သည်။ ချီသံသားရဲမှာလည်း ဆိုးရွားစွာ ဒဏ်ရာရနေပြီဖြစ်သည်။ သောင်းချီသော မိစ္ဆာသစ်ပင်များ ဖျက်ဆီးခံထားရသည်။ သိန်းချီသော လေပိုးကောင်များလည်း အသတ်ခံလိုက်ရသည်။

သို့သော်...

တမလွန်ဘုံမျိုးနွယ်တပ်သား ခြောက်သန်းကျော် ခုနစ်သန်းလည်း အသတ်ခံခဲ့ရသည်။ ထိုအရေအတွက်မှာ တိုး၍ နေပေသေးသည်။ မင်တိနှင့် ကျန်သော တမလွန်ဘုံဘုရင်များ မျှော်လင့်ချက် မဲ့လာသည်။ သူတို့သည် တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးခွင့် ပေးထားသည်။ ယခုတွင် ပြန်တိုက်ခိုက်လျှင်လည်း အကျိုးရှိတော့မည် မဟုတ်ပါ။

“သေစမ်း...သေစမ်း...သေစမ်း...”

မင်တိမှာ အလွန်ခံ့ညား၏။ သူ့ပတ်ပတ်လည်မှ တမလွန်ဘုံအရှိန်အဝါကြောင့်သာ မဟုတ်လျှင် သူက အလွန်ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့သော် ထိုအခိုက်တွင် သူ၏ ခံ့ညားမှုက ပျောက်ကွယ်နေပြီး သူ့မျက်နှာမှာ ရှုံ့တွနေပေသည်။ ချီသံသားရဲက ဒဏ်ရာရကာ နှေးသွားပြီဖြစ်သည်။ မင်တိ ၎င်းကို လိုက်တိုက်ရင်း ၎င်း၏ကျောပေါ်တွင် ဒဏ်ရာကြီးတစ်ခု ဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်။

မင်တိ၏ မျက်လုံးများ အနီရောင်လက်နေသည်။ ချီသံသားရဲက သူ့တပ်သားများအား သတ်နေသည်ကို ကြည့်ရင်း သူ ချီသံသားရဲကို အပိုင်းတစ်သောင်းလောက် ဖြတ်ပစ်ချင်နေသည်။

“ချီသံသားရဲ ပြန်လာခဲ့”

ကျန်းရီက ရုတ်တရက် အော်ပြောလိုက်၏။ ချီသံသားရဲသည် ချက်ချင်းပင် အနက်ရောင်အလင်းတန်း တစ်တန်းအလား ကောင်းကင်ဘုံခုံရုံးဆီသို့ ပျံသွားလိုက်သည်။ ထို့နောက် မင်တိ၏ ဒေါသအကြည့်အောက်မှာပင် ကောင်းကင်ဘုံခုံရုံးထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

“အား...”

ချီသံသားရဲက အသတ်ခံရတော့မည့် အချိန်တွင် ကျန်းရီက ၎င်းကို ရုတ်တရက် ပြန်ခေါ်လိုက်သည်လော။ မင်တိ ရူးတော့မည်ဖြစ်သည်။ သူ ဓားကြီးကို မြှောက်ကာ အရူးတစ်ယောက်ကဲ့သို့ ကောင်းကင်ဘုံခုံရုံးကို အကြိမ်ကြိမ် ခုတ်လိုက်သည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် မင်တိကို လုံးဝမျှော်လင့်ချက် ကုန်ဆုံးသွားစေသည့် အရာတစ်ခု ဖြစ်လာ၏။ ကောင်းကင်ဘုံခုံရုံးက လင်းလက်သွားပြီး ချီသံသားရဲ အပြင်တွင် ပြန်ထွက်ပေါ်လာသည်။

ချီသံသားရဲ၏ ဒဏ်ရာများက လုံးဝပျောက်ကင်းသွားပေပြီ။ ၎င်း၏ အမြန်နှုန်းကလည်း အထွတ်အထိပ်သို့ ပြန်ရောက်သွားပြီဖြစ်သည်။ ၎င်း အော်လိုက်ပြီး အရှေ့သို့ ပျံသန်းကာ တမလွန်ဘုံမျိုးနွယ်တပ်သားများကို ဆက်သတ်လေသည်။

“ကျန်းရီ... ထွက်လာခဲ့။ မင်းမှာ သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ သူသေကိုယ်သေ တိုက်လိုက်”

“ကျန်းရီ... မင်းက ယောက်ျားတစ်ယောက်ဆိုရင် ထွက်လာပြီး ငါနဲ့တိုက်”

“ကျန်းရီ ဒီကို ထွက်လာခဲ့”

မင်တိ သွေးရူးသွေးတန်းနှင့် အော်ပြောလိုက်၏။ သူ ချီသံသားရဲနောက်ကိုပင် ဆက်မလိုက်လို‌တော့ပေ။ ဆက်လိုက်လျှင်လည်း သူ ဘာလုပ်နိုင်မည်နည်း။ ကျန်းရီက အချိန်မ‌ရွေး ချီသံသားရဲကို ကောင်းကင်ဘုံခုံရုံးထဲ ပြန်ခေါ်၍ ကုသပေးနိုင်သည် မဟုတ်ပါလား။

ဝှစ်...

ကျန်းရီသည် ရူးသွားတော့မည့် မင်တိကို လျစ်လျူရှုလိုက်၏။ သူ သာမန် တမလွန်ဘုံဘုရင်များကိုသာ ဆက်တိုက်ခိုက်၍ ကောင်းကင်ဘုံခုံရုံးထဲ တစ်ပါးပြီးတစ်ပါး ဆွဲသွင်းနေသည်။ မင်တိကလည်း ကောင်းကင်ဘုံခုံးရုံးကို ဆက်တိုက်ခိုက်သည်။ သို့သော် ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ အကြိမ်များစွာ ရှောင်လိုက်ပေသည်။ ထို့ကြောင့် မင်တိ၏ တိုက်ခိုက်မှုများက တမလွန်ဘုံမျိုးနွယ်တပ်သားအချို့ကိုသာ သေသွားစေလေသည်။

တစ်နာရီကြာပြီးနောက် ကျန်းရီသည် တမလွန်ဘုံဘုရင်အားလုံးကို ကောင်းကင်ဘုံခုံရုံးထဲ သွင်းနိုင်လိုက်၏။ ကျန်းရီ သူတို့ကို ချက်ချင်းမသတ်ဘဲ ဒုတိယထပ်သို့ ပို့ကာ ပုံရိပ်ယောင်ဝင်္ကပါထဲတွင် ပိတ်ထားလိုက်သည်။

ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးလည်း ရပ်တန့်သွားသည်။ မင်တိသည် ယင်းကို မြင်လိုက်၍ တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူ လှည့်ပတ်ကြည့်လိုက်ရာ တမလွန်ဘုံဘုရင် တစ်ပါးမှ မကျန်တော့ကြောင်း သိလိုက်ရ၏။ အောက်ဘက်ရှိ တောင်များနှင့် လွင်ပြင်များ‌‌ပေါ်တွင်လည်း အလောင်းများ ပြည့်နှက်နေသည်။ ကောင်းကင်ညီတူဘုံက ဘုံပျက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားပေပြီ။ ချီသံသားရဲကြောင့် နေရာတစ်ခွင်လုံး ပြိုကျပျက်စီးနေသည်။

“သွားကြစို့...”

နောက်ပြန်လှည့်၍ မရသဖြင့် မင်တိသည် သူ ရှုံးသွားပြီဖြစ်ကြောင်း အပြည့်အဝ လက်ခံလိုက်သည်။

ကောင်းကင်ညီတူဘုံက မလုံခြုံတော့ပေ။ သူ ဤနေရာတွင် ဆက်နေလျှင်လည်း အကျိုးရှိတော့မည် မဟုတ်ပါ။ ကျန်းရီသည် အခွံထဲမှ ထွက်မလာသော လိပ်တစ်ကောင်ကဲ့သို့ပင်။ သူ လုပ်နိုင်သည့်အရာ တစ်ခုမှ မရှိချေ။ ထို့ကြောင့် အဆုံးအရှုံး ထပ်မရှိတော့စေရန် ထွက်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

တမလွန်ဘုံအစီအရင်က ယခုအထိ ဖျက်ဆီးမခံရသေးပေ။ ၎င်းသာ ဖျက်ဆီးခံလိုက်ရလျှင် မင်တိ ထွက်ပြေးနိုင်တော့မည် မဟုတ်ပါ။ သူ ကျန်းရီကြောင့် တဖြည်းဖြည်း သေသွားရပေလိမ့်မည်။

ဝှစ်...

မင်တိသည် ကောင်းကင်ဘုံခုံရုံးကို မုန်းတီးစွာ ကြည့်လိုက်၏။ ထို့နောက် အံကြိတ်၍ ကောင်းကင်ညီတူမြို့ဆီသို့ ပျံသန်းသွားလိုက်သည်။ သူ ပျက်စီးနေပြီဖြစ်သော ရဲတိုက်တစ်ခု၏ အထက်သို့ ပျံသန်းသွားလိုက်သည်။ ပြီးလျှင် လက်ဝါးချက်တစ်ချက် ရိုက်ထုတ်ကာ အပြိုအပျက်များကို ဖယ်လိုက်၏။ ထိုအခါ ဧရာမ တမလွန်ဘုံအစီအရင်တစ်ခု ထွက်ပေါ်လာသည်။

ရွှီး...

မင်တိ တမလွန်ဘုံအရှိန်အဝါကို အဆက်မပြတ် ထုတ်လွှတ်၍ တမလွန်ဘုံအစီအရင်ကို နှိုးလိုက်၏။ သို့သော် မကြာခင်မှာပင် အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာသည်။

“မင်တိ.. ခင်ဗျားက ကောင်းကင်ညီတူဘုံထဲက တမလွန်ဘုံမျိုးနွယ်ဝင်တွေကို အရေးမစိုက်တော့ဘူးလား။ ဒီမှာ တမလွန်ဘုံမျိုးနွယ်ဝင် သန်းရာချီ ရှိတယ်နော်”

မင်တိ တုန်သွားပြီး လှမ်းကြည့်လိုက်၏။ ကျန်းရီက ကောင်းကင်ဘုံခုံရုံး အပြင်သို့ ရောက်နေပြီး သူ့ကို ပြုံး၍ ကြည့်နေကြောင်း တွေ့လိုက်ရ၏။

“အန်...”

မင်တိ၏ မျက်လုံးများ အရောင်လက်လာသည်။ သို့သော် သူ မလှုပ်ရှားပေ။ သူ ကျန်းရီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“နောက်ဆုံးတော့ မင်း ထွက်လာရဲပြီပေါ့။ မင်း ငါနဲ့ တိုက်ရဲလား”

“ဘာလို့ မတိုက်ရဲရမှာလဲ”

ကျန်းရီသည် ပခုံးတွန့်ကာ ရုတ်တရက် ကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ရတနာထဲ ထည့်လိုက်သည်။ ထို့နောက် မင်တိကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ခင်ဗျား တိုက်ချင်ရင် ကျွန်တော် ခင်ဗျားနဲ့ တိုက်မယ်။ လာခဲ့ မင်တိ။ အရင်တုန်းက တိရှဘုံမှာ ခင်ဗျားက ကျွန်တော့်ကို သတ်နိုင်မလို ဖြစ်ခဲ့တယ်။ ဒီနေ့ ကျွန်တော် ခင်ဗျားနဲ့ အဲ့စာရင်းကို ရှင်းမယ်”

“ကောင်းပြီ”

မင်တိ အလွန်စိတ်လှုပ်ရှားသွားသဖြင့် တစ်ကိုယ်လုံး တုန်သွားသည်။ ကျန်းရီက အပြင်ထွက်လာခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်။ သူ ကျန်းရီကို သတ်နိုင်သည်နှင့် ကောင်းကင်ဘုံခုံရုံးက သူ့အပိုင် ဖြစ်သွားပေလိမ့်မည်။

***

All Chapters