သေမင်းခေါ်သံ
Vol. 145 Ch. 2026
မင်တိမှာ ထိပ်တန်းတမလွန်ဘုံဘုရင် ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး တမလွန်ဘုံတွင် စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။ ကျန်းရီက ကောင်းကင်ညီတူဘုံကို တိုက်ခိုက်နေရာ မင်တိကို အလွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ကျန်းရီသည် မင်တိကို ကောင်းကင်ဘုံခုံရုံးထဲမှနေ၍ မသတ်နိုင်ပေ။ မင်တိက အခြေအနေမကောင်းကြောင်း တွေ့လျှင် တမလွန်ဘုံအစီအရင်နှင့် အချိန်မရွေး ထွက်ပြေးနိုင်သည်။ သို့သော် ကျန်းရီသည် တမလွန်ဘုံအစီအရင်ကို မဖျက်ဆီးလိုသေး၍ စွန့်စားရမည်ဖြစ်သည်။
စွန့်စားရမည်ဆိုသော်လည်း မင်တိက သူ့ကို မသတ်နိုင်လောက်ဟု ကျန်းရီ အလွန်ယုံကြည်မှု ရှိနေသည်။ သူ့ခံနိုင်ရည်က အလွန်ကောင်းပြီး သူ့တွင် ဝှက်ဖဲများစွာ ရှိသည်။ သူ အောက်ဆုံးအဆင့်မှ ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါးကိုပင် အနိုင်မယူနိုင်လျှင် မည်သို့ တမလွန်ဘုံမျိုးနွယ်ကို ခုခံမည်နည်း။
ဝှစ်...
မင်တိ လျင်မြန်စွာ ပျံသန်းလာ၏။ သို့သော် ကျန်းရီက သူ့နေရာတွင် ဆက်မနေပေ။ ထိုအစား အလင်းတန်းတစ်တန်းအလား အဝေးသို့ ပျံသန်းသွားသည်။ သူ မင်တိကို သတ်လိုလျှင် ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခု ပေး၍ မဖြစ်ပေ။ ထို့ကြောင့် တိုက်ပွဲနေရာက တမလွန်ဘုံအစီအရင်နှင့် အဝေးတွင် ဖြစ်ရပေမည်။
ကျန်းရီသည် ပေါင်းစည်းမိုးမြေစွမ်းအားကို မသုံးသေးဘဲ သာမန် မိုးမြေစွမ်းအားကိုသာ အသုံးပြုနေ၏။ ထို့ကြောင့် သူ့ အမြန်နှုန်းက နှေးနေသည်။ မင်တိမှာ သူ့ထက် ဆယ်ဆပိုမြန်သဖြင့် ရုတ်ခြည်းအတွင်း သူ့ကို မီလာလေသည်။
“ရေခဲအရင်းအမြစ်”
ကျန်းရီသည် ရေခဲအရင်းအမြစ်လုံးတစ်လုံး ပစ်လွှတ်လိုက်ပြီး မင်တိ နီးကပ်မလာစေရန် သူ့ပတ်ပတ်လည်ကို အေးခဲသွားစေလိုက်သည်။ ထို့နောက် မီးအရင်းအမြစ်အချို့ကို ထုတ်ကာ ရေခဲကို အရည်ဖျော်၍ အဝေးသို့ ဆက်ပြေးသွားလိုက်၏။
ဝုန်း...ဝုန်း...ဝုန်း...
မင်တိသည် သူ၏ဓားရှည်ကို ဝှေ့ယမ်း၍ ရေခဲထုကို ထိုးဖောက်လိုက်၏။ ကျန်းရီက အဝေးသို့ ထပ်မံပျံသန်းသွားကြောင်း မြင်လိုက်သောအခါ သူ တုံ့ဆိုင်းသွားသည်။
ကျန်းရီထံတွင် ရေခဲအရင်းအမြစ်ရှိသည်။ မင်တိ ကျန်းရီအနားသို့ ကပ်နိုင်မည် မဟုတ်ပါ။ ကျန်းရီထံတွင် မီးအရင်းအမြစ်လည်း ရှိရာ မင်တိ အနားလည်း မကပ်ဝံ့ပါ။ သို့သော် အနားကပ်မသွားလျှင် သူ ကျန်းရီကို မည်သို့ သတ်မည်နည်း။
“ဟားဟားဟား...”
ကျန်းရီသည် ပျံသန်းရင်း ခေါင်းလှည့်ကာ ရယ်လိုက်၏။
“ဘာလဲ၊ မင်တိ... ခင်ဗျားက ကြောက်တာလား။ တပ်သားတွေ အများကြီးက ခင်ဗျားကို ကြည့်နေကြတယ်။ တမလွန်ဘုံမျိုးနွယ်ကို အရှက်မရစေနဲ့”
“အား...အား...အား...”
မင်တိ သုံးကြိမ် ဒေါသတကြီး အော်လိုက်ပြီး ကျန်းရီနောက်သို့ ဆက်လိုက်၏။ သူ အနီးရောက်တော့မည့် အခိုက်တွင် သူ့လက်ထဲမှ ဓားရှည်က အကန့်အသတ်မဲ့ ရှည်လျားသွားပြီး ကျန်းရီ၏ ဦးခေါင်းအနောက်ကို ခုတ်ချလိုက်သည်။
“ရေခဲအရင်းအမြစ်”
ကျန်းရီသည် တူညီသောနည်းကိုသာ သုံး၍ သူ့ပတ်ပတ်လည်နှင့် ဧရာမဓားရှည်ကြီးကို ခဲသွားအောင် လုပ်ရန် ရေခဲအရင်းအမြစ်တစ်လုံး ထုတ်လိုက်သည်။ မင်တိက အလွန်သန်မာ၍ ရေခဲထုကို ထိုးဖောက်နိုင်သော်လည်း သူ့အမြန်နှုန်းမှာ အနည်းဆုံး ဆယ်ဆ လျော့ကျသွားသည်။
ကျန်းရီ၏ လက်ထဲတွင် မီးအရင်းအမြစ် ထွက်ပေါ်လာသည်။ သူ အရှေ့သို့ ပျံသန်းကာ ထပ်မံ၍ အလွယ်တကူ လွတ်သွားပြန်သည်။ မင်တိ ရေခဲထုကို ထိုးဖောက်ပြီးချိန်တွင် ကျန်းရီက မိုင်တစ်သောင်းအဝေးသို့ ရောက်နေပြီဖြစ်သည်။
“ကျန်းရီ... မင်းမှာ သတ္တိရှိရင် ထွက်မပြေးနဲ့”
မင်တိက အော်ပြောလိုက်ပြီး ကျန်းရီနောက်သို့ လိုက်၏။ သူ တစ်လမ်းလုံး အော်နေသော်လည်း ကျန်းရီက သူ့ကို လျစ်လျူရှုကာ ဆက်ပျံပြေးနေပေသည်။
စကားတစ်ခွန်းတည်းကို အကြိမ်ကြိမ် ပြောပြီးနောက် မင်တိသည် ကောင်းကင်ညီတူမြို့နှင့် မိုင်သောင်းကျော်အကွာတွင် ရပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ နှစ်အနည်းငယ် လိုက်နေလျှင်ပင် ကျန်းရီကို လိုက်မီမည် မဟုတ်ပါ။ သူ ကျန်းရီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“မင်းက မတိုက်ရဲမှတော့ ဒီဘုရင် ပြန်တော့မယ်”
“အဟင်း... ခင်ဗျားက ဘာလို့ မိန်းမတစ်ယောက်လို လုပ်နေရတာလဲ”
ကျန်းရီ ရပ်တန့်လိုက်ပြီး နေရာတွင် ရပ်နေလိုက်၏။ ထို့နောက် မင်တိကိုကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ... ကျွန်တော် ဒီနေရာမှာပဲ ရပ်နေမယ်၊ မပြေးတော့ဘူး။ ခင်ဗျား လာသတ်လိုက်”
မင်တိ ပျံသန်းလာ၏။ ကျန်းရီက ဆက်မပြေးတော့သည်ကို မြင်၍ သူ ရုတ်ခြည်း အလွန်စိတ်လှုပ်ရှားသွားသည်။ သူ့အမြန်နှုန်းက အဆုံးအစွန်သို့ ရောက်သွားပြီး အနက်ရောင်အရှိန်အဝါ လွှမ်းခြုံထားသော သူ့ဓားရှည်က ကျန်းရီ၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။
“ရေခဲအရင်းအမြစ်”
ကျန်းရီသည် ရေခဲအရင်းအမြစ်လုံးတစ်လုံး ထုတ်လိုက်၏။ ဤတစ်ခေါက်တွင် ရေခဲအရင်းအမြစ်ပမာဏက ပိုများသည်။ မိုင်ငါးထောင်ပတ်လည်အတွင်း အေးခဲသွားစေသည်။ အောက်ဘက်မှ အဆင့်နိမ့် တမလါန်ဘုံမျိုးနွယ်ဝင်အချို့လည်း အေးခဲသွားသည်။
ကျန်းရီ မီးအရင်းအမြစ်ကိုလည်း ထုတ်လွှတ်၏။ ဤတစ်ကြိမ်တွင် သူ ထွက်မပြေးဘဲ မင်တိကို စတင်လှည့်ပတ်လိုက်သည်။ ထို့နောက် ပေါင်းစည်းမိုးမြေစွမ်းအားကို သုံးလိုက်ရာ သူ့အမြန်နှုန်းက အဆဒါဇင်ကျော် ပိုမြန်သွားသည်။ သူ လျင်မြန်စွာ ပျံသန်းရင်း လေအရင်းအမြစ် ထုတ်လိုက်၏။ လေထဲတွင် လေဆင်နှာမောင်းများ ထွက်ပေါ်လာပြီး ရေခဲထုကို စုတ်ဖြဲကာ မင်တိထံ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
ဝှစ်...
ကျန်းရီ၏ အမြန်နှုန်းက ပို၍ ပို၍ မြန်လာ၏။ သူ ပျံသန်းနေရင်း အနောက်တွင် လေဆင်နှာမောင်းများစွာ ချန်ခဲ့သည်။ ကောင်းကင်တစ်ခွင်လုံးတွင် လေဆင်နှာမောင်းများ ပြည့်နှက်သွားသည်။
ဝုန်း...
မင်တိသည် ရေခဲထုကို ဖောက်ပြီးနောက် မှင်တက်သွား၏။ သူ့ပတ်ပတ်လည်တွင် လေဆင်နှာမောင်းလေးများ ရှိနေသည်။ ထိုလေဆင်နှာမောင်းများကို သူသိသည်။ ၎င်းတို့က လွင်မင်းဆန်းကြယ်နယ်မြေထဲမှ လေဆင်နှာမောင်းများပင်။ သူ ထိုဆန်းကြယ်နယ်မြေထဲ တစ်ခါမှ မဝင်ခဲ့ဖူးသော်လည်း ထိပ်တန်းငါးဆင့်အတွင်းမှ တမလွန်ဘုံဘုရင်တစ်ပါးက တစ်ကြိမ် ဝင်ခဲ့ဖူးသည်။ ထိုတမလွန်ဘုံဘုရင်သည် ပြန်မထွက်နိုင်တော့မလိုပင် ဖြစ်ခဲ့ပေသည်။
“ကျန်းရီ... မင်းက ရွံစရာကောင်းပြီး အရှက်မဲ့လိုက်တာ”
မင်တိ ဆဲလိုက်သည်။ သူ အနက်ရောင်အရှိန်အဝါလုံးများ ရိုက်ထုတ်လိုက်ပြီး သူ့ဓားရှည်မှလည်း အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်၍ ထိုလေဆင်နှာမောင်းများကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
သို့သော် လေဆင်နှာမောင်းများမှာ အလွန်ထူးခြားသည်။ ဓားအလင်းတန်းများက ၎င်းတို့ကို ခုတ်ဖြတ်နိုင်မည်လော။ အနက်ရောင်အရှိန်အဝါလုံးများမှာလည်း လေဆင်နှာမောင်းများကြောင့် လွင့်ပြယ်သွားသည်။ လေဆင်နှာမောင်းနှစ်ခုလည်း လွင့်ပြယ်သွားသော်ငြား အပြင်တွင် လေဆင်နှာမောင်းထောင်ကျော် ရှိနေပေသေးသည်။
‘ပြန်ဆုတ်ရမယ်...’
မင်တိသည် ရေခဲထုထဲ ပြန်ဆုတ်လိုက်၏။ သူ ရေခဲထုကို အသုံးပြုကာ လေဆင်နှာမောင်းများကို ကာ၍ အခြားနည်းလမ်းတစ်ခုကို တွေးတောရပေမည်။
မင်တိ နောက်ဆုတ်သွားမှုက ကျန်းရီကို အလွန်ဝမ်းသာသွားစေ၏။ ကျန်းရီသည် လေပြင်းတစ်ချက်ကဲ့သို့ ပတ်ပတ်လည်တွင် လှည့်ပတ်ပျံသန်းသွားလိုက်သည်။ သူ မင်တိကို လှည့်ပတ်ကာ မရေမတွက်နိုင်သော လေဆင်နှာမောင်းများကို လျှပ်စီးအလျင်နှင့် ထုတ်လွှတ်နေသည်။ ငါးကီလိုမီတာပတ်လည်အတွင်း၌ လေဆင်နှာမောင်းများ နေရာအနှံ့တွင် ရှိနေသည်။ မင်တိ ရေခဲထုထဲမှ ပြန်ထွက်လိုလျှင်ပင် ထွက်နိုင်တော့မည် မဟုတ်ပေ။
မင်တိသည် ပြဿနာတစ်ခု ရှိနေကြောင်း သိလိုက်၏။ ကျန်းရီ၏ ရည်ရွယ်ချက်ကို သူ မသိသေးလျှင် ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါးဖြစ်ရန် ထိုက်တန်တော့မည် မဟုတ်ချေ။
မင်တိသည် မျက်လုံးဝေ့ဝဲကြည့်၍ သူ့ကိုယ်ပေါ်မှ တမလွန်ဘုံအရှိန်အဝါကို ထူထဲသော ဒိုင်းတစ်ခုအဖြစ် ဖန်တီးလိုက်သည်။ သူ သူ့ကိုယ်သူ ငန်းဥဒိုင်းထဲတွင် ကာကွယ်လိုက်သည်။ ထို့နောက် အရှေ့သို့ ပျံသန်းသွားလိုက်လေသည်။
ဤတစ်ကြိမ်တွင်လည်း မင်တိ၏ ဓားရှည်က အနက်ရောင်ဓားအလင်းတန်းများ ထုတ်လွှတ်လိုက်ပြန်သည်။ ထိုဓားအလင်းများက အလွန်စွမ်းအားမကြီးသော်လည်း လေဆင်နှာမောင်းများကို ဘေးသို့ တွန်းထုတ်နိုင်ပေသည်။
ထိုအကွက်က အတော်လေး အသုံးဝင်၏။ ဓားအလင်းတန်းများက လေဆင်နှာမောင်းများကို အဝေးသို့ တွန်းထုတ်နေသည်။ သို့ဖြင့် သူ ဝန်းရံထားမှုကို အလွယ်တကူ ဖောက်ထွက်နိုင်လိုက်သည်။ လေဆင်နှာမောင်းများက သူ့ကို ဘေးနှစ်ဘက်မှ တိုက်ခိုက်နေသော်လည်း သူ့တမလွန်ဘုံအရှိန်အဝါနှင့် ဖန်တီးထားသော ဒိုင်းက ၎င်းတို့ကို ခုခံနိုင်နေသည်။ သူ့ကိုယ်ပေါ်မှ တမလွန်ဘုံအရှိန်အဝါက တမလွန်ဘုံသေမင်းအရှိန်အဝါ မဟုတ်ပါလား။ ၎င်းက အလွန်စွမ်းအားကြီးသည်။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား”
ကျန်းရီသည် အဝေးသို့ ထွက်ပြေးနေသော မင်တိကို အေးစက်စက် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။ သူ့ကောင်းကင်စိတ်အာရုံကလည်း မင်တိမှာ ငန်းဥပုံဒိုင်းထဲသို့ တမလွန်ဘုံအရှိန်အဝါ အဆက်မပြတ် ထည့်သွင်းနေကြောင်း အာရုံခံမိလိုက်သည်။ ကျန်းရီ ခပ်ရေးရေး ပြုံးလိုက်ပေသည်။
“ချီသံသားရဲ...”
ကျန်းရီက အော်လိုက်သည်။ ထိုအခိုက်တွင် မင်တိကလည်း အဝေးမှနေ၍ အနက်ရောင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်သည်။ ကျန်းရီက တစ်ဘက်သို့ ပျံ၍ ထိုအလင်းတန်းကို ရှောင်လိုက်၏။ တစ်ချိန်တည်းမှာပင် ချီသံသားရဲ ထွက်လာကာ မင်တိဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။
“အာ...”
မင်တိ၏ မျက်ဝန်းများထဲတွင် အကြောက်တရားတစ်ခု ပေါ်ထွက်လာ၏။ ထိုအခိုက်တွင် သူ ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် ဘေးနှစ်ဘက်စလုံး၌ မရေမတွက်နိုင်သော လေဆင်နှာမောင်းများ ရှိနေသည်။ သူ့တမလွန်ဘုံအရှိန်အဝါနှင့် ဖန်တီးထားသော ဒိုင်းကလည်း စွမ်းအင်များစွာ ကုန်နေပြီဖြစ်သည်။ ၎င်း အချိန်မရွေး ပျက်စီးသွားနိုင်ပေသည်။
ထိုကဲ့သို့သော အခိုက်အတန့်တွင်မှ အဘယ်ကြောင့် ချီသံသားရဲက လျင်မြန်စွာ ပျံသန်းလာရသနည်း။ ချီသံသားရဲသာ မင်တိကို ဝင်တိုက်လိုက်လျှင် သူ့တမလွန်ဘုံအရှိန်အဝါဒိုင်းက ရုတ်ခြည်း ပျက်စီးသွားပေလိမ့်မည်။ တမလွန်ဘုံအရှိန်အဝါဒိုင်း မရှိလျှင် သူ့ခန္ဓာကိုယ်က လေဆင်နှာမောင်းများကြောင့် အပိုင်းပိုင်း ပြတ်သွားမည်ဖြစ်သည်။ ရလဒ်မှာ ထင်ရှားပေသည်။
ပုန်းနေရမည်လော။
ပြဿနာမှာ လေဆင်နှာမောင်းများက နေရာအနှံ့တွင် ရှိနေခြင်းပင်။ မင်တိ မည်သည့်နေရာသို့ သွားပုန်းမည်နည်း။ မင်တိ အံကြိတ်လိုက်ပြီး ရွေးချယ်စရာ မရှိတော့ဘဲ ဓားရှည်ကို ဝှေ့ယမ်း၍ ချီသံသားရဲဆီသို့ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ပစ်လွှတ်လိုက်လေသည်။
ထန်း...
ချီသံသားရဲ၏ ခံနိုင်ရည်က အလွန်အားကောင်းသည်။ ၎င်းသည် လေအရင်းအမြစ် လေဆင်နှာမောင်းများကိုပင် မကြောက်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် မီးပွားများ ထွက်ပေါ်လာပြီး ၎င်း လေဆင်နှာမောင်းများကို တွန်းဖယ်ကာ အရှေ့သို့ ဆက်ပျံသန်းသွားသည်။ ချီသံသားရဲသည် အကြောက်တရားမရှိ ဝံ့ကြွားစွာနှင့် မင်တိဆီသို့ ဦးတည်သွားနေပေသည်။
ဝုန်း...
မင်တိ၏ ဓားချက်က ချီသံသားရဲအပေါ် ကျရောက်သွားပြီး ချီသံသားရဲ လွင့်ပျံသွားသည်။ သို့သော် အားကောင်းသော ထိတိုက်မှုက မင်တိကိုလည်း အနောက်သို့ လွင့်ပျံသွားစေလေသည်။
အနောက်သို့ လွင့်ပျံထွက်သွားခြင်းမှာ မကြီးကျယ်ပါ။ သို့သော် ပြဿနာမှာ မင်တိက လေဆင်နှာမောင်းများ၏ ဝန်းရံမှုကို ခံထားရခြင်းပင်။ မင်တိမှာ လေဆင်နှာမောင်းများကြောင့် ဇကောထဲ ဆီးဖြူသီးလှိမ့်သလို ဖြစ်နေသည်။ သူ ဘယ်အရပ်ကတောင်၊ ဘယ်အရပ်ကမြောက်ဆိုကြောင်းကိုပင် မပြောနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသည်။ သူ့တမလွန်ဘုံအရှိန်အဝါလည်း ရှုပ်ထွေးသွားသည်။ ထို့ကြောင့် သူ့ တမလွန်ဘုံအရှိန်အဝါဒိုင်းက ပျက်စီးသွားနိုင်ပြီး သူ့တစ်ကိုယ်လုံးလည်း လေဆင်နှာမောင်းများ၏ တိုက်ခိုက်မှုကို ခံရနိုင်ပေသည်။
မင်တိ၏ ရုပ်ခန္ဓာခံနိုင်ရည်က မဆိုးဟု ဆိုနိုင်သည်။ သူက ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါး မဟုတ်ပါလား။ သို့သော် သူ့ရုပ်ခန္ဓာမှာ လေအရင်းအမြစ်ကို မခံနိုင်သေးပါ။ တမလွန်ဘုံအရှိန်အဝါဒိုင်း ပျက်စီးသွားသောအခါ သူ့တစ်ကိုယ်လုံး သွေးလွှမ်းသွားသည်။ သူ တည်ငြိမ်အောင် ပြန်လုပ်၍ တမလွန်ဘုံအရှိန်အဝါဒိုင်း ထပ်မံဖန်တီးပြီးသောအခါ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နေပြီဖြစ်သည်။ သူ့ကိုယ်ပေါ်၌ ဒဏ်ရာမရှိသောနေရာ မရှိချေ။
“ဝမ်းဘဲ...ဝမ်းဘဲ...”
ချီသံသားရဲက ထပ်မံ၍ ပျံသန်းလာ၏။ ၎င်း၏ အေးစက်သော မျက်လုံးများကို ကြည့်ကာ ထို ကျယ်လောင်သော အော်သံကို ကြားပြီးနောက် မင်တိသည် သေမင်းခေါ်သံကို ကြားလိုက်ရသလို ခံစားလိုက်ရပေတော့သည်။
***