← Chapters

တမလွန်ဘုံကျွန်

Vol. 145 Ch. 2027

တမလွန်ဘုံကျွန်

Vol. 145 Ch. 2027

မင်တိ ရှုံးသွား၏။

ကျန်းရီသည် ရေခဲအရင်းအမြစ်၊ မီးအရင်းအမြစ်၊ လေအရင်းအမြစ်၊ ချီသံသားရဲနှင့် မိုးမြေစွမ်းအားကို သုံးခဲ့သည်။ ဆန်းကြယ်စွမ်းရည်များစွာ ရှိနေရာ ၎င်းတို့အကုန်လုံးကို မသုံးရန် မဖြစ်နိုင်ချေ။

မင်တိမှာ ထိပ်တန်းတမလွန်ဘုံဘုရင်များထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သည်။ ကျန်းရီမှာ ယခင်က တောဆိတ်ရသေ့ကြီးကိုပင် သတ်နိုင်ခဲ့သည်။ သူ မင်တိကိုပင် မသတ်နိုင်လျှင် လွင်မင်းဆန်းကြယ်နယ်မြေထဲတွင် အသက်ကိုရင်း၍ စွန့်စားခဲ့ရခြင်းက တန်မည် မဟုတ်ပေ။

သို့သော် ကျန်းရီသည် မင်တိကို မသတ်လိုက်ပေ။ ထိုအစား အသက်နွယ်ကို သုံး၍ မင်တိ၏ အသက်စွမ်းအားတစ်ဝက်ကျော်ကို စုပ်ယူ၍ သူ့ကို မသေမရှင် ဖြစ်အောင် လုပ်ထားလိုက်သည်။ ထို့နောက် ကျန်းရီသည် သူ့ကို ကောင်းကင်ဘုံခုံရုံးထဲ ဆွဲသွင်းလိုက်လေသည်။

မည်သည့်အရာ ဆက်ဖြစ်လာမည်ကို များစွာတွေးတောနေရန် မလိုပါ။

ကျန်းရီသည် ကောင်းကင်ညီတူဘုံကို သွေးနှင့်ဆေးရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သက်ညှာမည် မဟုတ်ပါ။ တမလွန်ဘုံဘုရင်အားလုံးကို အနိုင်ယူပြီးဖြစ်သည်။ ကျန်နေသေးသော အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကိုလည်း ကြောက်စရာမရှိပေ။ ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲလေးကို လေပိုးကောင်များအား အမိန့်ပေးရန် ခိုင်းလိုက်၏။ လေပိုးကောင်များက အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြပြီး မြင်သမျှ တမလွန်ဘုံမျိုးနွယ်ဝင်များကို ကိုက်ဝါးသွားကြလေသည်။

ကျန်းရီ မိစ္ဆာသစ်ပင်များကို မထုတ်တော့ပေ။ မိစ္ဆာသစ်ပင်များ အဝေးသို့ ရောက်သွားလျှင် သူ ၎င်းတို့အား မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်ပေသည်။ လေပိုးကောင်များကိုမူ အရေးစိုက်ရန် မလိုပါ။ မည်သို့ဖြစ်လာစေ ၎င်းတို့က ကောင်းကင်ညီတူဘုံထဲတွင် စိတ်ကြိုက်ပြုမူနိုင်ပေသည်။

ကောင်းကင်ညီတူဘုံမှာ အလွန်ကြီးမားသည်။ အကယ်၍ ကျန်းရီ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ပျံသန်းမည် ဆိုလျှင်ပင် ဘုံကိုဖြတ်ရန် ရက်အနည်းငယ် လိုပေလိမ့်မည်။ ထို့ကြောင့် ဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သတ်ဖြတ်ရန်လည်း အချိန်အကြာကြီး လိုမည်ဖြစ်သည်။

ကျန်းရီ ဆက်၍ အရေးမစိုက်လိုတော့ပေ။ သူ လေပိုးကောင် သန်းရာကျော်ကို ထုတ်ထားပြီးပြီ မဟုတ်ပါလား။ ဤကောင်းကင်ညီတူဘုံ၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးက အမိန့်ပေးမနေလျှင်ပင် လေပိုးကောင်များမှာ ၎င်းတို့တွေ့သမျှ သက်ရှိများကို အလိုလို တိုက်ခိုက်ကြမည် ဖြစ်သည်။ ကောင်းကင်ညီတူဘုံထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး သေရပေလိမ့်မည်။ ရလဒ်မှာ သေချာနေပြီဖြစ်သည်။

“အရှင်ချီဟုန်...”

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထုတ်၍ ကောင်းကင်ညီတူမြို့အထက်တွင် မျောနေစေလိုက်၏။ ထို့နောက် ချီဟုန်ထံ အသံပို့လွှတ်၍ ကောင်းကင်ဘုံခုံရုံးထဲရှိ တမလွန်ဘုံဘုရင်များ၏ စိတ်ဝိညာဉ်ကို ရှာ၍ အခြေအနေကို စုံစမ်းရန် ပြောလိုက်သည်။

ရလဒ်ထွက်လာ၏။ ရလဒ်မှာ ကျန်းရီ ခန့်မှန်းထားသည်နှင့် ဆင်တူသည်။ မိုးပြာမဟာဧကရာဇ်(ဝါ)ကောင်းကင်ဧကရာဇ်ချင်နီ တိုက်ခိုက်နေခဲ့သည်မှာ တစ်ရက်ရှိပြီဖြစ်သည်။ မည်သူကမှ အခြေအနေအတိအကျကို မသိကြပေ။ သို့သော် အခြေအနေမကောင်းကြောင်း သေချာပေသည်။

မင်တဲသည် တမလွန်ဘုံမျိုးနွယ်တပ်သား သန်းရာကျော်ကို အသုံးပြု၍ ကောင်းကင်ထူးခြားဘုံနှင့် ဆန်းကြယ်နယ်မြေကြီးသုံးခုကို ကာကွယ်နေ၏။ လူသားမျိုးနွယ်က ကောင်းကင်ထူးခြားဘုံကို သိမ်းပိုက်နိုင်မည် ဆိုလျှင်ပင် တန်ကြေးကြီးကြီး ပြန်ပေးရပေလိမ့်မည်။

“ဘာလဲ...”

ချီဟုန်သည် ကျန်းရီက နှုတ်ဆိတ်သွားသည်ကို တွေ့၍ အသံပို့လွှတ်လိုက်၏။

“မင်းက မိုးပြာမဟာဧကရာဇ်ကို ကူညီချင်တာလား။ အတူအင်အားပူးပေါင်းပြီး ကောင်းကင်ထူးခြားဘုံကို သိမ်းပိုက်ချင်တာလား”

“ကျွန်တော် မိုးပြာမဟာဧကရာဇ်ကို မကူညီပါဘူး”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်သည်။

“ကျွန်တော်က လူသားမျိုးနွယ်မဟာမိတ်စစ်တပ်ကို ကူညီမှာ။ ကျွန်တော်နဲ့ မိုးပြာမဟာဧကရာဇ်ကြားမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေ ရှိတယ်။ ဒါပေမဲ့ အခု မဟာမိတ်စစ်တပ်ထဲက တပ်သားတွေက လူသားမျိုးနွယ်ရဲ့ ထိပ်သီးတွေပဲ။ သူတို့အများစု အသတ်ခံလိုက်ရမယ်ဆိုရင် လူသားမျိုးနွယ်က နိုင်သွားလည်း ဘာမှ အဓိပ္ပာယ်ရှိ‌တော့မှာ မဟုတ်ဘူး”

ကျန်းရီ စကားစ ခဏရပ်၍ ဆက်ပြောသည်။

“အရှင်လည်း တမလွန်ဘုံမျိုးနွယ်အကြောင်းကို သိတာပဲ။ တမလွန်ချောက်နက်ကို မဖျက်ဆီးနိုင်သ၍ တမလွန်ဘုံမျိုးနွယ်က မျိုးနွယ်ဝင်အသစ်တွေကို ဆက်မွေးထုတ်နေနိုင်မှာ။ မွေးဖွားလာတဲ့ အဆင့်အနိမ့်ဆုံး တမလွန်ဘုံမျိုးနွယ်ဝင်တွေကတောင် လူသားမျိုးနွယ်ရဲ့ နတ်ဘုရားစစ်သူကြီး၊ နတ်ဘုရားဘုရင်တွေနဲ့ ယှဉ်နိုင်နေပြီ။ တကယ်လို့ အဲ့အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်တွေက အချင်းချင်း ပြန်စားကြပြီး စွမ်းအားပိုကြီးလာရင် တမလွန်ဘုံစစ်သူကြီးတွေ ဖြစ်လာပြီး ဘွဲ့ထူးရ စစ်နတ်ဘုရားတွေ၊ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေနဲ့ပါ ယှဉ်နိုင်သွားလိမ့်မယ်။ တမလွန်ဘုံမျိုးနွယ်ဝင်တွေ ဘယ်လောက်သေ‌သေ ပြဿနာမရှိပေမဲ့ လူသားမျိုးနွယ်ကတော့ အဲ့လိုမျိုး သေသွားလို့ မဖြစ်ဘူး”

ချီဟုန် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ အသံပြန်ပို့လွှတ်လိုက်၏။

“မင်းက ကောင်းကင်ထူးခြားဘုံကို သွားတော့မှာလား။ အဲဒါ အရမ်းအန္တရာယ်များတယ်နော်”

ကျန်းရီ ကောင်းကင်ညီတူမြို့ထဲရှိ တမလွန်ဘုံအစီအရင်ကို အကောင်းအတိုင်း ထားထားခြင်းမှာ တည်နေရာပြောင်းရွှေ့နိုင်ရန်ဖြစ်သည်။ သူ ကောင်းကင်ဘုံခုံရုံးမှတဆင့် တည်နေရာမပြောင်းရွှေ့နိုင်ပေ။

“ကျွန်တော် ကောင်းကင်ထူးခြားဘုံကို မသွားဘူး...”

ကျန်းရီက အေးစက်စက် ပြုံး၍ ခပ်တိုးတိုး ပြောလိုက်၏။

“ကျွန်တော်က ကောင်းကင်မသေမျိုးဘုံ၊ ကောင်းကင်နတ်ဆိုးဘုံနဲ့... တမလွန်ဘုံကို သွားဖို့ ကြံနေတာ”

“အာ...”

ချီဟုန် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ချီးကျူးလိုက်၏။

“အကြံကောင်းပဲ”

‘ကျောက်’ကို ကယ်ရန် ‘ဝေ’ကို တိုက်မည်။

ချီဟုန်သည် ကျန်းရီ၏ အကြံကို နားလည်၏။ တမလွန်ဘုံမျိုးနွယ်စစ်တပ်နှင့် ထိပ်တန်းတမလွန်ဘုံဘုရင်အားလုံးက ကောင်းကင်ထူးခြားဘုံတွင် စုဝေးနေကြသည်။ ထို့ကြောင့် အခြားဘုံများမှာ အကာအကွယ်မဲ့နေသည်။ အကယ်၍ ကျန်းရီသာ ထိုဘုံများသို့ သွားမည်ဆိုလျှင် ၎င်းတို့ကို အလွယ်တကူ ရှင်းပစ်နိုင်လောက်ပေသည်။

ဘုံတစ်ခုထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို ရှင်းမပစ်နိုင်လျှင်ပင် အခြားဘုံများတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင်လုပ်ကာ တမလွန်ဘုံမျိုးနွယ်၏ အခြေကို ယိုင်နဲ့သွားစေနိုင်သည်။ ထိုအခါ မင်တဲသည်လည်း တိုက်ခိုက်လိုစိတ် ပျောက်သွားပြီး မိုးပြာမဟာဧကရာဇ်တို့ အနိုင်ရသွားပေလိမ့်မည်။

သို့သော် ထိုသို့ လုပ်ဆောင်ရန်မှာ ပြောသလောက်လွယ်မည် မဟုတ်ပါ။ ကျန်းရီ ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်နတ်ဆိုးဘုံသို့ တည်နေရာမပြောင်းရွှေ့လိုပါ။ ထိုဘုံများတွင် ပုန်းအောင်းနေသည့် စစ်တပ်များ ရှိနေလျှင် မည်သို့လုပ်မည်နည်း။

ယခုတွင် ကျန်းရီက တစ်ယောက်တည်း မဟုတ်တော့ပေ။ ကောင်းကင်ဘုံခုံရုံးထဲတွင် လူတစ်စု ရှိနေသည်။ အကယ်၍ သူ သေသွားလျှင် ထိုသူအားလုံးလည်း သေသွားပေလိမ့်မည်။ ကောင်းကင်မိစ္ဆာဘုံထဲရှိ လူများလည်း လုံခြုံမည် မဟုတ်ပါ။

ကျန်းရီ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြတ်ခနဲလက်သွားပြီး ကောင်းကင်ဘုံခုံရုံး၏ ဘေးခန်းမတစ်ခုထဲတွင် ပြန်ထွက်ပေါ်လာ၏။ ထိုဘေးခန်းမထဲတွင် ထိပ်တန်းအဆင့်တမလွန်ဘုံဘုရင်တစ်ပါး ရှိနေပေသည်။

မင်တိ၏ တစ်ကိုယ်လုံးကို နွယ်အိုများက ရစ်ပတ်ထားသည်။ အသက်နွယ်ကလည်း သူ့ကို ရစ်ပတ်ထားသည်။ ထိုအခိုက်တွင် မင်တိ၏ တစ်ကိုယ်လုံးက ပိန်ပါးနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူ့ဆံပင်ညိုများကလည်း လုံးဝဖြူသွားပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး သွေးများလွှမ်းနေသည်။ ယင်းမှာ ဆိုးရွားသော မြင်ကွင်းပင်။

“ကျန်းရီ...”

ကျန်းရီ တည်နေရာပြောင်းရွှေ့လာသည်ကို မြင်လိုက်သောအခါ မင်တိက မျက်လုံးဖွင့်၍ ‌အော်လိုက်၏။ သို့သော် သူ့အသံက စွမ်းအင်ပြည့်ဝမနေတော့ပေ။ အက်ရှကာ တိုးနေသည်။

“စိတ်မလှုပ်ရှားပါနဲ့...”

ကျန်းရီက ခပ်ရေးရေးပြုံး၍ ဆို၏။

“မဟုတ်ရင် နောက်ကျ ခင်ဗျား အော်ဖို့တောင် အားရှိတော့မှာ မဟုတ်ဘူး”

ရွှီး...

လေထုက တုန်ခါသွား၏။ ကျန်းရီ လေပိုးကောင် အကောင်သောင်းကျော်ကို ခေါ်လိုက်ခြင်းဖြစ်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးလည်း ထွက်ပေါ်လာပြီး လေပိုးကောင်များကို ထိန်းချုပ်၍ နွယ်အိုများကြားထဲ ဝင်ခိုင်းကာ မင်တိ၏ကိုယ်ပေါ်တွင် လျှောက်သွားခိုင်းလိုက်သည်။

“ကျန်းရီ... မင်း ဘာလုပ်နေတာလဲ”

မင်တိသည် သူ့ကိုယ်ပေါ်၌ ပိုးကောင်များ ‌လျှောက်သွားနေသည်ကို ခံစားလိုက်ရသောအခါ ကြောက်လန့်တကြား အော်လိုက်၏။

ကျီ...ကျီ....

ကျန်းရီက မည်သို့မှ မပြောဘဲ အေးစက်စက်သာ ကြည့်နေ၏။ ကောင်းကင်ဝါးမျိုသားရဲလေးက အော်လိုက်သောအခါ လေပိုးကောင်များမှာ မင်တိ၏ အသားကို စတင်ကိုက်ဝါးကြလေတော့သည်။ ၎င်းတို့သည် အသားစများကို တတိတိနှင့် ဖြည်းဖြည်းချင်း ကိုက်နေပေသည်။

“အား....”

မင်တိ နာကျင်တကြီး အော်လိုက်၏။ မကြာခင်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာ ဖြစ်လာသည်။ သူ့ နတ်ဘုရားအမြုတေနှင့် အကြောမျှင်များလည်း အကိုက်ခံလာရလေသည်။

တစ်နည်းဆိုရသော် သူ၏ ကျင့်ကြံခြင်းက ပျက်စီးသွားပြီဖြစ်သည်။ သူ့တွင် သူ သိမြင်နားလည်ထားသော အနှစ်သားရများနှင့် တမလွန်ဘုံအတတ်များ ရှိသေးလျှင်ပင် နတ်ဘုရားအမြုတေနှင့် တမလွန်ဘုံအရှိန်အဝါ မရှိပါက စွမ်းအားကြီး တိုက်ခိုက်မှုများ ထပ်မံ ထုတ်လွှတ်နိုင်တော့မည် မဟုတ်ပါ။

“ကျန်းရီ... ငါ့ကို သတ်လိုက်၊ သတ်လိုက်”

မင်တိမှာ လေပိုးကောင်များ၏ ကိုက်ဝါးမှုကို ခံနေရပြီး ကျင့်ကြံခြင်းလည်း ပျက်စီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူ လုံးဝ မျှော်လင့်ချက်ကုန်ဆုံးကာ သေလိုသွားခြင်းဖြစ်သည်။

ကျီ...ကျီ...

ကောင်းကင်ဝါးမျိုသားရဲလေးက ထပ်မံအော်လိုက်သောအခါ လေပိုးကောင်များ ပြန်ဆုတ်သွားကြ၏။ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ မင်တိ၏ ဒဏ်ရာများကို ကုသပေးလိုက်ပြီး သူ့ကိုယ်ထဲ အသက်စွမ်းအားပင် ထည့်ပေးလိုက်သေးသည်။

မင်တိသည် ငရဲမှနေ၍ ကောင်းကင်သို့ ပြန်ရောက်သွား၏။ ယင်းမှာ သူ မည်သည့်အခါတွင်မှ မမေ့နိုင်တော့မည် ခံစားချက်ပင်။ သို့သော် သူ့ဒဏ်ရာများ ပျောက်သွားသောအခါ ကျန်းရီက နောက်ဆုတ်သွားပြီး လေပိုးကောင်များ ပြန်ရောက်လာကာ သူ့ကို ထပ်မံ ကိုက်ဝါးကြလေသည်။

ထိုအဖြစ်မှာ အလွန်ဆိုးဝါး၏။ လောကအတွင်းမှ ကြောက်မက်ဖွယ်အကောင်းဆုံး အပြစ်ပေးမှုလည်း ဖြစ်နိုင်သည်။ စိတ်ဓာတ်ခိုင်မာသော သူတစ်ယောက်ဆိုလျှင် လေပိုးကောင် တစ်သောင်းကျော်၏ ကိုက်ဝါးမှုကို တောင့်ခံနိုင်သည်။ သို့သော် ပြန်ကုသပေးခံရပြီးမှ ထပ်မံကိုက်ဝါးခံရခြင်းမှာမူ စိတ်ဓာတ်ကို အလွယ်လေး ပျက်ပြားသွားစေနိုင်ပေသည်။ ငရဲမှကောင်းကင်၊ ကောင်းကင်မှငရဲ၊ ထိုသံသရာမှာ အကြိမ်ကြိမ်ကျော့နေလေရာ စိတ်ဓာတ်က မည်မျှခိုင်မာပါစေ ယိုင်နဲ့ပျက်ပြားသွားမည်သာ။

ကျန်းရီသည် ဘေးမှနေ၍ အေးစက်စက်သာ ကြည့်နေ၏။ သူ့နှလုံးသားက သံမဏိကဲ့သို့ မာကြောသည်။ သူ့ရန်သူများကို မည်သည့်အခါတွင်မှာ သက်ညှာမှုပြမည် မဟုတ်ပါ။ မိုးပြာမဟာဧကရာဇ်က သူ့ကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကဲ့သို့ ကြင်နာတတ်သောနှလုံးသားမရှိဟု ပြောခဲ့၏။ သူ့တွင် ကြင်နာတတ်သောနှလုံးသား မရှိခဲ့သည်မဟုတ်ပါ။ ပြီးခဲ့သော နှစ်များအတွင်း သူကြုံတွေ့ခဲ့ရသော အရာများက သူ၏နှလုံးသားကို ကြေမွသွားစေခဲ့ခြင်းသာဖြစ်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...ဆယ်ကြိမ်...

ကျန်းရီသည် ဆယ်ကြိမ်မြောက် ကုသပေးပြီးနောက် မင်တိကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို သတင်းဆိုးတစ်ခု ပြောမယ်။ ခင်ဗျားလက်အောက်က တမလွန်ဘုံဘုရင် သုံးဆယ်ကျော်က အညံ့ခံသွားပြီ။ ကျွန်တော့်မှာ သတင်းအချက်အလက်တွေ အကုန်လုံး ရှိတယ်။ အဲ့တော့ ခင်ဗျား အညံ့ခံ၊ မခံက ကျွန်တော့်အတွက် သိပ်အရေးမပါဘူး။ အခု ကျွန်တော် ခင်ဗျားကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ ခင်ဗျား ရူးသွားတဲ့အထိ ဒီအတိုင်း ဆက်ခံမလား၊ ဒါမှမဟုတ် ခင်ဗျားရဲ့ ဝိညာဉ်မျိုးစေ့ကို ကျွန်တော့်ကို ပေးပြီး ကျွန်တော့်ရဲ့ တမလွန်ဘုံကျွန် ဖြစ်လာမလား”

တမလွန်ဘုံကျွန်...

ယင်းမှာ တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ခံရသော လူသားသိုင်းသမားများကို ခေါ်သော အခေါ်အဝေါ်ဖြစ်သည်။ ထိုအဆင့်မှာ တမလွန်ဘုံတွင် အနိမ့်ဆုံးပင်။ ယခုတွင် ကျန်းရီက မင်တိကို တမလွန်ဘုံကျွန်တစ်ယောက် ဖြစ်လာရန် ပြောနေပေသည်။ မင်တိ ရုတ်ခြည်း ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

“ကျန်းရီ... အိပ်မက်မက်နေလိုက်။ မင်းက ငါ့ကို တမလွန်ဘုံကျွန် ဖြစ်စေချင်တာလာ။ အိပ်မက်မပ်နေလိုက်”

ကျန်းရီလည်း ပခုံးတွန့်၍ ပြန်ပြောလိုက်၏။

“အဲလိုဆိုလည်း ဆက်လုပ်ကြတာပေါ့။ ခင်ဗျား ရူးမသွားခင် အကြိမ်ဘယ်လောက် ခံနိုင်ဦးမလဲဆိုတာ ကျွန်တော် သိချင်တယ်”

All Chapters