← Chapters

မက်မွန်သီး စားနေသော ချင်မူ

Vol. 64 Ch. 843

မက်မွန်သီး စားနေသော ချင်မူ

Vol. 64 Ch. 843

“သခင်လေး၊ နန်းတော်သခင်မက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်... ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါ”

အခြွေအရံမိန်းကလေးများ ဆွဲကိုင်ထားသော မီးအိမ်တို့သည် အနီရောင်အလင်းများ ဖြန့်ကျက်လျက်ရှိပြီး မိန်းကလေးများ၏ လှုပ်ရှားမှုများနှင့်အတူ ယိမ်းနွဲ့နေ၏။

မိန်းကလေးများက ခြေတစ်လှမ်းစာ ဆုတ်၍ ဘယ်လက်သီးဆုပ်ကို ဘယ်ဘက်ခါးပေါ် တင်ပြီး မီးအိမ်ကိုင်ထားသော ညာလက်သည် ထိုဘယ်လက်သီးဆုပ်အပေါ်မှ ထပ်တင်လိုက်၏။ ထို့နောက် ခါးကို ကိုင်းကာ နှုတ်ဆက်လေသည်။

ချင်မူလည်း ပြန်နှုတ်ဆက်လိုက်ပြီး ခါးကိုင်းလျက်သာ ရှိစဉ် မီးအိမ်များ တစ်ပတ်လှည့်သွားသည်ကို မြင်လိုက်ရ၏။ မိန်းကလေးများက တစ်ဖက်သို့ လှည့်သွားကာ တင့်တယ်ကြော့ရှင်းသော ခြေလှမ်းများနှင့်အတူ ရှေ့မှ ဦးဆောင်သွားသည်။

မီးအိမ်များမှ အနီရောင်အလင်းတို့သည် အရှေ့လမ်းအား ထိန်းလင်းပေးနေ၏။ မြေပြင်မှာ အလွန်ရှင်းလင်းနေပြီး သစ်ရွက်ခြောက်တစ်ရွက်လေးပင် မမြင်ရပေ။

ချင်မူ သူတို့နောက်မှ လိုက်သွားရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ နန်းဆောင်များ၏ ပုံသဏ္ဍာန်အသွင်အပြင်များမှတစ်ဆင့် ဤနန်းတော်၏သခင်မက မည်သူဖြစ်ကြောင်း ဖော်ထုတ်ရန် ပြင်နေသော်လည်း ဤနေရာရှိ အဆောက်အဦးများတွင် ပုံစံကွက်များ၊ ရုပ်လုံးရုပ်ကြွများ မရှိသဖြင့် မည်သည့်ခေတ်မှ အခြေခံထားကြောင်း ပြောမရပေ။

အဆောက်အအုံများ တည်ဆောက်ထားသော ပုံသဏ္ဍာန်၊ အသွင်အပြင်များမှတစ်ဆင့် ခေတ်ကို ဖော်ထုတ်ရန်မှာ ချင်မူ့အတွက် မခက်ပေ။ ခေတ်တစ်ခေတ်စီတွင် မတူကွဲပြားသော ပုံသဏ္ဍာန်အသွင်အပြင်များ ရှိသည့်အတွက် ခွဲခြားရန် လွယ်ကူ၏။

သို့သော် ဤမက်မွန်တောအုပ်၏ နန်းတော်တွင် အဆင်တန်ဆာ၊ အပြောက်အမွမ်းများ မရှိပေ။ အဖြူရောင်နံရံ၊ အနီရောင်အုတ်ခဲများနှင့် အစိမ်းရောင်ကြွေပြား ကြမ်းခင်းများသာ ရှိကာ အလွန်ရိုးရှင်းနေသည်။ သို့တိုင်အောင် ထူးခြားသော အလှတစ်မျိုး ကိန်းဝပ်နေ၏။ အထူးသဖြင့် လရောင်နှင့် မီးရောင်တို့၏အောက်တွင် မကောင်းသောအငွေ့အသက်တို့ ကင်းမဲ့လျက် ဆိတ်ငြိမ်အေးချမ်းနေသည်။

‘စောစောက အမျိုးသမီးက မိတ်ဆွေဟောင်းတစ်ယောက် ရောက်လာတယ်လို့ ပြောခဲ့တယ်... ငါက သူ့မိတ်ဆွေဟောင်းလား... ငါ့မျက်လုံးထဲက ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ကို ပြောချင်တာလား... ဒါမှမဟုတ် သူက ချိဧကရာဇ်တို့နဲ့ သိတဲ့သူ ဖြစ်နေမလား’

ချင်မူ့အသိစိတ်အလျဉ်သည် ချင်စာလုံးမြေပြင်ထဲသို့ ဝင်ရောက်သွား၏။ “ကောင်းကင်နယ်စားမင်း၊ ဒီမက်မွန်တောအုပ်ထဲက အမျိုးသမီးကို ကျွန်တော် မသိဘူး.. ကောင်းကင်နယ်စားမင်း ကောင်းကင်ထဲကနေ လှမ်းကြည့်ပေးလို့ရလား”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ခေါင်းယမ်းကာ ပြောသည်။ “ငါ နန်းတော်ထဲက အခြေအနေတွေကို မမြင်ရဘူး.. ထူးဆန်းတဲ့ ကန့်လန့်ကာတစ်ခု ရှိနေသလိုပဲ... ငါ လှမ်းကြည့်လိုက်တိုင်း မက်မွန်ပန်းတွေက ငါ့မျက်စိရှေ့မှာ ကခုန်ပြီး အမြင်ကို ပိတ်ကွယ်ထားတတ်တယ်"

ချင်မူ အံ့အားသင့်သွားသည်။ မျက်ကန်းကလည်း မက်မွန်တောအုပ်ထဲရှိ နန်းဆောင်ဆီသို့ လှမ်းကြည့်လျှင် မက်မွန်ပန်းများကိုသာ မြင်ရသည့်အကြောင်း ပြောခဲ့၏။

“ကောင်းကင်နယ်စားမင်းက ကျွန်တော် ထူးဆန်းတဲ့ ကောင်းကင်ဘုံထဲ ရောက်နေတယ်လို့ ပြောခဲ့တယ်နော်... ဒီကောင်းကင်ဘုံက ဘာနဲ့တူလဲ”

ကောင်းကင်နယ်စားမင်း၏အသံသည် တဖြည်းဖြည်း တိုးဝင်သွား၏။ “ဒီကောင်းကင်ဘုံရဲ့ နေရာဟင်းလင်းပြင်က ပုံပျက်နေပြီး ဟင်းလင်းပြင်အမျိုးမျိုး ထပ်နေတယ်... မင်း ခြေတစ်လှမ်းတည်းနဲ့ မိုင်ထောင်နဲ့ချီ သွားလာနိုင်သလို၊ တစ်ကမ္ဘာကနေ နောက်တစ်ကမ္ဘာဆီတောင် လမ်းလျှောက်သွားလို့ရတယ်.... ငါ ဒီလိုကောင်းကင်ဘုံမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး...”

ကောင်းကင်နယ်စားမင်း၏အသံမှာ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားသည်။

ချင်မူ ချင်စာလုံးမြေပြင်ကို အာရုံခံကြည့်သော်လည်း ချင်စာလုံးမြေပြင်လည်း ပျောက်ကွယ်သွားပုံရကြောင်း သဘောပေါက်လိုက်သည်။

ယိုတုကို အာရုံံခံကြည့်သည့်အခါတွင်လည်း မခံစားရတော့ပေ။

ချင်မူ ဣန္ဒြေဆည်ကာ တွေးလိုက်သည်။ ‘သူက မိတ်ဆွေဟောင်းတစ်ယောက် ဆိုမှတော့ မကောင်းတဲ့ အကြံအစည်တွေ မရှိလောက်ပါဘူး...’

သူက မိန်းကလေးများ၏ နောက်မှ လိုက်သွားရင်း နန်းဆောင်ထဲသို့ အလျင်အမြန် ဝင်လိုက်သည်။ နန်းဆောင်အတွင်းရှိ အဆင်တန်ဆာများမှာလည်း လွန်စွာ ရိုးရှင်းပြီး သိပ်များများစားစား မရှိပေ။ ညအလင်းပုလဲများအား ပတ်ပတ်လည်တွင် ချိတ်ဆွဲထားသောကြောင့် နန်းဆောင်တစ်ခုလုံး လင်းနေပြီး နွေဦးပမာ နွေးထွေးနေသည်။

အရှေ့တွင် ကန့်လန့်ကာတစ်ခုက ပိတ်ထားပြီး ကန့်လန့်ကာအနောက်တွင် အမျိုးသမီးတစ်ယောက်အား ခပ်ရေးရေးမျှ မြင်ရသည်။ သူမက ထိုနေရာတွင် ထိုင်၍ ဗျပ်စောင်းတီးနေဟန်တူ၏။ သို့သော် အလွန်နှေးကွေးစွာ တီးခတ်နေသဖြင့် တစ်ချက်တစ်ချက်မှသာ အသံတစ်ချက် ထွက်လာတတ်သည်။ ဗျပ်စောင်းသံတွင် စိတ်ခံစားချက် မပါသော်လည်း အသံက နားထဲတွင် စွဲ၍ ကျန်ခဲ့လေသည်။

အမျိုးသမီးသည် ကန့်လန့်ကာအနောက်တွင် ဘေးတစ်စောင်းထိုင်ခြင်းဖြစ်ကာ သူမ၏အနောက်ရှိ ညအလင်းပုလဲဆီမှ အလင်းရောင်က သူမအရိပ်ကို ကန့်လန့်ကာအပေါ်သို့ ကျနေစေသည်။

မီးအိမ်ကိုင်ထားသည့် မိန်းကလေးများက ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးကို အရိုအသေပေးပြီးနောက် နောက်ပြန်လှည့်ကြကာ တံခါးအပြင်တွင် မီးအိမ်များ ချိတ်ဆွဲလိုက်ကြသည်။ မိန်းကလေးတစ်ယောက်က ဖျာတစ်ချပ် ယူလာပြီး ချင်မူ့ကို ထိုင်စေ၏။

ချင်မူ ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးကို မျက်နှာမူ၍ ထိုင်လိုက်သည်။ သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကလည်း မျက်တောင်ခတ်နေ၏။ ချင်မူ့ဆီမှ အသထွက်မလာပေ။

တခဏကြာသော် ဗျပ်စောင်းသံ ထွက်လာပြီး ဂီတသင်္ကေတသည် ခရုရစ်သဖွယ် ပျံဝဲတက်လာ၏။

“ကောင်းကင်နယ်စားမင်း အကြောင်းပြချက်မရှိဘဲ သခင်လေးချင်ကို ဒီနေရာဆီ လမ်းပြပေးလိုက်တာ တော်တော်စပ်စုတယ် ဆိုရမယ်”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီး၏ အသံသည် အလွန်သာယာချိုမြိန်၏။ သူမ ခေါင်းကို အသာလေး စောင်းလိုက်သည့်အခါ နားသယ်စပ်မှ လှပသော ဆံမျှင်လေးများ ပြေကျသွားကာ နား၌ ဝတ်ထားသော ပုလဲနားကပ်တစ်ခု ခပ်ရေးရေးမျှ ပေါ်လွင်လာသည်။

“ဒီကို ဧည့်သည်မလာတာ ကြာပြီ... ကျွန်မအနေနဲ့ ရှင်နဲ့ မတွေ့သင့်ပေမယ့် သခင်လေးချင်က ကျွန်မကို အရင်က အကြင်နာတရားနဲ့ ဖေးမခဲ့ဖူးတော့ ဒီနေရာအထိ ရောက်လာတဲ့ ရှင့်ကို လက်ခံမတွေ့လို့ ဘယ်ဖြစ်ပါ့မလဲ”

အမျိုးသမီးက ပြုံးလျက် ပြောနေသည်။ “မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်တွေ့ဖို့ဆိုတာ ခပ်ရှားရှားရယ်ပါ... ဧည့်ဝတ်မကျေမိလို့ ရှက်ရွံ့မိပါတယ်... ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”

ချင်မူ့မျက်ဝန်းများ တောက်ပသွားပြီး ကန့်လန့်ကာကို ဖြတ်၍ မြင်ရအောင် ကြိုးစားနေသည်။ သို့သော် ကန့်လန်ကာသည် မည်ကဲ့သို့ရတနာမှန်း မသိပေ။ ကောင်းကင်ကိုးဆင့် မျက်လုံးနိုးထကျင့်စဉ်ဖြင့်ပင် မမြင်ရပေ။ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှာလည်း ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးကို မမြင်ရဖြစ်နေသည်။

“မမကြီး၊ မမကြီးက ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းဆိုမှတော့ အပြင်ထွက်ပြီး တွေ့တာ မကောင်းဘူးလား”

မိန်းကလေးနှစ်ယောက်က ကျောက်စိမ်းလက်ဖက်ရည်ခရားလေးတစ်ခု သယ်လာပြီး ချင်မူ့အရှေ့ရှိ ခွက်ထဲသို့ လောင်းထည့်ပေးကာ နောက်ဆုတ်သွားကြသည်။ ချင်မူ တစ်ကျိုက်သောက်ကြည့်သည့်အခါ အရသာသည် လျှာတွင် စွဲသွား၏။ အထက်ကောင်းကင်ဘုံ၏ လက်ဖက်ခြောက်ထက်ပင် သောက်ကောင်းလေသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "အခု ကမ္ဘာဦးဘုံ ပြန်ပေါ်လာတော့ ကျွန်တော့်အတွက် ကမ္ဘာဦးဘုံတစ်ဘုံစလုံးမှာ ဒီနေရာကို ရှာတွေ့ဖို့ ခက်ပါတယ်... ကြုံတုန်းကြုံခိုက် မမကြီးက ကန့်လန့်ကာနောက်မှာပဲ ဘာလို့ ပုန်းနေမှာလဲ”

“ကျွန်မက အရင်တုန်းကလို မဟုတ်တော့ဘူး”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက သက်ပြင်းချကာ ပြောသည်။ “ကျွန်မခြေထောက်တွေ ကျိုးသွားလို့ မထနိုင်ပါဘူး... သခင်လေးချင်၊ ခွင့်လွှတ်ပါ”

ချင်မူ ငေါက်ခနဲ ထရပ်ပြီး ကန့်လန့်ကာဆီသို့ လမ်းလျှောက်သွားကာ ပြုံးနေသည်။ “ကျွန်တော်က ဆေးပညာနဲ့ ဖန်ဆင်းပညာမှာ ကျွမ်းကျင်ပါတယ်... ဘယ်ရောဂါကိုမဆို ကုသပေးနိုင်တဲ့အပြင် မမကြီးအတွက် ရုပ်ခန္ဓာအသစ်တစ်ခု ဖန်တီးပေးဖို့ကတောင် မခက်ပါဘူး... မမကြီး မထနိုင်မှတော့ ကျွန်တော်ပဲ ထပြီး လာတွေ့လိုက်ပါ့မယ်”

သူက ကန့်လန်ကာဆီသို့ ရောက်လာပြီး ပတ်လျှောက်ကြည့်လိုက်သည်။ သို့သော် ကန့်လန့်ကာကို သူ့အရှေ့တွင်သာ မြင်နေရသေး၍ ချင်မူ မှင်သက်သွား၏။

ချင်မူ တစ်ဖက်သို့ ပတ်လျှောက်သည့်အခါတွင်လည်း ကန့်လန့်ကာက သူ့အရှေ့တွင်သာ ရှိနေဆဲပင်။ မည်သည့်ဘက်သို့ လှည့်စေကာမူ ကန့်လန့်ကာကိုသာ မျက်နှာချင်းဆိုင်နေရသည်။ အမျိုးသမီး၏အရိပ်က ကန့်လန့်ကာအပေါ်၌ ကျနေဆဲ ဖြစ်ပြီး လှုပ်ရှားနေဟန်လည်း မတူပေ။

ချင်မူ နောက်သို့လှည့်၍ နန်းဆောင်တံခါးဆီ ကြည့်လိုက်သည်။ သူက ဘေးသို့ လျှောက်ကြည့်လိုက်သော်လည်း မည်သို့ရွေ့လျားစေကာမူ နန်းဆောင်တံခါးကိုသာ အမြဲမျက်နှာမူနေ၏။

ဤအမျိုးသမီး၏ ကောင်းကင်နတ်သိုင်းကား အတိုင်းထက်အလွန် လျှို့ဝှက်ဆန်းကြယ်လိမ့်မည်။

“သခင်လေးချင် ထိုင်နေသင့်ပါတယ်”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ဗျပ်စောင်းတစ်ချက် တီးကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “လက်ရှိကျွန်မရဲ့ ရုပ်ခန္ဓာက ဒုက္ခတိဖြစ်နေတာမလို့ သခင်လေးချင်ကို မခြောက်ချင်ပါဘူး... ကိုယ်ပေါ်က ဒဏ်ရာတွေလည်း သခင်လေးချင် ကုပေးနိုင်မယ် မထင်ဘူး.... ကျွန်မဒဏ်ရာတွေက ကောင်းကင်နတ်သိုင်းတွေကြောင့် ဖြစ်တာပါ... ဒဏ်ရာတွေထဲမှာ ကျန်နေတဲ့ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်တွေက ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို အဆက်မပြတ် ဖြိုခွဲနေတယ်... သခင်လေးချင်ဆီမှာ ဒီလိုကောင်းကင်နတ်သိုင်းမျိုးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေ မရှိသေးပါဘူး”

ချင်မူလည်း ဖျာပေါ်တွင်သာ ပြန်ထိုင်လိုက်ရသည်။ “မမကြီး..”

ထိုအမျိုးသမီးက တခစ်ခစ် ရယ်လေသည်။ “သခင်လေးချင်မှာ မမကြီး ဘယ်နှယောက် ရှိနေပြီလဲ”

မိန်းကလေးနောက်နှစ်ယောက်က သစ်သီးလင်ဗန်းများ သယ်လာကာ ချင်မူ့အရှေ့ရှိ စားပွဲအပေါ်၌ တည်ခင်းပေးကြသည်။ လင်ဗန်းများအပေါ်ရှိ လတ်လတ်ဆတ်ဆတ် ဆေးကြောထားသည့် မက်မွန်သီးများက မွှေးပျံ့နေသဖြင့် သူ ဗိုက်ဆာလာတော့သည်။

ချင်မူ ရှက်သွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "တစ်ခါမှတော့ မရေကြည့်ဖူးဘူးဗျ... မမကြီး ကျွန်တော်တို့ အရင်က တွေ့ဖူးလား"

“တွေ့ဖူးတာပေါ့”

ထိုအမျိုးသမီးက ပြောသည်။ “တွေ့ပြီးမှပဲ သဘောပေါက်....”

ရုတ်တရက် အပြင်မှ ဗျပ်စောင်းသံ ထွက်လာ၍ အမျိုးသမီး၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “ဧည်သည့်တစ်ယောက် လာတယ်... ယန်အာ၊ သခင်လေးချင်ကို နန်းဆောင်အနောက်ခန်းမမှာ အနားယူရအောင် ပို့ပေးလိုက်ပါ... လက်ဖက်ရည်ကြမ်းတွေလည်း သယ်သွားပေးလိုက်”

သူမက အားတုံ့အားနာ ပြောသည်။ “သခင်လေး ကျေးဇူးပြုပြီး အနောက်ခန်းမမှာ သွားသုံးဆောင်ပေးလို့ရမလား”

ချင်မူလည်း ထလိုက်ရသည်။ ယန်အာဆိုသည့် မိန်းကလေးက လင်ဗန်းများ၊ ခွက်များကို ကျန်မိန်းကလေးနှင့်အတူ သယ်လာ၏။

အပြင်မှ ဗျပ်စောင်းသံက တစတစ နီးကပ်လာသည်။ ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးကလည်း ဗျပ်စောင်းကြိုးတစ်ချောင်းအား တီးခတ်လိုက်ပြီး အသံမှာ အလွန်လျှို့ဝှက်ဆန်းကြယ်နေ၏။

ချင်မူ အနောက်ခန်းမထဲတွင် ထိုင်၍ ဗျပ်စောင်းသံများ နားထောင်နေသည်။ ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက တစ်ချက်တစ်ချက်နေမှ ကြိုးတစ်ချောင်း တီးတတ်သော်လည်း အပြင်မှ ဗျပ်စောင်းတံများကမူ ပြည့်စုံသော သံစဉ်တစ်ပုဒ် ဖြစ်သည်။

ဗျပ်စောင်းသံစဉ်များ အချင်းချင်း ထိခတ်နေသကဲ့သို့ နေရာဟင်းလင်းပြင်မှာ မငြိမ်မသက် ဖြစ်လာသည်။ ဟင်းလင်းပြင်သည် ဗျပ်စောင်းကြိုးများ တုန်ခါနေသကဲ့သို့ လူးလွန့်နေပြီး သံစဉ်ခုန်နှုန်းများနှင့်အတူ ယိမ်းနေ၏။

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ လာနေသောသူကို သိလိုက်သည်။ “ဇာမဏီနတ်မင်းချီရှားယွီ၊ သူ ဘာလို့ ဒီရောက်လာတာလဲ”

သူ တွေးနေစဉ် ဗျပ်စောင်းသံစဉ်များက ခန်းမအတွင်းထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး တုံ့ခနဲ ရပ်တန့်သွားသည်။ ချီရှားယွီ၏အသံ ထွက်လာ၏။ “တပည့် ဆရာမကို အရိုအသေပေးပါတယ်... ဆရာမ ဒီနှစ်တွေထဲ ကျန်းမာရဲ့လားရှင်”

“ကျန်းမာပါတယ်” ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ပြန်ဖြေသည်။

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားသွား၏။ “ချီရှားယွီက ကန့်လန့်ကာအနောက်က အမျိုးသမီးရဲ့ တပည့်လား... နေဦး နေဦး... ချီရှားယွီက ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်၊ ကောင်းကင်နတ်ဘုံရဲ့ တောင်ကောင်းကင် ဇာမဏီနတ်မင်းလေ... အမိကမ္ဘာမြေ လက်အောက်က ဇာမဏီမျိုးနွယ်ရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်... ဒီအမျိုးသမီးက သူ့ဆရာမ,ဆို ဘယ်သူဖြစ်လောက်မလဲ”

သူ့ကို ပို၍ပင် ထိတ်လန့်စေသည်မှာ ချီရှားယွီ၏ အတွေ့အကြုံများပင် ဖြစ်သည်။ ချီရှားယွီသည် ပထမဆုံး အမိကမ္ဘာ၏ လက်အောက်ငယ်သားတစ်ယောက် ဖြစ်ခဲ့ပြီးနောက် အနောက်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံလက်အောက်တွင် စစ်သူကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။ ချုံဧကရာဇ်ခေတ် ဖယ်ရှားသုတ်သင်ခံရသည့်အခါ သူမလည်း ရှုံးနိမ့်သွားပြီး ပြင်ပကောင်းကင်နတ်ဘုံ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့သည်။

ပြင်ပကောင်းကင်နတ်ဘုံတွင် အညံ့ခံပြီးနောက် ချီရှားယွီသည် သိကြားဗုဒ္ဓဟု ထင်ရှားလာမည့် ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်မင်းလေးပါးထဲက တစ်ပါး ဖြစ်သော လီရုံလန်နှင့်ပင် တွဲခဲ့သေး၏။ ဤကဲ့သို့ ပတ်သက်မှုများက အလွန်ရှုပ်ထွေးနေသဖြင့် ချီရှားယွီ၏အကျင့်စရိုက်က ရှုံ့ချဖွယ်ရာ ဖြစ်ခဲ့သည်။

သို့သော် ဤအတွေ့အကြုံများက ကြိုတင်စီစဉ်ထားသောအရာများ ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။

ချီရှားယွီ၏ လှုပ်ရှားမှုတိုင်းကို ကန့်လန့်ကာအနောက်ရှိ ဤအမျိုးသမီး ထိန်းချုပ်နေခဲ့လျှင် မည်သို့လုပ်မည်နည်း။

“ဆရာမ ကိုယ်ပေါ်က ဒဏ်ရာတွေ ပြန်ထလာသေးလား” ချီရှားယွီ၏အသံ ထပ်ထွက်လာသည်။

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ပြောသည်။ “နင် ထွက်သွားပြီးနောက်ပိုင်း လတစ်ရာလောက် ကြာတိုင်း တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပြန်ထတတ်တယ်... အခုတော့ ဘယ်နှကြိမ်မှန်းတောင်း မသိတော့ပါဘူး.... နေသားကျသွားတာ ကြာပြီ”

“ဆရာမ တာအိုဘိုးဘေးကြီး ဒါမှမဟုတ် ဗြဟ္မဗုဒ္ဓကို လာကြည့်ခိုင်းလိုက်ရင် ဒီဒဏ်ရာတွေကို ကုနိုင်ကောင်း ကုနိုင်မှာပါ”

“မရဘူး... တာအိုဘိုးဘေးကြီး လာကြည့်ပေးဖူးတယ်.... သူလည်း မတတ်နိုင်ဘူးတဲ့”

ချင်မူ နားထောင်ရင်း ဈာန်ဝင်သွားသည်။ ယန်အာဆိုသည့် မိန်းကလေးက သူ့လက်ဖက်ရည်ခွက်ကို မြှောက်ပေးပြီး သောက်ရန် ပြသည်။ ချင်မူ ခွက်ကို အလျင်အမြန် ယူ၍ တစ်ကျိုက်သောက်ပြီးနောက် ပြန်ချကာ ဆက်နားထောင်နေ၏။

ထိုမိန်းကလေးက အခွံနွှာထားသော မက်မွန်သီးကို ကိုင်၍ သူ့ပါးစပ်နားတွင် တေ့ပေးသည်။ ချင်မူက သူ့ဘာသာသူ ယူချင်သော်လည်း ယန်အာက ခေါင်းခါပြ၏။ ချင်မူမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ လှမ်းသာ ကိုက်လိုက်ရလေသည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “မမကြီးယန်အာ၊ ကျွန်တော့်ဘာသာ စားပါ့မယ်”

ယန်အာဆိုသည့် မိန်းကလေးက တခစ်ခစ် ရယ်လေသည်။ “နင်က မိန်းကလေးတိုင်းကို မမကြီးလို့ တကယ်ခေါ်တာပဲနော်”

ကျန်မိန်းကလေးများလည်း ရယ်ကြသည်။

ချီရှားယွီသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် စိတ်ပူလာပုံရ၏။ “ဆရာမ နန်းတော်ထဲမှာ ယောက်ျားတစ်ယောက် ဖွက်ထားတာလား... ကျွန်မ ယောက်ျားသံ ကြားလိုက်ရတယ်”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ပြုံးလိုက်သည်။ "ငါ့မိတ်ဆွေဟောင်းတစ်ယောက် လာလည်တာပါ... နင်ကတော့ သံသယဝင်နေပြန်ပြီ... အဲဒီလို သံသယများလွန်းလို့ နင့်ဘဝက ပျော်စရာမကောင်းတာ”

ချီရှားယွီက ထ၍ အပြုံးတစ်ခုဖြင့် လမ်းလျှောက်လာသည်။ “သူက ဆရာမရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဆိုတော့ ကျွန်မအနေနဲ့ ကိုယ့်ထက် ဝါစဉ်ကြီးတဲ့သူကို တွေ့သင့်တာပေါ့”

သူမက အနောက်ခန်းမဆီသို့ အလျင်အမြန် သွား၍ ပြုံးလျက် ပြောလိုက်သည်။ “ဆရာကြီးရှင့် ဘာလို့ ပုန်းနေတာပါလဲ.. ကျွန်မ ချီရှားယွီ ဆရာကြီးကို နှုတ်ဆက်.... ဘာလို့ နင်လဲ”

လူငယ်တစ်ယောက်သည် ဖျာပေါ်တွင် ထိုင်နေပြီး နေရောင်ပမာ တောက်ပစွာ ပြုံးနေသည်ကို မြင်လိုက်ရသည့်အခါ သူမမျက်ဝန်းများ ဝိုင်းစက်ပြူးကျယ်သွားသည်။ မိန်းကလေးများက သူ့ကို ဝိုင်းအုံနေကြပြီး မက်မွန်သီး ခွံ့ကျွေးရန် ကြိုးစားနေကြ၏။

ချင်မူက လောလောဆယ်တွင် မက်မွန်သီးတစ်လုံး ဝါးနေ၍ ပါးစပ်တွင် အရည်များ ပေကျံနေသည်။ သူက အနေရခက်စွာဖြင့် သူမကို ပြုံးပြကာ ပြောလေသည်။ “ဇာမဏီနတ်မင်းကလည်း ထုံးစံတွေ မလိုပါဘူး”

ချီရှားယွီ ဒေါသထောင်းခနဲ ထွက်သွားပြီး အံတင်းတင်းကြိတ်လျက် သူ့ဆီ လျှောက်သွားသည်။ “သစ္စာဖောက်အနားက ငပွေကောင်၊ နင်က ငါ့ဆရာမရဲ့နန်းဆောင် လာပြီး ပွေရဲတယ်ပေါ့... နင့်ကို ငါ ဒီနေ့ ငရဲပို့မယ်”

ဤအချိန်တွင် ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ချောင်းဟန့်လိုက်ပြီး သူမအသံ ထွက်လာသည်။ “ရှားယွီ၊ သူက ငါ့ဧည့်သည်… ဧည့်သည်အပေါ် မရိုင်းစမ်းနဲ့”

All Chapters