← Chapters

သမီးက သန်မာပြီးသား

Vol. 9 Ch. 30

သမီးက သန်မာပြီးသား

Vol. 9 Ch. 30

ဆေးရုံကနေပြန်လာတော့ ညနေစောင်းနေပြီ။ လူနာစောင့်စရာမလိုတော့တဲ့ အေမီက မက်ဒါနာနဲ့အတူပြန်လိုက်လာတယ်။ ကားပေါ်မှာတော့ မက်ဒါနာက အေမီနဲ့ တစ်လမ်းလုံးစကားပြောလာခဲ့တာ။ ကျောင်းဝင်းထဲမှာ ကားဝင်ထိုးပြီးတဲ့နောက်တော့ အေမီက ကားပေါ်ကနေမဆင်းခင် မက်ဒါနာကို ဦးညွှတ်လိုက်ပြီး ခွင့်တောင်းတယ်။

“ညစာစားချိန်ရောက်တော့မှာဆိုတော့ မမလေးစားဖို့ တစ်ခုခုပြင်ဆင်လိုက်ပါဦးမယ်။”

“အင်း၊ အကောင်းဆုံး ချက်လာခဲ့နော်။” အေမီ့ရဲ့လက်ရာကို လွမ်းနေပြီဖြစ်တဲ့ မက်ဒါနာက အေမီကို လက်နှစ်ဖက်လုံးနဲ့ လက်မထောင်ပြလိုက်တယ်။ အေမီကတော့ ကားတံခါးကိုဖွင့်ပြီး အိန္ဒြေရရ ကားပေါ်ကနေ ခြေချလိုက်တယ်။

“မမလေးလက်ရာကို လွမ်းနေတော့မှာပဲ။” ကားဒရိုက်ဘာခုံမှာထိုင်နေတဲ့ ဖရက်ကတော့ မက်ဒါနာ ဟင်းမချက်လောက်တော့ဘူးဆိုတဲ့အသိကြောင့် ငိုချလုမတတ်ဖြစ်နေပြီး တစ်ကိုယ်တည်းရေရွတ်နေပါတယ်။

အဲဒီနောက်မှာတော့ မက်ဒါနာကိုယ်တိုင်လည်း ကားပေါ်ကနေဆင်းလိုက်တယ်။ အေမီက ခပ်လှမ်းလှမ်းမှာရောက်နေပြီဖြစ်ပြီး ဝန်ထမ်းအဆောင်ကိုသွားနေတယ်။ မက်ဒါနာကတော့ ကားဝင်းထဲမှာ ရပ်နေရင်းကနေ တိုက်ခတ်လာတဲ့လေပြေကို မျက်လုံးမှိတ်ပြီး ခံစားကြည့်တယ်။

“မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာပဲ။ ဒါဆိုရင် ဒီကျောင်းကြီးလည်း ပြန်အသက်ဝင်လာတော့မှာ။”

မက်ဒါနာက အခုလိုပြောလိုက်ပြီးတဲ့နောက်မှာတော့ လုပ်လက်စအလုပ်တွေကို ဆက်လုပ်ဖို့ စမ်းသပ်ခန်းဆီကို ဦးတည်သွားလိုက်တယ်။

...

“အယ်ဟယ်၊ ကျောင်းဆောင်ကြီးတစ်ခုလုံး သိမ့်ခနဲလှုပ်သွားသလိုပဲ။” မက်ဒါနာက ထွင်းဖောက်မြင်ရတဲ့ ကွန်ပျူတာကိုဖွင့်ပြီးတော့ အလုပ်လုပ်မယ်ကြံရုံရှိသေးတယ်၊ စမ်းသပ်ခန်းနဲ့တွဲထားတဲ့ ကျောင်းဆောင်ကြီးတစ်ခုလုံး လှုပ်ခါသွားတာကို ခံစားမိလိုက်တယ်။ဒါကြောင့် အပြင်ထွက်ပြီး ခေါင်မိုးပေါ်ကိုမော့ကြည့်တော့ အမြီးလေးကို ဘယ်ညာလွှဲယမ်းပြီး ဝင်လုဆဲဆဲနေကို ကြည့်နေတဲ့ လီဆာကို တွေ့လိုက်ရပါလေရော။ လီဆာ စစ်ပွဲကနေ ပြန်လာပြီထင်တယ်။

“လီ... လီဆာ... နင့်... နင့်ခန္ဓာကိုယ်နဲ့အဆောင်ပေါ်ကို ခုန်တက်လိုက်တာလား။ ခေါင်မိုးကြီး ငါ့အပေါ်ပြိုကျလာရင် ဘယ်လိုလုပ်မလဲ။”

အခုလီဆာက နဂါးတစ်ဝက်ပုံစံနဲ့နေတာ အသားကျနေပြီ။ ဘယ်သွားသွား နဂါးတစ်ဝက်ပုံစံနဲ့ ဖလူးဆိုပြီးပျံနေကျ။ ဒါပေမဲ့ မက်ဒါနာပြောတဲ့စကားကို လီဆာက သဘောမကျတဲ့ပုံစံနဲ့ အောက်ကိုလှမ်းငုံကြည့်ပါတယ်။

အာလေ၊ မေမေမက်ဒါနာ။ ခုနက သမီးကိုဝလာတယ်လို့ ပြောလိုက်တာလား”

မက်ဒါနာကတော့ ရယ်ချင်နေတဲ့စိတ်ကို ထိန်းရင်းနဲ့ သူကိုယ်တိုင် ခေါင်မိုးအပေါ်ကို တွယ်တက်ဖို့ကြိုးစားတယ်။ လီဆာကတော့ မက်ဒါနာရဲ့လက်ကို လှမ်းဖမ်းလိုက်ပြီး အပေါ်ကိုဆွဲတင်ပေးပါတယ်။ အပေါ်ရောက်တော့ မက်ဒါနာက လီဆာဘေးမှာဝင်ထိုင်လိုက်ပြီး အခုလိုပြောတယ်။

“ငါက လီဆာဝလာတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ သမီးလေးတစ်ယောက်အနေနဲ့ ထွားလာတယ်လို့ပြောတာ”

မက်ဒါနာက လက်ဝါးကိုဖြန့်ပြီးတော့ လီဆာရဲ့ခေါင်းကိုပုတ်လိုက်တယ်။ အရပ်တိုင်းတဲ့အနေနဲ့ လက်ဝါးကို မက်ဒါနာရဲ့ခေါင်းဆီ ဆွဲယူလိုက်တော့ တကယ်ပဲ လီဆာက မက်ဒါနာထက် နည်းနည်းပိုအရပ်ရှည်နေပြီ။

“လီဆာလေးက အရွယ်ရောက်လာရင် တောင့်တောင့်တင်းတင်းနဲ့ ယောက်ျားလေးတွေကို နေရခက်စေမယ့် မိန်းကလေးတစ်ယောက်ဖြစ်လာမှာ”

လီဆာက ပထမတော့ သဘောတကျတဲ့ ရယ်လိုက်တယ်။ သူ့သွားစွယ်လေးတွေ ပေါ်လာတယ်။ ဒါပေမဲ့ ခနနေတော့ ရယ်တာရပ်သွားပြီး အခုလိုပြောလိုက်လေရဲ့။

“ဒါပေမဲ့ ယောက်ျားလေးတွေက သမီးလိုဗလတွေနဲ့ မိန်းကလေးတစ်ယောက်ကို ကြိုက်ပါ့မလား။ တော်ကြာ အပျိုကြီးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

မက်ဒါနာက တခိခိနဲ့ရယ်လိုက်ရင်း လီဆာ့ခေါင်းကို ခေါက်လိုက်တယ်။ “အမေက ယောက်ျားလေးဘဝက လာတာလေ။ ဒီတော့ သမီးကိုကောင်လေးတွေဝိုင်းနေမယ်ဆိုတာ သေချာပေါက်ပြောရဲတယ်”

“အ... အမေတဲ့...” လီဆာက မက်ဒါနာရဲ့စကားအသုံးအနှုန်းတွေကြောင့် ရှက်သွားတယ်။ အဲဒီနောက် ကျောင်းဝင်းပေါ်ကို ဖြာကျနေတဲ့ ဝင်လုဆဲဆဲ နေရောင်ကို ကြည့်နေမိတယ်။

“နေဝင်ဆည်းဆာကို ကြည့်ရတာ သဘောကျတာလား” မက်ဒါနာမေးတော့ လီဆာက ခေါင်းညိတ်ပြပါတယ်။ လေပြေတွေက ပိုပြီးပြင်းထန်လာပြီ။ မက်ဒါနာရဲ့ဆံပင်တွေက လေပြေနဲ့အတူကခုန်နေပြီး လီဆာရဲ့ဆံပင်အတိုတွေတောင် ယိမ်းနွဲ့လှုပ်ရှားလို့နေပါတယ်။

“သဘာဝလေက အကောင်းဆုံးပဲ” လီဆာက အကြောဆန့်လိုက်ရင်း ညည်းညူသံတစ််ဝက်နဲ့ ပြောတယ်။

“အင်းနော်...” မက်ဒါနာက လီဆာ့ပခုံးကို ဖက်လိုက်ရင်းပြောတယ်။ သူတို့နှစ်ယောက်က အတော်ကြာတဲ့အထိ စကားမပြောဘဲ နေဝင်တာကို ဆက်ကြည့်ဖြစ်တယ်။ အပြင်မှာ တဖြည်းဖြည်းမှောင်လာပြီ။ ဒီတော့မှ လီဆာက အခုလိုမက်ဒါနာကို ပြောလိုက်တယ်။

“သမီးရဲ့အမေလိုမျိုး နေပေးလို့ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မေမေမက်ဒါနာက သမီးအတွက် အဖေနဲ့ပိုတူတယ်” လီဆာရဲ့စကားကြောင့် မက်ဒါနာက ပြုံးလိုက်ရင်းနဲ့ အခုလိုပြောတယ်။

“အစကတည်းက ဟောဒီက အရူးမကြီးက လီဆာလေးရဲ့အမေပါ။ အမေတစ်ယောက်လိုမျိုး တမင်နေပေးနေတာ မဟုတ်ရပါဘူး။ ဒီအတိုင်း မိဘပိုဆန်ပေးရုံပါ”

“အွန်း... ဒါလည်းဟုတ်တာပဲနော်” လီဆာက အခုလိုပြောပြီး အတော်ကြာတဲ့အထိ ထပ်တိတ်ဆိတ်သွားပြန်ပါတယ်။ နောက်မှ ခေါင်းကိုငုံ့ထားရာကနေ မက်ဒါနာကို မော့ကြည့်ပြီး ပြောလိုက်လေရဲ့။

“အဲဒါနဲ့ သမီးမှာ အမေ့ကိုပေးစရာရှိသေးတယ်” လီဆာက ပြောပြောဆိုဆိုနဲ့ သူ့နှလုံးသားကိုဖွင့်ပြီး အပြာရောင် မြူတန့်ကျောက်သလင်းကို မက်ဒါနာလက်ထဲ ထည့်ပေးလိုက်တယ်။ မက်ဒါနာအနေနဲ့ လီဆာအခုလိုထုတ်ပေးလာမှာကို ခန့်မှန်းပြီးသားဆိုပေမဲ့ အခုလိုအချိန်မျိုးမှာ ထုတ်ပေးလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။

“ငါ့ကို တကယ်ပေးမှာ သေချာပြီလား”

“အင်း” မက်ဒါနာထပ်မေးတော့ လီဆာက ထပ်ပြီးတော့ အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပြန်တယ်။ မက်ဒါနာက ချက်ချင်းမယူသေးဘဲ နောက်တစ်ကြိမ် ပြန်စဥ်းစားဖို့ ပြောလိုက်ပြန်ပါပြီ။

“လီဆာက စွမ်းအားကြီးဟီးရိုး မဟုတ်တော့ဘဲ နေလိမ့်မယ်နော်”

“အမေဘာတွေလျှောက်ပြောနေတာလဲ၊ လီဆာက ဒီမြူတန့်သလင်းကျောက်မရှိလည်း သန်မာပြီးသား။ အခုဒီပစ္စည်းကို လီဆာ့ထက်လိုအပ်နေတာက မေမေမက်ဒါနာပါ”

လီဆာပြောတာလည်း တစ်ဝက်တစ်ပျက်တော့မှန်တယ်။ လီဆာက အဲဒီသလင်းကျောက်မပါတော့ရင်တောင်မှ စွမ်းအားကြီးတဲ့ S အဆင့် ဟီးရိုးတစ်ယောက် ဖြစ်နေပြီးသားပါ။

“ကောင်းပြီလေ” မက်ဒါနာက ခေါင်းညိတ်ပြီး အပြာရောင်သလင်းကျောက်ကို လီဆာ့လက်ထဲကနေ ယူလိုက်တယ်။

“သခင်မလေးတို့၊ ညစာစားဖို့ အသင့်ဖြစ်ပါပြီရှင့်” မက်ဒါနာက သလင်းကျောက်ကို ယူပြီးရုံရှိသေးတယ် အောက်ကနေပြီး အေမီရဲ့စကားသံကို ကြားလိုက်ရလို့ ငုံ့ကြည့်တော့ အေမီက သူတို့ကို မှုန်တေတေမျက်နှာထားနဲ့ မော့ကြည့်နေတယ်။

“စကားမစပ်၊ မမလေးအနေနဲ့ ဟီးရိုးဝတ်စုံမပါဘဲ တိုက်အမြင့်တွေတက်တာ အန္တရာယ်များကြောင်း သတိပေးပါရစေ။ အခန့်မသင့်ဘဲ ပြုတ်ကျရင် အရိုးတွေကျိုးကုန်ပါလိမ့်မယ်” အေမီက တစ်ဆက်တည်း သတိပေးပါတယ်။ မက်ဒါနာကတော့ ပခုံးတွန့်ပြပြီး လီဆာရဲ့အကူအညီနဲ့ အောက်ကိုဆင်းတယ်။

“အေမီ၊ ငါက ကလေးမဟုတ်ပါဘူးဟဲ့။ ကိုယ့်ဘေးကိုယ် သိပါတယ်နော်။ ပြီးတော့ လီဆာပါလို့ ခေါင်မိုးပေါ်တက်မိတာ။ ပြီးတော့ နိမ့်နိမ့်လေးဥစ္စာကို”

ဝန်ထမ်းအဆောင်ရှိရာကို သွားနေရင်း မက်ဒါနာက စောဒကတက်တယ်။ အေမီကတော့ ခုထိတင်းကျပ်တဲ့ပုံစံနဲ့ရှိနေပြီး ရှေ့ကနေ ဦးဆောင်လျှောက်နေပါတယ်။

“အဲဲဒီခေါင်မိုးက နိမ့်တယ်ဆိုပေမဲ့ ၁၂ ပေလောက်မြင့်ပါတယ်။ မမလေးပြုတ်ကျရင် ခြေကျင်းဝတ်လည်ပြီး အရိုးကျိုးနိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းရှိပါတယ်ရှင့်”

“ဟုတ်ပါပြီ၊ အေမီရယ်” မက်ဒါနာက စိတ်ပူနေတဲ့ အေမီကို ပြိုင်ငြင်းမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်လေရဲ့။

...

နဂိုကထက် အများကြီးတိုးချဲ့ထားပြီးဖြစ်တဲ့ မက်တယ်ပလာဒင်စမ်းသပ်မှာတော့ ဖလေရာက ဖိုင်တွေကိုလက်ထဲကိုင်ထားရင်း သူ့ရှေ့က တီထွင်မှုကြီးကို ဝမ်းသာအားရစိုက်ကြည့်နေပါတယ်။ ပလာဒင်ဝတ်စုံမှာပါတဲ့ ဧရာမတင်းပုတ်ကြီးဖြစ်ပေမဲ့ နဂိုကထက်ပိုပြီး အဆင့်မြှင့်ထားတဲ့ပုံပါပဲ။

“အဖိုးကပြောတယ်၊ ရင်းနှီးမှုတစ်ခုလုပ်တဲ့အခါမှာ ငွေကိုမနှမျောရဘူးတဲ့။ ဒါကြီးက နည်းပညာမြူတန့်ငါးဆယ်ကိုငှားပြီး ဒေါ်လာနှစ်ဘီလီယံသုံးထားတဲ့ ရလဒ် မက်တယ်ပလာဒင်ရဲ့လက်နက်အသစ်ပေါ့လေ”

ဖလေရာက အဲဒီလက်နက်ကြီးကို ဝမ်းသာအူမြူးစွာနဲ့ကြည့်ရင်း တစ်ကိုယ်လုံးတုန်ရမ်းခါနေတဲ့အထိ ရယ်လိုက်တယ်။

ဖလေရာက ဖရာလီတာနဲ့မက်ဒါနာလိုမျိုး နည်းပညာမြူတန့်တစ်ယောက်မဟုတ်သလို ဆိုဖီယာလိုမျိုး စွမ်းအားကြီးတိုက်ပွဲဝင် မြူတန့်တစ်ယောက်လည်း မဟုတ်ပြန်ပါဘူး။ ဒီအတိုင်း သာမန်စီးပွားရေးသမားတစ်ယောက်ပါပဲ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတစ်ယောက်မှာလည်း စီးပွားရေးနဲ့ပတ်သက်တဲ့ အစွမ်းအစလေးတွေ ရှိနေသေးတယ်လေ။

“ကမ္ဘာ့နည်းပညာမြူတန့်ရှစ်ဆယ်ရာခိုင်နှုန်းက သူတို့ရဲ့တီထွင်မှုအစွမ်းအစတွေကို အစွမ်းကုန်အသုံးမချနိုင်ဘဲ သူတို့ဘဝတွေကိုဖြတ်သန်းကြရတယ်။ ငါကတော့ သူတို့ကိုအသုံးချပြီး သူတို့အစွမ်းအစအကုန်ကို သုံးခိုင်းခဲ့ရုံတင်ပါ”

မက်တယ်ပလာဒင်က ကမ္ဘာ့နံပါတ်နှစ်မြူတန့်နည်းပညာကုမ္ပဏီဖြစ်သွားပြီးကတည်းက ဖလေရာဟာ နည်းပညာမြူတန့်ပေါင်းများစွာကို သူ့ဆီမှာအလုပ်လုပ်ဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ လခအများကြီးပေးတဲ့အပြင် တီထွင်ဖန်တီးမှုအတွက် ကုန်ကျစရိတ်တွေကိုလည်း အတိုင်းအဆမဲ့အသုံးပြုခဲ့တယ်။

ဒီနည်းလမ်းနဲ့ ဖလေရာက အစွမ်းထက်လက်နက်တစ်ခုကို ဖန်တီးခဲ့တာပဲ။

ဖလေရာတစ်ယောက်တည်း ဝမ်းသာနေတုန်း အင်ဂျင်နီယာခေါင်းဆောင်လိုဝတ်ထားတဲ့ လူတစ်ယောက်က ဝင်လာပြီးတော့ နည်းပညာလက်ပတ်တစ်ခုကို ပေးလိုက်တယ်။ လက်ပတ်က ရွှေအိုရောင်ဖြစ်ပြီးတော့ အလယ်မှာအနီရောင်ဖန်လုံးတစ်ခုပါပါတယ်။

“အရေးပေါ်ကိစ္စတစ်ခုခုရှိရင် ကာကွယ်ပေးနိုင်မယ့် အသက်ကယ်လက်ပတ်ပါ။ အလိုလျောက် အလင်းဒြပ်စင်ဒိုင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး လေဆာနဲ့တခြားပစ်ခတ်တဲ့အမျိုးအစား လက်နက်တွေကို ကောင်းကောင်းကာနိုင်ပါတယ်”

“ကောင်းပြီလေ၊ အခုပဲ စမ်းကြည့်ကြတာပေါ့။”

ဖလေရာက စာရွက်တွေကို စားပွဲပေါ်ပြန်တင်လိုက်ပြီး ရွှေအိုရောင်လက်ဆွဲသေတ္တာကို ဆွဲဖွင့်လိုက်ပါတယ်။ ရွှေအိုရောင်လက်ဆွဲသေတ္တာက မူလပလာဒင်နည်းပညာဝတ်စုံအဖြစ် ပြောင်းလဲသွားပြီးတော့ ဖလေရာက ပလာဒင်အဖြစ်ပြောင်းသွားတယ်။ ဒီတော့မှ ဖလေရာက လက်ပတ်ကို ညာဖက်လက်မှာကောက်တပ်လိုက်တယ်။ နောက်တော့ ဧရာမတင်းပုတ်ကြီးကို ဆွဲယူလိုက်ပြီး စမ်းသပ်ခန်းအလယ်က လေ့ကျင့်ရေးကွင်းဆီကို ဦးတည်သွားပါတယ်။

လေ့ကျင့်ရေးကွင်းက မီးပိတ်ထားတဲ့အတွက် မှောင်နေပေမဲ့ ပလာဒင်ဝင်လာပြီး သိပ်မကြာခင်မှာပဲ အမှောင်ထောင့်တွေကနေ အနီရောင်မျက်လုံးလိုအရာတွေပွင့်လာတယ်။ သိပ်မကြာခင်မှာပဲ လေ့ကျင့်ရေးကွင်း မီးတွေပွင့်လာပြီး အဲဒီမီးနီနီတွေဟာ စကော်ပီယံစက်ရုပ်တွေက ကင်မရာတွေမှန်းသိရတယ်။

စက်ရုပ်တစ်ရုပ်စီတိုင်းမှာ အလင်းဒြပ်စင်အမြောက်

တွေကို တပ်ဆင်ထားပြီး အင်ဂျင်နီယာခေါင်းဆောင်က ထိန်းချုပ်ခန်း မိုက်ခရိုဖုန်းနေတစ်ဆင့် ဖလေရာကိုပြောတယ်။

“စမ်းသပ်ချက်အမှတ်စဥ် ၀၈၈၊ ဒီတစ်ခေါက်စမ်းသပ်မှာက Counter Maceရဲ့စွမ်းအင်တန်ပြန်နိုင်စွမ်းကို စမ်းသပ်မှာဖြစ်ပါတယ်။ Counter Maceကို ပလာဒင်ကုမ္ပဏီပညာရှင်ငါးဆယ်ကနေ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး စွမ်းအင်အမျိုးအစားမရွေး၊ ကျည်အမျိုးအစားမရွေး ခုခံနိုင်ပြီးတော့ သက်ရောက်မှုစွမ်းအင်ကိုသိုလှောင် ပြန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုစမ်းသပ်ချက်ရဲ့အဓိကရည်မှန်းချက်ကတော့ စကော်ပီယံစက်ရုပ်တွေက ပစ်ခတ်တာကို ခုခံပြီးတော့ပြန်လည်တိုက်စစ်ဆင်ဖို့ဖြစ်ပါတယ်”

ဖလေရာက တင်းပုတ်ကို လက်နှစ်ဖက်နဲ့ ဘေ့ဘောတုတ်တံလိုကိုင်ရင်း ညာဖက်ကိုလွှဲချထားလိုက်ပါတယ်။ စကော်ပီယံစက်ရုပ်တွေကတော့ ပစ်ခတ်ဖို့အတွက် အသင့်ပြင်နေကြပြီ။

“၃... ၂... ၁... စမယ်...” အင်ဂျင်နီယာခေါင်းဆောင် အမိန့်ပေးတာနဲ့ စက်ရုပ်တွေထဲကတစ်ရုပ်က ဖလေရာကိုစပြီး အလင်းဒြပ်စင်အမြောက်နဲ့ပစ်တယ်။ ဖလေရာက အဲဒီအမြောက်ချက်ကို တင်းပုတ်နဲ့ခံဆောင်ပေးလိုက်တယ်။

ကလန်...

တင်းပုတ်ဆီကနေ မြည်သံတစ်ချက်ထွက်လာပြီးတဲ့နောက် အလင်းဒြပ်စင်တန်းက တင်းပုတ်ထဲကို စုပ်ယူခံလိုက်ရတယ်။ တင်းပုတ်ရဲ့မျက်နှာပြင်ပေါ်မှာပါတဲ့ ဆင်ဆာက အပြာရောင်အထစ်တစ်ထစ်ကိုစပြတယ်။

[Void Stream Charge] ဖလေရာက ဒူးကိုညွှတ်လိုက်ပြီး အဲဒီစက်ရုပ်ဆီကို စပြေးတယ်။ ကျန်တဲ့ စက်ရုပ်တွေကလည်း အမြောက်တွေနဲ့ပစ်ပေမဲ့ ဖလေရာက တင်းပုတ်နဲ့ပြန်ခံဆောင်ပါတယ်။ တစ်ချက်ထိသွားတိုင်းမှာ တင်းပုတ်မှာပါတဲ့အမှတ်က တစ်ချက်တက်လာလေပါပြီ။ နောက်ဆုံးတော့ ဖလေရာက သူ့ကို ပထမဆုံးစပစ်တဲ့ စက်ရုပ်ရှေ့ကိုရောက်လာပြီး ထုချလိုက်တယ်။

ဘုန်း...

တင်းပုတ်နဲ့စက်ရုပ်ရိုက်မိတာနဲ့ အလင်းဒြပ်စင်စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး စက်ရုပ်က တစ်စစီဖြစ်သွားတယ်။ တင်းပုတ်ပေါ်မှာတော့ အလင်းမှတ်က တစ်မှတ်လျော့သွားပါတယ်။ တင်းပုတ်က တိုက်ကွက်တိုင်းမှာ သိုလှောင်ထားတဲ့စွမ်းအားကို ပြန်အသုံးပြုတာဖြစ်ပါတယ်။

“ရန်သူ့အမြောက်တွေကို တန်ပြန်ပြန်ပစ်ဖို့ ဆွဲထားတဲ့ဒီဇိုင်းက ပြောင်မြောက်သားပဲ” ဖလေရာက ဆက်ပြီးစမ်းသပ်နေရင်းကနေပြီး သူ့အင်ဂျင်နီယာအဖွဲ့ကို ချီးကျူးလိုက်တယ်။ ထိန်းချုပ်ခန်းထဲက အင်ဂျင်နီယာတွေလည်း လက်ခုပ်တီးပြီး အောင်ပွဲခံကြတယ်။

ဖလေရာကတော့ စက်ရုပ်တွေနဲ့ရန်ပွဲကို ဆက်နွှဲနေပြီးတော့ မိနစ်ပိုင်းအတွင်းမှာပဲ နောက်ထပ်စက်ရုပ်ပေါင်းများစွာကို နှိမ်နင်းလိုက်နိုင်ပါတယ်။ ပလာဒင်ဝတ်စုံက အစကတည်းက S အဆင့်ဖြစ်နေပြီးသားဆိုပေမဲ့ ဒီအခန်းထဲမှာရှိနေတဲ့ စက်ရုပ်တိုင်းက A အဆင့် စကော်ပီယံတွေပါ။ အရေအတွက်ကလည်း ငါးဆယ်နီးပါးလောက်ရှိတယ်။ ဘယ်လူသား S rankမှ ဒီအခြေအနေမှာ ရှင်သန်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလက်နက်သစ်နဲ့ ပလာဒင်ဝတ်စုံကတော့ အများကြီး စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ။

ဖလေရာက တင်းပုတ်ကို ပခုံးပေါ်တင်ကာ ခနနားလိုက်တယ်။ အခန်းထဲမှာ စက်ရုပ်အပျက်အစီးတွေနဲ့ ပြည့်နေပြီဆိုပေမဲ့ ဒါဇင်ဝက်လောက်တော့ ကျန်နေဆဲပါ။

“တင်းပုတ်မှာ ရှိသမျှအမှတ်တွေပြည့်သွားပြီပဲ။ နင်တို့ဒီဇိုင်းအရဆို ဒါတွေအကုန်လုံးကို တစ်ပြိုင်နက်သုံးလိုက်ရင် Ultimate Skill ဖြစ်သွားမှာမဟုတ်လား”

တိုက်ပွဲကို အားရပါးရတိုက်ပြီးနောက် သွေးကြွနေတဲ့ ဖလေရာက ပြောလိုက်ပြီး တင်းပုတ်ကိုမြေပေါ်ချလိုက်တယ်။ အဲဒီနောက်တော့ သိုလှောင်စွမ်းအားကုန် တစ်ပြိုင်နက်တည်းသုံးဖို့ ဝတ်စုံကိုစမိန့်ပေးတယ်။

“အမှုဆောင်ချုပ်၊ အဲဒီလုပ်ဆောင်ချက်က အသင့်မဖြစ်သေးပါဘူး။ ပြန်သိမ်းပြီး ပြန်လာခဲ့ပါ”

အင်ဂျင်နီယာအဖွဲ့ခေါင်းဆောင်က ဖလေရာရဲ့လုပ်ရပ်ကိုမြင်တာနဲ့ မျက်နှာမှာဇောချွေးတွေပြန်လာပြီး တားဆီးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဖလေရာကတော့ တိုက်ကွက်ကိုဖော်ထုတ်ပြီးဖြစ်နေပြီး

[Ultimate Skill: Earthbreaker] အနီးဆုံးမှာရှိနေတဲ့ စကော်ပီယံကို ပိတ်ရိုက်လိုက်တယ်။

ဘုန်း.....

စက္ကန့်ဝက်လောက်အကြာမှာပဲ ဘာဖြစ်လို့ဖြစ်သွားမှန်း ဖလေရာမမှတ်မိတော့ဘူး။ သူမှတ်မိတဲ့နောက်ဆုံးအရာက အရေးပေါ်ကာကွယ်ရေးလက်ပတ်က ဒိုင်းပွင့်လာတာကိုပဲ။ နောက်တော့ သူ့မြင်ကွင်းက အမှောင်အတိကျသွားတယ်။

ဖလေရာမျက်လုံးဖွင့်လိုက်တော့ ဆေးရုံမျက်နှာကျက်ကို တန်းမြင်လိုက်ရတော့တာပဲ။ “ဟင်၊ ငါဘာဖြစ်သွားတာလဲ”

“နင့်အင်ဂျင်နီယာတွေပြောတာတော့ နင်က အသင့်မဖြစ်သေးတဲ့ လက်နက်တစ်ခုကို အားကုန်အသုံးပြုဖို့ ကြိုးစားခဲ့တယ်ဆို။ အဲဒီလက်နက်က ပေါက်ကွဲသွားပြီး နင့်ကိုလာမှန်တာပဲ” လူကို မမြင်ရသေးပေမဲ့ ဖရာလီတာရဲ့စကားသံကို ဖလေရာကြားလိုက်ရတယ်။လူနာစောင့်တွေထိုင်တဲ့ ထိုင်ခုံရှိရာနေရာကို ကြည့်လိုက်တော့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံစံနဲ့ ခုံမှာထိုင်နေတဲ့ ဖရာလီတာကို ဖလေရာတွေ့လိုက်ရတယ်။

ဖလေရာက သူ့လက်နက်သစ် ပေါက်ကွဲသွားပြီလို့ကြားတာနဲ့ အိပ်ရာကနေ ထဖို့ကြိုးစားတယ်။ “ငါ့လက်နက်သစ်က လုံးဝပျက်စီးသွားတာလား၊ ပြင်လို့ရော ရသေးရဲ့လား”

“နင်ထဖို့မကြိုးစားတာ ကောင်းလိမ့်မယ်နော်။ ခုထိ နင့်ဗိုက်က မီးလောင်ဒဏ်ရာတွေ ကျက်သေးတာမဟုတ်ဘူး” ဖရာလီတာက ပြောလိုက်တယ်။ ဖလေရာကိုယ်တိုင်လည်း နာကျင်မှုကြောင့် မထနိုင်တော့ဘဲ ပြန်လှဲနေလိုက်ပါတယ်။

“ကျစ်ကျစ်ကျစ်... ငါဘယ်လိုဒဏ်ရာရသွားတာလဲနင်သိလား။ ပြီးတော့ ငါ့လက်နက်က ဘယ်လိုပေါက်ကွဲသွားတာလဲ”

ဖလေရာက မေးတော့ ဖရာလီတာက သက်ပြင်းချပါတယ်။ အဲဒီနောက်တော့ စရှင်းပြပါတယ်။ “ငါပြောခဲ့သလိုပဲ နင့်တန်ပြန်တင်းပုတ်ကိုလုပ်ထားတဲ့ ဇက်သတ္တုတွေက အမြင့်ဆုံးအဆင့်စွမ်းအားကို မခံနိုင်ဘူး။ ဒီတော့ တစ်စစီကျိုးပဲ့ကုန်ပြီး အထဲကစွမ်းအားတွေက အထိန်းအကွပ်မဲ့ဖြစ် နင့်ကိုပါ လာမှန်တာပဲ။ အသက်ကယ်ဒိုင်းနဲ့ ဝတ်စုံခံနေလို့ ဒဏ်ရာကြီးကြီးမားမား ရမသွားတာ။ ပြန်ပြင်ဖို့ကတော့ မျှော်လင့်မနေနဲ့တော့၊ တစ်စစီဖြစ်သွားပြီ”

“အဲဒီလိုလား၊ ဒေါ်လာနှစ်ဘီလီယံက ဒီလိုနဲ့ပဲ ပြာဖြစ်သွားပြီပေါ့” ဖလေရာက နဖူးပေါ်လက်တင်ရင်းကနေ သက်ပြင်းချလိုက်ပါတယ်။ ဖရာလီတာကတော့ ဖလေရာကို လက်ပိုက်ကြည့်နေရင်းကနေ

“ဒီလောက်လက်နက်အသစ်လိုချင်နေရင်လည်း ငါ ဒါမှမဟုတ် မက်ဒါနာကို ပြောပြလို့ရတာပဲလေ။ အနည်းဆုံးတော့ ငါ့အနေနဲ့နင့်ကို စစ်မြေပြင်ကနေ ဒီအထိပြန်လာကြည့်စရာမလိုတော့ဘူး”

ဖရာလီတာပြောတာမှန်ပေမဲ့ ဖလေရာကတော့ ဘာမှပြန်မဖြေဘဲ ဖရာလီတာနဲ့မျက်နှာချင်းမဆိုင်မိစေဖို့ တစ်ဖက်ကိုလှည့် စောင်းအိပ်တယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် စကားစပြတ်သွားပါတော့တယ်။

All Chapters