← Chapters

အပိုင်း(၈၈၃)

Vol. 64 Ch. 883

အပိုင်း(၈၈၃)

Vol. 64 Ch. 883

ဤလောကတွင် မသတ်ဖြတ်ဖူးသောလူ မရှိပေ။

ပုရွက်ဆိတ်များကပင် အားနည်းသောပိုးကောင်များကို တိုက်ခိုက်ကြသည်။

မဟုတ်သေးပေ။

ဓားအလင်းချဉ်းကပ်လာသောအခါ ဟန်မူယဲ့က ရုတ်တရက် ရယ်လိုက်သည်။

ထိုအချိန်တွင် သူက မိန်းမောလုနီးပါး ဖြစ်သွားခဲ့သည်။

သတ်ဖြတ်ခြင်းဆန္ဒက မည်သည့်အရာနည်း။

လူတစ်ယောက်၏ နှလုံးသားထဲတွင်ရှိသော တာအိုကို ကာကွယ်ခြင်းသည် သတ်ဖြတ်လိုစိတ် ဖြစ်သည်။

ဓားသည် ထက်မြိသောဓားသွားနှင့် ခိုင်မာသော ဓားကျောရိုးကို ပိုင်ဆိုင်သည်။

ဓားကျောရိုးသည် လူတစ်ယောက်၏ ကိုယ်ပိုင်တာအိုဖြစ်ပြီး ဓားသွားသည် တာအို၏အစောင့်အရှောက် ဖြစ်သည်။

သူ့နှလုံးသားထဲတွင်ရှိသော တာအိုကို ဖျက်ဆီးချင်သူတိုင်းသည် သတ်ဖြတ်ခံရမည်။

“ငါ့နှလုံးသားထဲမှာရှိတဲ့ တာအိုက နှလုံးသားရဲ့ အကောင်းအဆိုးပဲ”

“အကောင်းအဆိုးကို ခွဲခြားသိမြင်ပြီး လောကမှာရှိတဲ့ သက်ရှိတိုင်းရဲ့ တရားမျှတမှုကို စောင့်ကြပ်ရမယ်”

ထိုအရာသည် တရားမျှတမှုကို စောင့်ကြပ်ခြင်းသာ ဖြစ်သည်။ လူသားလောကတွင် တည်မြဲနေသော ထိုစည်းကမ်းသည် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်နေခဲ့သည်။

သို့သော် ဟန်မူယဲ့၏ နှလုံးသားထဲတွင်ရှိသော ဂုဏ်သိက္ခာသည် ပျက်စီးမှု မရှိခဲ့ပေ။

သူက တရားမျှတမှုအတွက်သာ ဓားကို ဆွဲထုတ်မည်။

သူက နှလုံးသားထဲတွင်ရှိသော အမှန်တရားဖြင့် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်သည်။

ဟန်မူယဲ့က ခေါင်းမော့ပြီး ကျယ်လောင်စွာရယ်သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ဓားအလင်းသည် ပေတစ်သိန်းရှည်လျားသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါးက ဟိန်းဟောက်လိုက်ပြီး အထက်မှကျဆင်းလာသော သွေးဓားများကို ဖျက်ဆီးသည်။

သွေးစစ်ပွဲဂိုဏ်း၏ ဓားဆန္ဒ၊ သတ်ဖြတ်ခြင်းဆန္ဒနှင့် တိုက်ပွဲဆန္ဒတို့သည် အလွန်သန်မာကြသည်။ သို့သော် ဟန်မူယဲ့၏စိတ်ဓာတ်က ခိုင်မာပြီး ဖြောင့်မတ်သည်။ သူက သေခြင်းရှင်ခြင်းတွင် နောင်တမရှိပေ။

“ဘုန်း”

ဟန်မူယဲ့၏ ဓားအလင်းကြောင့် သွေးဓားများအားလုံး ပျက်စီးသွားကြသည်။

ဟွမ်းဟွမ်က ပေသုံးသောင်းအကွာသို့ နောက်ဆုတ်ပြီး ဟန်မူယဲ့ကို ထိတ်လန့်စွာကြည့်သည်။

ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော ဓားအလင်းသည် ပြင်းထန်စွာလောင်ကျွမ်းနေသောကြောင့် တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။

‘သူက ဘယ်လောက်တောင် သန်မာနေတာလဲ’

အရေးအကြီးဆုံးအချက်အနေဖြင့် ဟန်မူယဲ့၏ ဓားတာအိုသည် အလွန်ခိုင်ခံ့နေသည်။

အကယ်၍ သူက ယွင်လန်ဓားအင်မော်တယ်၏ ဓားတာအိုကို ချိုးဖျက်ချင်လျှင် လောကတွင်ရှိသော တရားမျှတမှုများအားလုံးကို ဖျက်ဆီးရမည်။

ထိုအရာသည် မဖြစ်နိုင်ပေ။

လောကတွင် ခွန်အားကြီးသောလူများက အားနည်းသောလူများကို လွှမ်းမိုးထားသော်လည်း တရားမျှတမှုသည် အမြဲရှိနေလိမ့်မည်။

ထိုတရားမျှတမှု ပျက်စီးမသွားသ၍ ဟန်မူယဲ့၏ ဓားတာအိုက တည်မြဲနေလိမ့်မည်။

ဟွမ်းဟွမ်က ဟန်မူယဲ့၏ ဓားအလင်းကို ကြည့်လိုက်ပြီး အားကျနေသည်။

ထိုအရာသည် အစစ်အမှန်မဟာတာအို ဖြစ်သည်။

“စမ်းချောင်းသုံးခုဓားအင်မော်တယ်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါက တစ်ခုခုကို နားလည်သွားခဲ့ပြီ။ အခု ယွင်လန်မြို့ကိုပြန်ပြီး တံခါးပိတ်ကျင့်ကြံတော့မယ်”

“ညီအစ်ကိုဟွမ်းနဲ့ မြို့သခင်စုတို့ကို ယွင်လန်မြို့က ကြိုဆိုနေပါတယ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး နဂါးဓားအလင်းအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။

တရားမျှတမှုနှင့် ပြည့်နှက်နေသော ဓားတာအိုစွမ်းအားသည် ကောင်းကင်နှင့်မြေကြီး၏ကြားတွင် ရစ်ဝဲနေသောကြောင့် တုံယွမ်မြို့၏ တိမ်တိုက်များက လှုပ်ရှားလာကြသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုစွမ်းအားကို အာရုံခံမိပြီး တိတ်ဆိတ်သွားကြသည်။

သတ်ဖြတ်ခြင်းဆန္ဒက တရားမျှတမှုအဖြစ် စုစည်းသွားသည်။

ထိုဓားကျင့်ကြံသူမျိုးကို မည်သူက အနိုင်ရမည်နည်း။

ထိုလူများက စမ်းချောင်းသုံးခုဓားအင်မော်တယ်နှင့် တိုက်ပွဲ၏ရလဒ်ကို ဂရုမစိုက်ကြတော့ပေ။

ယွင်လန်ဓားအင်မော်တယ်က ရုတ်တရက် ဉာဏ်အလင်းရပြီး အဆင့်တက်တော့မည်ဖြစ်သောကြောင့် အမှန်တကယ်ပင် ကောင်းကင်ကို ဖီဆန်နိုင်လိမ့်မည်။

“ညီအစ်ကိုစု၊ ဒီနေ့တိုက်ပွဲကနေ ငါလည်း ဉာဏ်အလင်းတချို့ ရခဲ့တယ်”

ဟွမ်းဟွမ်က ကောင်းကင်ပေါ်သို့ ပျံသန်းထွက်လာသော စုကျီရှန့်ကို ကြည့်လိုက်သည်။ ထို့နောက် အဝေးတစ်နေရာသို့ ခေါင်းလှည့်ကြည့်သည်။

စုကျီရှန့်က ပြုံးလိုက်ပြီး ပြောသည်။

“ငါသိပါတယ်။ တုံယွမ်မြို့က မင်းကို ချည်နှောင်ထားမှာမဟုတ်ပါဘူး”

“တစ်နေ့ကျရင် အလည်ပြန်လာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”

သူက ဟန်မူယဲ့ပျံသန်းသွားသောနေရာသို့ ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

“ငါ့ရဲ့ထက်မြိမှုက ပျောက်ကွယ်သွားပြီ။ မဟုတ်ရင် စွန့်စားခန်းတွေ ထွက်ချင်ပါသေးတယ်”

သေခြင်းရှင်ခြင်းတွင် နောင်တမရှိသော ဓားကျွမ်းကျင်သူများ၏ တိုက်ပွဲ၊ အမှန်တရားဓားတာအို ....

ကျင့်ကြံခြင်းလောကသည် ထိုသို့ပင်ဖြစ်သည်။

ဟွမ်းဟွမ်က စုကျီရှန့်ကို ဦးညွတ်လိုက်ပြီး မြို့အပြင်ဘက်သို့ ကြည့်သည်။

“ညီအစ်ကိုနှစ်၊ ငါအရင်ထွက်သွားတော့မယ်”

မြို့ပြင်တွင် တိမ်တိုက်များလှုပ်ရှားနေပြီး တောင်တစ်လုံး ပေါ်လာသည်။

တုံယွမ်တောင်တန်း ဖြစ်သည်။

ပေတစ်သောင်း မြင့်မားသည်။

တောရိုင်းမြေတွင် ပထမဆုံးအကြိမ်အဖြစ် ပေတစ်သောင်းမြင့်မားသော တောင်တန်းတစ်ခု ပေါ်လာခဲ့သည်။

“ဟားဟား၊ ညီအစ်ကိုနှစ် မင်းကလည်း ခံစားချက်တွေ ပြင်းထန်နေပုံပဲ”

ဟွမ်းဟွမ်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက သွေးမြစ်တစ်စင်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်ထက်တွင် ပျံသန်းသွားသည်။

စုကျီရှန့်က သွေးမြစ်ကို ကြည့်လိုက်ပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ပေတစ်သောင်းမြင့်မားသော တောင်တန်းကို လှည့်ကြည့်သည်။

တုံယွမ်မြို့၏ တိုက်ပွဲသတင်းသည် လျင်မြန်စွာ ပျံ့နှံ့လာသည်။

စမ်းချောင်းသုံးခုဓားအင်မော်တယ် ဟွမ်းဟွမ်က သွေးစစ်ပွဲဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး အလွန်သန်မာသည်။

တုံယွမ်တောင်တွင် သီးသန့်နေထိုင်သော ကျောက်ချင်ကျန်းက ပေတစ်သောင်းမြင့်မားသော တောင်တစ်လုံးကို ဖွက်ထားခဲ့သည်။

သူတို့နှစ်ယောက်လုံးက အလွန်သန်မာကြသည်။

သို့သော် ယွင်လန်ဓားအင်မော်တယ်ဖြစ်သော ပြိုင်ဘက်ကင်းဟန်နှင့် မယှဉ်နိုင်ကြပေ။

ယွင်လန်ဓားအင်မော်တယ်၏ နောက်ကွယ်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း ရှိနေသည်။

ထို့အပြင် သူ၏ ဓားတာအိုသည် လောကတွင် အလွန်ရှားပါးသည်။

ဟန်မူယဲ့၏ ဓားတာအိုအကြောင်း ပျံ့နှံ့သွားသောအခါ မိုင်တစ်သန်းပတ်ဝန်းကျင်တွင်ရှိသော အဆင့်နိမ့်ကျင့်ကြံသူများက ယွင်လန်မြို့သို့ ဦးတည်လိုက်ကြသည်။

အမှန်တရားဓားတာအိုကို ကျင့်ကြံနိုင်သောလူတစ်ယောက်သည် ယုံကြည်ထိုက်သည်။

ယွင်လန်မြို့သည် သေချာပေါက် တိုးတက်လာလိမ့်မည်။

ဟန်မူယဲ့က ပြင်ပလောက၏ သတင်းများကို ဂရုမစိုက်နိုင်ပေ။

ယခုအချိန်တွင် သူက မြို့သခင်ခြံဝိုင်း၌ တံခါးပိတ်ကျင့်ကြံနေသည်။

ကျန်းကျန်ပေါင်နှင့် တခြားလူများက မြို့ထဲတွင်ရှိ‌သော ကျွမ်းကျင်သူများကို ဦးဆောင်ပြီး မြို့သခင်ခြံဝိုင်းကို တင်းကျပ်စွာ ကာကွယ်ထားကြသည်။

သူတို့၏ မြို့သခင်က တုံယွမ်မြို့တွင် ဉာဏ်အလင်းရပြီး တံခါးပိတ်ကျင့်ကြံရန် ပြန်လာခဲ့သည်။ ထိုဖြစ်ရပ်သည် အလွန်ကောင်းသည်။

မည်သည့်နေရာတွင်ဖြစ်စေ မှီခိုအားထားရန် ကျွမ်းကျင်သူတစ်ယောက် မရှိခဲ့လျှင် အင်အားစုတစ်ခုသည် အဝေးသို့ ရောက်နိုင်မည်မဟုတ်ပေ။

မြို့သခင်ခြံဝိုင်းတွင် ဓားအလင်းများက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားကြသည်။

သူက ပတ်ဝန်းကျင်တွင် ဒါဇင်ချီနေသော ဝင်္ကပါများကို အသက်သွင်းပြီး အားလုံးကို တားဆီးထားသည်။

ယခုအချိန်တွင် ဓားရှည်နှစ်လက်သည် သူ့ရှေ့တွင် လွင့်မျောနေကြသည်။

ဓားတစ်လက်သည် အင်မော်တယ်အင်းကွက်များဖြင့် ပြည့်နှက်နေသော သတ်ဖြတ်ခြင်းဓား ဖြစ်သည်။

နောက်ထပ် ဓားတစ်လက်သည် ဒုတိယမြောက် မူလဝိညာဉ်ဓားဖြစ်သော ထောင်ချောက်ဓား ဖြစ်သည်။

ဓားနှစ်လက်၏ အလင်းစက်ကွင်းများသည် သူ၏ သွေးအဆီအနှစ်၊ ဝိညာဉ်အလင်းဖြင့် ဆက်သွယ်နေကြသည်။

“ထစမ်း”

ဟန်မူယဲ့က တီးတိုးရေရွတ်သည်။

သတ်ဖြတ်ခြင်းဆန္ဒ ....

လောကတွင်ရှိသော မကောင်းမှုများအားလုံးကို သတ်ဖြတ်မည်။

ဓားနှစ်လက်၏ ဓားအလင်းများက လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်၏ သွေးများကို ဆူပွက်လာစေသည်။

တစ်ချိန်လုံးပုန်းကွယ်နေသော ပါ့ရှားပုံရိပ်နှင့်အတူ ခွေသားရဲပုံရိပ်လည်း ပေါ်လာခဲ့သည်။

သွေး၊ ချီနှင့် မိုးကြိုးအလင်းသည် ဓားအလင်းဖြင့် ထိတွေ့နေပြီး တောက်ပသောအလင်းကို ဖြစ်ပေါ်စေသည်။

“ကောင်းကင်ကိုဆန့်ကျင်ပြီး အင်မော်တယ်ဖြစ်လာမယ်”

ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေကြသည်။

အဆုံးတွင် သူက ထိုအခြေအနေသို့ ရောက်ရှိလာခဲ့သည်။

သူက ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်တွင် မရေမတွက်နိုင်သော အရင်းအမြစ်များကို စုစည်းပြီး အလွန်ကောင်းမွန်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

သူ့အတွက် ကျင့်ကြံခြင်းသည် အချိန်ယူရခြင်းမဟုတ်ပဲ ရွေးချယ်ခြင်းသာ ဖြစ်သည်။

ထောင်ချီနေသော မဟာတာအိုများထဲတွင် သူရှာဖွေနေသော အရာတစ်ခုကို ရွေးချယ်မည်။

ယခု ရှာတွေ့ခဲ့သည်။

အမှန်တရားဓားကို အသုံးပြု၍ ကောင်းကင်ကိုဆန့်ကျင်ပြီး အင်မော်တယ်ဖြစ်လာမည်။

“ဝီ”

ဓားဆန္ဒက မူလဝိညာဉ်ဓားနှစ်လက်နှင့် ထိတွေ့သွားသည်။ ရွှေအလင်းသည် ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲပြီး သူ့ကို လွှမ်းခြုံလိုက်သည်။

ဖီးနစ်ငှက်ဖြစ်သော ရွှေမီးတောက်က အလင်းပိုးအိမ်၏အပြင်ဘက်သို့ ရောက်လာပြီး အားကျနေသောအကြည့်ဖြင့် ကြည့်သည်။

....

ဟန်မူယဲ့က ယွင်လန်မြို့တွင် တံခါးပိတ်ကျင့်ကြံနေသည်။ နေရာအသီးသီးမှ ယွင်လန်မြိုသို့ရောက်လာသော အင်မော်တယ်ကျင့်ကြံသူများသည် သတင်းအမျိုးမျိုးကို သယ်ဆောင်လာကြသည်။

လေပြင်းဓားပြများက သိန်းချီသောစစ်တပ်ကို ဦး‌ဆောင်ထားပြီး အင်အားစုကြီးများနှင့် ယှဉ်ပြိုင်နိုင်ကြသည်။

ကောင်းကင်အလင်းဂိုဏ်း၏ ကျွမ်းကျင်သူများက တာအိုအင်အားစု၏ မြို့ကြီးတစ်မြို့ကို ဖျက်ဆီးပစ်ခဲ့ကြသည်။ တာအိုဂိုဏ်းနှင့် ကောင်းကင်အလင်းဂိုဏ်း၏ တိုက်ပွဲက စတင်တော့မည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်ရွေးစင်များက သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူများနှင့် တောရိုင်းမြေတွင် တိုက်ခိုက်ခဲ့ကြသည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ ဆက်ဆံရေးက ပိုမိုဆိုးဝါးလာသည်။

ခါးသီးအင်မော်တယ်နယ်မြေမှ ဖီးနစ်သွေးမိစ္ဆာဘုရင်၏ သေဆုံးမှုကို အတည်ပြုနိုင်ခဲ့သည်။ သူ၏ ပြန်လည်မွေးဖွားခြင်းပုတီစေ့များက ခါးသီးအင်မော်တယ်နယ်မြေတွင် ပြန့်ကျဲနေပြီး လူတိုင်းက ပုတီးစေ့များကို လုယူနိုင်ရန်အတွက် တိုက်ခိုက်နေကြသည်။

ဖီးနစ်သွေးမိစ္ဆာဘုရင်၏ နောက်လိုက်များက ထွက်ပြေးနေရသည်။ အများစုက အကာအကွယ်ယူရန် တောရိုင်းမြေသို့ ရောက်လာကြသည်။

ခါးသီးအင်မော်တယ်နယ်မြေ၏ ဓားပြအဖွဲ့သုံးဖွဲ့ထဲမှ မိုးကြိုးဓားပြများသည် တောရိုင်းမြေသို့ ရောက်လာကြသည်။

သူတို့က တောရိုင်းမြေ၏ မိစ္ဆာမျိုးနွယ်စုတစ်ခုကို ရှင်းထုတ်ပြီး ရေစီးကန်သို့ ဦးတည်နေကြသည်။ သူတို့၏လုပ်ရပ်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။

ထိုဖြစ်ရပ်များသည် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ တစ်ဖက်တွင် ယွင်လန်မြို့၏ မြို့စောင့်ဝင်္ကပါသည် ကျောက်ချင်ကျန်း၏ လက်ထဲတွင် သုံးနှစ်အတွင်း၌ ပြီးပြည့်စုံသွားခဲ့သည်။ ထိုဝင်္ကပါကို မည်သူမှ ဂရုမစိုက်ကြပေ။

မြို့ကြီးတစ်မြို့တွင် မြို့စောင့်ဝင်္ကပါတည်ဆောက်ခြင်းသည် ပုံမှန်သာဖြစ်သည်။

သန်းချီသောကျင့်ကြံသူများက ယွင်လန်မြို့တွင် တိတ်ဆိတ်စွာ စုစည်းလာပြီး မိုင်သန်းချီပတ်ဝန်းကျင်၌ အကြီးမားဆုံးကုန်သွယ်ရေးမြို့တော် ဖြစ်လာသော်လည်း လူအများအပြားက စုံစမ်းမှု မလုပ်ကြတော့ပေ။

ယွင်လန်မြို့၏နောက်ကွယ်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း ရှိနေသည်။ ယွင်လန်ဓားအင်မော်တယ်က အမှန်တရားဓားတာအိုကို ကျင့်ကြံထားသည်။ ထို့ကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို အလိုလျောက် ဆွဲဆောင်နိုင်သည်။

ယွင်လန်ဓားအင်မော်တယ်၏ တံခါးပိတ်ကျင့်ကြံခြင်းသည် ပိုမိုသာမန်ဆန်သည်။

ကျင့်ကြံခြင်းလောကတွင် လူတိုင်းက တံခါးပိတ်ကျင့်ကြံနိုင်ကြသည်။

သို့သော် ဟန်မူယဲ့က တောရိုင်းမြေတွင် မရှိတော့ကြောင်း မည်သူမှ မသိကြပေ။

ဟန်မူယဲ့က သုံးနှစ်ကြာသည်အထိ တံခါးပိတ်ကျင့်ကြံပြီး မူရုံမိသားစု၏ ကုန်လှည်းနှင့်အတူ တိမ်မြူတာအိုဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

မူရုံဖူက သူပေးခဲ့သော တံဆိပ်ပြားကိုယူလာပြီး အကူအညီတောင်းခဲ့သည်။

မူရုံမိသားစုက ဝိုင်းရံတိုက်ခိုက်ခံနေရပြီး ပျက်စီးတော့မည်။

ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားပြီး ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်နေသော ဟန်မူယဲ့က ကိုယ်တိုင်ထွက်လာခဲ့သည်။

မူရုံမိသားစုက မှန်ကန်နေလျှင် သူက လှုပ်ရှားပေးရန် ဆန္ဒရှိသည်။

သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့် မူရုံဖူက ရှေ့သို့ ညွှန်ပြလိုက်ပြီး ညင်သာစွာပြောသည်။

“အကြီးအကဲဟန်၊ အဲဒါက ကျွန်တော်တို့မူရုံမိသားစု တည်ရှိတဲ့ ဖူယွမ်မြို့ပါပဲ”

ယွင်လန်ဓားအင်မော်တယ်က ဖူယွမ်မြို့သို့ ကိုယ်တိုင်လိုက်လာလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။

မူရုံမိသားစုက ကျဆင်းနေပြီး အသန်မာဆုံးကျွမ်းကျင်သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သာ ဖြစ်သည်။ ယွင်လန်ဓားအင်မော်တယ်ကို ဖိတ်ခေါ်ရန် အဆင့်မမီပေ။

သူက တံဆိပ်ပြားကိုယူပြီး အကူအညီတောင်းခဲ့သော်လည်း ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုသာ မျှော်လင့်ထားခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မိုင်တစ်ရာကျယ်ဝန်းသောမြို့ကို လှမ်းကြည့်သည်။

တာအိုဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ထိုမြို့က တိုးတက်နေခဲ့သည်။

အစွန်အဖျားတွင်ရှိနေသော မြို့တစ်မြို့ကပင် ထိုသို့ ကြီးကျယ်ခမ်းနားနိုင်သည်။

“ဘုန်း”

လျှပ်စီးကြောင်းတစ်ခုသည် သင်္ဘောပျံ၏ရှေ့တွင် ပေါက်ကွဲသွားသည်။ အင်မော်တယ်အလင်းများ ပေါ်ထွက်လာကြသည်။

သင်္ဘောပျံပေါ်တွင်ရှိသော လူများ၏မျက်နှာထားက ပြောင်းလဲသွားကြသည်။

“အဲဒါက မူရုံမိသားစုရဲ့ သင်္ဘောပျံပဲ။ တားလိုက်”

“ခေါင်းဆောင်က မူရုံချီကို ဝိုင်းရံတိုက်ခိုက်နေတယ်။ မူရုံမိသားစုဝင်တွေကို ဆက်သွားခွင့်မပေးနိုင်ဘူး”

“သူတို့က မူရုံမိသားစုဝင်တွေဆိုမှတော့ သတ်ပစ်လိုက်တာပဲကောင်းတယ်”

All Chapters