အပိုင်း(၈၈၄)
Vol. 64 Ch. 884
အင်မော်တယ်အလင်းများသည် ကုန်းပတ်ပေါ်သို့ ကျဆင်းလာကြသည်။
မူရုံဖူ၏မျက်နှာက ဖြူဖျော့သွားသည်။ သူ့နောက်တွင်ရှိသော မူရုံမိသားစု၏ တပည့်များက တုန်ခါနေကြသည်။
မူရုံချီက မူရုံမိသားစု၏ နောက်ဆုံးအမှီအခို ဖြစ်သည်။ သူက မြေကမ္ဘာအင်မော်တယ်အဆင့်တွင် ရှိနေသည်။
အကယ်၍ မူရုံချီသေသွားလျှင် မူရုံမိသားစုက သေချာပေါက် ပျက်စီးသွားလိမ့်မည်။
အင်မော်တယ်အလင်းသည် သင်္ဘောပျံကို မှောက်သွားစေနိုင်သော လေပြင်းများအား သယ်ဆောင်လာခဲ့သည်။
မန္တန်အချို့သည် တောင်တန်းကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ကျဆင်းလာကြသည်။ မူရုံဖူက ထိုစွမ်းအားကို မခုခံနိုင်ပေ။
ရန်သူများက ပြုံးလိုက်ကြသည်။
မူရုံမိသားစုတွင် ခေါင်းဆောင်များမရှိတော့ပေ။ သူတို့၏ နှစ်ပေါင်းများစွာစုစည်းထားသော ကြွယ်ဝမှုသည် လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့အပြင် မူရုံမိသားစုက လူသားလောကကို စောင့်ကြပ်ရာတွင် စည်းကမ်းဖောက်ပြီး တာအိုဂိုဏ်းကို ဒေါသထွက်စေခဲ့သောကြောင့် အကာအကွယ်မရတော့ပေ။
တိမ်မြူတာအိုဂိုဏ်း၏နယ်မြေတွင် ရှိနေပြီး ဂိုဏ်း၏အကာအကွယ်ကို မရရှိခြင်းသည် ပျက်စီးမှုကို ရည်ညွှန်းသည်။
မူရုံမိသားစုက ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့သည့်အတွက် အလွန်ရှားပါးသည်ဟု ပြောနိုင်သည်။
“ဘုန်း”
အင်မော်တယ်အလင်းနှင့် မန္တန်အလင်းများကို ဓားအလင်းတစ်ခုက ဖျက်ဆီးပစ်လိုက်သည်။
ကုန်းပတ်ပေါ်တွင်ရပ်နေသော ဟန်မူယဲ့က ဓားရှည်တစ်လက်ကို ကိုင်ထားခဲ့သည်။
“ကျေးဇူးပါအကြီးအကဲဟန်”
မျက်နှာဖြူဖျော့နေသော မူရုံဖူက ကျေးဇူးတင်လိုက်သည်။
သူ့နောက်တွင် ကပ်ဘေးကို ရှင်သန်နိုင်ခဲ့သော မူရုံမိသားစု၏ တပည့်များက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
တပည့်တချို့က ဟန်မူယဲ့ကို သိနေပြီး တချို့က မူရုံဖူဖိတ်ခေါ်ထားသော ကျွမ်းကျင်သူတစ်ယောက်ဟုသာ ထင်ကြသည်။
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် တိုက်ခိုက်မှုများအားလုံးကို ဖျက်ဆီးလိုက်သောအခါတွင် သူတို့အားလုံးက စိတ်သက်သာသွားကြသည်။
ထိုဓားချက်ကြောင့်သာမဟုတ်လျှင် သူတို့အားလုံးက သေဆုံးသွားကြလိမ့်မည်။
“ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်”
“သူက မူရုံမိသားစုက မဟုတ်ဘူး။ အဲဒီဓားချက်က မူရုံချီနဲ့ ယှဉ်နိုင်တယ်”
“မူရုံမိသားစုကို ကူညီရဲတဲ့လူ ရှိနေသေးတာလား။ သေချင်နေတာပဲ ဖြစ်လိမ့်မယ်”
ပုံရိပ်များသည် သင်္ဘောပျံ၏ရှေ့တွင် ပေါ်လာကြသည်။ ကောင်းကင်အင်မော်တယ်များ မဟုတ်ပေ။ လူသားအင်မော်တယ်တစ်ယောက်နှင့် သူတော်စင်သုံးယောက် ဖြစ်ကြသည်။
သူတို့၏ခွန်အားဖြင့် မူရုံမိသားစုကို ဖျက်ဆီးရန် လုံလောက်သည်။ ထို့အပြင် မူရုံချီကို ရင်ဆိုင်နေသောလူများက သူတို့မဟုတ်ကြပေ။
ကျဆင်းသွားသော မူရုံမိသားစုအတွက် အလွန်အားစိုက်ထုတ်နေရန် မလိုအပ်ပေ။
ဟန်မူယဲ့က ခေါင်းဆောင်နတ်ဘုရားဘုရင်ကို ကြည့်သည်။
တစ်ဖက်လူကလည်း ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“တာအိုရောင်းရင်း၊ မူရုံမိသားစုရဲ့ ကိစ္စထဲမှာ ဝင်မပါတာ ကောင်းလိမ့်မယ်”
ပိုးထည်ဝတ်စုံနှင့် အသက်ငါးဆယ်အရွယ်လူအိုကြီးက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မူရုံမိသားစုက ဂိုဏ်းတူအစ်ကိုကျူးယွင်ကို အာခံခဲ့တယ်။ ငါတို့က ဒီတစ်ကြိမ်မှာ မူရုံမိသားစုကို သေချာပေါက် ဖျက်ဆီးပစ်မယ်”
‘ဂိုဏ်းတူအစ်ကိုကျူးယွင်တဲ့လား’
“သူက မြို့သုံးမြို့ရဲ့ စောင့်ရှောက်သူပါ။ ဖူယွမ်မြို့မှာ သိပ်မနေပါဘူး”
မူရုံဖူက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော်တို့ မူရုံမိသားစုက သူ့ကို ရန်မစခဲ့ပါဘူး”
မြို့သုံးမြို့၏ စောင့်ရှောက်သူသည် ကောင်းမွန်သော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားလိမ့်မည်။
သို့သော အဓိကအချက်သည် တိမ်မြူတာအိုဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သည်။
မူရုံမိသားစုက ခွန်အားကောင်းနေလျှင် မြို့သုံးမြို့၏ စောင့်ရှောက်သူကို ဂရုစိုက်နေရန် မလိုအပ်ပေ။
“အဲဒီလို ဘယ်ဟုတ်မလဲ။ မူရုံချီက မူရုံမိသားစုကို စော်ကားတဲ့ သူတော်စင်တစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ ဂိုဏ်းတူအစ်ကိုကျူးယွင်က မူရုံချီရဲ့ရတနာကို စိတ်ဝင်စားသွားရုံတင်ပါ”
နတ်ဘုရားဘုရင်က သင်္ဘောပျံပေါ်တွင်ရှိသော မူရုံမိသားစု၏အလံကို ကြည့်လိုက်သည်။ သူက ညင်သာစွာပြောသည်။
“ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်တာပဲလေ။ မူရုံမိသားစုရဲ့ အခြေခံအုတ်မြစ်က တကယ်နက်ရှိုင်းလွန်းတယ် ....”
လူတစ်ယောက်က ကြွယ်ဝမှုများကို ထုတ်မပြသင့်ပေ။
ရတနာများကို ပိုင်ဆိုင်ထားခြင်းသည် ပြစ်မှုတစ်ခု ဖြစ်သည်။
မူရုံမိသားစုက အမှားမလုပ်ခဲ့သော်လည်း သူတို့၏ ခွန်အားနှင့် ကြွယ်ဝမှုက မလိုက်ဖက်ပေ။ ထိုအရာသည် အမှားဖြစ်သည်။
မူရုံဖူက မိသားစု၏အခြေအနေကို နားလည်သည်။ မိသားစု၏ အသက်သွေးကြောကို ထိန်းသိမ်းထားနိုင်သော ရတနာများမှလွဲ၍ တခြားအရာများ မရှိတော့ပေ။
ထိုသို့မဟုတ်လျှင် သူက တပည့်များကို စုစည်းပြီး တောရိုင်းမြေတွင် စိမ်းဝါသံမဏိများကို လာရောင်းမည်မဟုတ်ပေ။
သို့သော် အပြင်လူများက ထိုအကြောင်းကို မသိချင်ကြပေ။
မူရုံမိသားစုက ပိုင်ဆိုင်မှုများအားလုံးကို ထုတ်ပြလိုက်လျှင်ပင် ယုံကြည်ကြမည်မဟုတ်ပေ။
‘ငါတို့ ဘာလုပ်ရမလဲ’
မူရုံဖူက ဟန်မူယဲ့ကို ကြည့်သည်။
ယွင်လန်ဓားအင်မော်တယ်သည် အကြီးအကဲမူရုံကျန်း၏ မိတ်ဆွေတစ်ယောက်ဖြစ်ပြီး မူရုံမိသားစုကို ကယ်တင်မည်ဟု ကတိပေးခဲ့သည်။
သို့သော် ယွင်လန်ဓားအင်မော်တယ်က မည်သည့်အခြေအနေအထိ အားစိုက်ထုတ်ပေးမည်နည်း။
ထို့အပြင် ယွင်လန်ဓားအင်မော်တယ်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သည်။ ဓားဂိုဏ်းနှင့် တိမ်မြူတာအိုဂိုဏ်းက ရန်သူများ မဟုတ်ကြပေ။ သို့သော် မိတ်ဆွေလည်း မဟုတ်ပေ။
ယွင်လန်ဓားအင်မော်တယ်က တိမ်မြူတာအိုဂိုဏ်း၏ နယ်မြေအတွင်း၌ အစွမ်းကုန်ထုတ်မသုံးရဲလောက်ပေ။
“အကြီးအကဲဟန်၊ ကျွန်တော် ....”
မူရုံဖူက အသက်ပြင်းပြင်းရှူသွင်းပြီး စကားပြောလိုက်သော်လည်း သူ့စကားမဆုံးခင် ဟန်မူယဲ့က လက်မြှောက်ခဲ့သည်။
သူ့လက်ထဲတွင်ရှိသောဓားက အင်မော်တယ်အလင်းဖြင့် တောက်ပနေပြီး သူက ရှေ့သို့ ခြေတစ်လှမ်းတိုးသွားသည်။
ထိုခြေလှမ်းသည် မိုင်ငါးဆယ်ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
“ငါက မူရုံမိသားစုရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပဲ။ မူရုံမိသားစုကို ကူညီဖို့အတွက် ယွင်ထန့်တောရိုင်းမြေကနေ ရောက်လာခဲ့ရတယ်။ မင်းတို့ပြောလိုက်တာနဲ့ပဲ ထွက်သွားရမှာလား”
ဟန်မူယဲ့၏အသံက ပုံမှန်သာဖြစ်သော်လည်း ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်ချီများက လှုပ်ရှားသွားကြသည်။
သူ၏ စကားလုံးများသည် လောကစည်းမျဉ်းကို သယ်ဆောင်ထားသည်။
မဟုတ်သေးပေ။ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒ ဖြစ်သည်။
ကောင်းကင်အင်မော်တယ်အဆင့် ....
ရှေ့တွင်ရပ်နေသော နတ်ဘုရားဘုရင်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက တုံ့ဆိုင်းမနေပဲ လှည့်ထွက်သွားသည်။
ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူ၏ရှေ့တွင် သူ၏စကားသည် အရေးမပါပေ။
သူက အဆင့်မမီပေ။
“ဘုန်း”
ရှေ့တွင်ရှိသော မြို့တွင် အင်မော်တယ်အလင်းများ ပေါက်ကွဲထွက်လာသည်။
ပေတစ်ရာရှည်လျားသော ရွှေရောင်တူတစ်လက်က ပျံသန်းထွက်လာသည်။
“မူရုံချီက အကူအညီပေးဖို့ရောက်လာတဲ့ အကြီးအကဲဟန်ကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ အကြီးအကဲဟန်က ကျွန်တော်တို့ကို စွန့်ပစ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် မူရုံမိသားစုရဲ့ လူငယ်တွေကို ခေါ်သွားပေးပါ”
အဆုံးမရှိသော အင်မော်တယ်အလင်းထဲတွင် ဓားအလင်းတစ်ခု လှုပ်ရှားနေပြီး မြို့ထဲမှ အသံထွက်လာသည်။
ရွှေရောင်တူသည် အနည်းဆုံး ဝိညာဉ်ရတနာအဆင့်တွင် ရှိနေသည်။
မူရုံချီက မူရုံမိသားစု၏ လူငယ်များကို ကာကွယ်ပေးရန်အတွက် ဟန်မူယဲ့ကို တန်ဖိုးတစ်ခု ပေးခဲ့သည်။
မူရုံမိသားစု၏ အခြေခံအုတ်မြစ်က အမှန်တကယ်ပင် နက်ရှိုင်းသည်။ သူတို့က ဝိညာဉ်ရတနာတစ်ခုကို လွယ်ကူစွာ ထုတ်ပေးနိုင်သည်။
“ထွက်သွားမှာလား”
အသံတစ်သံ ပေါ်ထွက်လာသည်။ အစိမ်းရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပျံသန်းထွက်လာပြီး ရွှေရောင်တူကို ဆုပ်ကိုင်ရန် ကြိုးစားသည်။
“ကောင်းကင်တုန်ခါတူက ဟူမိသားစုရဲ့ အဖိုးအတန်ဆုံးရတနာပဲ။ မင်းတို့ မူရုံမိသားစုမှာ ရှိနေတာကို”
အနက်ရောင်ချပ်ဝတ်နှင့် နောက်ထပ်လူတစ်ယောက်က ရွှေရောင်တူကို လိုက်ဖမ်းနေသည်။
ဖူယွမ်မြို့တွင် လူအများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည်။
“ဒီပစ္စည်းက ဂိုဏ်းတူအစ်ကိုကျူးယွင်အတွက်ပဲ ဖြစ်သင့်တယ်”
တာအိုတန်ခိုးရှင်တစ်ယောက်က မြင်းမြီးကြာပွတ်ဖြင့် ရိုက်ချလိုက်သည်။
ဝိညာဉ်ရတနာတစ်ခုသည် မိုင်တစ်ရာပတ်ဝန်းကျင်တွင်ရှိသော ကျွမ်းကျင်သူများအားလုံးကို ဆွဲဆောင်ခဲ့သည်။
ဒါဇင်ချီနေသော နတ်ဘုရားဘုရင်များ ပါဝင်လာကြသည်။
ကောင်းကင်အင်မော်တယ် ငါးယောက် ရှိနေသည်။
သူတို့အားလုံးက မြို့ထဲတွင် ပုန်းအောင်းနေကြသည်။ ဝိညာဉ်ရတနာကြောင့်သာ မဟုတ်လျှင် ထွက်လာကြမည်မဟုတ်ပေ။
ဝိညာဉ်ရတနာသည် တိုက်ခိုက်ယူရန် ထိုက်တန်သည်။
“အကြီးအကဲဟန်၊ မြန်မြန်ထွက်သွားပါတော့”
မူရုံချီ၏အသံ ပေါ်ထွက်လာပြန်သည်။ အစိမ်းပုပ်ရောင်ဓားအလင်းသည် ရွှေရောင်တူဆီသို့ ပျံသန်းသွားသော ပုံရိပ်များကို တိုက်ခိုက်လိုက်သည်။
“မင်းက သေချင်နေတာပဲ”
“မူရုံချီ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလား”
“မူရုံမိသားစုက မျိုးဆက်ပြတ်သွားချင်တာလား”
အော်ဟစ်သံများနှင့်အတူ အင်မော်တယ်အလင်းများ ပေါက်ကွဲထွက်လာကြသည်။
ဓားအလင်းသည် ပုံရိပ်များကို မတားဆီးနိုင်ဘဲ လူအိုကြီးတစ်ယောက်၏ လက်ဝါးချက်အောက်တွင် ပျက်စီးသွားခဲ့သည်။
သို့သော် ထိုလူအိုကြီးက တခြားလူများကို သတိထားနေပုံပေါ်သည်။ သူက တစ်ခုခုကို တွေးမိသွားပြီး သင်္ဘောပျံ၏ရှေ့တွင် ရပ်နေသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။
ကျန်လူများက ဂရုမစိုက်ပုံပေါ်သော်လည်း ဟန်မူယဲ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
သင်္ဘောပျံပေါ်တွင်ရှိနေသော မူရုံမိသားစု၏ တပည့်များက တုန်ခါသွားကြသည်။
သူတို့ဖိတ်ခေါ်လာသော ကျွမ်းကျင်သူက ထိုလူများကို မည်သို့ တားဆီးမည်နည်း။
မူရုံဖူက ရှုပ်ထွေးသောမျက်နှာထားဖြင့် ဟန်မူယဲ့၏နောက်ကျောကို ကြည့်နေသည်။
သူက ဟန်မူယဲ့၏နောက်ခံကို သိထားသော်လည်း မူရုံမိသားစုအတွက် ထိုကျွမ်းကျင်သူများကို ရင်ဆိုင်ပေးရန် မသေချာပေ။
ဟန်မူယဲ့က ပျက်စီးသွားသော မူရုံချီ၏ဓားအလင်းကို ကြည့်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားကို ထပ်မြှောက်သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားအလင်းသည် အလွန်တောက်ပနေသည်။
ချက်ချင်းဆိုသလိုပင် အင်မော်တယ်အလင်းများနှင့် ရွှေရောင်တူ၏ အလင်းကိုလည်း လွှမ်းခြုံသွားသည်။
ထိုဓားချက်ကြောင့် ကျွမ်းကျင်သူများအားလုံးက အာရုံစိုက်လိုက်ကြသည်။
“ဓားကျင့်ကြံသူတစ်ယောက်ပဲ”
“ဓားအင်မော်တယ်ပဲ။ ဂရုစိုက်ကြ”
“မူရုံမိသားစုမှာ ဒီလိုဝှက်ဖဲမျိုး ရှိနေသေးတာလား”
အကယ်၍ မူရုံမိသားစုတွင် ဓားကျွမ်းကျင်သူတစ်ဦး ရှိနေလျှင် မည်သူက မူရုံမိသားစုကို ရန်စရဲမည်နည်း။
မြို့သုံးမြို့၏ စောင့်ရှောက်သူ ကျူးယွင်ကပင် ဓားအင်မော်တယ်တစ်ယောက်နှင့် ရန်သူမဖြစ်ချင်လောက်ပေ။
“ခလွမ် ....”
ဓားဆွဲထုတ်လိုက်သောအသံ ပေါ်ထွက်လာသည်။
အလင်းရောင်သည် ဓားဦးထိပ်တွင် စုစည်းလာသည်။
“သူ .... သူက ဓားကို ဆွဲထုတ်လိုက်တာလား”
“အရူးတစ်ယောက်ပဲ။ ငါတို့တွေ အများကြီးရှိနေတာတောင် ဓားကို ဆွဲထုတ်ရဲတယ်ပေါ့”
“ဓားရူးပဲ”
ဟန်မူယဲ့က ဓားဆွဲထုတ်လိမ့်မည်ဟု သူတို့က ထင်မထားကြပေ။
ဟန်မူယဲ့က မူရုံမိသားစုအတွက် စကားပြောပေးပြီး မူရုံမိသားစုတွင် အဆင့်အတန်းတစ်ခုကို ရယူလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
သို့သော် ယခုအချိန်တွင် သူက ရိုးရှင်းစွာ ဓားကို ဆွဲထုတ်ခဲ့သည်။
‘သူက ရူးနေတာလား’
“ငါက နှလုံးသားထဲမှာ တရားမျှတမှုကို ထိန်းသိမ်းထားတယ်။ အခုအချိန်မှာ ငါ့ဓားက တရားမျှတခြင်းပဲ”
ဟန်မူယဲ့က ရေရွတ်လိုက်သည်။
ကျွမ်းကျင်သူများက စုပေါင်းပြီး မူရုံချီကို တိုက်ခိုက်နေကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက မူရုံမိသားစုကို ဖျက်ဆီးချင်ကြသည်။ ထိုအချက်သည် ဟန်မူယဲ့၏ ကိုယ်ကျင့်တရားကို စိန်ခေါ်နေသည်။
အကယ်၍ တရားမျှတမှုကို ဖောက်ဖျက်ခဲ့လျှင် သူက ဓားကို ဆွဲထုတ်ရလိမ့်မည်။
ထိုဓားသည် သတ်ဖြတ်ခြင်းဆန္ဒကို သယ်ဆောင်ထားသည်။
ဓားသည် တစ်လက်မရှေ့တိုးသွားပြီး ဓားဆန္ဒကို စုစည်းလိုက်သည်။
ဓားသည် သုံးပေရှေ့တိုးလာပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။
မဟုတ်ပေ။ တိုက်ခိုက်လိုစိတ်သာ ဖြစ်သည်။
ထိုပုရွက်ဆိတ်များသည် သူ၏ တိုက်ခိုက်ခြင်းဆန္ဒနှင့် မထိုက်တန်ကြပေ။
ဓားသည် ပေတစ်ရာရှည်လျားလာသည်။ ဓားဦးထိပ်မှ ထုတ်လွှတ်နေသော အေးစက်နေသည့် သတ်ဖြတ်ခြင်းဆန္ဒသည် ပေတစ်သိန်းအကွာတွင်ရှိသော သူတော်စင်များကို မပျံသန်းနိုင်တော့ပဲ အောက်ပြုတ်ကျသွားစေသည်။
ကြံ့ခိုင်သောရုပ်ခန္ဓာမရှိလျှင် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။
တာအိုကျင့်ကြံသူများသည် များသောအားဖြင့် ရုပ်ခန္ဓာကို မကျင့်ကြံကြပေ။
ဓားသည် ပေတစ်ထောင်အထိ ရှည်လျားလာသောအခါတွင် ဓားသွားသည် ပေတစ်ထောင်ရှည်လျားသော ဓားအလင်းကို ထုတ်လွှတ်ပြီး ခုတ်ချသည်။