← Chapters

အပိုင်း(၈၈၅)

Vol. 64 Ch. 885

အပိုင်း(၈၈၅)

Vol. 64 Ch. 885

ဓားအလင်းသည် အလွန်တောက်ပ‌သောကြောင့် တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။

သူတို့က ထိုဓားအလင်းကို မတားဆီးနိုင်ကြပေ။

ဓားအင်မော်တယ်တစ်ပါး၏ ဓားချက်ကို မည်သူက တားဆီးနိုင်မည်နည်း။

ရှေ့ဆုံးတွင်ရှိနေသော ကောင်းကင်အင်မော်တယ်နှစ်ယောက်က မတိုက်ခိုက်ပဲ ထွက်ပြေးရန်ပြင်လိုက်သည်။

သို့သော် သူတို့က တစ်ဖက်သို့ လှည့်လိုက်သောအချိန်တွင် မျက်နှာထားပြောင်းလဲသွားကြသည်။

သူတို့က မလွတ်မြောက်နိုင်ပေ။

သတ်ဖြတ်ခြင်းဆန္ဒသည် သူတို့၏ဝိညာဉ်ကို ပစ်မှတ်ထားနေသည်။

“မိတ်ဆွေကို စွန့်ပစ်တယ်။ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တယ်။ ဒါက တရားမျှတမှုမဟုတ်ဘူး”

ဟန်မူယဲ့က ရေရွတ်သည်။

မကောင်းမှုများအား ပြုလုပ်နေသောလူကို သတ်ဖြတ်သင့်သည်။

“တိုက်ခိုက်ကြ။ သူက ငါတို့အားလုံးကို သတ်ပစ်ချင်နေတယ်”

“သူက ရူးနေတာပဲ”

ဓားအလင်း ချဉ်းကပ်လာသောအခါတွင် အင်မော်တယ်အလင်းသည် သစ်သားတုတ်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

အဆောင်လက်ဖွဲ့က ပေတစ်ရာကြီးမားသော ဒိုင်းကာတစ်ခု ဖြစ်လာသည်။

အစိမ်းရောင်ချပ်ဝတ်နှင့် ပေတစ်ရာမြင့်မားသောပုံရိပ်သည် ဓားအလင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။

မြင်းမြီးကြာပွတ်က အင်မော်တယ်အလင်းနှင့်အတူ ချည်မျှင်များကို ထုတ်လွှတ်သည်။

....

တာအိုကျင့်ကြံသူများသည် အင်မော်တယ်စွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ကြသည်။

သူတို့ထုတ်လွှတ်လိုက်သော နည်းစနစ်များသည် မတူညီသော်လည်း ဆန့်ကျင်မှုမရှိပဲ ကောင်းမွန်စွာ ပူးပေါင်းနိုင်ကြသည်။

တာအိုနည်းစနစ်များ ပေါ်ထွက်လာကြသည်။ သို့သော် ဟန်မူယဲ့၏ဓားအလင်းက တုံ့ဆိုင်းမနေပေ။ ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ကျဆင်းလာသည်။

“ရွှပ်”

ဓားအလင်းသည် ချပ်ဝတ်နှင့်ပုံရိပ်ကို ထိုးခွဲလိုက်သည်။

ရှစ်မြှောင့်တာအိုဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က တစ်ကိုယ်လုံးတုန်ခါနေပြီး မျက်နှာဖြူဖျော့သွားသည်။

သူ၏ အကာအကွယ်ရတနာသည် ကောင်းကင်အင်‌မော်တယ်တစ်ပါးကို ခဏတာ တားဆီးနိုင်သည်။

သို့သော် ယခုအချိန်တွင် ဓားအလင်းကြောင့် ချက်ချင်းပျက်စီးသွားရသည်။

ဓားအလင်းက ဒိုင်းကာကို ဖျက်ဆီးပြီး မြင်းမြီးကြာပွတ်ကို ခုတ်ပိုင်းခဲ့သည်။

ထို့နောက် ဓားအလင်းသည် အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး ထိတ်လန့်ဖွယ်အော်သံကြားတွင် မူလဝိညာဉ်ကို ပျောက်ကွယ်သွားစေသည်။

သတ်ဖြတ်ခြင်း ....

ထိုဓားချက်သည် သတ်ဖြတ်ခြင်းအတွက် ဖြစ်သည်။

ရွှေရောင်တူ၏ရှေ့တွင် ဝိုင်းရံနေသော ကျင့်ကြံသူများက ချက်ချင်းဆိုသလိုပင် လူစုခွဲပြီး ထွက်ပြေးသွားကြသည်။

သို့သော် ဓားအလင်းက သူတို့ကို လွှတ်မပေးခဲ့ပေ။

ဓားရှည်သည် ညင်သာစွာလှုပ်ရှားနေပြီး ပေတစ်ထောင်ရှည်လျားသော ဓားအလင်းက လူအများအပြားကို ပိုင်းဖြတ်သွားသည်။

ထို့နောက် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူနှစ်ဦးကို ခုတ်ချလိုက်သည်။

ထိုသို့ ထက်မြိသောဓားအလင်းကို မည်သူက ခုခံနိုင်မည်နည်း။

ကောင်းကင်အင်မော်တယ်နှစ်ယောက်၏ မျက်နှာထားက တင်းမာနေသည်။ မြင်းမြီးကြာပွတ်ကို ဆုံးရှုံးသွားသော တာအိုတန်ခိုးရှင်က မည်းမှောင်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“တိမ်တိုက်ကောင်းကင်တာအိုအဆောင်လက်ဖွဲ့၊ အသွင်ပြောင်းခြင်း ....”

“အနန္တအသွင်ပြောင်းတောင်ဝှေး၊ ဝိညာဉ်ချိပ်ပိတ်ခြင်း”

ကောင်းကင်အင်မော်တယ်နှစ်ယောက်က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ ရွှေရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး အဆောင်လက်ဖွဲ့သည် ဓားအလင်းကို တားဆီးထားသည်။ အစိမ်းရောင်တောင်ဝှေးက ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။

ဓားအင်မော်တယ်များသည် အဆင့်တူတွင် ပြိုင်ဘက်ကင်းသည်။ သို့သော် ကောင်းကင်အင်မော်တယ်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်ရန် မသေချာပေ။

ထိုဓားအင်မော်တယ်က လူအများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် ညှာတာပေးနေရန် အကြောင်းပြချက်မရှိပေ။

“ဘုန်း”

ဓားအလင်းနှင့် ထိတွေ့သွားသော အဆောက်လက်ဖွဲ့၏အလင်းလွှာက တုန်ခါနေသည်။ ထို့နောက် အင်မော်တယ်အင်းကွက်များ လှုပ်ရှားလာကြသည်။ ဓားအလင်းက အဆောင်လက်ဖွဲ့ကို ဖျတ်ခနဲထိုးဖောက်သွားသည်။

ဝိညာဉ်ရတနာကို တားဆီးနိုင်သော အဆောင်လက်ဖွဲ့က ဓားတစ်ချက်ကြောင့် ကျိုးပျက်သွားခဲ့သည်။

ထိုဓားနည်းစနစ်မျိုးကို မည်သူက ရင်ဆိုင်နိုင်မည်နည်း။

အဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့သော ကောင်းကင်အင်မော်တယ်က ဆက်တိုက်ရှောင်တိမ်းနေသည်။ ကိုယ်ပိုင်ကမ္ဘာငယ်သည် သူ့နောက်တွင် ပေါ်ထွက်လာခဲ့သည်။

သူက ဖူယွမ်မြို့မှဖြစ်ပြီး ကမ္ဘာငယ်ကို ကောင်းကင်ထက်တွင် သိမ်းဆည်းထားခဲ့သည်။

ကမ္ဘာငယ်ပေါ်လာသောအခါတွင် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရှေ့တစ်လှမ်းတိုး၍ ကမ္ဘာငယ်ထဲသို့ ခြေချလိုက်သည်။

သူက မုန်းတီးနေသောမျက်နှာထားဖြင့် နီးကပ်လာသောဓားရှည်ကို ကြည့်သည်။

‘မင်းတတ်နိုင်ရင် ငါ့ရဲ့ကမ္ဘာငယ်ထဲကို ဝင်လာခဲ့လေ’

သူက အံတင်းတင်းကြိတ်လိုက်ပြီး ကမ္ဘာငယ်ထဲသို့ ဝင်သွားခဲ့သည်။

သူ့နောက်သို့လိုက်လာသော ဓားရှည်က တုံ့ဆိုင်းခြင်းမရှိပဲ ကမ္ဘာငယ်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့သည်။

‘သူက ကမ္ဘာငယ်ထဲကို တကယ်လိုက်သွားရဲတာလား’

တခြားကောင်းကင်အင်မော်တယ်တစ်ယောက်က တောင်ဝှေးရိုက်ချက်၏အောက်တွင် ရှိနေသော ဟန်မူယဲ့ကို ကြည့်သည်။

‘ဒီဓားအင်မော်တယ်က မောက်မာတာလား ဒါမှမဟုတ် တုံးအနေတာလား’

‘သူ့ဓားတာအိုက ဘယ်လောက်ပဲသန်မာပါစေ တခြားလူတစ်ယောက်ရဲ့ ကမ္ဘာငယ်ထဲကို လိုက်မသွားသင့်ဘူးလေ’

ကောင်းကင်အင်မော်တယ်က ရက်စက်သောမျက်နှာထားဖြင့် လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်သည်။

‘သူ့ဓားက ကမ္ဘာငယ်ထဲကို လိုက်သွားပြီဆိုမှတော့ ဓားမရှိတဲ့ ဓားအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ရတာ လွယ်နေမှာပဲ’

‘ဒီလိုဆိုမှတော့ ....’

သူ့လက်ချောင်းများက တုန်ခါသွားပြီး ကြောက်ရွံ့စွာ ခေါင်းမော့ကြည့်သည်။

ကောင်းကင်ထက်တွင် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ရှိနေသည်။

ပုံရိပ်ယောင်ဆန်သော ကမ္ဘာငယ်က အက်ကွဲကြောင်း၏ ထိုးခွဲခြင်းကို ခံလိုက်ရသည်။ ဓားရှည်တစ်လက်က အက်ကွဲကြောင်းထဲမှ ထွက်လာပြီး သူ့ကို ခုတ်ချသည်။

ထိုအရာသည် သူ၏ နောက်ဆုံးမှတ်ဉာဏ် ဖြစ်သည်။

ဓားအလင်းက ဖျတ်ခနဲလှုပ်ရှားသွားပြီး သူက ကမ္ဘာငယ်ကို ဆင့်ခေါ်ရန် အချိန်မရှိပဲ ကျဆုံးသွားခဲ့သည်။

ဓားက တစ်ဖက်သို့လှည့်ပြီး ကျဆင်းလာသော တောင်ဝှေးကို ဖျက်ဆီးသည်။

“ဝီ”

ဓားက တုန်ခါနေပြီး ဟန်မူယဲ့၏လက်ထဲသို့ ပြန်ရောက်သွားသည်။

စိတ်ကျေနပ်စရာကောင်းသည်။

ဓားပြနှင့် ရန်သူများကို သတ်ဖြတ်ရမည်။

ဓားပေါ်တွင်ရှိနေသော သတ်ဖြတ်ခြင်းဆန္ဒနှင့် ဓားဆန္ဒကြောင့် ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာကြသည်။

ကောင်းကင်အင်မော်တယ်အဆင့်သို့ ဝင်ရောက်လာလျှင် ကမ္ဘာငယ်ကို ဖန်တီးနိုင်သည့်အပြင် ကိုယ်ပိုင်မဟာတာအိုကိုလည်း စုစည်းနိုင်သည်။

သူက ရန်သူများကို ဓားတစ်ချက်ဖြင့် သုတ်သတ်ပြီး သူ့ခန့်မှန်းချက်ထက် ကျော်လွန်နေသော ဓားတာအိုစွမ်းအားကို ပြန်လည်ရရှိခဲ့သည်။

ရွှေအင်မော်တယ်များကပင် ထိုသို့ မကျင့်ကြံနိုင်ကြပေ။

ဟန်မူယဲ့က အဝေးတစ်နေရာတွင် ပြန့်ကျဲနေသော ကျင့်ကြံသူများကို ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။

မြင်းမြီးကြာပွတ်ပျက်စီးသွားသော တိမ်မြူတာအိုဂိုဏ်းမှ တာအိုတန်ခိုးရှင်နှင့် ဖူယွမ်မြို့၏ ကျင့်ကြံသူများသည် အသက်လု၍ ထွက်ပြေးနေကြသည်။

ဟန်မူယဲ့က သူတို့၏နောက်သို့ လိုက်မသွားဘဲ လက်မြှောက်၍ လွင့်မျောနေသော ရွှေရောင်တူကို သိမ်းဆည်းလိုက်သည်။

ဝိညာဉ်ရတနာ ....

သိပ်မဆိုးပေ။

မူရုံဖူနှင့် တခြားလူများက သူ့ကို လေးစားစွာကြည့်လိုက်ကြပြီး သင်္ဘောပျံကို မောင်းနှင်လာသည်။

အောက်တွင် အင်မော်တယ်အလင်းများ ပျံတက်လာကြသည်။

....

ဖျက်ဆီးခံရတော့မည့် မူရုံမိသားစုသည် နောက်ဆုံးအချိန်တွင် ဓားကျွမ်းကျင်သူတစ်ဦးကို ဖိတ်ခေါ်နိုင်ခဲ့သည်။

ထိုဓားကျွမ်းကျင်သူသည် ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်နေသော ဟူမိသားစုခေါင်းဆောင်ကို သတ်ဖြတ်ပြီး ကမ္ဘာငယ်ကို ဖျက်ဆီးခဲ့သည်။

တောအုပ်သုံးခုမြို့မှ စုမိသားစု၏ ပထမအကြီးအကဲကလည်း ဓားတစ်ချက်ကြောင့် သေဆုံးသွားခဲ့သည်။

မူရုံမိသားစုကို ဝိုင်းရံတိုက်ခိုက်ခဲ့သော ကျင့်ကြံသူများက ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

ထိုတိုက်ပွဲအပြီးအတွင် ဖူယွမ်မြို့၏ ခွန်အားက အပြင်းအထန်လျော့ကျသွားသည်။

သို့သော် ထိုကိစ္စသည် မူရုံမိသားစုနှင့် မဆိုင်တော့ပေ။

သူတို့က အရှုံးပေးမည်ဆိုလျှင်ပင် ထိုလူများက မူရုံမိသားစုကို ချမ်းသာပေးကြမည်မဟုတ်ပေ။

ဖူယွမ်မြို့တွင် ကျင့်ကြံခြင်းမိသားစုတချို့က မြို့ထဲမှ တိတ်ဆိတ်စွာ ထွက်သွားကြသည်။

မူရုံမိသားစုက အနိုင်ရသွားပုံပေါ်သော်လည်း မြို့သုံးမြို့၏ စောင့်ရှောက်သူ တာအိုတန်ခိုးရှင်ကျူးယွင်က လွယ်ကူစွာလက်လျော့မည်မဟုတ်ပေ။

တိမ်မြူတာအိုဂိုဏ်းက မျက်နှာအပျက်ခံမည်မဟုတ်ပေ။

“အဲဒီ‌တော့ မင်းက မူရုံမိသားစုရဲ့ လူငယ်တွေကို ခေါ်သွားစေချင်တာလား”

မူရုံမိသားစု၏ အဓိကခန်းဆောင်တွင် ဟန်မူယဲ့က ထိပ်ဆုံးထိုင်ခုံ၌ ရှိနေပြီး အောက်တွင်ထိုင်နေသော အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူကို ကြည့်သည်။

မူရုံချီ ....

သူက အသက်လေးဆယ်ခန့်ရှိသည်ဟု ထင်ရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ဖိနှိပ်ရန်ခက်ခဲသော ဓားဆန္ဒကို ထုတ်လွှတ်နေသည်။

သူက ဓားတာအိုကို အသုံးပြု၍ ကောင်းကင်ကိုဖီဆန်ပြီး ကျင့်ကြံနေသည်။ သူ၏ ကျင့်ကြံဆင့်သည် နတ်ဘုရားဘုရင်အဆင့်တွင်သာ ရှိသည်။ သူက အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသော်လည်း ကောင်းကင်အင်မော်တယ်များနှင့် မယှဉ်နိုင်ပေ။

သူက အဆင့်တက်သွားရန်အတွက် ကိုယ်ပိုင်လမ်းစဉ်ကိုလည်း မရှာနိုင်သေးပေ။

သူက မူရုံမိသားစု၏ အကာအကွယ်ရတနာကို ကိုင်ဆောင်ထားသောကြောင့် မူရုံမိသားစုကို ကာကွယ်ပေးနိုင်ခဲ့သည်။

သို့သော် မြို့သုံးမြို၏ စောင့်ရှောက်သူရှေ့တွင် မူရုံမိသားစုကို ကာကွယ်ပေးနိုင်ရန် မသေချာတော့ပေ။

တာအိုတန်ခိုးရှင်ကျူးယွင်က ဤကိစ္စကို လက်လျော့မည်မဟုတ်ပေ။

နောက်တစ်ကြိမ် သူရောက်လာလျှင် မူရုံမိသားစုက ပျက်စီးသွားလိမ့်မည်။

သူ့ရှေ့တွင်ရှိနေသော ယွင်လန်ဓားအင်မော်တယ်ကပင် တားဆီးနိုင်မည်မဟုတ်ပေ။

မူရုံချီက မူရုံဖူ၏ သတင်းပို့ချက်ကို ရခဲ့သည်။

ယွင်လန်ဓားအင်မော်တယ်သည် ယွင်ထန့်တောရိုင်းမြေ၏ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး မူရုံကျန်းနှင့် မိတ်ဆွေဟောင်းများ ဖြစ်ခဲ့သည်။ သူ၏နောက်ကွယ်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းလည်း ရှိနေသည်။

တခြားနေရာတွင် ထိုကျွမ်းကျင်သူက မူရုံမိသားစုကို ကာကွယ်ပေးနိုင်လိမ့်မည်။

သို့သော် ဤနေရာသည် တိမ်မြူတာအိုဂိုဏ်း၏ပိုင်နက် ဖြစ်သည်။

တာအိုဂိုဏ်း၏နောက်ခံမရှိသော ယွင်လန်ဓားအင်မော်တယ်က မူရုံမိသားစုကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

သို့သော် သူက ဓားထုတ်ပြီး သတ်ဖြတ်ခဲ့သောကြောင့် အင်အားစုများကို ဒေါသထွက်စေခဲ့သည်။ ဖူယွမ်မြို့မှ လုံခြုံစွာထွက်သွားနိုင်ရန် မသေချာတော့ပေ။

“ယွင်လန်အကြီးအကဲ၊ တာအိုတန်ခိုးရှင်ကျူးယွင်က မြို့သုံးမြို့ကို ထိန်းချုပ်ထားပါတယ်။ သူက မြို့သုံးမြို့ရဲ့ခွန်အားကို အသုံးပြုနိုင်ပြီး လိုအပ်ရင် လူစုဆောင်းတဲ့အမိန့်ကို အသက်သွင်းနိုင်ပါတယ်”

မူရုံချီက လေးနက်သောမျက်နှာထားဖြင့် ခေါင်းခါသည်။

“ပြီးတော့ တာအိုတန်ခိုးရှင်ကျူးယွင်က ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပါ။ သူက ရိုးရှင်းတဲ့လူတစ်ယောက် မဟုတ်ဘူး”

တိမ်မြူတာအိုဂိုဏ်းကလည်း အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကဲ့သို့ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်နိုင်ရန် ကျွမ်းကျင်သူများကို ထုတ်သုံးထားသည်။ တစ်ချိန်တည်းတွင် ခါးသီးအင်မော်တယ်နယ်မြေ၏ အရှုပ်အထွေးများနှင့်လည်း ရင်ဆိုင်နိုင်သည်။

တာအိုတန်ခိုးရှင်ကျူးယွင်က လွန်ခဲ့သောငါးနှစ်တွင် မြို့သုံးမြို့ကို ထိန်းချုပ်ခဲ့သည်။ သူက လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ် ဖြစ်သည်။

“ငါက ဓားကျင့်ကြံသူတစ်ယောက်ဆိုတာကို မင်းသိသင့်တယ်”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး မူရုံချီ၏စကားကို ဖြတ်ပြောသည်။

သူက မူရုံချီကို တည်ငြိမ်စွာကြည့်လိုက်သည်။

“မင်းရဲ့ဓားက ထက်မြိမှုလိုအပ်နေတယ်။ ဒီလိုမျိုးဆိုရင် မင်းက ကောင်းကင်ကို ဖီဆန်ပြီး လွတ်မြောက်ခြင်းလမ်းစဉ်နဲ့ အင်မော်တယ်ဖြစ်လာမှာမဟုတ်ဘူး”

မူရုံချီ၏မျက်နှာထားက မည်းမှောင်သွားသည်။

ဟန်မူယဲ့၏စကားက အမှန်ပင်ဖြစ်သည်။

သို့သော် သူက မိသားစုအတွက် ရုန်းကန်ပေးနေရသည်။

“မင်းတို့ မူရုံမိသားစုရဲ့ ကျွမ်းကျင်သူတွေက နှစ်ပေါင်းသုံးထောင်ကြာအောင် ပြန်မလာခဲ့ကြဘူး။ မင်းက သူတို့ကို သွားရှာဖူးလား”

မူရုံချီ၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က စကားလမ်းကြောင်းပြောင်းလိုက်သည်။

မူရုံချီက သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်သည်။

“ကျွန်တော်က သူတို့ကို ရှာပြီးပါပြီ”

“မူရုံမိသားစုရဲ့ အကြီးအကဲတွေအားလုံးက သွေးစက်ချောက်ကမ်းပါးမှာ ရှိနေကြတယ်။ သူတို့က ရင်းမြစ်လေဟာနယ်နဲ့ နှင်းပွင့်အင်မော်တယ်ကမ္ဘာရဲ့ တိုက်ခိုက်မှုကို ခုခံနေကြတယ်”

“မတော်တဆမှုတွေ အရမ်းများလွန်းတယ်”

All Chapters