အပိုင်း(၈၈၈)
Vol. 64 Ch. 888
မူလဝိညာဉ်ဓားက ဝင်္ကပါကိုဖျက်ဆီးပြီး ဒါဇင်ချီနေသော ခန္ဓာကိုယ်များကို လွှမ်းခြုံလိုက်သည်။
ဓားအလင်း ပေါ်ထွက်လာသောအချိန်တွင် သွေးစီးကြောင်းများကို ချန်ရစ်ပြီး လူတစ်ယောက်၊ နှစ်ယောက်ခန့်ကို သတ်ဖြတ်သွားခဲ့သည်။
ဓားရှည်က ပတ်ဝန်းကျင်တွင်ရှိသော လူများကို ခုတ်ပိုင်းနေသည်။
“အရမ်းကြမ်းတာပဲ”
သင်္ဘောပျံပေါ်တွင်ရှိသော မူရုံမိသားစုဝင်များက အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူများကြားတွင် လှုပ်ရှားနေသောဓားရှည်ကို ကြည့်လိုက်ကြသည်။
ထိုသို့ ပွင့်လင်းစွာသတ်ဖြတ်ခြင်းသည် လူတစ်ယောက်ကို တုန်ခါသွားစေနိုင်သည်။
“ငါတို့တာအိုဂိုဏ်းမှာ လူမရှိတော့ဘူးလို့ ထင်နေတာလား”
အသံတစ်သံ ပေါ်ထွက်လာသည်။
ရွှေရောင်ကြာပန်းကို စီးနင်းထားသော မီးခိုးရောင်တာအိုဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားက ရွှေအလင်းများကို ထုတ်လွှတ်ပြီး လှုပ်ရှားနေသောဓားရှည်ကို ရင်ဆိုင်သည်။
“သက်ရှိတွေအားလုံးနဲ့ စကြဝဠာရဲ့နည်းစနစ်ကို ငှားယူမယ် ....”
“ချိပ်ပိတ်စမ်း”
ကျောက်စိမ်းပြားမှ ဆင်းသက်လာသော ရွှေအလင်းများသည် အင်းကွက် ၃၆ခုအဖြစ် ပြောင်းလဲသွားပြီး ဓားရှည်ကို လွှမ်းခြုံလိုက်သည်။
ဓားရှည်က မည်သို့ပင်လှုပ်ရှားနေပါစေ အင်းကွက်အစီအရင်ထဲမှ ထွက်မလာနိုင်ခဲ့ပေ။
ထိုမြင်ကွင်းကြောင့် မူရုံမိသားစုဝင်များက ထိတ်လန့်သွားကြသည်။
အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူများက ပြန်လည်စုစည်းလိုက်ကြပြီး ဝင်္ကပါအစီအရင်ထဲတွင် လှုပ်ရှားနေသော ဓားရှည်ကို ကြောက်ရွံ့စွာ ကြည့်သည်။
“အဲဒါက ကောင်းကင်အင်မော်တယ်ဖုန်းယွမ်ရဲ့ ရွှေအင်းကွက်သုံးခုဝင်္ကပါပဲ”
မူရုံချီက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ကျောက်စိမ်းပြားကိုအသုံးပြု၍ ဓားရှည်ကိုချိပ်ပိတ်ထားသော တာအိုတန်ခိုးရှင်ကို စိုက်ကြည့်သည်။
သူ့ဘေးတွင်ရှိသော မူရုံမိသားစု၏ အကြီးအကဲများက ဖြူဖျော့သွားကြသည်။
ကောင်းကင်အင်မော်တယ်ဖုန်းယွမ်သည် မိုင်တစ်သန်းပတ်ဝန်းကျင်တွင် နာမည်ကြီးသော ဝင်္ကပါပညာရှင်တစ်ဦး ဖြစ်သည်။
မူရုံမိသားစုက အကောင်းအတိုင်း ရှိနေလျှင်ပင် ထိုလူကို အလေးအနက်ထား၍ ဆက်ဆံရမည်။ ယခုအချိန်တွင် ပြောနေရန်မလိုတော့ပေ.
“ယွင်လန်အကြီးအကဲရဲ့ဓားကို ချုပ်နှောင်ခံလိုက်လို့ မဖြစ်ဘူး”
မူရုံဖူက အော်ဟစ်လိုက်ပြီး အစိမ်းရောင်ဓားမော့ဖြင့် တာအိုတန်ခိုးရှင်ဖုန်းယွမ်ကို ခုတ်ချသည်။
သူက မိသားစုကို ကယ်တင်ရန်အတွက် ယွင်လန်ဓားအင်မော်တယ်ကို ဖိတ်ခေါ်လာနိုင်သောကြောင့် အကြီးအကဲများ၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး အဆင့်နိမ့်ဝိညာဉ်ရတနာဖြစ်သော ချီယွမ်ဓားမော့ကို ပိုင်ဆိုင်ခဲ့သည်။
ထိုဓားမော့က ကောင်းကင်နှင့်မြေကြီးကို ခုတ်ပိုင်းနိုင်ပြီး ကောင်းမွန်စွာအသုံးချလျှင် ကောင်းကင်အင်မော်တယ်နှင့် ရင်ဆိုင်နိုင်လိမ့်မည်။
သို့သော် မူရုံဖူ၏ ကျင့်ကြံဆင့်က အားနည်းလွန်းသည်။ သူက ဓားမော့စွမ်းအား၏ ၂၀%ကိုသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် လူသားအင်မော်တယ်ကိုပင် အန္တရာယ်ပေးနိုင်မည်မဟုတ်ပေ။
သူက ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ဓားရှည်က ဖျက်ဆီးခဲ့သော ဝင်္ကပါ၏ အကြွင်းအကျန်စွမ်းအားကိုပင် မချိုးဖောက်နိုင်ခဲ့ပေ။
မူရုံချီနှင့် တခြားလူများက လွင့်ထွက်လာသော မူရုံဖူကို ကြည့်နေလိုက်ရသည်။
“ယွင်လန်အကြီးအကဲ ....”
မူရုံချီက တစ်ဖက်သို့ လှည့်ကြည့်သောအခါ ရုတ်တရက်ပေါ်လာသော ဟန်မူယဲ့ကို မြင်လိုက်ရသည်။ သူက အင်းကွက်အစီအရင်ကြောင့် ဖိနှိပ်ခံထားရသော ဓားရှည်ကို ကြည့်နေသည်။
“အကြီးအကဲ၊ ကျွန်တော်တို့ မူရုံမိသားစုမှာ ဝိညာဉ်ရတနာဓားတစ်လက် ရှိနေပါသေးတယ်။ အကြီးအကဲက လိုအပ်တယ်ဆိုရင် ....”
မူရုံချီက စကားကို အဆုံးမသတ်နိုင်ခင် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။
“အင်းကွက်အစီအရင်လေးကို ဂရုစိုက်စရာမလိုပါဘူး”
ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရှေ့သို့ တစ်လှမ်းတိုး၍ တိုက်ပွဲအစီအရင်နှင့် ရင်ဆိုင်လိုက်သည်။
“ဘုန်း”
ရာချီနေသော လူသားအင်မော်တယ်များနှင့် ဖွဲ့စည်းထားသည့် တိုက်ပွဲဝင်္ကပါက ဟန်မူယဲ့၏ ခြေကန်ချက်ကြောင့် ချက်ချင်းပျက်စီးသွားခဲ့သည်။
သူ၏ ရုပ်ခန္ဓာစွမ်းအားသည် ဓားတာအိုစွမ်းအားနှင့် ယှဉ်နိုင်သည်။
အကယ်၍ ပါ့ရှား၏စွမ်းအားကို အသုံးပြုခဲ့လျှင် လူတိုင်းကို တစ်စစီဖြစ်သွားအောင် လုပ်ပစ်နိုင်သည်။
“ထွက်သွားစမ်း ....”
ဟန်မူယဲ့က သင်္ဘောပျံအား တားဆီးထားသော ကျင့်ကြံသူများကို အော်ပြောလိုက်ပြီး အင်းကွက်အစီအရင်၏ရှေ့သို့ ရောက်လာသည်။
တောက်ပနေသော ကျောက်စိမ်းပြားကို ကိုင်ထားသည့် တာအိုတန်ခိုးရှင်ဖုန်းယွမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လှောင်ပြောင်သည်။
“ဓားအင်မော်တယ်လား။ မင်းက ငါတို့တာအိုဂိုဏ်းရဲ့ ပိုင်နက်ထဲကို ရောက်မလာသင့်ဘူး”
“မင်းရဲ့ဓားက သန်မာနေရင်ရော ဘာဖြစ်လဲ”
“ဒီနေ့မှာ ငါက မင်းရဲ့ဓားကို ချိပ်ပိတ်ထားမယ်။ မင်းက ....”
သူ့စကားမဆုံးခင် ဟန်မူယဲ့က လက်မြှောက်လိုက်သည်။
သူ့နောက်ကျောတွင်ရှိသော ဓားအိမ်ထဲမှ ဓားအလင်းများ ပေါ်ထွက်လာကြသည်။
ဓားတစ်လက် ....
ဓားဆယ်လက် ....
ဓားတစ်ရာ ....
ရာချီနေသော ဓားရှည်များသည် လေထုထဲတွင် လွင့်မျောနေပြီး တာအိုတန်ခိုးရှင်ဖုန်းယွမ်ကို ဦးတည်ထားကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဝင်္ကပါသည် အံ့ဖွယ်ဓားဝင်္ကပါဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ယှဉ်ပြိုင်နိုင်သည်။
‘သူက ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ’
တာအိုတန်ခိုးရှင်ဖုန်းယွမ်၏လက်က တုန်ခါသွားသည်။
သူက ထိုဓားများကို မတားဆီးနိုင်ပေ။
ဟန်မူယဲ့က နှာမှုတ်လိုက်သည်။ တာအိုတန်ခိုးရှင်ဖုန်းယွမ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး အင်းကွက် ၃၆ခုသည် သူ့ဆီသို့ ပြန်ရောက်လာကြသည်။
ချုပ်နှောင်ခံထားရသော ဓားရှည်က အသံပေးလိုက်ပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
တာအိုတန်ခိုးရှင်ဖုန်းယွမ်၏ ပတ်ဝန်းကျင်တွင်ရှိနေသော ရွှေရောင်အင်းကွက်များက သွယ်ယှက်နေပြီး ပေါက်ကွဲသွားကြသည်။
ရွှေအလင်းနှင့် အင်းကွက်များ ပျောက်ကွယ်သွားသောအခါတွင် တာအိုတန်ခိုးရှင်ဖုန်းယွမ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူက ကိုယ့်အသက်ကိုယ် အလွန်တန်ဖိုးထားသည်။
ဟန်မူယဲ့က နောက်ဆုတ်သွားသော အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူများကို ကြည့်လိုက်သည်။
ထိုလူများက ဟန်မူယဲ့၏အကြည့်ကြောင့် ထိတ်လန့်သွားပြီး အင်မော်တယ်အလင်းများအဖြစ် ပြောင်းလဲ၍ ထွက်ပြေးနေကြသည်။
သင်္ဘောပျံပေါ်တွင် မူရုံမိသားစုဝင်များက ပြုံးလိုက်ကြသည်။
သူတို့၏မိသားစု ကျဆင်းသွားသောအချိန်မှစ၍ ထွက်ပြေးသွားသောရန်သူများကို သိပ်မမြင်ခဲ့ရပေ။
ဟန်မူယဲ့က ဓားများကို သိမ်းလိုက်ပြီး ကုန်းပတ်ပေါ်သို့ ရောက်လာသည်။
“သွားကြစို့”
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်လုံးမှိတ်ထားသည်။
သင်္ဘောပျံဆယ့်နှစ်စင်းက လေထုကို ထိုးခွဲပြီး ရှည်လျားသောလမ်းကြောင်းတစ်ခုကို ချန်ရစ်ခဲ့သည်။
အဝေးတစ်နေရာတွင် ပုံရိပ်အများအပြားက ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။ သို့သော် သူတို့က မလှုပ်ရှားခဲ့ပေ။
“အားကောင်းလိုက်တဲ့ဓားပဲ”
ဓားကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ သူ့နောက်ကျောတွင်ရှိသော ဓားရှည်က အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။
“အဲဒီလူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ”
မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ကြောက်ရွံ့မှုများနှင့်အတူ ခေါင်းခါသည်။
“ငါတို့ တိုက်ခိုက်ခဲ့ရင် သေသွားလောက်ပြီ”
တခြားလူများက ခေါင်းညိတ်ကြသည်။
“ဒါပေမဲ့ စောင့်ရှောက်သူသခင်ရဲ့ အမိန့်ကရော”
အသက်သုံးဆယ်အရွယ်ခန့်ရှိသော အင်မော်တယ်ကျင့်ကြံသူတစ်ဦးက တီးတိုးပြောသည်။
သူတို့က မလှုပ်ရှားခဲ့လျှင် စောင့်ရှောက်သူသခင်ကို ရှင်းပြနိုင်မည်မဟုတ်ပေ။
ထိုဓားအင်မော်တယ်က အလွန်သန်မာပြီး သူတို့က တိုက်ခိုက်ခဲ့လျှင် သေဆုံးသွားနိုင်ချေရှိသည်။
တခြားလူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။
“ငါတို့ ပြပွဲလုပ်ကြတာပေါ့”
ခဏအကြာတွင် သင်္ဘောပျံအများအပြားက မူရုံမိသားစု၏ သင်္ဘောပျံဆယ့်နှစ်စင်းဆီသို့ ချဉ်းကပ်လာသည်။
ကုန်းပတ်ပေါ်တွင်ရှိနေသော ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“မင်းတို့ ဒီကိစ္စကို ကိုင်တွယ်လိုက်ကြပါ”
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
မူရုံဖူနှင့် တခြားလူများက ခေါင်းညိတ်ပြီး နီးကပ်လာသော သင်္ဘောပျံများဆီသို့ ပျံသန်းသွားကြသည်။
ထိုလူများက သိပ်မသန်မာကြပေ။ မူရုံဖူတို့က ရတနာများကို အသုံးပြုပြီး တားဆီးထားနိုင်သည်။
နှစ်ဖက်လုံးက အစစ်အမှန်တိုက်ပွဲကဲ့သို့ ဟန်ဆောင်ပြီး တိုက်ခိုက်နေကြသည်။
ထိုကျင့်ကြံသူများ ပြောခဲ့သည့်အတိုင်း ပြပွဲတစ်ခုသာ ဖြစ်သည်။
အဝေးတစ်နေရာတွင် အစိမ်းရောင်ဝတ်စုံနှင့် ခရမ်းရောင်သရဖူကို ဝတ်ဆင်ထားသော တာအိုတန်ခိုးရှင်ကျူးယွင်က မှုန်မှိုင်းနေသော မျက်နှာထားဖြင့် အေးစက်စွာပြောလိုက်သည်။
“မင်းတို့ မြင်လား။ ဒါက ငါတို့တာအိုဂိုဏ်းရဲ့လက်အောက်မှာ ရှိနေတဲ့ အစစ်အမှန်မိသားစုကြီးတွေရဲ့ အစစ်အမှန်ပုံစံပဲ”
သူ့နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်များက တည်ငြိမ်စွာရပ်နေကြသည်။ သူတို့က အင်မော်တယ်အလင်းကို ထုတ်လွှတ်နေကြသည်။
“ခါးသီးအင်မော်တယ်နယ်မြေက ဖရိုဖရဲဖြစ်နေတယ်။ ငါတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်တဲ့နေရာမှာ အနှောင့်အယှက်တွေကို မလိုချင်ဘူး”
ကျူးယွင်က ရူးသွပ်နေပုံပေါ်ပြီး မျက်လုံးများက တောက်ပနေကြသည်။
သူက လက်မြှောက်ပြီး ရွှေရောင်အင်းကွက်တစ်ခုကို အသက်သွင်းသည်။
“အမိန့်၊ မြို့သုံးမြို့ရဲ့ အာဏာစက်အရ မူရုံမိသားစုကို အစွမ်းကုန်သုံးပြီး ရှင်းထုတ်ပစ်ရမယ်။ ဒီအမိန့်ကို ဂရုမစိုက်တဲ့လူတွေက မူရုံမိသားစုနဲ့အတူ ပျောက်ကွယ်သွားရမယ်”
“မူရုံမိသားစုက တိမ်မြူတာအိုဂိုဏ်းကို သစ္စာဖောက်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနဲ့ ပူးပေါင်းနေတယ်။ တာအိုဂိုဏ်းရဲ့လက်အောက်မှာရှိတဲ့ အင်အားစုတွေအားလုံးက ပူးပေါင်းပြီး မူရုံမိသားစုကို တိုက်ခိုက်ရမယ်”
အင်းကွက်က သန်းချီသောအလင်းတန်းများကို ထုတ်လွှတ်ပေးလိုက်ပြီး နေရာအနှံ့တွင် ပျောက်ကွယ်သွားကြသည်။
ကျူးယွင်က ရှေ့သို့ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်သည်။
“သူတို့က အပါးခိုနေတာနဲ့ပဲ ငါက ထွက်လာပြီး ဓားအင်မော်တယ်ကို ရင်ဆိုင်မယ်လို့ ထင်နေကြတာလား”
“တုံးလိုက်တာ”
သူ့နောက်တွင်ရှိနေသော တာအိုတန်ခိုးရှင်များကလည်း ပြုံးလိုက်ကြသည်။
“ဟုတ်တယ်။ ငါတို့ တာအိုဂိုဏ်းက ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ တစ်ဝက်လောက်ကို လွှမ်းမိုးထားပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်ထားတယ်။ အဲဒီပုရွက်ဆိတ်တွေကို အသုံးပြုသင့်တယ်မဟုတ်လား”
တာအိုတန်ခိုးရှင်ကျူးယွင်က ရယ်လိုက်ပြီး ရှေ့သို့ ကြည့်သည်။
တစ်ဖက်တွင် ရွှေအလင်းများ ပျောက်ကွယ်သွားပြီး ပုံရိပ်အများအပြားသည် သင်္ဘောပျံများဆီသို့ ပြေးဝင်လာကြသည်။
ထို့နောက် တောက်ပသောဓားအလင်း ပေါ်ထွက်လာသည်။
“ကောင်းလိုက်တဲ့ ဓားနည်းစနစ်ပဲ”
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ဖူယွီအင်မော်တယ်ကမ္ဘာကို စုစည်းမယ့် ငါတို့တာအိုဂိုဏ်းရဲ့လမ်းစဉ်မှာ အကြီးမားဆုံး အတားအဆီးတစ်ခုပဲ”
တာအိုတန်ခိုးရှင်ကျူးယွင်က အံတင်းတင်းကြိတ်ထားပြီး ပြောလိုက်သည်။
တခြားလူများက တိတ်ဆိတ်နေကြသည်။
....
သင်္ဘောပျံက ဆယ်သုံးရက်တိတိ ပျံသန်းပြီး မိုင်သန်းဆယ်ချီအကွာအဝေးကို ကျော်ဖြတ်ခဲ့သည်။ သူတို့က မြို့သုံးမြို့၏ နယ်မြေထဲမှ ထွက်လာခဲ့သည်။
သို့သော် သူတို့ကိုလိုက်ဖမ်းနေသော ကျင့်ကြံသူများ၏အရေအတွက်က လျော့နည်းမသွားပဲ တိုးလာခဲ့သည်။
ဟန်မူယဲ့က နေ့စဉ် လှုပ်ရှားနေရသည်။ သူက ကောင်းကင်အင်မော်တယ်ကိုးယောက်ကို သတ်ဖြတ်ခဲ့သည်။ အဆင့်နိမ့်ကျင့်ကြံသူများကတော့ မရေမတွက်နိုင်တော့ပေ။
သူက ပြင်းထန်သောသတ်ဖြတ်ခြင်းဆန္ဒကို ထုတ်လွှတ်နေသောကြောင့် မူရုံချီနှင့် တခြားလူများက သူ့အနားသို့ မကပ်ရဲကြပေ။
ထိုအချိန်တွင် သင်္ဘောပျံက နှေးကွေးသွားသည်။
ရှေ့တွင် ရာချီနေသော ကျင့်ကြံသူများက သူတို့ကို တားဆီးထားသည်။
သူတို့၏နောက်တွင် အင်မော်တယ်အလင်းကို ထုတ်လွှတ်၍ လိုက်ပါလာသော ကျင့်ကြံသူများ ရှိနေကြသည်။
သူတို့က ရှေ့နှင့်နောက်တွင် ရန်သူများဖြင့် ဝိုင်းရံနေသည်။
ကုန်းပတ်ပေါ်တွင်ရှိနေသော ဟန်မူယဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။ ဖိနှိပ်ထားသော တိုက်ခိုက်ခြင်းဆန္ဒက ပြန်လည်စုစည်းလာသည်။
သူ့လက်ချောင်းများက အနည်းငယ် တုန်ခါနေကြသည်။
ကြောက်ရွံ့ခြင်း မဟုတ်ပေ။
စိတ်လှုပ်ရှားခြင်း ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများက ဆူပွက်နေပုံပေါ်သည်။