အပိုင်း(၈၉၄)
Vol. 64 Ch. 894
ရွှေအင်မော်တယ်နှစ်ပါးက အရေးမပါသော မူရုံမိသားစုအတွက် တိုက်ခိုက်ခဲ့လျှင် အင်မော်တယ်ကမ္ဘာတွင် ဟာသဖြစ်သွားလိမ့်မည်။
ရွှေအင်မော်တယ်ရှုမင်က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို ကိုယ်စားပြုနိုင်ပြီး ရွှေအင်မော်တယ်လုကျီက တိမ်မြူတာအိုဂိုဏ်းကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့လျှင် နောက်ဆက်တွဲဖြစ်ရပ်များက ပိုမိုဆိုးဝါးသွားလိမ့်မည်။
ဟန်မူယဲ့က ရွှေအင်မော်တယ်ရှုမင်ကို ဦးညွတ်လိုက်ပြီး ကုန်းပတ်ပေါ်သို့ ပြန်ရောက်သွားသည်။
“သွားကြစို့”
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေသည်။
သူက သွေးများဖြင့် စွန်းပေနေပြီး ပင်ပန်းနေပုံပေါ်သည်။
မူရုံချီနှင့် တခြားလူများက စိတ်လှုပ်ရှားစွာ ဦးညွတ်လိုက်ကြသည်။
“သွားကြမယ်”
သင်္ဘောပျံဆယ့်နှစ်စင်းက တောရိုင်းမြေသို့ ဦးတည်လိုက်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ထွက်ခွာသွားသော သင်္ဘောပျံများကို ကြည့်နေကြသည်။ သူတို့က မျက်နှာဖြူဖျော့နေသော စုယွင်ကျီကို လှမ်းကြည့်လိုက်ကြသည်။ ရွှေအင်မော်တယ်နှစ်ပါးကတော့ ပျောက်ကွယ်သွားသည်။
ယွင်လန်ဓားအင်မော်တယ် ....
ထိုနာမည်သည် ဖူယွီအင်မော်တယ်ကမ္ဘာတွင် ပျံ့နှံ့လာလိမ့်မည်။
သူက ကတိစကားတစ်ခွန်းအတွက် မူရုံမိသားစုကို မိုင်သန်းတစ်ရာအကွာအထိ စောင့်ရှောက်ပေးခဲ့သည်။
သူက ရွှေအင်မော်တယ်နှင့် တိုက်ခိုက်နိုင်သော ဓားချက်ကို ထုတ်ဖော်ခဲ့သည်။
ထိုလူမျိုးက ပါရမီရှင်တစ်ယောက် ဖြစ်သည်။
“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်။ ဒီနေ့ကစပြီး ဖူယွီအင်မော်တယ်ကမ္ဘာမှာ နောက်ထပ်ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာပြီ”
လူတစ်ယောက်က သင်္ဘောပျံများ ပျောက်ကွယ်သွားသောနေရာကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ယွင်လန်မြို့နဲ့ ယွင်ထန့်တောရိုင်းမြေက ပြောင်းလဲမှုတွေ ဖြစ်သွားတော့မယ်။ ငါတို့က အဲဒီမှာ အခွင့်အရေးကို ရှာဖွေနိုင်လိမ့်မယ်”
လူတစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် ညင်သာစွာပြောလိုက်သည်။
လူအများက သင်္ဘောပျံများ၏နောက်မှ ယွင်ထန့်တောရိုင်းမြေသို့ လိုက်သွားကြသည်။
ကျင့်ကြံခြင်းလောကတွင် အာရုံစူးစိုက်မှု ကောင်းမွန်မှသာ အခွင့်အရေးကို ရရှိနိုင်မည်။
ယွင်လန်ဓားအင်မော်တယ်နှင့် ယွင်လန်မြို့က တိုးတက်လာလိမ့်မည်။ စောစီးစွာ ရင်းနှီးမြှုပ်နှံထားနိုင်သောလူက လုံလောက်သောအကျိုးအမြတ်ကို ရရှိလိမ့်မည်။
“ဒါက ယွင်ထန့်တောရိုင်းမြေပဲ”
သင်္ဘောပျံများက အဆုံးမရှိသော တောရိုင်းမြေသို့ ရောက်လာသောအခါတွင် ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်သည်။
တောရိုင်းမြေ ....
သူတို့က တာအိုဂိုဏ်း၏ နယ်မြေထဲမှ အပြည့်အဝ ထွက်လာနိုင်ခဲ့သည်။
မူရုံချီနှင့် တခြားလူများက ရှုပ်ထွေးသောခံစားချက်များဖြင့် နောက်သို့ ပြန်လှည့်ကြည့်မိသည်။
တောရိုင်းမြေ၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက သင်္ဘောပျံများကို လာရောက်နှုတ်ဆက်ကြသည်။
ယွင်လန်မြို့သခင် ပြိုင်ဘက်ကင်းဟန်က မူရုံမိသားစုကို ကာကွယ်ပြီး တိမ်မြူတာအိုဂိုဏ်း၏ နယ်မြေမှ ယွင်ထန့်တောရိုင်းမြေအထိ လုံခြုံစွာ ရောက်လာခဲ့သည်။ ယွင်ထန့်တောရိုင်းမြေက ဂုဏ်ယူဝင့်ကြွားနိုင်သည်။
ချက်ချင်းဆိုသလိုပင် သိန်းချီသော ကျင့်ကြံသူများက သင်္ဘောပျံဆယ့်နှစ်စင်း၏ အပြင်ဘက်တွင် စုစည်းလာကြသည်။
ဆယ်ရက်အကြာတွင် မြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်။
ပိုးထည်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လေထုထဲတွင် ရပ်နေပြီး သင်္ဘောပျံများကို ကြည့်သည်။ သူက ပြုံးလိုက်ပြီး ညင်သာစွာ ဦးညွတ်သည်။
“ယွင်လန်ဓားအင်မော်တယ်ကို နှုတ်ဆက်ပါတယ်”
“ဓားအင်မော်တယ်ကို တောရိုင်းမြေကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ယွင်ထန့်တောရိုင်းမြေကို ဂုဏ်တက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူက သင်္ဘောပျံဆယ့်နှစ်စင်းကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ယွင်လန်မြို့နဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ချိတ်ဆက်ပြီးပါပြီ။ အားလုံးပဲ အိမ်ပြန်လို့ ရပါပြီ”
အိမ်ပြန်ရမည်။
ယခုအချိန်မှစ၍ ယွင်လန်မြို့သည် သူတို့၏အိမ် ဖြစ်လာလိမ့်မည်။
မူရုံမိသားစုဝင်များက စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် မတ်တပ်ရပ်လာကြသည်။
“ကောင်းပြီ။ အဲဒါဆိုရင်လည်း အိမ်ပြန်ကြတာပေါ့”
ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ လူအိုကြီးကို နှုတ်ဆက်လိုက်ပြီး ရှေ့သို့ကြည့်သည်။
တစ်ဖက်တွင် ဇောင်ပိုင်ချွမ်၊ ကျန်းကျန်ပေါင်၊ ကျောက်ချင်ကျန်းနှင့် တခြားလူများက ပျော်ရွှင်စွာ စောင့်ဆိုင်းနေကြသည်။
ယွင်လန်မြို့နှင့် ချိတ်ဆက်ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အချိန်အတွင်း၌ တည်ဆောက်နိုင်သောကြောင့် ကျောက်ချင်ကျန်း၏ စွမ်းဆောင်ရည်က အလွန်ထူးချွန်သည်။
“ယွင်လန်မြို့ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် မြို့သခင်”
ဇောင်ပိုင်ချွမ်က အော်ဟစ်လိုက်ပြီး လက်ဟန်ဖြင့် အချက်ပြသည်။
သူ့နောက်တွင်ရှိသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက တောက်ပလာသည်။
ယာယီ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ဖြစ်သည်။
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တည်ရောရွှေ့ပြောင်းခြင်းဝင်္ကပါ၏ အပြင်ဘက်သို့ ရောက်သွားသည်။
သူက ဝင်္ကပါထဲသို့ တိုက်ရိုက်ဝင်မသွားပဲ ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများကို ကြည့်သည်။
“ယွင်လန်မြို့က လူတိုင်းကို ကြိုဆိုနေပါတယ်”
“လောကမှာ သွားစရာမရှိတဲ့လူတွေက ယွင်လန်မြို့ကို အိမ်အဖြစ် သတ်မှတ်နိုင်တယ်”
ယွင်လန်မြို့သည် အိမ်ဖြစ်သည်။
‘အင်မော်တယ်ကျင့်ကြံသူတွေမှာ အိမ်ရှိကြလား’
ရှိသည်။
တစ်ကိုယ်တော်ကျင့်ကြံသူတချို့ကသာ မှီခိုစရာမရှိကြပေ။ ကျင့်ကြံသူအများစုက ဂိုဏ်း သို့မဟုတ် မိသားစုတစ်ခုကို မှီခိုထားကြသည်။ သူတို့က အင်အားစုတချို့ကို အမြဲထုတ်သုံးနိုင်သည်။
သို့သော် အင်အားစုကြီးများ၏ရှေ့တွင် သူတို့၏ခွန်အားက မလုံလောက်တော့ပေ။
ကုန်သွယ်ရေးအဖွဲ့များကဲ့သို့ ဖြစ်သည်။ သူတို့က အင်အားစုလေးများကြားတွင် နာမည်ကြီးပြီး အရင်းအမြစ်များကို ထိန်းချုပ်ထားသည်။
သို့သော် အင်အားစုကြီးများအတွက် ကုန်သွယ်ရေးအဖွဲ့က အသုံးပြုစရာပစ္စည်းတစ်ခုသာ ဖြစ်သည်။
မရေမတွက်နိုင်သော အင်အားစုလေးများသည် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ လက်အောက်ခံဂိုဏ်းအဖြစ် နေထိုင်ပြီး အရင်းအမြစ်တချို့ ရယူနိုင်ရန်အတွက် ကြိုးစားရုန်းကန်နေရသည်။
ထိုအင်အားစုလေးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက် အိမ်မရှိပေ။
သို့သော် ယနေ့တွင် ကိစ္စရပ်များက ပြောင်းလဲသွားခဲ့သည်။
ယွင်ထန့်တောရိုင်းမြေ၏ ယွင်လန်မြို့က လောကတွင်ရှိသော အဆင့်နိမ့်ကျင့်ကြံသူများနှင့် အင်အားစုလေးများကို လက်ခံရန် ဆန္ဒရှိသည်။
ယွင်လန်မြို့က သူတို့၏အိမ် ဖြစ်လာမည်။
ယွင်လန်မြို့က အဘယ်ကြောင့် ယုံကြည်ချက်ရှိနေသနည်း။
ယွင်လန်မြို့၏ ယွင်လန်ဓားအင်မော်တယ်သည် မူရုံမိသားစုကို မိုင်သန်းတစ်ရာအထိ ကာကွယ်ပေးပြီး ယွင်ထန့်တောရိုင်းမြေသို့ ခေါ်လာခဲ့သည်။
ယွင်လန်ဓားအင်မော်တယ်က လမ်းတစ်လျှောက်တွင် ရန်သူများအားလုံးကို သတ်ဖြတ်ပြီး ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် ဦးညွတ်စေခဲ့သည်။
လူတစ်ယောက်နှင့် ဓားတစ်လက်သည် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော တိမ်မြူတာအိုဂိုဏ်းကို ဆန့်ကျင်ခဲ့သည်။
သူက ကတိစကားကို ထိန်းသိမ်းပြီး ဓားတစ်လက်ဖြင့် ဂုဏ်သိက္ခာကို ကာကွယ်ခဲ့သည်။
မိုင်သန်းတစ်ရာခရီးစဉ်သည် တာအိုရှာဖွေခြင်းခရီးစဉ် ဖြစ်ခဲ့သည်။
ဟန်မူယဲ့က ယွင်လန်မြို့သို့ ပြန်ရောက်လာသောအခါတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ လိုက်လာကြသည်။
အကယ်၍ ယွင်လန်မြို့က သူတို့၏အိမ် ဖြစ်လာလျှင် သူတို့က အရာအားလုံးကို ပုံအပ်နိုင်သည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ အလင်းရောင်က လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော လူများက ယွင်လန်မြို့တွင် ပေါ်လာကြသည်။
မြို့ကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများက တောက်ပသွားကြသည်။
ယွင်လန်မြို့သို့ ရောက်လာသော မူရုံမိသားစုကို သေချာဂရုစိုက်ပေးလိုက်ကြသည်။
သူတို့က ဟန်မူယဲ့ကို သစ္စာရှိကြသည်။ ကျန်းကျန်ပေါင်နှင့်အတူ လိုက်လာသော ဓားဂိုဏ်း၏ တပည့်များထက်ပင် ပိုသစ္စာရှိသည်။
ယွင်လန်မြို့သို့ အဆက်မပြတ်ရောက်လာသော ကျင့်ကြံသူများက အစပိုင်းတွင် လုံလောက်စွာ သစ္စာရှိမည်မဟုတ်သော်လည်း မြို့ထဲတွင် နေထိုင်လိုက်လျှင် ဖြည်းဖြည်းချင်း သစ္စာရှိလာလိမ့်မည်။
ယွင်လန်မြို့သည် မရေမတွက်နိုင်သော အခွင့်အရေးများဖြင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့က ထိုကိစ္စများကို ကိုယ်တိုင်ဆောင်ရွက်ရန် မလိုအပ်ပေ။
သူက မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ပြီး ဓားတာအိုတွင် ပိုမိုအစွမ်းထက်လာခဲ့သည်။ ထိုအရာသည် ဂုဏ်သတင်းနှင့် ကြွယ်ဝမှုထက် ပိုမိုကောင်းမွန်သည်။
သူက တိုက်ပွဲများကို သုံးသပ်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသည်။
ဓားအလင်းသည် အင်မော်တယ်အလင်းနှင့် ထိတွေ့သွားသည်။
ကောင်းကင်အင်မော်တယ်ဝမ်ရှို့ကို သတ်ဖြတ်လိုက်သော ဓားသည် ကမ္ဘာငယ်ထဲတွင် ပုန်းကွယ်နေသည်။
စုယွင်ကျီနှင့် တိုက်ပွဲတွင် ချီစွမ်းအင်၊ အင်မော်တယ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့၏ ပေါင်းစပ်မှုသည် ထိပ်တန်းအဆင့်ဓားချက်အဖြစ် ပြောင်းလဲသွားသည်။
....
တိုက်ခိုက်ခြင်းဆန္ဒနှင့် သတ်ဖြတ်ခြင်းဆန္ဒသည် သူ့ခန္ဓာကိုယ်ပေါ်တွင် သွယ်ယှက်နေကြသည်။ သူက ဓားဆန္ဒကို အခြေခံအုတ်မြစ်အဖြစ် ထားရှိပြီး ပိုမိုသန်မာလာသည်။
တစ်ချိန်လုံး စုဆောင်းထားခဲ့သော ဓားတာအိုကျင့်ကြံခြင်းသည် သူအဆင့်တက်သွားရန်အတွက် အထောက်အပံ့တစ်ခု ဖြစ်လာသည်။
“လူသားလောကရဲ့ ဓားနည်းစနစ်တွေက အားကောင်းပေမဲ့ အင်မော်တယ်ကမ္ဘာမှာ ချို့ယွင်းချက်ရှိသွားတယ်”
“နည်းစနစ်တွေက တာအိုထက် နိမ့်ကျနေတာပဲ”
“ဓားတာအိုက ဓားရဲ့ထက်မြိမှုကို ကျင့်ကြံခြင်းအနေနဲ့ အသုံးချတယ်”
“ငါက တိုက်ပွဲတိုင်းမှာ မရှုံးနိမ့်ခဲ့ဘူး။ ငါ့နှလုံးသားထဲမှာ ဓားရှိပြီး တရားမျှတမှုကို ထိန်းသိမ်းထားတယ်”
ဤတစ်ကြိမ်တွင် ဟန်မူယဲ့၏ တံခါးပိတ်ကျင့်ကြံခြင်းက သုံးနှစ်ကြာခဲ့သည်။
လွန်ခဲ့သော သုံးနှစ်တွင် သူက မြို့သခင်ခြံဝိုင်းထဲမှ ထွက်မလာခဲ့ပေ။
ထိုသုံးနှစ်တွင် သူ၏ ဓားတာအိုကျင့်ကြံခြင်းက အလွန်ပြောင်းလဲသွားသည်။
စုပိုင်ကျီနှင့် တိုက်ပွဲတွင် ကောင်းကင်လွှမ်းမိုးအလံ၏ ဖိအားကြောင့် သူ၏ ဝိညာဉ်စွမ်းအားက အလွန်သိပ်သည်းသွားခဲ့သည်။
ဓားတာအိုစွမ်းအားကလည်း ပိုမိုထက်မြိလာပြီး ရွှေအင်မော်တယ်ရှုမင်နှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။
လွန်ခဲ့သောသုံးနှစ်တွင် သူက ဓားတာအိုကို နားလည်သဘောပေါက်အောင် သုံးသပ်နေခဲ့သည်။ သူက ရှုံးနိမ့်ခြင်းမရှိပဲ ရွှေအင်မော်တယ်ရှုမင်နှင့် ဓားကွက်ဆယ်ကွက်အထိ တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ကောင်းကင်အင်မော်တယ်နှင့် ရွှေအင်မော်တယ်က အလွန်ကွာခြားသည်။
ထို့အပြင် ဟန်မူယဲ့က ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ခါစဖြစ်ပြီး ကမ္ဘာငယ်ကိုပင် မတည်ဆောက်ရသေးပေ။
တခြားလူများက ထိုကျင့်ကြံဆင့်မျိုးနှင့် ဓားဂိုဏ်း၏ ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။
“စုယွင်ကျီပေးတဲ့ဖိတ်စာကို သိမ်းထားလိုက်ပါ။ နောက်ထပ် နှစ်ပေါင်းသုံးရာနေရင် ပါရမီရှင်စုဝေးပွဲမှာ မင်းက ငါတို့ဓားဂိုဏ်းကို ကိုယ်စားပြုရမယ်”
“ဒါက အခွင့်အရေးကြီးတစ်ခုပဲ။ လွဲချော်မသွားစေနဲ့”
ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါတွင် ရွှေအင်မော်တယ်ရှုမင်နှင့် တွေ့လိုက်ရသည်။
ရှုမင်က ကျင့်ကြံရာမှ ပြန်ထွက်လာမည့်အချိန်ကို တွက်ချက်ထားခဲ့သည်ဟု ပြောသည်။
ရှုမင်က ပါရမီရှင်စုဝေးပွဲနှင့် ပတ်သတ်ပြီး အလွန်တက်ကြွနေသည်။
နှစ်သုံးရာတိုင်း၏ ပါရမီရှင်စုဝေးပွဲသည် အင်မော်တယ်လောကတစ်ခုလုံးအတွက် ခမ်းနားသောပွဲတစ်ပွဲဖြစ်ပြီး ဂိုဏ်းအသီးသီးမှ ပါရမီရှင်များ၏ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးနိုင်သည်။
“အဲဒီပွဲကို နတ်ဘုရားလောကရဲ့ ကောင်းကင်စက်ဝန်းက စီစဉ်တယ်”
“မင်းက ကောင်းကင်စက်ဝန်းအကြောင်းကို သိစရာမလိုသေးဘူး။ ရွှေတောင်ထွတ်ရဲ့ ထိပ်ဆုံးလူတစ်သောင်းထဲမှာ ပါသွားရင် ကောင်းကင်အထိ ရောက်သွားလိမ့်မယ်ဆိုတာကိုပဲ သိထားလိုက်ပါ”
ရှုမင်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး နောင်တများဖြင့် သက်ပြင်းချသည်။
“ငါနဲ့ ဂိုဏ်းတူအစ်ကိုက အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အဆင့်သုံးသောင်းကျော်ပဲ ရခဲ့တယ်”
“ဖူယွီအင်မော်တယ်ကမ္ဘာက တခြားအင်မော်တယ်ကမ္ဘာတွေထက် အားနည်းနေတယ်”
အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားလောက၏ ကောင်းကင်စက်ဝန်းသည် အမြဲဆက်သွယ်နေသည်။
အင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များကသာ နတ်ဘုရားလောကအကြောင်းကို နားလည်ကြသည်။
ရှုမင်က ဟန်မူယဲ့ကို အသိအမှတ်ပြုထားသောကြောင့် ထိုအကြောင်းကို ထုတ်ပြောခဲ့သည်။
အကယ်၍ ရှုမင်က မပြောခဲ့လျှင်ပင် ဟန်မူယဲ့က အရာအားလုံးကို သိနေသည်။
ရှုမင်၏ ရောင်စုံတိမ်တိုက်ဓားသည် သူ့လက်ထဲတွင် ရှိနေသေးသည်။
ဟန်မူယဲ့က ဓား၏မှတ်ဉာဏ်များကို ကြည့်ရှုခဲ့သည်။
ဖူယွီအင်မော်တယ်ကမ္ဘာ ....
တခြားကမ္ဘာများနှင့် နတ်ဘုရားလောက ....
ရွှေအင်မော်တယ်တစ်ပါး၏ မှတ်ဉာဏ်များသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။