ငွေရပေါက်
Vol. 52 Ch. 718
ယဲ့ချန်သည် ချိုးရဲအား နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်ထားသော ချပ်ဝတ်ကို နတ်ဆိုးကုန်သည်အဖွဲ့ထံ ရောင်းချခိုင်းလိုက်သည်။ နာရီဝက်အကြာတွင် သူက သုံးသန်းနှင့် ဝယ်ယူခဲ့သည့် သွေးမီးတောက်ချပ်ဝတ်ကို နှစ်ဆယ့်ငါးသန်းဖြင့် ရောင်းချပြီး ပြန်ရောက်လာသောကြောင့် စျေးနှုန်းက ရှစ်ဆအထိ မြင့်တက်သွားခဲ့သည်။ ရတနာတစ်ခု၏အဆင့်က ပိုမြင့်လေလေ စျေးနှုန်းမြင့်ရန် ပို၍လွယ်ကူလေလေဖြစ်ပြီး ချမ်းသာသော မင်းမျိုးနွယ်ဝင်များသာ ဤချပ်ဝတ်မျိုးကို ဝယ်ယူနိုင်ကြသည်။ နတ်ဆိုးဝိညာဥ်နှင့်ပေါင်းစပ်ထားသော ချပ်ဝတ်မျိုးက သူတို့အတွက် ဆွဲဆောင်အားပြင်းလွန်းနေပြီး အထူးသဖြင့် မျက်နှာပြင်ထက်တွင် စီးဆင်းနေသော အချိန်လေဟာနယ်ချီများကြောင့် စျေးမြှင့်ရောင်းရန် လွယ်ကူပေသည်။ နတ်ဆိုးကုန်သည်အဖွဲ့က ရှစ်ဆအထိ စျေးတက်ဝယ်ယူလိုက်သောကြောင့် အခြားကြယ်အဖွဲ့အစည်းများတွင် ပို၍စျေးတင်ရောင်းချနိုင်သည်မှာ သေချာပေသည်။
"ချိုးရဲ သန်း၂၅၀နဲ့ဆိုရင် ဘယ်ချပ်ဝတ်မျိုးကို ဝယ်နိုင်မလဲ"
ယဲ့ချန်က တစ်ချက်တွေး၍ မေးလိုက်ခြင်းဖြစ်သည်။
"အမှန်တရားချပ်ဝတ်က သန်းနှစ်ရာတန်ကြေးရှိပြီး နတ်အစေခံအဆင့်ငါးအောက်က တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တယ်"
ချိုးရဲက ဖြေလိုက်သည်။
"ဒါဆိုရင် အမှန်တရားချပ်ဝတ်တစ်စုံ ဝယ်ခဲ့"
သူက လေးနက်စွာစဥ်းစား၍ အမိန့်ပေးလိုက်၏။ ကြယ်သခင်တစ်ယောက်ဖြစ်လာရန်အတွက် အချိန်လေဟာနယ်တာအိုကို နားလည်ရန် လိုအပ်ပြီး သူကသာ ၎င်းတာအိုပါဝင်သော ချပ်ဝတ်တစ်ခုကို ဖန်တီးလိုက်လျှင် နတ်အစေခံများ သေချာပေါက် စိတ်ဝင်စားမည်ဖြစ်သောကြောင့် စျေးနှုန်းက သေချာပေါက် မြင့်တက်လာပေလိမ့်မည်။ ချိုးရဲက အမှန်တရားချပ်ဝတ်ကို မိစ္ဆာရွှေသန်းနှစ်ရာအသုံးပြုကာ ဝယ်ယူခဲ့ပြီး နတ်ဆိုးကုန်သည်အဖွဲ့က ၎င်းကိုပြန်ဝယ်လျှင် သန်းတစ်ရာ့ငါးဆယ်သာ စျေးပေးပေလိမ့်မည်။ ရွှေရောင်ရင့်ရင့်တောက်ပနေပြီး ရေလှိုင်းသဏ္ဍာန်ရုန်းများ စီရင်ထားသော ချပ်ဝတ်ကို ယဲ့ချန်က စစ်ဆေးလိုက်သည်။ ၎င်းတွင် အစိတ်အပိုင်းခြောက်ခုရှိပြီး တစ်ခုချင်းစီကို ကောင်းမွန်စွာ သွန်းလုပ်ထားသည်။ တိုက်ခိုက်ရေးအပိုင်းများတွင် ထက်ရှသောဆူးချွန်များ တပ်ဆင်ထားကာ ထွက်ပေါ်နေသော ဖိအားက သူ့ကိုပင် တုန်ယင်သွားစေသည်။ ဤကား နတ်အစေခံအဆင့်ငါးအောက် ကျင့်ကြံသူများ မချိုးဖျက်နိုင်သော အစွမ်းထက် ကာကွယ်ရေးရတနာဖြစ်သောကြောင့် ဝယ်ယူရန်အတွက် သူ၏ပိုင်ဆိုင်မှုအားလုံးနီးပါး ကုန်ခမ်းသွားခဲ့ရသည်။
အကယ်၍ ကျင့်ကြံသူတစ်ယောက်သာ အမှန်တရားချပ်ဝတ်ကို တပ်ဆင်ထားလျှင် နတ်အစေခံအဆင့် တစ်နှင့်နှစ်များက ထိခိုက်အောင် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ သို့သော် နတ်အစေခံအဆင့်ငါးနှင့်အထက် ကျင့်ကြံသူများကမူ ဆက်တိုက်တိုက်ခိုက်ခြင်းဖြင့် ၎င်း၏ကာကွယ်နိုင်စွမ်းကို ကျော်ဖြတ်နိုင်ပြီး ဖြည်းဖြည်းချင်း ပျက်စီးစေနိုင်သောကြောင့် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ၎င်းထက် တစ်ဆင့်ပိုမြင့်သော နဂါးတောင်ပံချပ်ဝတ်ကို သန်းခြောက်ထောင်ဖြင့်ရောင်းချပြီး နတ်အစေခံအဆင့်တစ်ဆယ်များပင် ထိုးဖောက်ရန် အလွန်ခက်ခဲပေသည်။ ၎င်းက သန်းခြောက်ထောင်တန်သောကြောင့် ပို၍အဆင့်မြင့်သော နတ်စစ်သူကြီးချပ်ဝတ်၏တန်ဖိုးဆိုလျှင် ဆိုဖွယ်ရာမရှိချေ။ မရဏကြယ်တစ်ခုလုံးရှိ ငွေကြေးများအားလုံး ပေါင်းစပ်လိုက်သည့်တိုင်အောင် နတ်စစ်သူကြီးချပ်ဝတ်တစ်စုံနှစ်စုံသာ ဝယ်ယူနိုင်စွမ်းရှိပေလိမ့်မည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သာ ၎င်းကို ဝတ်ဆင်ထားလျှင် ကြယ်သခင်အထွတ်အထိပ်အဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသောကြောင့် ယဲ့ချန်က ပိုင်ဆိုင်ရန် ရည်ရွယ်ထားသော်လည်း ရေရှည်အတွေးသာဖြစ်သည်။
သူက အမှန်တရားချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုချင်းစီတွင် နတ်ဆိုးဝိညာဥ်သုံးလေးကောင်စီ ပေါင်းစပ်လိုက်ပြီး စုစုပေါင်း ဝိညာဥ်အကောင်နှစ်ဆယ် အသုံးပြုခဲ့သည်။ ချပ်ဝတ်က ကြီးကြီးမားမားပြောင်းလဲသွားကာ ပိုမိုဆန်းကျယ်သော ရွှေရောင်အလင်းများ တောက်ပလာ၍ ကာကွယ်ရေးရုန်းများတွင် အချိန်လေဟာနယ်ချီများ ပါဝင်လာခဲ့သည်။ ၎င်းစွမ်းအင်ပါဝင်သော ရတနာတိုင်းက နတ်အစေခံများ၏ မျက်စိကျစရာဖြစ်သောကြောင့် သူက ချိုးရဲနှင့် မိုရန်အား ဦးဆောင်ကာ နတ်ဆိုးယာဥ်ကြီးပေါ်ရှိ ချပ်ဝတ်အရောင်းအဝယ်လုပ်သည့်နေရာသို့ ကိုယ်တိုင်ထွက်ခွာလာခဲ့သည်။ ခဏအကြာတွင် သူက ထိုနေရာ၌ အရောင်းအဝယ်လုပ်ဖူးသော ခေါင်းဆောင်ချော်ရည်ကို တွေ့လိုက်ရသည်။ ထိုလူက သူ့ကိုမြင်သောအခါ ဖော်ရွေစွာ ကြိုဆိုလိုက်သည်။ ချိုးရဲက ရတနာများစွာရောင်းချခဲ့ပြီး နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်ထားသောကြောင့် နတ်ဆိုးကုန်သည်အဖွဲ့အတွက်လည်း အမြတ်ထွက်ခဲ့သည်။
"ခေါင်းဆောင်ချော်ရည်"
ယဲ့ချန်က နှုတ်ခွန်းဆက်လိုက်သည်။
"ဒီတစ်ခေါက်ရော ဘယ်လိုရတနာမျိုး ရောင်းချင်ပါသလဲ"
ချော်ရည်က တစ်ချက်ပြုံး၍ မေးလိုက်သည်။ သူ၏အမြင်အရ ဤသုံးယောက်တွင် ယဲ့ချန်က ခေါင်းဆောင်ဖြစ်ပြီး ယခင်အခေါက်များတွင် မိစ္ဆာရွှေသန်းချီတန်သော အရောင်းအဝယ်များကို ချိုးရဲနှင့် မိုရန်ကသာ တာဝန်ယူခဲ့သည်။ ထို့ကြောင့် ယဲ့ချန်ကိုယ်တိုင် ရောက်ရှိလာသောအခါ ယခုတစ်ခေါက် အရောင်းအဝယ်က ရိုးရှင်းမည်မဟုတ်ကြောင်း ခန့်မှန်းလိုက်သည်။
"ဒီရတနာ"
ယဲ့ချန်က အမှန်တရားချပ်ဝတ်မှ အစိတ်အပိုင်းတစ်ခုကို သိုလှောင်အိတ်အတွင်းမှ ထုတ်ပြလိုက်သည်။ ၎င်းက ရွှေရောင်ရင့်ရင့် ထွန်းလင်းနေပြီး ဆန်းကျယ်ခမ်းနားသယောင် ထင်မှတ်ရသည်။
"ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ"
ယဲ့ချန်ထုတ်ပြလိုက်သော အရာကြောင့် ချော်ရည်၏မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း ချက်ချင်းသဘောပေါက်လိုက်ပြီး တီးတိုးဖိတ်ခေါ်ခဲ့သည်။ သူ၏ဦးဆောင်မှုဖြင့် ယဲ့ချန်တို့သည် နံရံတစ်ခုထံ ရောက်ရှိလာကာ သူက မြောင်းတစ်ခုအတွင်း တံဆိပ်တစ်ခု ထည့်သွင်းလိုက်၏။ နံရံက ဝုန်းခနဲပွင့်ထွက်သွားကာ ကျယ်ဝန်း၍ခမ်းနားပြီး အဆုံးမရှိရှည်လျားသော စင်္ကြံလမ်းတစ်ခု ထွက်ပေါ်လာသည်။ လမ်း၏ဝဲယာတွင် သီးသန့်ခန်းများတည်ဆောက်ထားပြီး အရေးကြီးအရောင်းအဝယ်များကိုသာ ပြုလုပ်ရန် နတ်ဆိုးကုန်သည်အဖွဲ့က ခွင့်ပြုထားသည်။ လမ်းပေါ်တွင် မရဏကြယ်မှ မင်းမျိုးနွယ်ဝင်အချို့နှင့် ကုန်သည်အဖွဲ့၏ ဧည့်သည်တော်များရှိနေပြီး ယဲ့ချန်ကို အကဲခတ်လိုက်သောလည်း တစ်ကြိမ်မှမမြင်ဖူးသောကြောင့် မရင်းနှီးကြပေ။ ချော်ရည်က သီးသန့်အခန်းတစ်ခုကို ဖွင့်လိုက်သောအခါ အလွန်ကျယ်ဝန်းပြီး အဖိုးတန်စားပွဲကုလားထိုင်များ ခင်းကျင်းထားကာ လှပခမ်းနားစွာ ပြင်ဆင်ထားကြောင်း မြင်လိုက်ရသည်။ ထို့အပြင် အစွမ်းထက်အစီအရင်တစ်ခုနှင့် ဖုံးကွယ်ထားသောကြောင့် အပြင်ဘက်မှ ချောင်းမြောင်းစစ်ဆေးရန် မဖြစ်နိုင်ပေ။ ယဲ့ချန်တို့သုံးယောက်က ထိုင်ခုံများပေါ်တွင် နေရာယူလိုက်ကြသည်။
"ဂုဏ်သရေရှိဧည့်သည်တော်များ လက်ဖက်ရည်သုံးဆောင်ပါဦး။ မင်းက အမှန်တရားချပ်ဝတ်တစ်စုံလုံးကို ရောင်းဖို့ စီစဥ်ထားလားဆိုတာ သိပါရစေ"
ခေါင်းဆောင်ချော်ရည်၏ဆက်ဆံပုံက ပို၍သိမ်မွေ့လာပြီး ယဲ့ချန်ကိုကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ သူက အဓိပ္ပါယ်ပါပါ စိုက်ကြည့်လာခဲ့သည်။ တစ်ဖက်လူ ရောင်းချသော ရတနာများက အခြားရတနာများနှင့်ကွဲပြားပြီး အထူးပန်းပဲပညာတစ်ခုဖြင့် စီမံထားပုံပေါ်သည်။ သူသိထားသလောက်အရ နတ်ဆိုးကုန်သည်အဖွဲ့က အမှန်တရားချပ်ဝတ်တစ်ခုကို မကြာခင်က ရောင်းချထားခဲ့သောကြောင့် ယဲ့ချန်က ပြင်ဆင်လိုက်ပုံပေါ်သည်။ ယဲ့ချန်က အမှန်တရားချပ်ဝတ်ကို ထုတ်ပြလိုက်သောအခါ ချော်ရည်က စူးစိုက်ကြည့်ရှု၍ လေးနက်စွာ စစ်ဆေးလိုက်သည်။ သူက ချပ်ဝတ်ကို ညာလက်ဖြင့် ပွတ်သပ်လိုက်သောအခါ စီးဆင်းနေသော အချိန်လေဟာနယ်ချီများကို အာရုံခံမိခဲ့သည်။ နတ်အစေခံများက ဤစွမ်းအင်ကို ငမ်းငမ်းတက်လိုချင်နေပြီး ၎င်းနှင့် အချိန်တိုင်းထိတွေ့နေလျှင် အချိန်လေဟာနယ်တာအိုလေ့လာရာ၌ ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။
"တကယ့်ကို ရတနာကောင်းလေးပဲ။ အနည်းဆုံး သန်းငါးရာတန်တယ်။ သန်းခြောက်ရာခုနစ်ရာပေးပြီးတောင် ဝယ်နိုင်တယ်"
ချော်ရည်က ချီးကျုးလိုက်သည်။ သန်းနှစ်ရာတန်ချပ်ဝတ်တစ်ခုကို နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်လိုက်သောအခါ သန်းငါးရာခြောက်ရာအထိ စျေးမြင့်လာသောကြောင့် ကြောက်ခမန်းလိလိ အမြတ်ထွက်ခြင်းဖြစ်သည်။ ချိုးရဲနှင့် မိုရန်က စိတ်လှုပ်ရှားနေကြပြီး ယဲ့ချန် တစ်ယောက်တည်းသာ တည်ငြိမ်စွာဖြင့် တစ်ဖက်လူ၏အမူအရာကို ဆက်တိုက်အကဲခတ်နေသည်။
"ကျုပ်သာမမှားရင် ဒီကမိတ်ဆွေက မဟာပန်းပဲဆရာတစ်ယောက် ဖြစ်လိမ့်မယ်။ အရင်ကရောင်းခဲ့သမျှရတနာတွေကို မင်းက ပြုပြင်မွမ်းမံလိုက်တာ ဖြစ်ရမယ်။ ဒီနည်းလမ်းကို ကျုပ်မသိပေမယ့် သေချာပေါက်ထူးခြားတဲ့ ပညာရပ်ဖြစ်ရမယ်"
ချော်ရည်သည် နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်လိုက်ပြီးနောက် ရတနာများ အဆင့်မြင့်လာခြင်းကို ပန်းပဲပညာဟု ထင်မှတ်နေသော်လည်း ယဲ့ချန်က ရှင်းမပြခဲ့ပေ။
"ခေါင်းဆောင်ချော်ရည်က ဘယ်စျေးပေးမလဲဆိုတာ သိပါရစေ"
"လောလောဆယ် ကျုပ်က မိတ်ဆွေနဲ့ ကိစ္စတစ်ခုလောက် ဆွေးနွေးချင်ပါတယ်။ နတ်ဆိုးကုန်သည်အဖွဲ့မှာ အလုပ်လုပ်ဖို့အတွက် ဖိတ်ခေါ်ပါရစေ။ ကျုပ်တို့က ပန်းပဲဆရာတွေလိုအပ်နေပြီး မင်းရဲ့ထူးခြားတဲ့ အရည်အချင်းကြောင့် တစ်ရက်ကို သန်းတစ်ထောင် အလွယ်တကူရှာဖွေနိုင်ပြီး နယ်မြေတစ်ခုကိုလည်း အပိုင်စားရပါလိမ့်မယ်။ နယ်မြေသခင်တစ်ယောက်အဖြစ် သွေးပြည်ထောင်ကလည်း အသိအမှတ်ပြုပါလိမ့်မယ်။ ကျုပ်တို့နတ်ဆိုးကုန်သည်အဖွဲ့က သွေးပြည်ထောင်ရဲ့ ကုန်သည်အဖွဲ့သုံးခုမှာ သေချာပေါက် အကောင်းဆုံးဖြစ်ပါတယ်"
ခေါင်းဆောင်ချော်ရည်က အသေအချာစဥ်းစား၍ ယဲ့ချန်ကို နတ်ဆိုးကုန်သည်အဖွဲ့တွင် အလုပ်လုပ်ရန် ကမ်းလှမ်းလိုက်သည်။ ယဲ့ချန်က ဤအကြောင်းကို တွေးလိုက်သောအခါ နတ်ဆိုးကုန်သည်အဖွဲ့သို့ဝင်လျှင် နတ်ဆိုးယာဥ်ကြီးနှင့်အတူ စကြဝဠာတစ်ခွင် လိုက်ပါသွားရပေလိမ့်မည်။ ထို့ကြောင့် သူက ကောင်းကင်မူလကြယ်သို့ပြန်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နတ်ဆိုးကုန်သည်အဖွဲ့က မည်သို့သော အင်အားစုမျိုးဖြစ်ကြောင်းကို သူက နားမလည်သောကြောင့် ပူးပေါင်းရန် အလျင်စလို မဆုံးဖြတ်ရဲချေ။
"ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ် အလုပ်မလုပ်ချင်သေးဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ သူ၏စကားကြောင့် ခေါင်းဆောင်ချော်ရည်က အနည်းငယ် စိတ်ပျက်သွားပုံပေါ်သည်။ သူက နတ်ဆိုးကုန်သည်အဖွဲ့အတွက် ဤသို့အစွမ်းထက် ပန်းပဲဆရာတစ်ယောက် ရှာဖွေပေးနိုင်လျှင် ဆုလာဘ်များစွာရမည် မဟုတ်ပါလော။
"ကျုပ်က ဒီအမှန်တရားချပ်ဝတ်အတွက် သန်းခြောက်ရာပေးပါမယ်။ မိတ်ဆွေ ဘယ်လိုသဘောရပါလဲ"
သူက ခဏတာတိတ်ဆိတ်ပြီးနောက် စျေးနှုန်းကမ်းလှမ်းလိုက်သည်။
"ရောင်းမယ်"
ဤစျေးက ထင်ထားသည်ထက် များနေသောကြောင့် ယဲ့ချန်က ချက်ချင်းသဘောတူလိုက်သည်။ ထို့အပြင် သူက ငွေရပေါက်အကြီးကြီးတစ်ခု ရှာတွေ့သွားကာ ကောင်းကင်လှေမဆိုထားနှင့်၊ အခြားအဖိုးတန်ရတနာများကိုပင် ဝယ်နိုင်စွမ်းရှိလာခဲ့သည်။
"ဒါက နတ်ဆိုးကုန်သည်အဖွဲ့ရဲ့ သံနက်တံဆိပ်ပါ။ ကျုပ်တို့နဲ့ အရောင်းအဝယ်လုပ်တဲ့ ပမာဏက မိစ္ဆာရွှေ သန်းငါးရာကိုကျော်သွားတဲ့အတွက် အသိအမှတ်ပြုတာပါ။ ဘီလီယံငါးဆယ်အထိရှိလာရင် ငွေတံဆိပ်ရမှာဖြစ်ပြီး ဘီလီယံငါးဆယ်အထက်ကျော်သွားရင်တော့ ရွှေဖြူတံဆိပ် ရမှာဖြစ်ပါတယ်။ ငါးရာဘီလီယံအထက် အရောင်းအဝယ်လုပ်ခဲ့ရင်တော့ ရွှေနက်တံဆိပ်တစ်ခု ပိုင်ဆိုင်ပါလိမ့်မယ်။ နတ်ဆိုးကုန်သည်အဖွဲ့က ကြယ်အဖွဲ့အစည်းတိုင်းမှာ ဌာနခွဲတွေဖွင့်ထားပြီး ဒီတံဆိပ်ကို အသုံးပြုလိုက်ရင် ဆက်သွယ်နိုင်ပါလိမ့်မယ်"
ချော်ရည်က သိုလှောင်အိတ်အတွင်းမှ အနက်ရောင်တံဆိပ်တစ်ခုကို ထုတ်ယူကာ ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ ယဲ့ချန်သည် ဤတံဆိပ်ကို ရှားပါးသတ္တုစပ်များဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့ရကာ သာမန်ပန်းပဲဆရာများ သွန်းလုပ်နိုင်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။ ဤတံဆိပ်များက အရေးကြီးဖောက်သည်များကို အသိအမှတ်ပြုရန်အတွက် နတ်ဆိုးကုန်သည်အဖွဲ့က ဖန်တီးထားသော နည်းလမ်းပင်ဖြစ်သည်။
"ရွှေနက်အဆင့်ကိုကျော်တဲ့ ဖောက်သည်မျိုးရော ရှိနေနိုင်လား။ ဒီစကြဝဠာထဲမှာ ငါတွေးနိုင်တာထက် ပိုပြီးချမ်းသာတဲ့ ကျင့်ကြံသူတွေရှိနေမှာ သေချာတယ်"
ယဲ့ချန်၏စိတ်ထဲတွင် ဤအတွေးက ချက်ချင်းဖြစ်ပေါ်လာသည်။ အရောင်းအဝယ်ပြုလုပ်ပြီးနောက် သန်းခြောက်ရာရလိုက်သဖြင့် နောက်ထပ်အမှန်တရားချပ်ဝတ်သုံးခု ထပ်မံဝယ်ယူကာ နတ်ဆိုးဝိညာဥ်များနှင့် ပေါင်းစပ်လိုက်သည်။ ၎င်းတို့ကိုရောင်းချခြင်းဖြင့် သူ၏ပိုင်ဆိုင်မှုက သန်းတစ်ထောင့်ရှစ်ရာအထိ တိုးပွားလာကာ ကျင့်ကြံသူများအတွက် အလွန်များပြားသော ပမာဏတစ်ခုဖြစ်သည်။ မရဏကြယ်ပေါ်တွင် သွေးတောင်ပံမှလွဲလျှင် အခြားမျိုးနွယ်များက ဤပမာဏမျိုးကို လက်ငင်းအသုံးမပြုနိုင်ချေ။