← Chapters

ရှဲ့လန်

Vol. 52 Ch. 719

ရှဲ့လန်

Vol. 52 Ch. 719

ယဲ့ချန်က ဤမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ ဆက်လက်ငွေရှာခဲ့သောကြောင့် နှစ်ရက်အကြာတွင် ၁၂ဘီလီယံအထိ ပိုင်ဆိုင်လာခဲ့သည်။ နတ်ဆိုးယာဥ်ကြီးရောက်ရှိနေသည်မှာ ငါးရက်ကြာသွားပြီဖြစ်၍ နှစ်ရက်အကြာတွင် ပြန်လည်ထွက်ခွာပေလိမ့်မည်။ ဆယ့်နှစ်ဘီလီယံဆိုသော အရောင်းအဝယ်ပမာဏကို မရဏကြယ်ပေါ်တွင် မြို့ဝန်အိမ်တော်မှလွဲလျှင် မည်သူမှမစွမ်းဆောင်နိုင်ပေ။ နတ်ဆိုးကုန်သည်အဖွဲ့၏ အကြီးအကဲများပင် အံ့သြသွားကြပြီးသူ့ အပေါ် ကောင်းစွာဆက်ဆံရန် ခေါင်းဆောင်ချော်ရည်ကို မှာကြားထားခဲ့သည်။ ထို့နောက် သူက ခြောက်ဘီလီယံတန် နဂါးတောင်ပံချပ်ဝတ်နှစ်စုံဝယ်ယူကာ နတ်ဆိုးဝိညာဥ်များနှင့် ပေါင်းစပ်လိုက်သည်။ ခြောက်ရက်မြောက်နေ့တွင် သူက ၎င်းတို့ကို ချော်ရည်ထံ သွားရောက်ရောင်းချလိုက်သောအခါ တစ်ဖက်လူက မင်သက်သွားခဲ့ရသည်။

နတ်စစ်သူကြီးချပ်ဝတ်ပြီးလျှင် နဂါးတောင်ပံချပ်ဝတ်က အဖိုးအတန်ဆုံးဖြစ်ကာ နတ်အစေခံတစ်ထောင်လျှင် တစ်ယောက်ပင် တတ်နိုင်မည်မဟုတ်ပေ။ ၎င်းက သွေးပြည်ထောင်မှ ရှေးဟောင်းမျိုးနွယ်ကြီးများနှင့် တော်ဝင်မျိုးနွယ်များသာ ဝယ်ယူနိုင်စွမ်းရှိသော ရတနာမျိုးဖြစ်သည်။ ယဲ့ချန်၏ပညာကြောင့် နဂါးတောင်ပံချပ်ဝတ်၏တန်ဖိုးက အနည်းဆုံး သုံးဆမြင့်တက်လာသည်ဟု ချော်ရည်က အကဲဖြတ်လိုက်ပြီး နှစ်စုံဆိုလျှင် ၃၆ဘီလီယံ ပေးချေရပေလိမ့်မည်။

"ကျုပ် ဒီလောက်ကြီးတဲ့ အရောင်းအဝယ်မျိုးကို တာဝန်မယူနိုင်ဘူး။ ခေါင်းဆောင်ချုပ်ကို အကြောင်းကြားရမယ်"

တစ်ဖက်လူက ငွေထုတ်စက်ကြီးကဲ့သို့ ရက်အနည်းငယ်အတွင်း ရှာဖွေခဲ့သည်မှာ သာမန်ကျင့်ကြံသူများ တဘဝလုံး ကြိုးစားရှာဖွေခဲ့သည်ထက် ပို၍များပြားနေသဖြင့် ချော်ရည်က နဖူးတွင် ချွေးစို့နေခဲ့သည်။ သူသာမက ချိုးရဲနှင့် မိုရန်သည်လည်း သခင်ဖြစ်သူက မိစ္ဆာရွှေဆယ်သန်းအရင်းပြု၍ ၁၂ဘီလီယံအထိ ရှာဖွေနိုင်ခဲ့သည်အား မျက်မြင်တွေ့ခဲ့ရသောကြောင့် အလွန်တုန်လှုပ်နေကြသည်။ ထို့အပြင် ဤပမာဏက အချိန်ခဏအတွင်း သုံးဆ မြင့်တက်သွားပြန်သည်။

"နတ်ဆိုးကုန်သည်အဖွဲ့ရဲ့ အရောင်းအဝယ်ကန့်သတ်ချက်က ဘယ်လောက်လဲ"

ယဲ့ချန်၏စိတ်ထဲတွင် ဤပမာဏလောက်ကို ကုန်သည်အဖွဲ့ကြီးက ထုတ်ပေးရန် မဖြစ်နိုင်သည်လားဟု သံသယဝင်နေခဲ့သည်။

"အထင်မလွဲပါနဲ့။ ကျုပ်တို့ရဲ့နတ်ဆိုးယာဥ်ပေါ်မှာ ငွေဘီလီယံရာချီ သယ်ဆောင်လာပြီး ကျုပ်တို့ဌာနခွဲက တစ်ထရီလီယံအထိ အသုံးပြုခွင့်ရထားပါတယ်။ ၃၆ဘီလီယံက ပြဿနာမဟုတ်ပေမယ့် ကျုပ်အဆင့်လောက်နဲ့ ဆုံးဖြတ်ခွင့်မရှိတဲ့အတွက် ခေါင်းဆောင်ကို သတင်းပို့ရပါတယ်"

ယဲ့ချန်၏သံသယကို ရိပ်စားမိသော ချော်ရည်က ပျာပျာသလဲ ရှင်းပြလိုက်သည်။

"ကျုပ် သိပြီ"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ"

ချော်ရည်က အလျင်စလိုထွက်ခွာသွားပြီး နှလုံးခုန်သံများ မြန်ဆန်နေသည်။ မိစ္ဆာရွှေ၃၆ဘီလီယံဆိုသော ပမာဏက ကောင်းကင်လှေများစွာ ဝယ်ယူနိုင်ပြီး မရဏကြယ်ပေါ်မှ မျိုးနွယ်ကြီးများထက် ပို၍ကြွယ်ဝချမ်းသာခြင်းဖြစ်သည်။ ချိုးရဲနှင့် မိုရန်က ဤပမာဏကို ရက်အနည်းငယ်အတွင်း ရှာဖွေနိုင်ခဲ့သော ယဲ့ချန်ကို လေးစားရိုသေစွာ ကြည့်နေခဲ့ကြသည်။ အကယ်၍ နတ်ဆိုးယာဥ်ကြီးသာ မရဏကြယ်ပေါ်တွင် တစ်ပတ်ထက် ပို၍ရပ်နားလျှင် သူ၏ချမ်းသာမှုက သွေးတောင်ပံကိုကျော်သွားရန် လွယ်ကူပေလိမ့်မည်။

အချိန်ခဏအကြာတွင် ပုံမှန်မဟုတ်သော အသားဖြူသည့် လူငယ်တစ်ယောက်က ချော်ရည်၏လမ်းပြမှုဖြင့် ရောက်ရှိလာခဲ့သည်။ သိမ်မွေ့တည်ငြိမ်စွာ လျှောက်လာသော လူငယ်၏နောက်တွင် ဘဏ္ဍာထိန်းဟုထင်ရသော အဘိုးအိုအနည်းငယ် လိုက်ပါလာခဲ့သည်။ တစ်ဖက်လူ၏အသွင်အပြင်အရ သွေးနတ်ဆိုးတစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်က ချက်ချင်းနားလည်လိုက်သည်။ ထိုလူငယ်က သူ့ကို တစ်ချက်အကဲခတ်လိုက်သောအခါ ပတ်ဝန်းကျင်လေထုက ရုတ်တရက်အေးစက်သွားသယောင် ထင်မှတ်ရသည်။ သွေးပြည်ထောင်တွင် သွေးနတ်ဆိုးအရေအတွက်က ထောင်ချီသာရှိသောကြောင့် အရွယ်ရောက်ပြီးသူများက ကြယ်သခင်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့က သွေးပြည်ထောင်၏ထိပ်တန်းမျိုးနွယ်ဖြစ်ကာ အရင်းအမြစ်များ၏ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားသဖြင့် သြဇာအာဏာကြီးမားသည်။ သွေးနတ်ဆိုးတစ်ယောက်ချင်းစီက အဆင့်အတန်းမြင့်မားကြပြီး ရှဲ့ချောင်နှင့် သွေးတောင်ပံကဲ့သို့ မြို့ဝန်များကို နိမ့်ကျသည်ဟုပင် သတ်မှတ်နိုင်သည်။

"ခေါင်းဆောင်လန် ဒါက ကျွန်တော်ပြောတဲ့ သခင်လေးချန်ရဲပါ"

ချော်ရည်က ရိုသေလေးစားစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ငါက နတ်ဆိုးကုန်သည်အဖွဲ့ရဲ့ ဌာနခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး ဒီကြယ်အဖွဲ့အစည်းမှာ အရောင်းအဝယ်လုပ်ဖို့ တာဝန်ယူထားတဲ့ ရှဲ့လန်ပါ"

ရှဲ့လန်က ယဲ့ချန်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်၍ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။ ထိုလူက အမြဲတစေပြုံးနေပြီး ဖော်ရွေပုံရသော်လည်း သူ၏အလိုလိုသိစိတ်က ရှုပ်၍ရသူတစ်ယောက်မဟုတ်ကြောင်း သတိပေးနေသည်။ တစ်ဖက်လူက ငယ်ရွယ်ပုံပေါ်သော်လည်း သွေးနတ်ဆိုးမျိုးနွယ်၏သက်တမ်းက နှစ်များစွာရှည်သောကြောင့် သူ၏ရှေ့တွင်ရပ်နေသူမှာ နှစ်ထောင်ချီရှင်သန်လာသော မြေခွေးအိုကြီးတစ်ကောင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးကုန်သည်အဖွဲ့၏ ဌာနခေါင်းဆောင်ဟူသော ရာထူးက အတွေ့အကြုံမရင့်ကျက်သော လူငယ်များ ရယူနိုင်သည့်နေရာ မဟုတ်ပေ။

"ကျုပ်က ချန်ရဲပါ"

ယဲ့ချန်ကလည်း ပြန်၍မိတ်ဆက်လိုက်သည်။

"မင်းမှာ အထူးပန်းပဲပညာတစ်ရပ်ရှိတယ်လို့ ငါ ကြားတယ်။ သိရသလောက်ဆိုရင် ဒီနဂါးတောင်ပံချပ်ဝတ်တွေကိုလည်း နတ်ဆိုးကုန်သည်အဖွဲ့ကနေ ဝယ်ယူသွားတာ မဟုတ်လား"

ရှဲ့လန်က စားပွဲပေါ်တွင်တင်ထားသော ချပ်ဝတ်နှစ်စုံကို တစ်ချက်ကြည့်လိုက်ပြီး အံ့သြသွားပုံရသော်လည်း တစ်ခုခုကို စဥ်းစားနေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ ချပ်ဝတ်ပေါ်တွင် စီးဆင်းနေသော အချိန်လေဟာနယ်ချီများတွင် ထူးဆန်းသော ဝိညာဥ်စွမ်းအင်များ ပါဝင်နေသည်။

"သူက တစ်ခုခု ရှာတွေ့သွားတာလား"

ရှဲ့လန်ကို အဆက်မပြတ်စောင့်ကြည့်နေသော ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။

"ကျုပ်က ဒီချပ်ဝတ်တစ်စုံစီကို နှစ်ဆယ့်ငါးဘီလီယံပေးပြီး ဝယ်လိုက်မယ်။ ဘယ်လိုသဘောရလဲ"

ရှဲ့လန်က ခဏတာတိတ်ဆိတ်ပြီးနောက် မျက်လုံးများတွင် ထူးဆန်းသော အနီရောင် တောက်ပလာကာ စျေးပေးလိုက်သည်။

"ဒီချပ်ဝတ်တွေကိုမွမ်းမံဖို့ မင်းအသုံးပြုထားတဲ့ နည်းလမ်းကို ကျုပ် ရင်းနှီးနေတယ်။ မင်းက ဟိုနေရာကလား"

ရှဲ့လန်က နေရာတစ်ခုအကြောင်း ရည်ညွှန်းလိုက်ချိန်တွင် ရိုသေလေးစားသော အမူအရာ ဖြစ်ပေါ်နေသည်။

"ဘယ်နေရာလဲ"

တစ်ဖက်လူ၏မေးခွန်းကြောင့် ယဲ့ချန်က အတွေးရခက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက မပြောချင်ရင်လည်း မေ့လိုက်ပါ။ ငါ လုံးဝမမေးခဲ့ဖူးဘူးလို့ သဘောထားလိုက်လို့ အဆင်ပြေတယ်"

ယဲ့ချန်၏အမူအရာကြောင့် ရှဲ့လန်က ခါးသက်သက်ပြုံးကာ ခေါင်းယမ်းလိုက်သည်။

"ရှဲ့လန် ပြောတဲ့နေရာမှာ ငါ့လိုမျိုး ဝိညာဥ်ကောင်တွေ ထုတ်လုပ်နိုင်သူတွေ ရှိနေတာလား။ သူပြောတဲ့နေရာက ဓားပျံနဲ့များ ဆက်စပ်နေမလား။ ငါ့နည်းလမ်းကို သူက ရင်းနှီးနေတယ်ဆိုတော့ တစ်ခုခု သိနေနိုင်တယ်"

ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းများ ဖြစ်ပေါ်လာသော်လည်း ထုတ်မမေးခဲ့ပေ။ သူက တစ်ဖက်လူ၏လေသံမှ တည်ငြိမ်မှုကို ခံစားရသောကြောင့် လက်ရှိအခြေအနေကို မဖျက်ဆီးလိုပေ။ ဖြစ်နိုင်သည်မှာ ရှဲ့လန်က သူ့ကို ဆန်းကျယ်သော နေရာတစ်ခုမှ လာသူဟု ထင်မှတ်၍ စိုးရွံ့နေခြင်းပင်။ အကယ်၍ သူသာ အမှန်တရားကိုသိသွားလျှင် ယခုလောက် ယဥ်ကျေးနေမည်မဟုတ်ချေ။

"ချော်ရည် ဘဏ္ဍာထိန်းလင်းကိုပြောပြီး ညီလေးချန်အတွက် ဘီလီယံငါးဆယ် ထုတ်ယူခဲ့ပါ။ ညီလေးချန် မင်းက ကျုပ်နဲ့အတူ တစ်ခွက်လောက်သောက်ပြီး ပူးပေါင်းဖို့အကြောင်း ဆွေးနွေးဖို့ ဘယ်လိုသဘောရလဲ"

ရှဲ့လန်က ချော်ရည်ကို မှာကြားပြီးနောက် ယဲ့ချန်ဘက်လှည့်ကာ ပြုံးပြလိုက်သည်။ အမိန့်ရပြီးနောက် ချော်ရည်က အလွန်ရိုကျိုးစွာဖြင့် ချက်ချင်းထွက်ခွာသွားခဲ့သည်။ ရှဲ့လန်က တစ်စုံတစ်ယောက်အပေါ် အလွန်ယဥ်ကျေးနေသည်ကို သူက ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် တစ်ဖက်လူ၏နောက်ခံက နက်ရှိုင်းပုံရသည်။ ထို့အပြင် ရတနာများကိုမွမ်းမံသော နည်းလမ်းမှာလည်း ရှေးဟောင်းအင်အားစုကြီးများသာ ပိုင်ဆိုင်နိုင်သော အရာဖြစ်သည်။

"ကောင်းပြီ"

ယဲ့ချန်သည် ရှဲ့လန်က သူ့ကို ဆန်းကျယ်သောအင်အားစုမှ လာသူဟု ထင်မှတ်နေကြောင်း သိသော်လည်း တည်ငြိမ်စွာ လက်ခံလိုက်သည်။ သူက တစ်ဖက်လူ ကမ်းလှမ်းမည့်အချက်များကို စိတ်ဝင်စားနေသည့်အပြင် ထိုနေရာအကြောင်း သတင်းနှိုက်ချက်နေသည်။ ထိုနေရာက သူ၏ဓားပျံနှင့် ဆက်စပ်နေသောကြောင့် သဲလွန်စအချို့ ရနိုင်ချေရှိသည်။

"မိုရန် ပိုက်ဆံလက်ခံဖို့ နေခဲ့။ ချိုးရဲက အတူလိုက်လာခဲ့"

ယဲ့ချန်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ရှဲ့လန်က သူ့ကို အန္တရာယ်မပေးကြောင်း ယုံကြည်ထားရသည့် အကြောင်းအရင်းမှာ နတ်ဆိုးယာဥ်ကြီးက တစ်ဖက်လူ၏ပိုင်နက်ဖြစ်သောကြောင့် လုပ်ကြံချင်လျှင် စကားအပိုများ ပြောနေရန် မလိုအပ်သောကြောင့်ဖြစ်သည်။ သူက အလောင်းအစားတစ်ခု လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ကျေးဇူးပြုပြီး ကြွပါ"

ရှဲ့လန်က ဖိတ်ခေါ်သောအမူအရာဖြင့် တစ်ချက်ပြုံးကာ ရှေ့မှဦးဆောင်လိုက်သည်။ ယဲ့ချန်နှင့် ချိုးရဲက အတူလိုက်ပါသွားပြီး ချော်ရည်ထံမှ ငွေလက်ခံရန်အတွက် မိုရန်က ကျန်ရစ်ခဲ့သည်။ ရှဲ့လန်က သူ့ကို နတ်ဆိုးယာဥ်ကြီးအကြောင်း အသေးစိတ်ရှင်းပြရင်း သီးသန့်လမ်းကြောင်းမှတဆင့် ယာဥ်၏အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ သီးသန့်လမ်းကြောင်းအတွင်း မရဏကြယ်မှ အထူးမင်းမျိုးနွယ်ဝင်များ သွားလာနေကြပြီး အများစုက အဆင့်အတန်း၌ သွေးတောင်ပံပြီးလျှင် ဒုတိယလိုက်သူများဖြစ်ကာ နတ်အစေခံများဖြစ်ကြသည်။ ထို့အပြင် အခြားမြို့များမှ မြို့ဝန်များလည်းရှိနေပြီး အားလုံးက ရှဲ့လန်ကို မြင်သောအခါ ဘေးကပ်၍ လမ်းဖယ်ပေးလိုက်ကြသည်။ ယဲ့ချန်က ရှဲ့လန်နှင့်အတူ ဘေးချင်းယှဥ်လျှောက်လာပြီး ရှဲ့လန်က ယဥ်ကျေးစွာ ဆက်ဆံနေသည်ကို မြင်သောအခါ သူတို့က အလွန်အံ့သြသွားကြပြီး မည်သူဖြစ်ကြောင်း သိချင်စိတ်များ ဖြစ်ပေါ်လာသည်။

သူတို့အားလုံးက ရှဲ့လန်၏အဆင့်အတန်းကို သိထားကြပြီး မှော်မြို့တော်ဝန်သွေးတောင်ပံထက်ပင် ပို၍မြင့်မားပြီး ဤကြယ်အဖွဲ့အစည်းတွင် သူ၏အာဏာက ပြိုင်ဘက်ကင်းသည်။ အဝေးရှိ လမ်းကြောင်းတစ်နေရာတွင် နောက်လိုက်များခြံရံနေသော မုကုန်းရှိနေခဲ့ပြီး ယဲ့ချန်နှင့် ရှဲ့လန်၏အမူအရာကို မြင်သောအခါ ကြောက်လန့်တကြားဖြစ်သွားကာ လမ်းဘေးကပ်ပေးလိုက်ရ၏။ မူလတွင် သူက ယဲ့ချန်ကို အစွမ်းထက်နောက်ခံတစ်ခုရှိရမည်ဟု ခန့်မှန်းထားသော်လည်း ရှဲ့လန်နှင့် အဆင့်တူဖြစ်နေမည်ဟု မျှော်လင့်မထားချေ။ ဤကြယ်အဖွဲ့အစည်းတွင် ရှဲ့လန်က သွေးတောင်ပံထက် ပို၍အာဏာစက်ကျယ်ပြန့်သူဖြစ်ကာ လွှမ်းမိုးနိုင်စွမ်းကြီးမားသည်။

ကံကောင်းစွာဖြင့် မုကုန်းသည် ယဲ့ချန်အပေါ် မလိမ်ခဲ့မိပေ။ တစ်ဖက်လူက မုမျိုးနွယ်ကိုဖျက်ဆီးချင်လျှင် အလွန်လွယ်ကူကြောင်း သူက နားလည်သွားသဖြင့် မျက်နှာပျက်နေခဲ့ပြီး အနာဂတ်တွင် ကောင်းမွန်စွာဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသာ ရှဲ့လန်နှင့် အဆင့်တူသူတစ်ယောက်၏ပေါင်ကို ဖက်ထားနိုင်လျှင် ချိုးမျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများ အကောက်ကြံမည်ကို ကြောက်စရာမလိုတော့ပေ။ ယဲ့ချန်သည် မုကုန်းကိုမြင်သော်လည်း မမြင်ဟန်ဆောင်၍ ရှဲ့လန်နှင့်အတူ သီးသန့်လမ်းကြောင်း၏အကွေ့တစ်ခုတွင် ပျောက်ကွယ်ထွက်ခွာသွားလေသည်။

All Chapters