← Chapters

ရှေးနတ်ဆိုးလက်နက်များ

Vol. 52 Ch. 720

ရှေးနတ်ဆိုးလက်နက်များ

Vol. 52 Ch. 720

နတ်ဆိုးယာဥ်ကြီး၏ အလယ်ခန်းမသည် ဖောက်ထွင်းမြင်ရသော မျက်နှာကျက်အခုံးတစ်ခုဖြင့် တည်ဆောက်ထားသော အချင်းဝက်မီတာရာချီရှိသည့် ခန်းမကျယ်ကြီးတစ်ခု ဖြစ်သည်။ အပြင်အဆင်များက အလွန်ရိုးရှင်းပြီး အရာရာက အဖြူရောင်ဖြစ်သော်လည်း ရိုးရှင်းသောခံစားချက်ကို မဖြစ်စေခဲ့ပေ။ မျက်နှာကျက်မှတဆင့်မြင်နေရသော စကြဝဠာကြီး၏မြင်ကွင်းတွင် ကြယ်များနှင့် အလင်းစက်ကွင်းများ တောက်ပနေကာ တုန်လှုပ်စရာကောင်းလောက်အောင် လှပပေသည်။ ဤမျှခမ်းနားကြီးကျယ်သော ရှုခင်းနှင့်ယှဥ်လျှင် မည်သည့်အပြင်အဆင်မဆို မှေးမှိန်သွားပေလိမ့်မည်။ ခန်းမ၏အလယ်တွင် အဖိုးတန်အစားအစာများ ခင်းကျင်းထားသော စတုရန်းပုံ အဖြူရောင်စားပွဲတစ်လုံး ချထားသည်။ ရှဲ့လန်က စားပွဲ၏ဦးပိုင်းတွင် နေရာယူလိုက်ပြီး ယဲ့ချန်တို့ကို ဖိတ်ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ကြပါ"

ယဲ့ချန်နှင့် ချိုးရဲက သက်ဆိုင်ရာထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။ တစ်ဖက်လူ၏အမူအရာက အလွန်ဖော်ရွေပုံရသော်လည်း သွေးဆုတ်ဖြူရော်နေသော မျက်နှာထားကြောင့် ဤအချက်ကိုခံစားမိရန် အလွန်ခက်ခဲသည်။ သူက သွေးနီရောင်မျက်လုံးအစုံဖြင့် ယဲ့ချန်ကို အဆက်မပြတ်အကဲခတ်နေပြီး သရုပ်မှန်ကို ခန့်မှန်းရန် ကြိုးစားနေသည်။

"ငါသိထားသလောက်ဆိုရင် မင်းက ဝိညာဥ်ဖြစ်တည်မှုတစ်ခုကို ဆင့်ခေါ်နိုင်ပြီး ဒီအရာက အဆင့်နှစ်မျိုးနွယ်ဝင်တစ်ယောက်နဲ့ တူညီတယ်။ ကျင့်ကြံသူတစ်ယောက် ဒါမှမဟုတ် ရတနာတစ်ခုကို ဒါနဲ့ပေါင်းစပ်လိုက်ရင် အဆင့်မြှင့်ပေးနိုင်ရုံသာမက သွေးမျိုးဆက်ကိုလည်း အသက်ဝင်လာစေနိုင်တယ်။ ဒါပေမယ့် ပေါင်းစပ်ခံလိုက်ရတဲ့သူကို ဝိညာဥ်ပိုင်ရှင်က အလွယ်တကူ ထိန်းချုပ်နိုင်တယ်"

ရှဲ့လန်က တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ သူက စကြဝဠာအတွင်း ကုန်သွယ်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သောကြောင့် သာမန်ကျင့်ကြံသူများ မမီနိုင်လောက်သော ဗဟုသုတမျိုးကို ပိုင်ဆိုင်ထားသည်။ သူ၏စကားကြောင့် ယဲ့ချန်က စိတ်ဝင်စားစပြုလာသည်။ သူက ဝိညာဥ်များကို ဆင့်ခေါ်နိုင်ရသည့် အကြောင်းအရင်းမှာ ဓားပျံကြောင့်ဖြစ်ပြီး စကြဝဠာအတွင်း၌ ဤသို့စွမ်းဆောင်နိုင်သူ မျိုးနွယ်တစ်ခု ရှိနေနိုင်သည်။ ထိုမျိုးနွယ်က ဓားပျံ၏ဖန်တီးရှင်ပင် ဖြစ်နိုင်သောကြောင့် သူက သိချင်စိတ်ပြင်းပြလာခဲ့သည်။

"ဒါကို ပြောတာလား"

ယဲ့ချန်က လက်ဝါးဖြန့်လိုက်သောအခါ ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲ၍ မျောလွင့်နေသော နတ်ဆိုးဝိညာဥ်တစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းထံမှ သန့်စင်လွန်းသော နတ်ဆိုးချီကို အာရုံခံမိသောအခါ ရှဲ့လန်က လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာသော်လည်း ချက်ချင်းထိန်းချုပ်လိုက်သည်။ ဤအရာက အလွန်ကောင်းမွန်သော်လည်း ကျွန်ဘဝ ရောက်သွားစေနိုင်သောကြောင့် သူက တုံးအသူမဟုတ်ရာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းလိုက်သည်။

"မင်းရဲ့ဝိညာဥ်က လုံလုံလောက်လောက် မသန်မာသေးဘူးဆိုတော့ မွေးဖွားလာတာ သိပ်ကြာသေးပုံမရဘူး။ မင်းရဲ့မျိုးနွယ်ဝင်တစ်ယောက် ထွက်ပေါ်လာတိုင်း ဒီလောကကြီး ​ဗြောင်းဆန်သွားလေ့ရှိတယ်။ လွန်ခဲ့တဲ့ နှစ်လေးငါးသိန်းအကြာက ကောင်းကင်ပြည်ထောင်ရဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင်က မင်းရဲ့မျိုးနွယ်ကို ရန်စခဲ့တယ်။ မျိုးနွယ်ရဲ့ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပြီး ဝိညာဥ်တစ်ခုကို ဆင့်ခေါ်လိုက်ရုံနဲ့ ကြယ်ပေါင်းရာချီကို မီးပင်လယ်အဖြစ် ဟုန်းဟုန်းတောက်သွားစေခဲ့တယ်"

ရှဲ့လန်က ရိုသေလေးစားသော အမူအရာဖြင့် ကောင်းကင်ကိုမော့ကြည့်ကာ တွေးတွေးဆဆ ပြောလိုက်သည်။

"ဒါက ဘယ်လိုမျိုးနွယ်လဲ။ ဝိညာဥ်တစ်ခုကို ထုတ်ဖော်လိုက်ရုံနဲ့ ကြယ်တွေကို မီးပင်လယ်အဖြစ် တောက်လောင်သွားစေတာလား။ ဒါက မီးဝိညာဥ်ဖြစ်ရမယ်။ အဲ့ဒီကျင့်ကြံသူမှာလည်း တစ်ကောင်ထက် ပိုပြီးပိုင်ဆိုင်ထားလိမ့်မယ်"

သူ၏စကားကြောင့် ယဲ့ချန်က အလွန်ထိတ်လန့်သွားကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"မင်းရဲ့ဝိညာဥ်က မသန်မာပေမယ့် ပန်းပဲဆရာတွေနဲ့ ဆေးဆရာတွေကြားမှာ ရပ်တည်နိုင်ဖို့ လုံလောက်တယ်။ ရတနာဖြစ်ဖြစ် ဆေးလုံးဖြစ်ဖြစ် ဝိညာဥ်နဲ့ပေါင်းစပ်လိုက်ရင် ကျင့်ကြံသူတွေတပ်မက်တဲ့ အရာမျိုးအဖြစ် ပြောင်းလဲသွားတယ်မလား"

ရှဲ့လန်၏အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး တစ်ဖက်လူ၏စွမ်းရည်အပေါ် အားကျနေပုံရသည်။

"ဒါဆိုရင် ခေါင်းဆောင်လန်က ဘယ်လိုမျိုးပူးပေါင်းချင်တာလဲ"

ယဲ့ချန်က သူ၏ရည်ရွယ်ချက်ကို မသိသောကြောင့် ပေါ်တင်မေးလိုက်ခြင်းဖြစ်သည်။

"ဒီလိုပါ၊ နတ်ဆိုးကုန်သည်အဖွဲ့မှာ ရှေးလက်နက်တွေ ပိုင်ဆိုင်ထားတယ်။ ညီလေးချန်က ငါ့အတွက် ဒါတွေကို မွမ်းမံပေးမယ်ဆိုရင် ရက်ရက်ရောရော ပေးချေပါမယ်"

ရှဲ့လန်က တစ်ချက်ပြုံး၍ ကမ်းလှမ်းလိုက်သည်။

"မင်းမွမ်းမံပေးတဲ့ ရတနာတစ်ခုချင်းစီအတွက် မိစ္ဆာရွှေ ဘီလီယံငါးဆယ် ပေးမှာဖြစ်တယ်"

သူ၏နောက်ဆက်တွဲစကားကြောင့် လက်ဖက်ရည်ကို အရသာခံသောက်နေသော ယဲ့ချန်၏မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ ဤမျှရက်ရောသော လုပ်အားခက အခြားကျင့်ကြံသူများ တစ်ဘဝလုံး ရှာဖွေထားသည်ထက် ပိုများနေခဲ့လေသည်။

"ကောင်းပြီ။ ဒါပေမယ့် ငါက ဒီငွေကို အသုံးပြုပြီး နတ်ဆိုးကုန်သည်အဖွဲ့ကနေ ဝယ်ချင်တာကိုဝယ်မယ်။ သဘောတူလား"

ဤအလုပ်က ဆုံးရှုံးစရာမရှိသောကြောင့် ယဲ့ချန်က ခဏတာစဥ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် ဒီပူးပေါင်းမှု အောင်မြင်ပါစေ"

ရှဲ့လန်၏စီစဥ်မှုဖြင့် ယဲ့ချန်နှင့် ချိုးရဲသည် လျှို့ဝှက်ခန်းတစ်ခုအတွင်း ရောက်ရှိလာပြီး စားပွဲပေါ်တွင် ရတနာငါးခုရှိနေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က အမျိုးအစားအစုံဖြစ်ကာ ထုတ်လွှင့်နေသော အရှိန်အဝါက အဆင့်တစ်ဆယ်နတ်ဆိုးလက်နက်တိုင်းထက် ကျော်လွန်နေခဲ့သည်။ နတ်ဆိုးလက်နက်တစ်ခုတွင် သက်တမ်းပို၍ရှည်လေလေ၊ ပို၍အစွမ်းထက်လေလေဖြစ်ကာ သတ်ဖြတ်ခြင်းမှတဆင့် အစွမ်းပိုထက်လာနိုင်သည်။ ထို့ကြောင့် ရှေးခေတ်ဟောင်းမှ ယနေ့ထက်တိုင်တည်ရှိလာခဲ့သော ဤလက်နက်များက သေချာပေါက်ရိုးရှင်းမည် မဟုတ်ပေ။ ရှေးလက်နက်ငါးခုက အချင်းချင်းအောက်ကျို့မခံလိုဟန်ဖြင့် အလင်းတန်းကိုယ်စီ ထုတ်ဖော်ကာ အားပြိုင်နေကြသည်။

"ဆရာ ဒါတွေက ရှဲ့လန်ပြောတဲ့ ရှေးလက်နက်တွေလား"

ချိုးရဲက စားပွဲပေါ်ရှိ လက်နက်များမှ ထူးခြားမှုကို မတွေ့ရသောကြောင့် အနီးကပ်ကြည့်ရန် ခြေလှမ်းအနည်းငယ် ရှေ့တက်လိုက်သည်။ ထိုအချိန်၌ လက်နက်များထံမှ သန်မာ၍သွေးဆာရက်စက်သော အရှိန်အဝါများ ဝုန်းခနဲ ထွက်ပေါ်လာကာ မမြင်ရသောအားတစ်ခုက သူ့ကို ရိုက်ခတ်သွားခဲ့သည်။ သူက အလန့်တကြားဖြင့် နောက်သို့ဆက်တိုက်ဆုတ်သွားသော်လည်း မျက်နှာတစ်ခုလုံးဖြူရော်နေကာ လက်နက်များအပေါ် အလွန်ကြောက်ရွံ့သွားခဲ့သည်။ ထိုအချိန်၌ ယဲ့ချန်က အခန်းကို အကဲခတ်နေပြီး ၎င်းတွင် ဝင်ပေါက်ထွက်ပေါက်တစ်ခုတည်းသာရှိ၍ နံရံများက အလုံပိတ်ဖြစ်သော်လည်း တစ်​ယောက်ယောက်မှ စောင့်ကြည့်နေသည်ဟု နားလည်လိုက်သည်။ ရှဲ့လန်က အဖိုးတန်လက်နက်များကို သူတို့နှင့်ထားရစ်ကာ လျစ်လျူရှုနေမည်ဟု သူက မယုံကြည်ပေ။ ထို့ကြောင့် တစ်ဖက်လူက နည်းလမ်းတစ်မျိုးနှင့် သေချာပေါက် စောင့်ကြည့်နေပေလိမ့်မည်။

ယဲ့ချန်သည် စားပွဲပေါ်မှ လေထဲသို့ မြင့်တက်လာသော လက်နက်များကို ကြည့်နေစဥ် သွေးဆာသည့်အရှိန်အဝါတစ်ခု ရုတ်တရက် ပြန့်ထွက်လာသည်။ ထိုလက်နက်များက မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ခဲ့သောကြောင့် အရှိန်အဝါသက်သက်ကပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်နေသည်။ ကျင့်ကြံသူတစ်ယောက်က ဤအရှိန်အဝါဖြင့် အချိန်ကြာမြင့်စွာ သက်ရောက်ခံရလျှင် နတ်အစေခံဖြစ်ပါစေ၊ ရူးသွပ်သွားနိုင်သည်။ ကြယ်သခင်များသာ ၎င်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိပေလိမ့်မည်။ လက်နက်များ၏အရှိန်အဝါက ယဲ့ချန်၏အသက်အားကို ဝါးမျိုအဆုံးသတ်လိုဟန်ဖြင့် ပျံ့နှံ့လာခဲ့သည်။

"ရှဲ့လန်က ငါ့ကို စမ်းသပ်နေတာလား"

ယဲ့ချန်က အေးစက်စက်နှာခေါင်းရှုံ့၍ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်သည်။ ထိုအချိန်တွင် ကုန်းပတ်ပေါ်တွင် အဖိုးတန်ခုံတစ်လုံးပေါ်၌ ရှဲ့လန်ရှိနေပြီး ကြယ်သလင်းကျောက်တစ်လုံးကို စိုက်ကြည့်နေသည်။ ၎င်းက လျှို့ဝှက်ခန်းအတွင်းမှ အခြေအနေကို အချိန်နှင့်တပြေးညီ ထုတ်ဖော်ပြသနေသည်။

"သခင် ဒီလူက ဟိုမျိုးနွယ်ဝင်လား"

ဘေးတွင် မတ်တပ်ရပ်နေသူမှာ သွေးတောင်ပံဖြစ်နေပြီး သလင်းကျောက်မှမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သူက ရှဲ့လန်အပေါ် အလွန်ရိုလေလေးစားပုံရပြီး မရဏကြယ်၏ကြယ်သခင် ၊မှော်မြို့တော်ဝန်ဖြစ်သော်လည်း သခင်ဟု ခေါ်ဝေါ်သုံးစွဲနေခဲ့သည်။

"သူက ဝိညာဥ်ဆင့်ခေါ်နိုင်တယ်ဆိုတော့ ဟုတ်တယ်"

ရှဲ့လန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို သူ့ကိုသတ်လိုက်ရင် ဟိုမျိုးနွယ်က အကြီးအကဲတွေ ထွက်ပေါ်လာနိုင်တယ်မလား"

သွေးတောင်ပံက စိုးရိမ်တကြီး ရေရွတ်လိုက်သည်။ ရှေးနတ်ဆိုးလက်နက်ငါးခု၏အရှိန်အဝါက ပြင်းထန်လွန်းသောကြောင့် သာမန်ကျင့်ကြံသူများဆိုလျှင် အသတ်ခံလိုက်ရနိုင်သည်။

"သူက ဒါလေးတောင် မကိုင်တွယ်နိုင်ရင် မျိုးနွယ်ရဲ့အစွန့်ပစ်ခံ ဖြစ်လိမ့်မယ်။ ဒါဆိုရင် သူ သေသွားလည်း ပြဿနာမရှိဘူး"

ရှဲ့လန်၏ အနီရောင်မျက်လုံးများ အေးစက်တင်းမာနေသည်။ အမှန်တကယ်၌ သူက ယဲ့ချန်ကိုသတ်ရန် သင့်မသင့် ချိန်ဆနေခြင်းဖြစ်ကာ ထိုမျိုးနွယ်၏လျှို့ဝှက်ချက်များကို တူးဆွချင်နေခဲ့သည်။

ထိုအချိန်တွင် လျှို့ဝှက်အခန်းအတွင်း၌ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ကိုယ့်ကိုကိုယ်ကာကွယ်နေရင်း အကြောက်လွန်၍ တစ်ကိုယ်လုံးတုန်ယင်နေကာ အသံတစ်ချက်ပင် မထွက်နိုင်သော ချိုးရဲကို သတိထားမိလိုက်သည်။ သူ၏ကျင်ကြံဆင့်က နိမ့်ပါးသောကြောင့် လက်နက်များ၏အရှိန်အဝါကို တောင့်မခံနိုင်ခြင်းဖြစ်ရာ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကိုခွဲထုတ်၍ ကာကွယ်ပေးလိုက်ရ၏။ သို့မဟုတ်လျှင် ချိုးရဲက အသက်ဆုံးရှုံးသွားရန် ဖြစ်နိုင်ချေ အလွန်များသည်။

ထို့နောက် သူက စိတ်အတွင်းမှဓားပျံကို အသက်သွင်းကာ နံရံတစ်နေရာကို လှောင်ပြုံးကလေးဖြင့် စိုက်ကြည့်လိုက်သည်။

"သခင် သူက ကျုပ်တို့ကို သတိထားမိပုံရတယ်"

ကြယ်သလင်းကျောက်ကို အမြဲမပြတ်စောင့်ကြည့်နေသော သွေးတောင်ပံက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ရှဲ့လန်သည်လည်း ယဲ့ချန်က သူစောင့်ကြည့်နေသည်ကို သတိထားမိမည်ဟု မျှော်လင့်မထားချေ။

"ဘာဖြစ်သွားတာလဲ"

ထိုအချိန်၌ ကြယ်သလင်းကျောက်တွင် ဖြစ်ပေါ်လာသော ပုံရိပ်ကြောင့် နှစ်ယောက်လုံးက တအံ့တသြဖြင့် ပြိုင်တူရေရွတ်မိလိုက်သည်။

"ဒီလက်နက်လေးတွေလောက်ကို ငါက မထိန်းနိုင်ဘူး ထင်နေတာလား"

ယဲ့ချန်က အေးစက်စက်ပြုံးလိုက်ပြီး ဓားပျံ၏အရှိန်အဝါကို ထုတ်ဖော်ကာ ရှေးလက်နက်ငါးခုကို ဖိနှိပ်ပစ်လိုက်သည်။ ဓားပျံ၏အရှိန်အဝါ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းတို့က ပို၍ကြောက်စရာကောင်းသည့် အရာတစ်ခု တွေ့လိုက်ဟန်ဖြင့် ဆက်တိုက်တုန်ယင် လှုပ်ခါလာကြသည်။ သူထင်ထားသည့်အတိုင်း ဓားပျံက နတ်ဆိုးလက်နက်များကို ဖိနှိပ်နိုင်ပြီး ယခုအချိန်အထိ ဓားပျံကို တွန်းလှန်နိုင်သော ရတနာမျိုး မမြင်ဖူးခဲ့ပေ။

ရှေးနတ်ဆိုးလက်နက်ငါးခုက ဓားပျံကို အလွန်ကြောက်လန့်နေသောကြောင့် အရှိန်အဝါများ ပြန်လည်ရုတ်သိမ်းလိုက်သောအခါ ချိုးရဲ၏ကိုယ်ပေါ်မှ ဖိအားလည်း ပျောက်ကွယ်သွားခဲ့သည်။ သူက တစ်ကိုယ်လုံး အားပြတ်သွားဟန်ဖြင့် ကြမ်းပြင်၌ ခြေပစ်လက်ပစ်ထိုင်ချကာ ခဲယဥ်းစွာ အသက်ရှူနေရသည်။ ယဲ့ချန်က နတ်ဆိုးလက်နက်များထံ တစ်လှမ်းချင်း ချဥ်းကပ်သွားသောအခါ ၎င်းတို့က လှုပ်ပင်မလှုပ်နိုင်သည့်အပြင် သွေးဆာရက်စက်သော အရှိန်အဝါများလည်း လုံးဝပျောက်ကွယ်နေသည်။ ရှေးနတ်ဆိုးလက်နက်ငါးခုက နာခံမှုရှိစွာဖြင့် စားပွဲပေါ်သို့ ပြန်ကျသွားကာ တည်ငြိမ်နေကြလေသည်။

All Chapters