← Chapters

ပိုင်နက်သားရဲမျိုးနွယ်

Vol. 52 Ch. 721

ပိုင်နက်သားရဲမျိုးနွယ်

Vol. 52 Ch. 721

ချိုးရဲသည် အသက်ကိုဝဝရှူ၍ အစွမ်းထက်လွန်းသဖြင့် အရှိန်အဝါကိုပင် မခုခံနိုင်ခဲ့သော ရှေးနတ်ဆိုးလက်နက်ငါးခုထံ အကြည့်ရောက်သွားသည်။ သို့သော် ၎င်းတို့က ယဲ့ချန်ရှေ့မှောက်တွင် ငြိမ်ဝပ်ပိပြားနေသဖြင့် စောင့်ကြည့်နေသော ရှဲ့လန်နှင့် သွေးတောင်ပံပင် အံ့သြသွားကြသည်။

"ဒီလူက သူ့အစွမ်းကို တမင်ထုတ်ပြနေတာ ဖြစ်ရမယ် သခင်"

သွေးတောင်ပံက မှတ်ချက်ချလိုက်သည်။ စစ်ဧကရာဇ်တစ်ယောက်က ဤလက်နက်ငါးခုကို အလွယ်တကူဖိနှိပ်နိုင်သည်မှာ လျှို့ဝှက်နည်းလမ်းများ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပေလိမ့်မည်။ ရှဲ့လန်သည် မူလတွင် ယဲ့ချန်ကိုသတ်ဖြတ်၍ လျှို့ဝှက်ချက်များကို ရှာဖွေချင်သော်လည်း ထိုမျိုးနွယ်အား ရန်စမိမည်ကို သေမတတ်ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် သူက ရှေးလက်နက်ငါးခုပြင်ဆင်ကာ တစ်ဖက်လူကိုစမ်းသပ်ရန် ကြံစည်လိုက်သည်။ အကယ်၍ ယဲ့ချန်သေသွားလျှင် သူက ဆင်ခြေပေးစရာ အကြောင်းအရင်း ရသွားပေလိမ့်မည်။ သို့သော် တစ်ဖက်လူက ရှေးနတ်ဆိုးလက်နက်များကို အလွယ်တကူဖိနှိပ်နိုင်မည်ကိုတော့ မျှော်လင့်ထားခြင်း မရှိပေ။ ထိုမျိုးနွယ်ဝင်များကို သာမန်ကျင့်ကြံသူများကဲ့သို့ သဘောထားရန် မဖြစ်နိုင်ကြောင်း ထင်ရှားနေပြီး စစ်ဧကရာဇ်တစ်ယောက်သာဖြစ်သော်လည်း ဝှက်ဖဲများစွာ ပိုင်ဆိုင်နိုင်ချေရှိသည်။ နောက်ဆုံးတွင် သူက ယဲ့ချန်ကို လောလောဆယ်သွားမထိရန် ဆုံးဖြတ်လိုက်ပြီး နောက်ခံကို ရှင်းလင်းစွာသိရရန် စုံစမ်းမည်ဖြစ်သည်။

ထိုအချိန်၌ သူက ကြယ်သလင်းကျောက်အတွင်း ကြည့်လိုက်သောအခါ ယဲ့ချန်သည် လက်နက်တစ်ခုကို ကောက်ယူ၍ နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်နေကြောင်း တွေ့လိုက်ရသည်။

"သွေးတောင်ပံ ခုနစ်ရက်ပြည့်လို့ ငါထွက်သွားရင် သူ့ကို အချိန်တိုင်းစောင့်ကြည့်နေ။ တစ်ခုခုထူးခြားရင် ငါ့ဆီကို ချက်ချင်းသတင်းပို့"

ရှဲ့လန်က အေးစက်စက် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့"

သွေးတောင်ပံက ရိုရိုသေသေဖြင့် နာခံလိုက်သည်။ သူက ယဲ့ချန်အပေါ် အလွန်စိတ်ဝင်စားနေသော်လည်း ရှဲ့လန်နောက်ကွယ်၌ မလှုပ်ရှားရဲပေ။ သူ၏မြို့ဝန်ရာထူးအတွက် တစ်ဖက်လူမှ ထောက်ခံပေးခဲ့သောကြောင့်သာ ရခဲ့ခြင်းဖြစ်သည်။ ဤကြယ်အဖွဲ့အစည်းတွင် ရှဲ့လန်၏အာဏာစက်က ထင်ထားသည်ထက် ပို၍နက်ရှိုင်းပေသည်။

"အနန္တရှေးဟောင်းကျောက်စာ ရလာလား"

ရှဲ့လန်က တစ်ချက်စိုက်ကြည့်လိုက်သည်။

"ရလာခဲ့ပါတယ်"

သူ၏အကြည့်ကြောင့် သွေးတောင်ပံက တုန်ယင်သွားကာ နတ်ဆိုးအကျဥ်းထောင်ဘုံမှရလာသော ကျောက်စာကို သိုလှောင်အိတ်အတွင်းမှ ထုတ်ယူ၍ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။ ၎င်းက ရှေးဆန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ဆန်းကျယ်သော စကားလုံးများ ပြည့်နှက်နေသည်။

"ဒီတစ်ခေါက် မင်း တော်တယ်"

ရှဲ့လန်က ကျောက်စာကို စစ်ဆေးရင်း ကျေနပ်စွာပြုံး၍ ချီးကျူးလိုက်ခြင်းဖြစ်သည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်"

သွေးတောင်ပံကလည်း ပြန်လည်၍ ဖားယားမြှောက်ပင့်နေခဲ့သည်။

"ကျောက်စာခုနစ်ချပ်လုံးကို ရပြီးရင် ငါ့ကို ဘယ်သူတားနိုင်မှာလဲ။ အခု ငါ့လက်ထဲမှာ သုံးခုရှိနေပြီ"

ရှဲ့လန်က လက်ထဲရှိကျောက်စာကို ဆော့ကစားနေရင်း နှုတ်ခမ်းထောင့်ကွေးညွှတ်သွားကာ အကြံကြီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ရက်အကြာတွင် ယဲ့ချန်က ရှေးလက်နက်ငါးခုလုံးကို မွမ်းမံပြီးဖြစ်သောကြောင့် မိစ္ဆာရွှေ၂၅၀ဘီလီယံ ရရှိခဲ့သည်။

"မင်းနဲ့အလုပ်လုပ်ရတာ တကယ်စိတ်ကျေနပ်စရာပါပဲ။ အနာဂတ်မှာ နောက်ထပ်ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေမယ်"

"ကောင်းပြီ"

ယဲ့ချန်က ရှဲ့လန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက သိမ်မွေ့ဖော်ရွေပုံရှိသော်လည်း အခြားသွေးနတ်ဆိုးများကဲ့သို့ ကောက်ကျစ်ယုတ်မာသူတစ်ဦးသာဖြစ်သည်။ မလိုအပ်လျှင် သူက ဤလူစားမျိုးနှင့် နောက်တစ်ကြိမ် မပတ်သက်လိုပေ။ သိုလှောင်အိတ်အတွင်းမှ ငွေပမာဏကြောင့် သူက အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး နတ်ဆိုးယာဥ်ကြီးပေါ်မှ သာမန်လူများအနားပင် မကပ်နိုင်သော ရတနာများကို ဝယ်ယူချင်နေပြီဖြစ်သည်။

"ရတနာတွေ သွားဝယ်ကြတာပေါ့"

သူက ချိုးရဲနှင့်အတူ မိုရန်ထံ ပြန်ရောက်လာပြီး စိတ်အတွင်း၌ စာရင်းတစ်ခု ပြုလုပ်လိုက်သည်။ သူ၏ပိုင်ဆိုင်မှုက ဘီလီယံသုံးရာကျော်အထိ တိုးပွားလာသောကြောင့် ပစ္စည်းကောင်းများစွာ ဝယ်ယူနိုင်စွမ်းရှိလာသည်။

"ဆရာ မှော်မြို့တော်ဝန်သွေးတောင်ပံက ရှဲ့လန်နဲ့အတူရှိနေတာကို ကျုပ် မြင်ခဲ့တယ်။ ကြည့်ရတာ သူက ရှဲ့လန်ရဲ့နောက်လိုက် ဖြစ်လိမ့်မယ်။ သူတို့က ဆရာ့ကို ကြယ်သလင်းကျောက်တစ်ခုကနေ စောင့်ကြည့်ခဲ့ကြတယ်။ သွေးတောင်ပံက အနန္တရှေးဟောင်းကျောက်စာကို ရှဲ့လန်ဆီ ပေးလိုက်တယ်"

မိုရန်က ယဲ့ချန်အနားကပ်၍ တီးတိုးပြောလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် မရဏကြယ်ပေါ်မှ အဖြစ်အပျက်များကို ကြိုးကိုင်နေသူမှာ ရှဲ့လန်ဖြစ်ကြောင်း ယဲ့ချန်က သဘောပေါက်လိုက်သည်။ သွေးတောင်ပံတွင် နတ်စစ်သူကြီးချပ်ဝတ်ရှိနေရသော အကြောင်းအရင်းကို သူက အလွန်သိချင်နေခဲ့ပြီး ယခုအဖြေပေါ်သွားပြီဖြစ်သည်။ အနန္တရှေးဟောင်းကျောက်စာနှင့် ပတ်သက်၍ တစ်ခုခုဖုံးကွယ်ခံထားရကြောင်း သူက စဥ်းစားနေပြီး ၎င်းက အတုဖြစ်စေ၊ အစစ်ဖြစ်စေ၊ ရှဲ့လန်ကဲ့သို့ ကျင့်ကြံသူမျိုးပါဝင်နေသည့်အတွက် အစွမ်းထက်သူများကြားမှ ကိစ္စတစ်ခုဖြစ်ပုံရသည်။ သို့သော်လည်း လက်ရှိတွင် သူနှင့်ဤကိစ္စက အလှမ်းကွာလွန်းနေသည့်အပြင် နတ်ဆိုးယာဥ်ကြီးမထွက်ခွာခင် အချိန်တစ်ရက်သာ ရသောကြောင့် ရတနာများဝယ်ရန် အလျင်လိုနေခဲ့သည်။

ပထမဆုံးအနေဖြင့် ယဲ့ချန်က မိုးကြိုးလက်စွပ်တစ်ကွင်းကို တစ်ဆယ်ဘီလံဖြင့် ဝယ်ယူခဲ့ပြီး ၎င်း၏အကျယ်အဝန်းက ကောင်းကင်လှေတစ်ဒါဇင်ခန့် သိမ်းဆည်းနိုင်သော ပမာဏဖြစ်သည်။ ၎င်းက သွေးပြည်ထောင်၏ လက်ရာတစ်ခုဖြစ်ကာ ပိုင်ရှင်ကို မှတ်သားနိုင်သည့်အပြင် သူမြင်ဖူးသမျှတွင် အကျယ်ဝန်းဆုံး သိုလှောင်ရတနာဖြစ်သည်။ ထို့အပြင် ၎င်းက အလွန်လုံခြုံပြီး ပြိုင်ဘက်က မည်မျှအစွမ်းထက်ပါစေ ခိုးယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အလွန်စျေးကြီးနေခြင်းဖြစ်ကာ သွေးပြည်ထောင်၏ အထက်တန်းစားများသာ အသုံးပြုနိုင်ပေသည်။ ထို့နောက် သူက ၁၅၀ဘီလီယံသုံးကာ နတ်ဆိုးလှေတစ်စင်းကို ဝယ်ယူလိုက်သည်။ စျေးအပေါဆုံး ကောင်းကင်လှေက သန်းသုံးရာသာဖြစ်သော်လည်း ရှဲ့လန်ထံမှ အကျိုးအမြတ်များစွာရလာသော ယဲ့ချန်အတွက် မလုံလောက်တော့ပေ။ ၎င်းက ဆယ်ကြိမ်သာ အများဆုံးအသုံးပြုနိုင်သော်လည်း နတ်ဆိုးလှေက စိတ်ကြိုက်သွားလာနိုင်ကာ ပျက်စီးရန် အလွန်ခက်ခဲသည်။ ကောင်းကင်လှေတွင် လူဦးရေတစ်ရာသာ အများဆုံးဆန့်ပြီး နတ်ဆိုးလှေက တစ်ထောင်အထိ တင်ဆောင်နိုင်သည့်အပြင် မရဏအလင်းမျှော်စင်များ တပ်ဆင်ရန် နေရာဆယ်ခုပါဝင်သည်။ တင်းကြပ်စွာထိန်းချုပ်ထားသဖြင့် သူက ၎င်းတို့ကို ဝယ်ယူခွင့်မရှိသော်လည်း မုကုန်းကို တစ်ဖက်လှည့်ဖြင့်ခိုင်းစေကာ အဆင့်နှစ် မရဏအလင်းမျှော်စင်ဆယ်ခုနှင့် ကျောက်ရုပ်သေးဆယ်ကောင်ကို ဝယ်ယူနိုင်ခဲ့သည်။ ၎င်းတို့အတွက် လောင်စာအဖြစ်သုံးရန် လိုအပ်သော ကြယ်သလင်းကျောက်နှင့် ကြယ်အမြုတေများကိုလည်း အရေအတွက်ထောင်ချီအထိ ဝယ်ယူခဲ့သည်။

ယဲ့ချန် ဝယ်ယူလိုက်သော ရတနာများက အကောင်းဆုံးမဟုတ်သော်လည်း ဘီလီယံနှစ်ရာက နေလာနှင်းပျောက်သကဲ့သို့ ကုန်ခမ်းသွားခဲ့သည်။ လက်ကျန်ငွေဘီလီယံတစ်ရာကျော်ဖြင့် နတ်အစေခံကျွန်များ ဝယ်ယူချင်ခဲ့သော်လည်း လှည့်လည်စုံစမ်းပြီးနောက် ဥပဒေတင်းကြပ်မှုကြောင့် အထူးမင်းမျိုးနွယ်ဝင်များသာ ထိုကျွန်များ၏ သခင်ဖြစ်ခွင့်ရှိပြီး ကိုယ်စားဝယ်ယူပေးခွင့်မရှိကြောင်း သိလိုက်ရသည်။ သစ္စာစည်းဖြင့် ထိန်းချုပ်ခံထားရသော နတ်အစေခံကျွန်တစ်ယောက်က သာမန်နတ်အစေခံတစ်ယောက်အောက် အားနည်းပြီး အဆင့်တစ်ကို ဆယ်သန်း၊ အဆင့်နှစ်ကို သန်းငါးဆယ်မှခြောက်ဆယ်၊ အဆင့်သုံးဆိုလျှင် သန်းငါးရာမှခြောက်ရာအထိ စျေးပေါက်ပြီး အဆင့်တစ်ဆယ်ဆိုလျှင် ဘီလီယံခြောက်ဆယ်အထက်ဖြစ်သည်။ ဤစျေးနှုန်းကို သူက လက်ခံနိုင်ပြီး လက်ရှိပိုင်ဆိုင်မှုအရ နတ်အစေခံကျွန်များဝယ်ရန် လုံလောက်သော်လည်း စွန့်လွှတ်ရုံသာရှိသည်။

အချိန်ယူစဥ်းစားပြီးနောက် သူ၏အာရုံက နဂါးတောင်ပံချပ်ဝတ်များထံ ကျရောက်သွားပြန်သည်။ သာမန်နဂါးတောင်ပံချပ်ဝတ်ဆိုလျှင် ခြောက်ဘီလီယံစျေးဖြင့်ရောင်းချကာ အရည်အသွေးပို၍ကောင်းမွန်လျှင် ဆယ်ဘီလီယံဖြစ်သည်။ ၎င်းကိုဝတ်ဆင်ထားလျှင် ကျင့်ကြံသူတစ်​ယောက်က အဆင့်တစ်ဆယ် နတ်အစေခံကိုပင် ခုခံနိုင်သောကြောင့် သူက ငါးစုံ ဝယ်ယူလိုက်သည်။ နတ်အစေခံကျွန်များကို ထိန်းချုပ်ထားသော်လည်း စစ်ဧကရာဇ်ကျွန်များကို စိတ်ကြိုက်ဝယ်ယူနိုင်သောကြောင့် သူက ဆယ်ဘီလီယံအသုံးပြုကာ အယောက်နှစ်ထောင် ဝယ်လိုက်သည်။ သို့သော် မရဏကြယ်ပေါ်ရှိ မျိုးနွယ်တိုင်းတွင် စစ်ဧကရာဇ်တပ်ဖွဲ့များစွာ ရှိသောကြောင့် ဤအရေအတွက်က ပြောပလောက်အောင် မများချေ။

မိုးကြိုးလက်စွပ်ကြောင့်သာ မဟုတ်လျှင် ယဲ့ချန်က သူ၏ငွေကြေးများနှင့် ဝယ်ယူထားသော ရတနာများကို သယ်ဆောင်သွားရန် အခက်ကြုံရပေလိမ့်မည်။ သူက လက်ကျန်ငွေကို စစ်ဆေးလိုက်သောအခါ မိစ္ဆာရွှေငါးဆယ်ဘီလီယံကျော် ကျန်ရစ်ကြောင်း တွေ့ခဲ့ရသည်။ အကယ်၍ မရဏကြယ်ပေါ်မှ ကျင့်ကြံသူများသာ ယဲ့ချန်က ၂၅၀ဘီလီယံကို တစ်ရက်အတွင်း သုံးစွဲခဲ့ကြောင်းသိလျှင် သတိလစ်သွားနိုင်သည်။ သာမန်မျိုးနွယ်တစ်ခု၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ သန်းတစ်ရာခန့်သာ ဖြစ်သောကြောင့်ပင်။

ခုနစ်ရက်ကြာသောအခါ နတ်ဆိုးယာဥ်ကြီးက မရဏကြယ်မှ ထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။ ဧည့်သည်များအားလုံးကို ထွက်ခွာစေပြီးနောက် ၎င်းက ကြယ်နှင့် ဖြည်းဖြည်းချင်း ဝေးကွာသွားသည်။ ၎င်းက ကီလိုမီတာသောင်းချီအဝေးသို့ ရောက်သောအခါ အာကာတွင်းနက်များဖန်တီး၍ စကြဝဠာအတွင်း ဖြတ်ခနဲ ပျံသန်းသွားသည်။ ယဲ့ချန်သည် မှော်မြို့တော်၏အတွင်းပိုင်းတွင် သန်းနှစ်ရာအသုံးပြု၍ အိမ်တော်တစ်ခု ဝယ်ယူလိုက်သည်။ ထို့နောက် ကျွန်နှစ်ထောင်၏ကိုယ်တွင်းသို့ နတ်ဆိုးဝိညာဥ်များ ပေါင်းစပ်ကာ နေရာယူစေခဲ့သည်။

"ချိုးရဲ မရဏကြယ်ကနေ ထာဝရပြည်ထောင်ကို ဘယ်လောက်ဝေးလဲ"

သူက ချိုးရဲကိုဆင့်ခေါ်၍ အပြန်ခရီးအတွက် စုံစမ်းလိုက်သည်။

"သွေးပြည်ထောင်နဲ့ ထာဝရပြည်ထောင်ကြားက နယ်စပ်ကို လုံခြုံရေး တင်းတင်းကြပ်ကြပ်ထားပြီး အဆင့်သုံးအထက် မရဏအလင်းမျှော်စင်တွေ စောင့်ကြည့်နေပါတယ်။ သွေးပြည်ထောင်ရဲ့ ထွက်ခွာခွင့်လက်မှတ်သာမရှိရင် နယ်စပ်ကို ကျော်ဖြတ်လို့မရပါဘူး။ တကယ်လို့ ကျော်ဖြတ်နိုင်ခဲ့ရင်တောင် ထာဝရပြည်ထောင်ဘက်က ပိုင်နက်သားရဲမျိုးနွယ်ကို အစောင့်ချထားပါတယ်။ ထာဝရပြည်ထောင်ကမဟုတ်တဲ့ ကျင့်ကြံသူတိုင်းကို သူတို့က သတ်ပစ်တတ်ကြပါတယ်"

ယဲ့ချန်က ထာဝရပြည်ထောင်အကြောင်း မေးလာမည်ဟု ထင်မထားသော်လည်း ချိုးရဲက သိထားသမျှကို အိတ်သွန်ဖာမှောက် ပြောပြလိုက်သည်။

"ပိုက်နက်သားရဲမျိုးနွယ် ဟုတ်လား"

ယဲ့ချန်က ဤအမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။

"သူတို့က ထာဝရပြည်ထောင်ရဲ့ ထိပ်တန်းစစ်သည်တော်တွေ ဖြစ်ကြပါတယ်။ ကျုပ်လည်း သူတို့ကို ကြားပဲကြားဖူးတာပါ။ ကောလဟာလတွေအရ အစွမ်းထက်ပိုင်နက်သားရဲတွေက ဧရာမနတ်ဆိုးယာဥ်ကြီးကို တစ်ချက်တည်း ဖျက်ဆီးပစ်နိုင်ပါတယ်"

ချိုးရဲ၏စကားကို ကြားသောအခါ နတ်ဆိုးယာဥ်ကြီး၏စွမ်းအားကို လက်တွေ့မြင်ခဲ့ရသော ယဲ့ချန်တစ်ယောက် အလွန်အံ့သြသွားခဲ့သည်။ ဤသို့အစွမ်းထက်ယာဥ်ကြီးမျိုးကို တစ်ချက်တည်း ဖျက်ဆီးပစ်နိုင်သည်မှာ နည်းနည်းနောနော အစွမ်းထက်ခြင်းမျိုးမဟုတ်ပေ။ စကြဝဠာအတွင်း၌ အံ့ဖွယ်ရာများ အပြည့်တည်ရှိနေလေသည်။

All Chapters