← Chapters

ဘုံရန်သူ

Vol. 007 Ch. 672

ဘုံရန်သူ

Vol. 007 Ch. 672

သူတို့အုပ်စုက မြေပြင်ကို ဆင်းသက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူကား တန်ဖိုးကြီး ဝတ်စုံကို တခမ်းတနား ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ပိန်ပါးသော်လည်း သူ့မျက်လုံးများက မာနကြီးသော ဟန်ပင်ကို မြင်ရ၏။ သူတို့အုပ်စုက ဂူတုံးလျို၏ ကိုယ်ရောင်ကိုယ်ဝါကို သည်နေရာတွင် အားကောင်းစွာ ခံစားသိမြင် လိုက်ရပြီးနောက် မြန်ဆန်စွာပင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က ဤမျှ မြန်မြန် ရောက်လာစရာ အကြောင်းမရှိပေ။

ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့က ဧည့်သည်များကို ကြည့်ကာ စာပါ အကြောင်းအရာက ဘာကို ဆိုလိုသည်ကို ယခုမှ ရိပ်မိလိုက်ကြသည်။

အားလုံး၏မျက်လုံးများက မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များကို ကြည့်နေကြသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသော လူငယ်က ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့ကို ကြည့်ကာ မဲ့ပြုံးပြုံးသည်။

တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့နှစ်ယောက်အကြား ပတ်သက်မှုကို မြင်တွေ့နိုင်ရာ သူရဲကောင်းများကား မိန်းမလှများကြောင့် ကျရှုံးရသည်ဟု စာဆိုများက ရေးဖွဲ့သည်မှာ အလကား မဟုတ်ဟု လူငယ်က တွေးလိုက်သည်။

မိန်းကလေးများကား သူရဲကောင်းများ၏ အားနည်းချက်ဖြစ်၏။

“ခင်ဗျားတို့က…” ကျူးကော့ချန်းဖန်က အသစ်ရောက်လာသော လူစုကို ကြည့်ကာ မေးသည်။ ခေါင်းဆောင်လူငယ်က ဦးညွှတ်ကာ ပြောသည်… “နဂါးပတ်တောင် ကျူးကော့မိသားစုက ဧည့်ခံပွဲတစ်ခု လုပ်နေတယ်ဆိုတာ ကျုပ်က ကြားခဲ့တယ်… အခုလို အနှောင့်အယှက် လုပ်မိတာ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်… ကျွန်တော့်နာမည်က ကျန်းရှာပါ… ယွီပြည်နယ်၊ ကျိရှမ်းကမ်းပါးက လာတာပါ…”

“ကျိရှမ်းကမ်းပါး…” ပုဂ္ဂိုလ်ကြီးများ အားလုံးက အံ့အားသင့် သွားကြသည်။ ပြည်နယ်တစ်ခုစီတွင် မြင့်မြတ် တော်ဝင်သော နေရာတိုင်းက အလွန်အမင်း နာမည် ကျော်ကြားလေ့ရှိရာ သူတို့အား အနည်းငယ်မျှ မလေးမစား မဆက်ဆံသင့်ပေ။ တော်ဝင်ကျဲနန်းတော်နှင့် ရေခဲနန်းတော်တို့သည်လည်း ယခင်က မြင့်မြတ်တော်ဝင်သော နေရာများ ဖြစ်ကြသည်။ အချိန်နှင့်အမျှ ဆုတ်ယုတ်ကာ ရှန့်ထိုမျိုးဆက် ပြတ်တောက်သွားပြီး နောက်ပိုင်း ထိုနေရာများက ယခုလို အခြေအနေ ဖြစ်လာခဲ့သည်။ ကျိရှမ်းကမ်းပါးကား ယွီပြည်နယ်၏ မြင့်မြတ်တော်ဝင်သော နေရာဖြစ်ကာ အမြင့်ဆုံး အဆင့်အတန်းကိုလည်း ပိုင်ဆိုင်သည်။

“မင်းတို့အားလုံးက တော်ဝင်မြေက ဧည့်သည်တွေပဲ… ကျုပ်သိပြီ…ကြွပါ…” ကျူးကော့ချန်းဖန်က ပြောသည်။

“ကျေးဇူးတင်ပါတယ်…” ကျန်းရှာက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်…”ဒါပေမဲ့ ကျွန်တော်က ဒီခရီးကို လာတာ ဒီလူအတွက် သက်သက်ပါပဲ.. ကျွန်တော့်ကိစ္စ ပြီးသွားရင် ခင်ဗျားတို့ကို နှောင့်ယှက်မှာ မဟုတ်တော့ဘူး…” ကျန်းရှာက ဂူတုံးလျိုကို ကြည့်ကာ ထပ်ပြောသည်… “ဒီလူက ယွီပြည်နယ်မှာ မကောင်းမှုတစ်ခု ကျူးလွန်ခဲ့ပါတယ်… သူက ကျုပ်ပိုင်တဲ့ ရတနာတစ်ခုကို ခိုးယူသွားတယ်… ဒါကြောင့် ကျုပ်က သူ့ကို ခေါ်သွားမှ ရမယ်…”

ဂူတုံးလျို၏မျက်လုံးများက အေးစက်သွားသည်။ ရတနာ မည်သည့်နေရာက လာသည်ကို သူအသိဆုံး ဖြစ်သည်။

အားလုံးက ဂူတုံးလျိုကို လှမ်းကြည့်ကာသည်။ ကျန်းရှာ၏စကားမျှကို သူတို့က ယုံကြည်စရာ မရှိသော်လည်း ကျိရှမ်းကမ်းပါးမှ လူများက မြေရိုင်းပြည်နယ်သို့ အထိ လိုက်ပါလာရအောင် သူက မည်သည့်ရတနာကို ရယူခဲ့သည်ကို အားလုံးက သိလိုကြသည်။

ကျူးကော့ချန်းဖန်က ဂူတုံးလျိုကို ကြည့်သည်တွင် ဂူတုံးလျိုက ပြောသည်… “မင်းမေးတဲ့ရတနာကို ငါပေးမယ်… ဒါဆို ဒီကိစ္စပြေလည် သွားမလား…” လက်ရှိ တခြားလူကို ထိခိုက်မည့် အခြေအနေသာ မရှိလျှင်သူက ရတနာကို မည်သည့်နည်းနှင့်မျှ ထုတ်ပေးမည် မဟုတ်ပေ။ သို့သော်လည်း သည်ကိစ္စက ကျူးကော့မင်းယွီနှင့် တခြားလူများကိုပါ ထိခိုက်စေနိုင်ပေသည်။ သို့သော်လည်း ကျန်းရှာက လက်ခံမည် မဟုတ်သည်ကိုလည်း ဂူတုံးလျိုက နားလည်သည်။

ကျန်းရှာက ဂူတုံးလျိုကို ငေါ့တော့တော့ကြည့်ကာ ပြောသည်… “ငါက မင်းကိုလည်း ခေါ်သွားမယ်…”

ဂူတုံးလျိုက တည်ငြိမ်စွာပင် ကြည့်သည်။ ဤသို့သော အခြေအနေ ဖြစ်လာမည်ကို သူသိထားသည်။ ကျူးကော့မင်းယွီကလည်း ထိုလူငယ်တို့ အဖွဲ့အား အေးစက်စွာ ကြည့်သည်။

“ကျုပ်က ဆုံးဖြတ်လို့ရအောင်  အခြေအနေကို ရှင်းပြပါဦး…” ကျူးကော့ချန်းဖန်က ပြောသည်။

ကျန်းရှာက ကျူးကော့ချန်းဖန်ကို ကြည့်ကာ ပြောသည်… “စီနီယာ… သူက ကျုပ်ဆီက ပစ္စည်းတစ်ခုကို ခိုးပြေးသွားပါတယ်… အခြေအနေကို နားလည်အောင် ရှင်းပြဖို့ မလွယ်ပါဘူး… ဒါပေမဲ့ ကျုပ်ကလည်း မဟုတ်မမှန်ဘဲ​ တမင် မစွပ်စွဲပါဘူး… စီနီယာက နားလည်စေချင်ပါတယ်…”

“မင်းက ဒီလိုပြောရုံနဲ့ ကျူးကော့မိသားစုက လူတစ်ယောက်ကို ခေါ်သွားလို့ ဘယ်ရပါ့မလဲ…” ဟောင်စီက ပြောသည်။ သူက ကျူးကော့ချန်းဖန်၏ မိတ်ဆွေဖြစ်သောကြောင့် ဤသို့ပြောခြင်း မဟုတ်ပေ။ သူနှင့် ကျူးကော့ချန်းဖန်ကား ပြိုင်ဘက်များ ဖြစ်သော်လည်း ကျိရှမ်းကမ်းပါးမှ လူငယ်တစ်ယောက်က ကျူးကော့မိသားစု၏ အကြီးအကဲတစ်ယောက် ရှေ့တွင် ရဲရဲတင်းတင်း တစ်စုံတစ်ယောက်ကို အကြောင်းပြချက် မရေရာဘဲ ခေါ်သွားမည် ဆိုသည်က အလွန်အမင်း ရိုင်းစိုင်းရာ ကျပေသည်။ ကျူးကော့ချန်းဖန်ကလည်း ဘာမှ မပြောပေ။ ဟောင်စီ ပြောသည်မှာ သင့်တော်ပေသည်။

“ဒီလူက စီနီယာတို့နဲ့ ဆက်စပ်မှု ရှိပါသလေား…” ကျန်းရှာက အားလုံးကို ကြည့်ကာ ဆက်ပြောသည်… “ဒါဆိုလည်း ခွင့်လွှတ်ပါ… ဒီလူက ကျုပ်ဆီက ပစ္စည်းတစ်ခု ခိုးထားတယ်… ကျုပ်က သူ့ကို ပြန်လာခေါ်ပါ့မယ်… နှုတ်ဆက်ပါတယ်…“ထိုသို့ ပြောပြီးသည်နှင့် သူတို့အုပ်စုက ထွက်ခွာသွားသည်။ ကျန်းရှာ၏မျက်လုံးတွင် အေးစက်သော အငွေ့အသက်တစ်ခု ဖြတ်ပြေးသွား၏။

သူတို့က ဤနေရာသို့ မလာမီကပင် ဤနေရာမှ အခြေအနေကို လေ့လာ စုံစမ်းပြီးဖြစ်သည်။ ကျူးကော့ချန်းဖန်ကား ကောင်းကင်မြေရိုင်း ထိပ်သီးတစ်ယောက် ဖြစ်ကာ အလွန်အမင်း စွမ်းအားမြင့်သည်။ သူတို့က ကျိရှမ်းကမ်းပါးမှ ဖြစ်သည့်တိုင် ဂူတုံးလျိုအား ကျူးကော့ချန်းဖန်က မထုတ်ပေးလျှင် သူတို့ ဘာမှ မတတ်နိုင်ပေ။

“ကျိရှမ်းကမ်းပါးကို ပြန်သွားပြီး ငါ့ဂျူနီယာကို ပြောလိုက်… ငါက အဲဒီလူနဲ့ ပစ္စည်းကို သေသေချာချာ စောင့်ကြည့် ထားမယ်လို့…” ကျန်းရှာက သူ့ဘေးမှ လူကို ပြောသည်။ ဘေးမှ လူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျန်းရှာ ဆိုလိုသောလူကို သူတို့သိကြသည်။ မြေရိုင်းပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများအား ခြိမ်းခြောက်နိုင်စွမ်း ရှိသူကို ပြပါဆိုလျှင် ထိုလူငယ် တစ်ယောက်သာ ရှိပေမည်။

ယွီပြည်နယ်မှ လူများ ထွက်ခွာသွားသည်တွင် သည်ကိစ္စက မပြီးဆုံးသေးသည်ကို အားလုံးက နားလည်ကြသည်။ ဂူတုံးလျိုကား ကျိရှမ်းကမ်းပါး၏ ပစ်မှတ်ထားခြင်းကို ခံနေရပေပြီ။

“သူပြောတာ ဘယ်လောက်မှန်လဲ…” ကျူးကော့ချန်းဖန်က ဂူတုံးလျိုကို မေးသည်။

ဂူတုံးလျိုက ပြောသည်… “ကျန်းရှာက တကယ်ပဲ ကျိရှမ်းကမ်းပါးကလူပဲ… သူက ကျိရှမ်းကမ်းပါး သူရဲကောင်း ကိုးယောက်ထဲက တစ်ယောက်ပဲ… ရတနာကတော့ အမှန်ပဲ ကျွန်တော်က တစ်ခုရခဲ့တယ်… ဒါပေမဲ့ သူပြောသလိုတော့ မဟုတ်ဘူး…” ဂူတုံးလျိုက ပြောသည်။

ကျူးကော့ချန်းဖန်က ခေါင်းညိတ်သည်… “ဒါဆိုလည်း မင်းရဲ့ ဒဏ်ရာကို သက်သာအောင်ပဲ အာရုံစိုက်တော့… ကျန်းရှာက ကျိရှမ်းကမ်းပါးက ဖြစ်ပေမဲ့ သူက ကျူးကော့မိသားစုကို လောလောဆယ် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး…”

များသောအားဖြင့် တန်ခိုးရှင်လောကတွင် ထိပ်သီး ပုဂ္ဂိုလ်ကြီးများက လူငယ်မျိုးဆက်များ၏ ကိစ္စတွင် ဝင်ရောက် စွက်ဖက်လေ့ မရှိကြပေ။

ထို့အပြင် ကျူးကော့ချန်းဖန် ကိုယ်တိုင်က မြေရိုင်းပြည်နယ်၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်ရာ လူငယ်တစ်ယောက်က သူတို့စိတ်ဆန္ဒအတိုင်း လာရောက် ပြုမူနိုင်ခွင့်မရှိပေ။

“ကျေးဇူးတင်ပါတယ်… စီနီယာ…” ဂူတုံးလျိုက ကျေးဇူးတင်သည်။ ကျူးကော့ချန်းဖန်ကား ယခု သူ၏အသက်ကို ကယ်လိုက်သည်နှင့် မခြားပေ။

“အဖေ… ပွဲကို ဆက်လုပ်ရအောင်…” ကျူးကော့မင်းယွီက သူမ၏အဖေကို ပြောသည်။ အားလုံးက အံ့အားသင့် သွားကြသည်။ သူမ၏ စိတ်နေ သဘောထားကား အမှန်ပင် ထူးခြားလှပေသည်။

“မင်းယွီ…” ဂူတုံးလျိုက သူမကို ကြည့်သည်။ ကျူးကော့မင်းယွီက သူ၏မျက်လုံးကို ပြန်လည်၍ စူးစိုက်ကြည့်ကာ ပြောသည်… “နင်မလိုလားရင် ငါနောက်တစ်ယောက် ရှာတော့မယ်…”

“…” ဂူတုံးလျို မှင်တက်သွားသည်။ နောက်ဆုံး သူက သက်ပြင်းချကာ ကျူးကော့မင်းယွီအား ကြည့်သည်။ ကျူးကော့မင်းယွီက စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်ကို သူနားလည်လိုက်သည်။

“နင်က ဒီနေ့ ရောက်မလာရင် နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး… အခု နင်က ဒီနေ့ ရောက်လာမှတော့ နင်သွားတဲ့နေရာကို ငါလိုက်မယ်… ဒါက ငါ့ဆုံးဖြတ်ချက်ပဲ… ဒီအတွက်လည်း ငါက နောင်တမရဘူး…” ကျူးကော့မင်းယွီက တည်ငြိမ်စွာပင် ပြောသည်။

ထိုအခါမှ ဂူတုံးလျိုကလည်း သူမ၏လက်ကို ပြန်လည် ဆုပ်ကိုင်ကာ ပြောသည်… “ကောင်းပြီ…”

သူတို့နှစ်ယောက် အချင်းချင်း ပြုံးလျက် ကြည့်ကြသည်။

ရီဖူရှင်းကလည်း တောက်ပစွာ ပြုံးသည်။ လက်ရှိ အခြေအနေက အန္တရာယ်များ မကင်းသေးသော်လည်း အနည်းဆုံး သူ၏အစ်မ၂နှင့် အစ်ကို၃တို့က တစ်ယောက်နှင့် တစ်ယောက် လက်တွဲနိုင်လေပြီ။

“ဒီလိုဆိုရင်လည်း အစ်ကိုကျူးကော့… သူတို့ကို ခွင့်ပြုပေးသင့်တယ်…” ဟောင်စီက ပြောသည်။ အားလုံးက ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က လိုက်ဖက်သည်ဟု ထင်မြင်ကြသည်။ သူတို့အကြားမှ အချစ်က အမှန်ပင် ခွင့်ပြုပေးရန် ထိုက်တန်မှု ရှိပေသည်။

“ခေါင်းဆောင်… ကျုပ်တို့က ဒီကိစ္စကို သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တယ် ထင်တယ်…” ကျူးကော့မိသားစုမှ အကြီးအကဲအချို့က ပြောသည်။ ကျူးကော့မိသားစုက ကျိရှမ်းကမ်းပါးကို မကြောက်သော်လည်း အနည်းငယ်တော့ အန္တရာယ်ရှိပေသည်။ ဂူတုံးလျို၏ပါရမီက အမှန်ပင် ကောင်းမွန်သော်လည်း ကျိရှမ်းကမ်းပါး ရောက်လာခြင်းက သူတို့အားလုံးက အနည်းငယ် တွေဝေစေသည်။

ကျူးကော့မိသားစုက ယခု တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့ကို အပြစ်ပြုမိပြီ ဖြစ်သည်။ ယခု ကျိရှမ်းကမ်းပါးနှင့်လည်း ရင်ဆိုင်ရပါက လွယ်ကူမည် မဟုတ်ပေ။

“ကျုပ်ရဲ့ အစ်မ၂နဲ့ အစ်ကို၃တို့က အချင်းချင်း ချင်ခင်နှစ်သက် နေကြတာပဲ… ဘာကို စဉ်းစားမှာလဲ…” ရီဖူရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်ကာ ပြောသည်… “ဦးလေးက သူတို့ကို ကောင်းချီးပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်… တကယ်လို့ အန္တရာယ်နဲ့ ကြုံလာခဲ့ရင်လည်း အစ်ကို၃က ကျူးကော့မိသားစုကို ဆွဲသွင်းမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်… အားလုံး အဆင်ပြေ သွားတဲ့အခါ အစ်ကို၃က ပိုင်လွေလီထက် မနိမ့်ဘူးဆိုတာ သက်သေပြလိမ့်မယ်…”

“ကျွန်တော်က ကျူးကော့မိသားစုက ထွက်သွားပါ့မယ်…” ဂူတုံးလျိုက ပြောသည်။ ကျူးကော့မင်းယွီက သူနှင့်လိုက်မည်ဟု ပြောပြီးဖြစ်ရာ သူကလည်း ကျူးကော့မိသားစုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတော့ပေ။

ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်သည်။ ဂူတုံးလျို၏ ပါရမီအပေါ် သူက အသိအမှတ်ပြုရသလို ရီဖူရှင်း၏ အကြောင်းအရာ အချို့ကိုလည်း သူက သိသည်။

“ကျူးကော့မိသားစုကိစ္စကို မင်းက ဘယ်တုန်းက ပြောခွင့် ရသွားတာလဲ….” လူငယ်တစ်ယောက်က ငေါ့တော့တော့ ပြောသည်။

“မိန်းကလေးမင်းယွီက ကျုပ်တို့ မိသားစုရတနာပဲ…. ဒီလို စကားလုံး နည်းနည်းနဲ့ ဘယ်လိုလုပ် လက်ထပ်ခွင့်ပေးလို့ ရပါ့မလဲ…” နောက်တစ်ယောက်က ပြောသည်။

“ရီဖူရှင်း…မင်းက တော်ဝင်ကျဲနန်းတော်ရဲ့ တပည့် မဟုတ်တော့ဘူး… ကျူးကော့မိသားစုကို ဘာလို့ မင်းက ဝင်စွက်ဖက် နေရတာလဲ…” ကျူးကော့ရှင်းက အေးစက်စွာ ပြောသည်။

“ဦးဆုံး သူက ဟွာဂျီယူကို လုသွားတယ်… အခု သူ့အစ်ကို၃ကို ကျုပ်တို့ သခင်မလေးနဲ့ အတင်းယူဖို့ ပြောနေတယ်… သူကတကယ်ပဲ…”

“သူက တော်ဝင်ကျဲနန်းတော်ရဲ့ ထုတ်ပယ်ခံ တပည့်တစ်ယောက်ပဲ… သူက နောက်ထပ် အထောက်အပံ့တစ်ခု ရှာနေတာပဲ ဖြစ်ရမယ်… ကျူးကော့မိသားစုလို အားကောင်းတဲ့ မိသားစုနောက်ခံကို ရွေးတာ မထူးဆန်းပါဘူး…”

ကျူးကော့မိသားစုမှ လူငယ်များက တစ်ယောက်ပြီး တစ်ယောက်က စွတ်စွဲပြောဆို ဝေဖန်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို သဘောကျခြင်း မရှိကြပေ။ ရီဖူရှင်းက သူတို့အား အသုံးမကျသူများဟု ပေါ်ပေါ်ထင်ထင် ဝေဖန်ထားသည်။ ယခု ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်မှ တပည့်မဟုတ်တော့ရာ အရာအားလုံးက ကွဲပြား ခြားနားသွားပြီဖြစ်သည်။

လူငယ်များက ရီဖူရှင်းကို ဝေဖန်နေသော အချိန်တွင် အကြီးအကဲများက ဘာမှ မပြောကြပေ။ ကျူးကော့မိသားစုမှ လူငယ်များသာ မဟုတ် အကြီးအကဲအချို့ကပါ ရီဖူရှင်းကို သဘောမကျသည်မှာ ထင်ရှားပေသည်။

***

All Chapters