ရင်ယွမ်တိမ်မှ သံတမန်များ
Vol. 52 Ch. 723
လှေက ကောင်းကင်မူလကြယ်မှ မဟုတ်သည့်အပြင် စကြဝဠာအတွင်း ဖြတ်သန်းလာပုံရသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းက ကောင်းကင်နတ်ဆိုးများနှင့် သက်ဆိုင်ခြင်းရှိလျှင် တိုက်ပွဲတစ်ခု ဖြစ်နေမည်ဖြစ်ရာ မည်သူပိုင်ဆိုင်သည်ကို သူက တွေးနေမိသည်။ တစ်ဖက်လူက မဟာမိတ်ဆိုလျှင် နဂါးဘုရင်က ဝမ်းသာနေရမည်ဖြစ်သော်လည်း စကားသံက ထူးခြားစွာ တင်းမာနေသည်။
"ဘယ်သူတွေ ရောက်နေတာလဲ"
သူက စစ်ဧကရာဇ်နန်းတော်အတွင်း ရောက်သောအခါ ထန်းယွမ်ကို အရင်ဆုံး တွေ့ခဲ့ရသည်။
"ကောင်းကင်မူလကြယ်နဲ့ သိပ်မဝေးတဲ့ ရင်ယွမ်ကြယ်ကလာတဲ့ နတ်အစေခံသုံးယောက်ပဲ"
အမြဲတစေပြုံးနေတတ်သော ထန်းယွမ်၏အပြုံးပင် ပျောက်ကွယ်နေပြီး စစ်ဧကရာဇ်နန်းတော်အတွင်းမှ မျက်နှာမသာမယာဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
"ငါတို့ကြယ်ကို သူတို့က ဘယ်လိုရှာတွေ့သွားတာလဲ။ ဒီလှေကရော ဘယ်လိုရတနာမျိုးလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်မူလကြယ်က အခြားကြယ်များနှင့် ထိတွေ့မှုမရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
"ဒီလှေကို ကောင်းကင်လှေလို့ခေါ်ပြီး စကြဝဠာထဲက မှောင်ခိုစျေးတစ်ခုမှာ ရောင်းချတယ်။ ဒါက ပန်းပဲဆရာတွေရဲ့ ကျော်ကြားတဲ့ လက်ရာတစ်ခုဖြစ်ပြီး ကြယ်အမြုတေ တန်သုံးဆယ် တန်ကြေးရှိတယ်"
ထန်းယွမ်က သူသိခဲ့ရသမျှကို ရှင်းပြလိုက်သောအခါ ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။ ကောင်းကင်မူလကြယ်ရှိ ကြယ်အမြုတေအားလုံးကို စုဆောင်းလိုက်လျှင်ပင် ဤပမာဏကို မပြည့်နိုင်သောကြောင့် ရင်ယွမ်ကြယ်က ကောင်းကင်လှေကို ဝယ်နိုင်သည်ဆိုလျှင် သေချာပေါက် ချမ်းသာရပေလိမ့်မည်။ ထို့နောက် သူက ထန်းယွမ်နှင့် စကားပြောရင်း အတွင်းခန်းမသို့ ဝင်ရောက်လိုက်သောအခါ ထူးဆန်းသောအသွင်အပြင်နှင့် ကျင့်ကြံသူသုံးယောက်ကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ်က ရေစည်ပိုင်းကဲ့သို့ လုံးဝိုင်းနေသော်လည်း ဦးခေါင်းက လေးထောင့်သဏ္ဍာန်ဖြစ်ကာ အနည်းငယ် အသားမည်းသည်။ နားရွက်ကြီးများက ခေါင်း၏တစ်ဝက်ခန့် ကြီးမားပြီး ထူထဲကာ ဦးခေါင်း၏တစ်ဖက်စီတွင် ယပ်တောင်ကြီးများ တပ်ဆင်ထားသကဲ့သို့ ထင်မှတ်ရသည်။ သူတို့၏ခေါင်းဆောင်က အဝဆုံးဖြစ်ပြီး အဖိုးတန်အဝတ်အစားများ ဝတ်ဆင်လာသော နတ်အစေခံသုံးယောက်သည် နဂါးဘုရင်ကို မောက်မာစွာ ဖိအားပေးနေကြသည်။
"ကောင်းကင်မူလကြယ်က မင်းတို့အကူအညီကို မလိုအပ်ဘူး။ ကောင်းကင်နတ်ဆိုးတွေက ဒီကြယ်ကို ဖျက်ဆီးနိုင်ဖို့ စောလွန်းပါတယ်"
နဂါးဘုရင်၏လေသံတွင် ဒေါသသံအချို့ စွက်နေသည်။
"နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးတွေကတင် မင်းကို ပြဿနာရှာနိုင်နေပြီ။ ကြယ်သခင်တွေ ရောက်လာရင်ရော အနိုင်ရမယ်လို့ ထင်နေတာလား။ ငါတို့ကြယ်သခင် သိထားသလောက်ဆိုရင် ကောင်းကင်နတ်ဆိုးငါးရာကျော်က ဒီနေရာကို ဦးတည်လာနေကြပြီး ၂နှစ်အတွင်း ရောက်လိမ့်မယ်။ ဆုံးဖြတ်ချက်မချခင် သေချာစဥ်းစားသင့်တယ်"
သံတမန်ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး လှောင်ပြောင်လိုဟန်ဖြင့် ကြည့်နေသောအခါ နဂါးဘုရင်က အမှန်တကယ် ဒေါသထွက်နေပြီဖြစ်သည်။
"မင်းတို့က ရင်ယွမ်ကြယ်ရဲ့ လက်အောက်ခံဖြစ်လာရင် ကြယ်သခင်က မင်းတို့ကို ကာကွယ်ပေးနိုင်တယ်။ မဟုတ်လို့ကတော့ ကောင်းကင်နတ်ဆိုးတွေရောက်လာရင် မင်းတို့အားလုံး သေရလိမ့်မယ်။ ငါတို့သိရသလောက် မင်းရဲ့ကြယ်သခင်က အခုမှ တစ်လသားအရွယ်ပဲ ရှိသေးတယ်။ ဒီလိုကလေးတစ်ယောက်က မင်းတို့ကို ကယ်နိုင်မယ် ထင်နေတာလား။ တော်တော်ရယ်စရာကောင်းတယ်"
နောက်ထပ် နတ်အစေခံတစ်ယောက်က ဝင်ရောက်လှောင်ပြောင်လိုက်ပြန်သည်။
"ငါတို့စိတ်ရှည်တာက အကန့်အသတ်ရှိတယ်။ ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်ကို ကယ်ချင်လို့သာ မဟုတ်ရင် လေကုန်ခံပြီး ပြောနေမှာ မဟုတ်ဘူး။ မြန်မြန်ဆုံးဖြတ်စမ်း"
ခေါင်းဆောင်က စိတ်မရှည်လက်မရှည်ဖြင့် ဖိအားပေးနေခဲ့သည်။
"နဂါးဘုရင် ဘာတွေဖြစ်နေတာလဲ"
ယဲ့ချန်က ရှေ့တက်လာပြီး အခြေအနေကို စုံစမ်းလိုက်သည်။
"သူတို့ကိုသာ မေးကြည့်ပေတော့"
ယဲ့ချန်ကို မြင်သောအခါ နဂါးဘုရင်၏ တင်းမာနေသော အမူအရာက ပြေလျော့သွားခဲ့သည်။ သူ၏စကားထံမှ ဖိနှပ်ထားသော ဒေါသကို ယဲ့ချန်က အာရုံခံမိလိုက်သည်။
"မင်းတို့ကို ဘယ်လိုခေါ်ရမလဲ"
ထို့နောက် သူက နတ်အစေခံသုံးယောက်ဘက်လှည့်ကာ မေးလိုက်သည်။
"ငါက ရင်ယွမ်ကြယ်ရဲ့ နတ်အစေခံ ကျိရင်။ မင်းက ဘယ်သူလဲ။ စစ်ဧကရာဇ်တစ်ယောက်က ဒီနေရာမှာ စကားပြောခွင့်ရှိလို့လား"
နတ်အစေခံသုံးယောက်၏ ခေါင်းဆောင်က အထင်သေးစွာဖြင့် ကဲ့ရဲ့လိုက်သည်။ သူ၏ပြောဆိုပုံက အလွန်တင်စီးပြီး မောက်မာလွန်းသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် လက်ရှိတွင် ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်နေရသော ကောင်းကင်မူလကြယ်အတွက် ရန်သူ ထပ်တိုးလာလျှင် ကောင်းကျိုးမရှိသောကြောင့် ဟောင်နေသည့် ခွေးပမာ သဘောထားလိုက်ရသည်။
"ကျုပ်က ကောင်းကင်မူလကြယ်ကို ကိုယ်စားပြုတယ်"
သူက တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။ ကျိရင်က နဂါးဘုရင်နှင့် သူ့ကို တလှည့်စီကြည့်၍ စိတ်ရှုပ်သွားပုံပေါ်သည်။ ကောင်းကင်မူလကြယ်တွင် နတ်အစေခံခုနစ်ယောက်ရှိသော်လည်း စစ်ဧကရာဇ်တစ်ယောက်ကို ဆုံးဖြတ်ပိုင်ခွင့် ပေးအပ်ထားခြင်းအပေါ် သူက မယုံနိုင်ဖြစ်နေခဲ့သည်။
"ဒီကြယ်က ကောင်းကင်နတ်ဆိုးတွေရဲ့ နောက်ထပ်ပစ်မှတ်ဖြစ်လာပြီး ၂နှစ်အတွင်း နတ်အစေခံအဆင့်ငါးရာကျော် ရောက်လာလိမ့်မယ်။ ငါတို့ရဲ့ကြယ်သခင်က မင်းတို့ကို သံတမန်ရေးအရ ကူညီပေးချင်ပေမယ့် အခြေအနေတချို့ကိုတော့ သဘောတူရမယ်"
ကျိရင်က တစ်လုံးချင်း ပြောလိုက်သည်။
"ဘာအခြေအနေလဲ"
ဆွေးနွေးညှိုနှိုင်းရန် ရောက်လာသူများက မောက်မာလွန်းနေသဖြင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ကို ကူညီပေးစေချင်တယ်ဆိုရင် ကောင်းကင်မူလကြယ်က ရင်ယွမ်ကြယ်ရဲ့ လက်အောက်ခံဖြစ်ရမယ့်အပြင် နတ်အစေခံတွေနဲ့ စစ်ဧကရာဇ်အားလုံးက ရင်ယွမ်ကြယ်သခင်ရဲ့ အမိန့်ကို လိုက်နာရမယ်။ နောက်တစ်ချက်အနေနဲ့ ဒီနေရာမှာ နတ်ဆိုးသားရဲတွေ မွေးမြူထားတဲ့အတွက် မင်းတို့မှာ မိစ္ဆာရွှေတွေ ပိုင်ဆိုင်ထားတာဖြစ်လို့ သန်းသုံးဆယ်ကို ပဏ္ဏာအဖြစ် နှစ်စဥ်ဆက်သရမယ်"
ကျိရန်၏ မျက်လုံးများတွင် လောဘမီး တောက်လောင်နေသော်လည်း လေသံတွင် ပရဟိတစိတ်များ ပြည့်နှက်နေဟန်ဆောင်လိုက်သည်။ သူ၏စကားများက ယဲ့ချန်ကို စိတ်ဆိုးစေခဲ့သည်။ တစ်ဖက်လူက ကောင်းကင်မူလကြယ်ကို အမှန်တကယ်ကူညီလိုလျှင် ဤအခြေအနေနှစ်ခုကို သဘောတူရန် ပြဿနာမရှိသော်လည်း အထက်စီးမှ ခြိမ်းခြောက်နေခြင်းက သဘောကျစရာမကောင်းပေ။ ကောင်းကင်မူလကြယ်က ဆက်လက်ရှင်သန်ရန်အတွက် ရင်ယွမ်ကြယ်ကို အောက်ကျို့ခံ ဖားယားနေစရာ မလိုပေ။
"နောက်ထပ် ဘာအခြေအနေတွေ ရှိသေးလဲ"
ကျိရင်က ဆက်ပြောရန် ဟန်ပြင်နေသောအခါ ယဲ့ချန်၏လေသံက အေးစက်တင်းမာနေသည်။ နောက်ဆုံးတွင် အလွန်တည်ကြည်အေးဆေးသော နဂါးဘုရင် ဒေါသထွက်နေရသည့် အကြောင်းအရင်းကို သူကိုယ်တိုင် နားလည်သွားခဲ့သည်။
"ကောင်းကင်မူလကြယ်ရဲ့ မျိုးနွယ်ပေါင်းစုံက မိန်းမလှခြောက်ထောင်ကို ရင်ယွမ်ကြယ်ဆီ နှစ်တိုင်း ပို့ပေးရမယ်"
ကျိရင်က တစ်ဖက်လူ၏သဘောထားကို မသိကျိုးကျွံပြုကာ မောက်မောက်မာမာ ပြောလိုက်ပြန်သည်။ သူ၏စကားက ယဲ့ချန်ကို ယမ်းပုံမီးကျဒေါသထွက်သွားစေခဲ့ပြီး ဤအချက်ကို သဘောတူလိုက်လျှင် ကောင်းကင်မူလကြယ်က အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။ ကောင်းကင်မူလကြယ်၏ ယောကျ်ားများအတွက် အသက်ရှင်နိုင်ရန် မိန်းကလေးများကို စတေးရမည်ထက် သေလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။
"နောက်တစ်ချက်က...."
"ဆက်ပြောစရာ မလိုဘူး။ ကောင်းကင်မူလကြယ်က မင်းရဲ့အခြေအနေတွေကို သဘောမတူဘူး။ ပြန်ကြတော့။ ကောင်းကင်မူလကြယ်ရဲ့ ယောကျ်ားတွေက မင်းရဲ့ကြယ်သခင်ကို ငါတို့ကိစ္စမှာ ဝင်စိတ်ပူနေဖို့ မလိုဘူးလို့ ပြောလိုက်စမ်း"
ကျိရင်က ဆက်ပြောချင်သော်လည်း ယဲ့ချန်က လက်ကာပြ၍ ဟန့်တားလိုက်သည်။
"မင်းက ဒီလောက်မြန်မြန် ဆုံးဖြတ်လိုက်လို့ မှားသွားမှာ မကြောက်ဘူးလား။ မင်းတို့ရဲ့ရှင်းဟွမ်နဲ့ ကြယ်သခင်နဲ့ အရင်ဆုံး ဆွေးနွေးစမ်း"
သူ၏စကားကြောင့် ကျိရင်က မယုံနိုင်ဟန်ဖြင့် မင်သက်သွားသော်လည်း သတိပြန်ဝင်လာသောအခါ ဒေါသတကြီး အော်ငေါက်လိုက်သည်။ သူ၏နားများအတွင်း သွေးများ ပြည့်နှက်လာသကဲ့သို့ အနီရောင် ပြောင်းသွားခဲ့သည်။
"ငါက ကြယ်သခင်ရဲ့ဖခင် ဖြစ်တဲ့အတွက် သူ့ကိုယ်စား ဆုံးဖြတ်နိုင််တယ်။ ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က မင်းတို့နဲ့ သဘောတူရင်တောင် ငါတို့က သဘောမတူဘူး"
ယဲ့ချန်က တည်ကြည်လေးနက်စွာ တုံ့ပြန်လိုက်သည်။ အကယ်၍ ရှင်းဟွမ်ကသာ ရင်ယွမ်ကြယ်ရဲ့ တောင်းဆိုချက်များကို လက်ခံလိုက်လျှင် သူက အရင်ဆုံး ဆန့်ကျင်မည်ဖြစ်သည်။ ယောကျ်ားတစ်ယောက်က အသေခံနိုင်သော်လည်း အရှက်ကွဲတော့ မခံနိုင်ပေ။ နဂါးဘုရင်နှင့် ထန်းယွမ်သည် ယဲ့ချန်က ဤမျှပြတ်သားမည်ဟု ထင်မထားသောကြောင့် အလွန်အံ့သြနေကြသည်။ ဤအခြေအနေများက ကောင်းကင်မူလကြယ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သော်လည်း အသက်ရှင်သန်ရေးနှင့် ပတ်သက်နေခဲ့သည်။
"ငါလည်း သဘောမတူဘူး။ အခုချက်ချင်းပြန်ပြီး မင်းတို့ရဲ့ကြယ်သခင်ကို ကောင်းကင်မူလကြယ်က သူ့အကူအညီကို မလိုအပ်ဘူးလို့ ပြောလိုက်စမ်း"
ရုတ်တရက် တင်းမာသော အမျိုးသမီးအသံတစ်ခုက ထွက်ပေါ်လာသကဲ့သို့ တပြိုင်နက်မှာပင် ပြိုင်ဘက်ကင်းလှပသော သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်က အလွန်မြင့်မြတ်သော ဟန်ပန်မျိုးဖြင့် ခန်းမအတွင်း ထွက်ပေါ်လာခဲ့သည်။
"ရှင်းဟွမ်အရှင် ကျုပ်က ကြယ်သခင်ရဲ့ သတင်းစကားကို လာပို့ပေးရုံပါ။ သူက အရှင့်အပေါ်မှာ မကောင်းတဲ့အကြံ မရှိပါဘူး"
ကောင်းကင်မူလကြယ်၏ ရှင်းဟွမ် ထွက်ပေါ်လာသောအခါ ကျိရင်၏ မောက်မာသော အမူအရာက ချက်ချင်းပျောက်ကွယ်သွားကာ ဦးညွှတ်လိုက်သည်။
"ငါ နားလည်ပြီ။ ရင်ယွမ်ကြယ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်တယ်"
ရှင်းဟွမ်က တည်ငြိမ်စွာရှိနေခဲ့ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ရင်ယွမ်ကြယ်၏ တောင်းဆိုချက်များက သူမအတွက် အန္တရာယ်မရှိဘဲ ကောင်းကင်မူလကြယ်က လက်အောက်ခံကြယ်ဖြစ်ပါစေ သို့မဟုတ် မိစ္ဆာရွှေသန်းသုံးဆယ် ပဏ္ဏာဆက်ရပါစေ သူမက မြင့်မြတ်သောတည်ရှိမှုအဖြစ် ဆက်လက်ရှိနေပေလိမ့်မည်။ ရင်ယွမ်ကြယ်၏ကျင့်ကြံသူများက ရှင်းဟွမ်ကို မစော်ကားရဲသဖြင့် အခြေအနေများ တောင်းဆိုရာ၌ သူမကို မထိပါးခဲ့သော်လည်း တစ်ဖက်လူက ငြင်းဆန်ခဲ့သည်။ ကျိရင်၏နားရွက်များက ရဲရဲနီလာခဲ့သော်လည်း သူမရှေ့တွင် ဒေါသမထွက်ရဲပေ။ မည်သည့်ရှင်းဟွမ်ဖြစ်ပါစေ၊ အဆင့်အတန်းနှင့် စွမ်းအားအရာ၌ သူတို့ထက် များစွာမြင့်မားပေသည်။
ယဲ့ချန်သည်လည်း သူမကို ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ သူမကသာ ရင်ယွမ်ကြယ်နှင့် သဘောတူလိုက်လျှင် ယဲ့မျိုးနွယ်က သေချာပေါက် ပုန်ကုန်မည်ဖြစ်သည်။ ရင်ယွမ်ကြယ်၏ တစ်ဖက်သတ်တောင်းဆိုချက်များကို လက်ခံလိုက်လျှင် သူတို့က အမြဲ ခေါင်းငုံ့နေရပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရှင်းဟွမ်က ငြင်းပယ်ခဲ့သောကြောင့် သူမအပေါ် ယဲ့ချန်၏အထင်အမြင်များ ကောင်းမွန်လာခဲ့သည်။ လက်ရှိတွင် သူက ကောင်းကင်မူလကြယ်နှင့် သက်ဆိုင်သည်ဟု ခံစားနေရပြီး ကောင်းကင်နတ်ဆိုးများနှင့် တိုက်ပွဲတွင် ယဲ့မျိုးနွယ်က အစွမ်းကုန်ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"အရှင်က စိတ်ပိုင်းဖြတ်ထားပြီဆိုမှတော့ ကျုပ်က ကြယ်သခင်ကို ပြန်ပြီးတင်ပြပေးပါမယ်"
ကျိရင်က စကားပြောနေစဥ် နားရွက်ကြီးများက နီမြန်း၍ လှုပ်ခါနေခဲ့သည်။ သူက အလွန်ဒေါသထွက်နေသော်လည်း စိတ်ထဲ၌ မျိုသိပ်နေရုံသာ တတ်နိုင်သည်။ ရင်ယွမ်ကြယ်မှ ကျင့်ကြံသူများက ဒေါသထွက်လျှင် မျက်နှာအမူအရာ မပျက်ယွင်းသော်လည်း နားရွက်များ နီရဲလာတတ်လေသည်။