← Chapters

အညိုရောင်ဝတ် အဘိုးအို

Vol. 52 Ch. 725

အညိုရောင်ဝတ် အဘိုးအို

Vol. 52 Ch. 725

ယဲ့ချန်သည် ကြယ်သလင်းကျောက်မှတဆင့် ယဲ့လော့၏အခြေအနေကို စုံစမ်းလိုက်သောအခါ သူမက မြင့်မြတ်လသိုင်းဒေသကြီး၏ တောင်ကြားတစ်ခုတွင် ကျင့်ကြံနေကြောင်း သိလိုက်ရသည်။ ပိုလင်းသည်လည်း စစ်ပွဲဘုံတစ်ခုအတွင်း နတ်အစေခံတစ်ယောက်၏ လက်အောက်တွင် ကျင့်ကြံနေသည်ဟု နဂါးဘုရင်မှတဆင့် သိခဲ့ရသောကြောင့် သူက ထိုဇနီးသည်နှစ်ယောက်အတွက် စိတ်အေးခဲ့ရသည်။ အချိန်ခဏအကြာတွင် နင်အာ ရောက်ရှိလာသောကြောင့် သုံးယောက်သား စစ်ဧကရာဇ်နန်းတော်မှ ထွက်ခွာကာ အလင်းတန်းများအသွင်ဖြင့် ကျောက်စိမ်းနန်းတော်သို့ ဦးတည်လိုက်ကြသည်။ ယဲ့ချန်က ကျောက်စိမ်းနန်းတော်၏ ခြောက်ထပ်အထိ ရှာဖွေနိုင်ခဲ့ပြီး နောက်ဆုံးသုံးထပ်ကိုမူ ခြေမချဖူးသေးပေ။ လွန်ခဲ့သောလများအတွင်း သူက ကျင့်ကြံခြင်းကိုလည်း ပစ်မထားဘဲ အချိန်ရလျှင်ရသကဲ့သို့ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များကို ကူညီပေးရင်း ကျင့်ကြံခဲ့သည်။ လက်ရှိတွင် သူက စစ်ဧကရာဇ်အဆင့်သုံးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကိုးထပ်မြောက်ကို ဝင်ရောက်ရန်အတွက် အရည်အချင်းမပြည့်မီချေ။ သို့သော် နတ်အစေခံထိပ်ဆုံးအဆင့် နဂါးဘုရင် ပါဝင်လာသောကြောင့် ကြိုးစားကြည့်လျှင်လည်း အရှုံးမရှိပေ။

သူတို့က ခြောက်ထပ်မြောက်သို့ ရောက်သောအခါ ကြယ်မြို့ဟောင်းကို မြင်လိုက်ရသဖြင့် နဂါးဘုရင်က အံ့သြနေခဲ့သည်။ ယနေ့တွင် ကြယ်မြို့ကိုးမြို့သာ ကျန်ရစ်သော်လည်း ရှေးမှတ်တမ်းများအတွင်း ဆယ်မြို့ဟု မှတ်တမ်းတင်ထားခဲ့သည်။ သူက ကျောက်စိမ်းနန်းတော်အတွင်း ထိုမြို့ဟောင်းကို သိမ်းဆည်းထားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ကြယ်မြို့တစ်မြို့ကို ထည့်သိမ်းနိုင်ရလောက်တဲ့အထိ အစွမ်းထက်တာက ဘယ်လိုရတနာမျိုးလဲ"

နဂါးဘုရင်က တအံ့တသြ ရေရွတ်လိုက်မိသည်။ လာရာလမ်းတလျှောက်တွင် ကြုံခဲ့ရသော ခြောက်ထပ်လုံးတွင် နေရာလပ်များ ကွဲပြားခြားနေသည်။ ထို့ကြောင့် ကျောက်စိမ်းနန်းတော်က အလွန်အစွမ်းထက်ပြီး ရန်သူများကို တိုက်ခိုက်ရာ၌ အသုံးချနိုင်စွမ်းရှိသည်။ ထို့ကြောင့် သူ၏ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ပေါက်ဖွားလာခဲ့သည်။

"ခုနစ်ထပ်ကို သွားကြရအောင်"

အံ့သြနေသော နဂါးဘုရင်ကို ယဲ့ချန်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ"

သူ၏စကားကြောင့် နဂါးဘုရင်က သတိပြန်ဝင်လာကာ ကြယ်မြို့ဟောင်းကို စူးစမ်းနေခြင်းအား ရပ်တန့်လိုက်သည်။

"ခုနစ်ထပ်ရဲ့ ဝင်ပေါက်က ဘယ်မှာလဲ"

နင်အာက သူမ၏အမွေးဖွားလေးများကို ယမ်းခါရင်း လှည့်ပတ်ကြည့်ရှုနေသော်လည်း မျောလွင့်နေသော ကြယ်မြို့ဟောင်းမှအပ အမှောင်ထုကိုသာ တွေ့ခဲ့ရသည်။ သူမသည် သားရဲနတ်ဘုရားနယ်မြေမှ ပြန်ရောက်လာပြီးနောက် လူအသွင်ဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း ချွန်ထက်သော မြေခွေးနားရွက်များနှင့် အမြှီးဆယ်ချောင်းကို ပိုင်ဆိုင်ထားသည်။ လက်ရှိတွင် သူမက အစစ်အမှန် မြေခွေးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲထားသည်။

သူမက လက်ရှိတွင် စစ်ဧကရာဇ်အဆင့်လေးသို့ ရောက်ရှိနေကာ ကျင့်ကြံနှုန်းတွင် ယဲ့ချန်ထက် အနည်းငယ် ပို၍မြန်ဆန်နေသည်။ သူ၏ကျင့်ကြံနှုန်းက နှေးကွေးသည်ဟု ဆိုနိုင်သော်လည်း တိုက်ခိုက်နိုင်စွမ်းက အဆင့်တူများထက် လေးငါးဆပို၍သာလွန်ပြီး သုံးဆင့်ပိုမြင့်သူများကို အနိုင်ယူနိုင်သည်။

"လူခွဲပြီး ရှာကြမယ်"

ယဲ့ချန်က အကြံပေးလိုက်သည်။

"ကြည့်ရတာ ဒီတစ်နည်းပဲ ရှိလောက်မယ်"

နဂါးဘုရင်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သုံးယောက်သားက ဝိညာဥ်အသိစိတ်ကို အမြင့်ဆုံးထုတ်လွှတ်ကာ အမှောင်ထုအတွင်း ခုနစ်ထပ်၏ဝင်ပေါက်ကို ရှာဖွေလိုက်ကြသည်။ အချိန်ခဏအကြာတွင် ဝင်ပေါက်ကို တွေ့ပြီဖြစ်ကြောင်း နဂါးဘုရင်က အသိပေးလာခဲ့သည်။ ယဲ့ချန်နှင့် နင်အာက နဂါးဘုရင်ထံ ရောက်သွားသောအခါ အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်နေသော ဝဲဂယက်ကြီးတစ်ခုကို တွေ့လိုက်ရ၏။

"ဒီဝင်ပေါက်က ကျန်အထပ်တွေနဲ့စာရင် ထူးဆန်းနေတယ်။ သတိထားကြ"

ယဲ့ချန်က ဤဝဲအတွင်းမှ အန္တရာယ်ကို အာရုံခံမိသောကြောင့် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။ ကျန်နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့က ဝဲအတွင်း ပြိုင်တူခုန်ဝင်သွားကြသည်။ နင်အာ၏မြင်ကွင်းက ချက်ချင်းမည်းနက်သွားကာ လေတိုးသံများက နားကွဲမတတ် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သူမ၏အာရုံခံနိုင်စွမ်းက အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိသွားသည်ဖြစ်ရာ အန္တရာယ်အများဆုံး အခိုက်အတန့်ပင်ဖြစ်သည်။ ထိုအချိန်၌ အမှောင်ထုအတွင်း ဧရာမမီးလုံးကြီးနှစ်ခု ရုတ်တရက်တောက်ပလာကာ ၎င်းတို့က လူတစ်ရပ်အရွယ်အစားအထိ ကြီးမား၍ သွေးရောင်လင်းလက်နေခဲ့သည်။ သို့သော် ၎င်းတို့က သာမန်မီးလုံးမဟုတ်ဘဲ ဧရာမသားရဲတစ်ကောင်၏ မျက်လုံးများဖြစ်ကြောင်း သိလိုက်ရသောအခါ သူမက မင်သက်နေရာမှ စတင်ထွက်ပြေးလိုက်သည်။ သူမက အလန့်တကြားဖြင့် ပုံရိပ်ယောင်ပညာကို ထုတ်ဖော်ကာနီးတွင် သွေးဆာသော ခံတွင်းကြီးတစ်ခုက သူမကိုဝါးမျိုရန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"နင်အာ သတိထား"

ယဲ့ချန်၏ စိုးရိမ်တကြီး သတိပေးသံပေါ်လာပြီးနောက် ဘန်းခနဲမြည်သံတစ်ခု တုန်ဟီးသွားကာ နင်အာကိုဝါးမျိုရန် ကြံနေသည့် သားရဲကြီးက တန့်ခနဲဖြစ်သွားပြီး ပေါက်ကွဲသေဆုံးသွားရသည်။

"နင်အာ အဆင်ပြေရဲ့လား"

ယဲ့ချန်က အလောတကြီးရောက်ရှိလာပြီး လက်ထဲတွင် ဆည်းဆာနတ်ဓားကို ဆုပ်ကိုင်ထားရင်း မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်"

သူမက တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူမက သေရေးရှင်ရေး အခြေအနေတစ်ခုနှင့် ကြုံတွေ့ရသော်လည်း အနားတွင် ယဲ့ချန်ရှိနေလျှင် မကြောက်ပေ။ ဝဲဂယက်အတွင်း ဝင်ရောက်ပြီးနောက် ယဲ့ချန်က သတိကြီးကြီးထားကာ ဆည်းဆာနတ်ဓားကိုဆင့်ခေါ်၍ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။ နဂါးဘုရင်က သားရဲကို နေရာ၌ အရှိန်အဝါဖြင့် ချုပ်နှောင်ကာ ယဲ့ချန်က အချိန်မီ ကယ်ဆယ်ပေးခဲ့ခြင်းဖြစ်သည်။

"ဒီနေရာမှာ သားရဲတွေ အများကြီးရှိနေတယ်။ မင်းတို့ကို ငါ ကာကွယ်ပေးမယ်။ ငါ့ကျင့်ကြံဆင့်နဲ့ဆိုရင် ဒီကောင်တွေက အလျင်စလိုတိုက်ခိုက်ရဲမှာ မဟုတ်ဘူး"

နဂါးဘုရင်က ကောင်းကင်ချီကိုအသုံးပြုကာ ရွှေရောင်အလင်းဒိုင်းတစ်ခု ဖွဲ့စည်း၍ နင်အာနှင့် ယဲ့ချန်ကို ကာကွယ်ပေးလိုက်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ရှိ သားရဲများကို စစ်ဆေးခဲ့ပြီး ၎င်းတို့က နတ်အစေခံအဆင့်အောက် နိမ့်ကျကြောင်း ရှာတွေ့ခဲ့သည်။ ထို့နောက် သူတို့က ရှေ့သို့ ဆက်လက်ခရီးနှင်ခဲ့ပြီး အလင်းဒိုင်း၏အကာအကွယ်ကြောင့် သားရဲများက ပို၍ရိုကျိုးလာသောကြောင့် အန္တရာယ်များစွာကို ရှောင်လွှဲနိုင်ခဲ့သည်။ နဂါးဘုရင်က ခုနစ်ထပ်သို့ ပထမဆုံးခြေချပြီးနောက် ယဲ့ချန်နှင့် နင်အာက ကပ်လျက်သား လိုက်ပါလာခဲ့ကြသည်။ သူတို့က ခုနစ်ထပ်သို့ ရောက်သောအခါ ဟင်းလင်းပြင်တစ်ခု မြင်ကွင်း၌ ထွက်ပေါ်လာကာ ထိုနေရာ၌ ကြယ်ပုံစံငယ်များစွာ ရှိနေသောကြောင့် စကြဝဠာအတွင်း ရောက်ရှိသွားသယောင် ထင်မှတ်ရသည်။

ပုံရိပ်သုံးခုက ရှေ့နောက်လှည့်လည်နေသော ကြယ်များကြားတွင် ခရီးဆက်နေကာ ၎င်းတို့က တောင်တစ်လုံးပမာ ကြီးမားသော်လည်း တိကျသေချာသော လမ်းကြောင်းတစ်ခုအတိုင်း မြစ်တစ်စင်းပမာ ရွေ့လျားနေကြသည်။ ထိုပုံစံငယ်များကို မည်သည့်ကုန်ကြမ်းများနှင့် ပြုလုပ်ထားကြောင်း မသိရသော်လည်း ယဲ့ချန်တို့က မထိမိစေရန် ဂရုတစိုက် ရှောင်တိမ်းလိုက်ကြသည်။

"အစ်ကိုကြီး ဒီကြယ်တွေကြားထဲမှာ အိပ်မောကျနေတဲ့ အသက်အားတစ်ခုကို အာရုံခံမိတယ်"

နင်အာ၏ထက်ရှသော အာရုံက တစ်စုံတစ်ခုကို ထောက်လှမ်းမိလိုက်သည့်အပြင် ပုံရိပ်​ယောင်ပုလဲထံမှ ခပ်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာသည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ၎င်းကို အာရုံခံနိုင်ခဲ့သော်လည်း ထိုအရာက ကြယ်များအကြား ပုန်းအောင်းနေသဖြင့် တည်နေရာအတိအကျကို မတွက်ချက်နိုင်ခဲ့​ပေ။ ထို့အပြင် ၎င်းက အိပ်မောကျနေသဖြင့် အသက်ဝင်နေပုံမရချေ။ သူ၏စိတ်ထဲတွင် သန်မာခြင်းမရှိလျှင် ခုနစ်ထပ်သို့မဝင်ရောက်ရန် တားမြစ်ခဲ့သော တျန်းယွမ်၏သတိပေးစကား ထွက်ပေါ်လာသည်။ ထို့ကြောင့် ကျောက်စိမ်းနန်းတော်၏ ခုနစ်ထပ်တွင် ကြောက်မက်ဖွယ်အရာတစ်ခု အိပ်မောကျနေကြောင်း သိသာနေခဲ့သည်။ နဂါးဘုရင်သည်လည်း ၎င်း၏တည်နေရာကို မခန့်မှန်းနိုင်ခဲ့ပေ။

"ယဲ့ချန် ဒီအရာက အန္တရာယ်များလွန်းတယ်။ သတိမထားမိစေနဲ့"

နဂါးဘုရင်က လေသံတိုးတိုးဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။ နတ်အစေခံထိပ်ဆုံးအဆင့်သည်ပင် ထိုအရာထံမှ အန္တရာယ်ကို အာရုံခံမိနေသောကြောင့် ယဲ့ချန်သည်လည်း ဆည်းဆာနတ်ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်၍ သတိထားလိုက်ရသည်။ နင်အာသည်လည်း ပုံရိပ်ယောင်ချီများကို ထုတ်ဖော်၍ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်နေခဲ့သည်။ အန္တရာယ်တစ်ခုခု ကျရောက်လာလျှင် သူမ၏ပုံရိပ်ယောင်ပညာက ထွက်ပြေးရန်အတွက် အချိန်အနည်းငယ် ဆွဲထားပေးနိုင်သည်။

ယဲ့ချန်တို့သုံးယောက်က ကြယ်များကို သတိထားရှောင်တိမ်းရင်း ရှေ့ဆက်လာကြသည်။

"အထပ်ကိုးထပ် တည်ဆောက်ထားပုံအရ ကျောက်စိမ်းနန်းတော်က အလွန်ထူးခြားပြီး အချို့မဟာတာအိုလက်နက်တွေထက်တောင် ပိုအစွမ်းထက်နေလိမ့်မယ်။ ဒါကိုသာ တစ်ယောက်ယောက်က အသက်သွင်းနိုင်ရင် ကောင်းကင်နတ်ဆိုးတွေကို ကြောက်စရာ မလိုတော့ဘူး"

နဂါးဘုရင်က မှတ်ချက်ပေးလိုက်သည်။

"ကျောက်စိမ်းနန်းတော်အကြောင်း ဘာတွေသိထားလဲ"

ယဲ့ချန်က စပ်စုလိုက်၏။ အကယ်၍ ၎င်းကသာ မဟာတာအိုလက်နက်များထက် ပို၍အဆင့်မြင့်နေလျှင် ကောင်းကင်မူလကြယ်နှင့် ဆက်စပ်နေမည် မဟုတ်ပေ။

"အတိတ်က အကြောင်းအရာအချို့ကို မထင်မှတ်ဘဲ ငါ သိခဲ့ရဖူးတယ်။ အမှန်အတိုင်းပြောရရင် ကြယ်သခင်နှစ်ယောက်က ကောင်းကင်မူလကြယ်ရဲ့သမိုင်းမှာ အစွမ်းအထက်ဆုံး မဟုတ်ခဲ့ဘူး။ အညိုရောင်ဝတ်ရုံကို ဆင်မြန်းနေကျ အဘိုးအိုတစ်ယောက် ရှိတယ်။ သူက နယ်ခံမဟုတ်ပေမယ့် ကောင်းကင်မူလကြယ်ကို ခဏခဏလာလေ့ရှိတယ်။ လာရင်လည်း ရက်အနည်းငယ်သာနေပြီး ပြန်ထွက်ခွာသွားတတ်တယ်။ ဒီအကြောင်းကို လူနည်းစုကသာ သိထားတဲ့အပြင် သူ ဘယ်ကလာတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး"

နဂါးဘုရင်က လေးလေးနက်နက်စဥ်းစား၍ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလာခဲ့သည်။

"ဒီအဘိုးကြီးက ကြယ်သခင်တွေထက်တောင် အစွမ်းထက်တာလား"

ယဲ့ချန်က တအံ့တသြ ပြန်မေးလိုက်သည်။

"ဟုတ်တယ်။ စကြဝဠာထဲမှာ အစွမ်းထက်ဖြစ်တည်မှုတွေ အများကြီးရှိတယ်။ အချို့လူတွေရဲ့ခွန်အားက တွေးမရလောက်အောင် မြင့်မားပြီး ကျင့်ကြံခြင်းက လောကကိုတောင် ဖန်တီးနိုင်တဲ့အပြင် အသက်တစ်ချက် ရှူထုတ်လိုက်ရုံနဲ့ ကြယ်တစ်လုံးကို ဖျက်​ဆီးနိုင်တယ်။ ကြယ်သခင်နှစ်ယောက်လုံးက အညိုရောင်အဘိုးအိုဆီမှာ သင်ကြားခွင့်ရခဲ့ပေမယ့် လှုပ်ရှားမှုတစ်ခုကိုတောင် နားမလည်နိုင်ခဲ့ကြဘူး"

နဂါးဘုရင်က အလွန်အားကျသော အမူအရာဖြင့် ဆက်ပြောလိုက်၏။

"ဒီအဘိုးအိုအကြောင်း အရာရာတိုင်းက ဆန်းကျယ်နေခဲ့တယ်။ ကြယ်သခင်နှစ်ယောက်လုံးက သူ့အကြောင်း တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူး။ အဘိုးအိုက ကောင်းကင်မူလကြယ်ပေါ်ကို ရောက်လာတိုင်း ရက်အနည်းငယ်သာ နေတတ်တယ်။ သူက ကောင်းကင်မူလကြယ်နဲ့ ကောင်းကင်နတ်ဆိုးကြားထဲက အရှုပ်အထွေးကို ဘယ်တော့မှဝင်မပါခဲ့ဘူး။ ကောင်းကင်မူလကြယ်ရဲ့ အနိမ့်အမြင့် အတက်အကျတွေက သူနဲ့မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတယ်။ သူ ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ဘယ်ကိုရောက်သွားတယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပေမယ့် ဒီလိုကျင့်ကြံသူမျိုးက အသက်ရှင်နေဦးမှာပါ"

အညိုရောင်အဘိုးအိုကဲ့သို့ ကျင့်ကြံသူမျိုးက ဤလောကကြီးတည်ရှိသရွေ့ ရှင်သန်နိုင်စွမ်း ရှိပေလိမ့်မည်။ နဂါးဘုရင်က ထိုအဆင့်မျိုးသို့ ရောက်နိုင်ရန်အတွက် စိတ်ကူးနေခဲ့သော်လည်း အလွန်တရာခက်ခဲကြောင်း နားလည်ထားသည်။

"ဒါဆိုရင် သူက ကောင်းကင်မူလကြယ်ကို ဘာအတွက် လာခဲ့တာလဲ"

ယဲ့ချန်က သူ သိလိုနေသော အကြောင်းအရင်းကို ထပ်မံမေးခွန်းထုတ်လိုက်လေသည်။

All Chapters