← Chapters

သော့

Vol. 52 Ch. 726

သော့

Vol. 52 Ch. 726

"ငါလည်း အညိုရောင်အဘိုးအို ဘာတွေလုပ်ခဲ့တယ်ဆိုတာကို သေချာမသိဘူး။ ဒါပေမယ့် ကျောက်စိမ်းနန်းတော်ကို ဖန်တီးပြီး ကြယ်သခင်တျန်းယွမ်ကို ပေးခဲ့တာတော့ သေချာတယ်။ ငါ သိရသလောက်ဆိုရင် ကြယ်သခင်က ဒီရတနာရဲ့အစွမ်း ဆယ်ပုံတစ်ပုံအောက်ကိုသာ အသုံးပြုနိုင်ခဲ့ပြီး ဘယ်သူမှ ဒီရတနာရဲ့အစွမ်း ရာနှုန်းပြည့်ကို မမြင်ဖူးကြဘူး"

နဂါးဘုရင်က ရှင်းပြလိုက်၏။

"သူက ဒီရတနာကို လုပ်ဖို့အတွက် ဘာကို အသုံးပြုခဲ့တာလဲ"

"ပြောကြတာကတော့ ကုန်ကြမ်းကို ကောင်းကင်မူလကြယ်ရဲ့သန္ဓေချီကနေ ရတာတဲ့။ အကြောင်းမသိသူတွေကတော့ ကျောက်စိမ်းနန်းတော်ကို ကြယ်သခင်တျန်း ဖန်တီးခဲ့တယ်လို့ ထင်ကြတယ်။ နတ်အစေခံအဆင့် အထွတ်အထိပ်ကိုရောက်မှသာ ကျောက်စိမ်းနန်းတော်ရဲ့ စွမ်းအားကို နားလည်နိုင်ပြီး မဟာတာအိုလက်နက်တစ်ခုထက် အများကြီးသာလွန်ကြောင်း သိနိုင်တယ်"

နဂါးဘုရင်သည် အတိတ်မှ သမိုင်းကို အတိအကျမသိသော်လည်း သိထားသမျှ ပြောပြနေခဲ့သည်။

"သူက ကျောက်စိမ်းနန်းတော်ကို ဖန်တီးတာအပြင် နောက်ထပ်ဘာတွေလုပ်သေးလဲ"

"ဒုတိယကိစ္စ ဖြစ်ပျက်ခဲ့တဲ့အချိန်ကိုလည်း အတိအကျ မသိရဘူး။ တစ်ချိန်က ကောင်းကင်မူလကြယ်ပေါ်မှာ ထင်ရာစိုင်းပြီး ပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ နတ်အစေခံမျိုးနွယ်တစ်ခု ရှိခဲ့ဖူးတယ်။ အညိုရောင်အဘိုးအိုက သူတို့ကို လက်ဝါးတစ်ချက်တည်းနဲ့ဖျက်ဆီးပြီး နတ်သားရဲ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ကျောက်တုံးတစ်ခုထဲမှာ စည်းခတ်ပစ်လိုက်တယ်"

"ခရမ်းမီးတောက်ကြယ်ခြင်္သေ့လား"

ယဲ့ချန်က အလွန်အံ့သြသွားကာ နင်အာနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ကျောက်တုံးက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ဖြစ်ကာ ခြင်္သေ့ကြီးက ထိုနတ်သားရဲ ဖြစ်ခဲ့ပေလိမ့်မည်။ သူက ယဲ့ချန်၏ကျောပြင်ရှိ ဆေးမင်ကြောင်အတွင်း အိပ်ပျော်နေကာ ယဲ့ချန်၏ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ လိုက်လံတိုးတက်လာနေခဲ့သည်။ ခြင်္သေ့ကြီးပြောခဲ့ဖူးသော အဖြစ်အရ သူ့ကိုချုပ်လှောင်ခဲ့သူမှာ အညိုရောင်အဘိုးအိုဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။

"မင်းမှာလည်း ဒီလိုနတ်သားရဲတစ်ကောင် ရှိတယ်မလား"

နဂါးဘုရင်က သူ့ကို တစ်ချက်လှည့်ကြည့်လာသည်။ သို့သော် သူက ယဲ့ချန်၏နတ်သားရဲမှာ အညိုရောင်အဘိုးအို ချုပ်လှောင်ခဲ့သော ခရမ်းမီးတောက်ကြယ်ခြင်္သေ့ဖြစ်ကြောင်း မသိခဲ့ပေ။

"ဒီကိစ္စနှစ်ခုအပြင် သူက ဘာတွေထပ်လုပ်ခဲ့သေးလဲ"

ယဲ့ချန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်နှင့် ပတ်သက်၍ သူက အတွေးနက်နေရပြီဖြစ်သည်။

"ဒီနောက်ပိုင်းမှာတော့ သူ့သတင်းက လုံးဝပျောက်ကွယ်သွားပြီး ဘယ်ကိုထွက်သွားတယ်ဆိုတာကို ဘယ်သူမှ မသိကြတော့ဘူး"

နဂါးဘုရင်က ခေါင်းယမ်းပြလိုက်၏။ အညိုရောင်အဘိုးအို၏ လှုပ်ရှားမှုတိုင်းက ဆန်းကျယ်နေပြီး ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ကို သူက ဖန်တီးခဲ့သောကြောင့် ပင်မတံဆိပ်နှင့်လည်း ပတ်သက်နေရပေလိမ့်မည်။ သို့သော် ထိုတံဆိပ်နှစ်ခုက ယဲ့မျိုးနွယ်၏ ဘိုးဘွားပိုင်ရတနာအဖြစ် လက်ဆင့်ကမ်းလာခဲ့သော အကြောင်းအရင်းက မေးခွန်းထုတ်ချင်စရာ ဖြစ်နေခဲ့သည်။ ဤမေးခွန်းအတွက် အဖြေက ပင်မတံဆိပ်အတွင်း ရှိနေသော်လည်း ယဲ့ချန်က ၎င်းကို မဖွင့်ဝံ့သောကြောင့် လက်မောင်းကာအတွင်း သိမ်းဆည်းထားခဲ့သည်။ ခြင်္သေ့ကြီးပင် ၎င်းကို ကြောက်လန့်နေသောကြောင့် ပင်မတံဆိပ်ကို ဖွင့်လိုက်လျှင် အကျိုးဆက်များ အဆမတန် ဆိုးရွားသွားနိုင်သည်။ ကောင်းကင်ကြယ်တာရာတံဆိပ်များနှင့် ကျောက်စိမ်းနန်းတော်က အညိုရောင်အဘိုးအိုနှင့် ပတ်သက်နေသောကြောင့် ဤနန်းတော်အတွင်း သဲလွန်စများ ရှိနေနိုင်သည်။

"ဒါက ရှစ်ထပ်ရဲ့ ဝင်ပေါက်ဖြစ်ရမယ်"

ထိုအချိန်၌ နဂါးဘုရင်က ယဲ့ချန်နှင့် နင်အာထံ အသံပို့လွှတ်လာခဲ့သည်။ သူတို့က သူ ညွှန်ပြသော အရပ်သို့ ကြည့်လိုက်သောအခါ အဝေး၌ ရွှေတံခါးကြီးတစ်ခုကို ခမ်းနားစွာ မြင်လိုက်ရသည်။ ၎င်းက တင်းကျပ်စွာ ပိတ်ထားသော်လည်း သိပ်သည်းသည့် အချိန်လေဟာနယ်ချီများဖြင့် ဝန်းရံထားသည်။

"ဒါက ရှစ်ထပ်မြောက်ရဲ့ ဝင်ပေါက်ဆိုရင် ဘယ်လိုဖွင့်ရမလဲ"

ရွှေတံခါးထံမှ ခမ်းနားသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသောကြောင့် ယဲ့ချန်တို့က အနားကပ်ကာ စစ်ဆေးလိုက်သော်လည်း တံခါးနှင့်ပတ်သက်သည့် ယန္တရားတစ်စုံတစ်ရာကိုမျှ မတွေ့ခဲ့ကြပေ။

"ငါ ကြိုးစားကြည့်မယ်"

နဂါးဘုရင်က ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး တံခါးကို လက်ဝါးအစုံဖြင့် တွန်းဖွင့်လိုက်သည်။ သူ၏လက်ဝါးက တံခါးပေါ် ကျရောက်သွားသောအခါ ကျယ်လောင်စွာမြည်ဟီးသွား၍ အချိန်လေဟာနယ်ချီများ လှိုင်းထသွားသော်လည်း ၎င်းက တုတ်တုတ်မျှမလှုပ်ချေ။

"ဝေါင်း"

ထိုအချိန်၌ ခုနစ်ထပ်ရှိ ကြယ်အစုအဝေးအတွင်းမှ ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မရေမတွက်နိုင်သော ကြယ်ပုံစံငယ်များက ယဲ့ချန်တို့ကိုဖမ်းချုပ်ရန် စက်ဝိုင်းသဏ္ဍာန် စုဝေးလာကြသည်။ ၎င်းတို့က အစီအရင်ပုံစံတစ်ခုဖြင့် လှည့်ပတ်လာခဲ့ပြီး သူတို့ထံ လွင့်ပျံလာကြ၏။

"ဂရုစိုက်ကြ"

နဂါးဘုရင်က အော်ဟစ်သတိပေး၍ ရွှေချပ်ဝတ်ကို တပ်ဆင်ကာ ကြယ်များကို လက်သီးအစုံဖြင့် ထိုးချလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

သူ၏လက်သီးချက်က ၎င်းတို့ကို အပိုင်းပိုင်းအစစ ပေါက်ကွဲသွားစေသည်။

"နင်အာ ငါ့အနားမှာ ကပ်နေ"

ယဲ့ချန်က သတိပေးလိုက်ပြီး ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ ရွှေချပ်ဝတ်စစ်သည်တော်အဖြစ် ပြောင်းလဲကာ သူကိုယ်တိုင်နှင့် နင်အာကို ကာကွယ်ပေးလိုက်သည်။

"ဘုန်း"

၎င်းက လှံပုဆိန်ကြီးကို ယမ်းချလိုက်သောအခါ အနီးရှိ ကြယ်ငယ်တစ်လုံး ထက်ခြမ်းခွဲခံလိုက်ရသည်။ နဂါးဘုရင်နှင့် စစ်သည်တော်က ကြယ်များကိုဟန့်တားရန် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ကြယ်များက သူတို့အနီးသို့ မချဥ်းကပ်နိုင်သော်လည်း အရေအတွက်က ပို၍များပြားလာကာ သူတို့ကို စက်ဝိုင်းသဏ္ဍာန် ပိတ်ဆို့လာသဖြင့် အချိန်ကြာလေလေ၊ ထိုးဖောက်ရခက်ခဲလေလေ ဖြစ်လာပေလိမ့်မည်။ နဂါးဘုရင်က ရိုးရှင်းသော ချီအကာအကွယ်တစ်ခု ထုတ်ဖော်ကာ သုံးယောက်လုံးကို ကာကွယ်လိုက်သည်။ နင်အာက ယဲ့ချန်အနီးတွင် ရှိနေပြီး ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ရန်သူအား လိုက်လံရှာဖွေနေခဲ့သည်။

"ဒီကြယ်တွေကို တစ်ယောက်ယောက်က ထိန်းချုပ်ထားပုံရတယ်"

ယဲ့ချန်က ရေရွတ်လိုက်ပြီး စစ်သည်တော်ကို အကာအကွယ် အပြင်ဘက်ထွက်စေကာ ကြယ်များကိုရှင်းလင်း၍ လမ်းကြောင်းတစ်ခုဖွင့်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်၌ ကြယ်ငါးလုံးခန့်က အရည်ပျော်ကျသွားကာ ဧရာမလက်ကြီးတစ်ဖက်အဖြစ် သဏ္ဍာန်ပေါ်လာကာ စစ်သည်တော်ကို ဖမ်းချုပ်လိုက်၏။ ၎င်းက အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း လက်ကြီးက ပို၍မြန်ဆန်နေပြီး ခါးကို ဆုပ်ကိုင်မိသွားကာ ဘန်းခနဲ ချေမွပစ်လိုက်သည်။ အကာအကွယ်အတွင်းရှိနေသော ယဲ့ချန်က ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ နာကျင်သွားကာ ဒဏ်ရာကို ကုသရန်အတွက် မျက်နှာဖြူဖပ်ဖြူရော်နှင့် တင်ပျဥ်ခွေ ထိုင်ချလိုက်ရသည်။

"မင်း အဆင်ပြေလား"

နဂါးဘုရင်က စိုးရိမ်စွာ မေးလိုက်သည်။

"အဆင်ပြေတယ်"

ယဲ့ချန်က ခေါင်းယမ်း၍ အားတင်းဖြေလိုက်ပြီး စိတ်အတွင်းမှ ဓားပျံကို အသက်သွင်းကာ ဒဏ်ရာများ စတင်ကုသလိုက်သည်။ နင်အာကလည်း သူမ၏ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ ဒဏ်ရာကုသခြင်းတွင် ကူညီပေးခဲ့သည်။ နဂါးဘုရင်သည် ဤအဖြစ်ကြောင့် အံ့သြသွားခဲ့သည်။ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ဝိညာဥ်အသိစိတ် ဖျက်ဆီးခံလိုက်ရပါက အသက်တစ်ဝက်ဆုံးသွားနိုင်ကာ ဘဝသေသွားနိုင်သည်။ သို့သော် ယဲ့ချန်က မတူကွဲပြားနေပြီး ဒဏ်ရာအနည်းငယ် ရသွားပုံသာပေါ်သည်။

"မင်းတို့က ဘယ်သူတွေလဲ။ ဘာကြောင့် ကျောက်စိမ်းနန်းတော်ရဲ့ ခုနစ်ထပ်ကို ဝင်လာကြတာလဲ။ ချက်ချင်းထွက်သွားကြစမ်း"

နဂါးဘုရင်သည် အသက်ဝင်နေဟန်ဖြင့် ရွေ့လျားလာသော ကြယ်များကို လေ့လာနေစဥ် ၎င်းတို့၏အနက်ပိုင်းမှ အသံသြသြတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဟင်းလင်းပြင်အဝေးတစ်နေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကာ နဂါးဘုရင်က ၎င်း၏တည်နေရာကို မရှာဖွေနိုင်ခဲ့ပေ။

"ကျုပ်တို့က ကျောက်စိမ်းနန်းတော်ကို ဝင်ရောက်ဖို့ စီနီယာတျန်းယွမ်ရဲ့ ခွင့်ပြုချက် ရထားပါတယ်။ စီနီယာက ဘယ်သူလဲဆိုတာ သိပါရစေ"

ယဲ့ချန်က ကောင်းကင်ချီဖြင့် ဒဏ်ရာများကို ကုသနေရင်း အဝေးရှိ ဟင်းလင်းပြင်ကို စိုက်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

"တျန်းယွမ်လား၊ ဒီကလေးကို ငါ သိတယ်။ သူက ကျောက်စိမ်းနန်းတော်ကို စောင့်ရှောက်ရတဲ့သူမလား။ ဒါပေမယ့် သူက ကျောက်စိမ်းနန်းတော်ရဲ့အစွမ်း ရာနှုန်းပြည့်ကို မထုတ်ဖော်နိုင်မှတော့ ငါ့ကို အမိန့်မပေးနိုင်ဘူး"

အသံရှင်က တစ်ခုခုကို စဥ်းစားနေဟန်ဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

"ကြယ်သခင်တျန်းယွမ်ကိုတောင် ဂရုမစိုက်ရလောက်အောင် သူက ဘယ်သူလဲ"

ထိုစကားကြောင့် နဂါးဘုရင်နှင့် ယဲ့ချန်က တစ်ယောက်ကိုတစ်ယောက် အလန့်တကြား ကြည့်လိုက်မိသည်။ တျန်းယွမ်က ခွန်အားရှိမှသာ ခုနစ်ထပ်သို့ဝင်ရောက်ရန် မှာကြားခဲ့ပြီး ထိုအဆင့်က ကြယ်သခင်အဆင့်ထက် ကျော်လွန်နေရပေလိမ့်မည်။ တျန်းယွမ်က ဤရတနာ၏သခင် ဖြစ်ခဲ့ဖူးသော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။

"ကျုပ်က စီနီယာကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ"

ယဲ့ချန်က သတင်းတစ်ခုခု ရလိုရငြား မေးခွန်းထုတ်လိုက်ပြန်သည်။

"အခုထွက်မသွားရင် ငါ့အဆိုးမဆိုနဲ့"

သို့သော် အသံရှင်က အေးစက်စက် တုံ့ပြန်လာခဲ့သည်။ သူ၏စကားအဆုံးတွင် ကြယ်များက ပို၍ပြင်းထန်လာပြီး နဂါးဘုရင်၏ ချီအကာအကွယ်ကို လာရောက်ထိမှန်ခဲ့ကြသည်။ မြည်သံများ တဘုန်းဘုန်းထွက်ပေါ်လာပြီး အကာအကွယ်က တုန်ယင်သွားကာ အက်ကြောင်းများ ထင်လာခဲ့သည်။ နဂါးဘုရင်သည် ၎င်းကို ထိန်းချုပ်နေရသဖြင့် နဖူးမှ ချွေးများစီးကျလာကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သည်။ နောက်တစ်ကြိမ်တိုက်ခိုက်ခံရလျှင် သူ၏အကန့်အသတ်က ချိုးဖျက်ခံရမည်ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူက အားကုန်မသုံးထားသည့်တိုင်အောင် ချက်ချင်းသေသွားနိုင်သည့်အရေးနှင့် ကြုံနေရသည်။ နတ်အစေခံ အထွတ်အထိပ်အဆင့်ဖြစ်သော နဂါးဘုရင်ကို ဤအခြေအနေအထိ ဖိအားပေးနိုင်သူမှာ အနိမ့်ဆုံး ကြယ်သခင်တစ်ယောက် ဖြစ်ရပေလိမ့်မည်။

"စီနီယာ ကျုပ်တို့ ထွက်သွားပါ့မယ်"

နောက်ဆုံးတွင် အကြွင်းမဲ့ခွန်အားရှေ့မှောက်၌ ​သူက အညံ့ခံရန် ဆုံးဖြတ်လိုက်ရသည်။ ဆက်လက်ခေါင်းမာနေလျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။

ယဲ့ချန်နှင့် နင်အာက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးနေကြသည်။ ကျောက်စိမ်းနန်းတော်၏ ခုနစ်ထပ်တွင် ဤမျှအစွမ်းထက်သူတစ်ဦး စောင့်ကြပ်နေလျှင် ကျန်အထပ်များသို့ တက်ရောက်နိုင်ရန်အတွက် အခြေအနေအချို့ လိုအပ်နိုင်သည်။

"စီနီယာ ရှစ်ထပ်နဲ့ ကိုးထပ်ကို ဘယ်လိုဝင်ရောက်နိုင်မလဲဆိုတာ သိပါရစေ"

ယဲ့ချန်က ရိုသေစွာ မေးလိုက်ခြင်းဖြစ်သည်။

"မင်းမှာ သော့မရှိရင် မဝင်နိုင်ဘူး"

ဟင်းလင်းပြင်အတွင်းမှ အသံရှင်က နှာခေါင်းရှုံ့၍ အေးစက်စက် ဖြေလိုက်လေသည်။

All Chapters