← Chapters

သိုလှောင်ရုံ

Vol. 52 Ch. 727

သိုလှောင်ရုံ

Vol. 52 Ch. 727

"ဘာသော့လဲ"

ယဲ့ချန်က အနည်းငယ်မင်သက်သွားပြီး နင်အာ၏ မျက်ဝန်းလေးများလည်း ရှုပ်ထွေးသွားခဲ့သည်။ ကျောက်စိမ်းနန်းတော်၊ အညိုရောင်အဘိုးအို၊ ခုနစ်ထပ်မှ ပုန်းကွယ်နေသော ကျင့်ကြံသူနှင့် သော့က ဆက်စပ်နေသည်ဆိုလျှင် အဖြေက ရှင်းပေသည်။ သူတို့နှစ်ယောက်က တစ်ခုခုကို ပြိုင်တူတွေးမိလိုက်သဖြင့် အကြည့်ချင်းဆုံသွားကြသည်။ ဆန်းကျယ်သော အဘိုးအိုက ကောင်းကင်မူလကြယ်တွင် ကောင်းကင်ကြယ်တာရာတံဆိပ်နှစ်ခုနှင့် ကျောက်စိမ်းနန်းတော်ကိုသာ ချန်ထားရစ်ခဲ့သောကြောင့် ၎င်းတို့က သော့ ဖြစ်နိုင်သည်။

"စီနီယာ ဒါက သော့လား"

ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ တံဆိပ်နှစ်ခုကိုထုတ်ယူကာ လေထဲတွင် မျောလွင့်စေရင်း မေးလိုက်သည်။ ၎င်းတို့က ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်နှင့် လက်ထောက်တံဆိပ်ဖြစ်ပြီး ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို လက်ထောက်တံဆိပ်အတွင်း ချိတ်ပိတ်ထားကာ ပင်မတံဆိပ်အတွင်း၌ အမည်မသိ ကြောက်မက်ဖွယ်အရာတစ်ခုကို ချုပ်နှောင်ထားသည်။ ၎င်းတို့ကို အညိုရောင်အဘိုးအိုက ချန်ထားခဲ့ခြင်းဖြစ်သောကြောင့် ရှစ်ထပ်နှင့် ကိုးထပ်၏ သော့များ ဖြစ်နိုင်သည်။ နဂါးဘုရင်သည်လည်း အံ့သြနေခဲ့ပြီး ယဲ့ချန်၏ ကာကွယ်ရေးနတ်သားရဲက အညိုရောင်အဘိုးအို ချိတ်ပိတ်ခဲ့သော ခြင်္သေ့ကြီးဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် တံဆိပ်နှစ်ခုရှိနေခဲ့ပြီး နောက်တံဆိပ်တစ်ခုကို ယဲ့ချန် မည်သို့ရထားကြောင်း မသိပေ။

"ကောင်းကင်ကြယ်တာရာတံ​ဆိပ်တွေလား။ ဒါတွေက သော့ မဟုတ်ပါဘူး။ မင်းမှာ သော့မရှိရင် ငါက ရှစ်ထပ်နဲ့ ကိုးထပ်ကို ဖွင့်ပေးဖို့ နိုးထလာနိုင်မှာ မဟုတ်ဘူး"

အသံရှင်က အနည်းငယ်အံ့သြသွားကာ လေသံတင်းမာနေရာမှ ပျော့ပြောင်းလာခဲ့သည်။

"ဒါဆိုရင် သော့အစစ်က ဘယ်မှာလဲ"

သူ၏စကားကြောင့် ယဲ့ချန်က စိတ်ပျက်သွားခဲ့သည်။ နဂါးဘုရင်သည်လည်း ယဲ့ချန်ထုတ်ယူလိုက်သော တံဆိပ်နှစ်ခုက သော့များဖြစ်ရမည်ဟု တွက်ထားသော်လည်း မှားယွင်းနေခဲ့သည်။ သို့သော် အသံရှင်၏လေသံ ပျော့သွားသောကြောင့် ၎င်းတို့က ကျောက်စိမ်းနန်းတော်၏ပိုင်ရှင်နှင့် ဆက်စပ်နေ​ကြောင်း နားလည်သွားခဲ့သည်။ ထို့အပြင် ခုနစ်ထပ်၌ အိပ်မောကျနေသူက မည်သို့သောတည်ရှိမှုဖြစ်ကြောင်း သိချင်နေခဲ့သည်။ တစ်ဖက်လူ၏စကားအရ အိပ်မောကျနေခြင်းဖြစ်သော်လည်း နတ်အစေခံအထွတ်အထိပ်အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိနေရာ နိုးထလာလျှင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်နေပေလိမ့်မည်။ လူတိုင်းက အဖြေထုတ်ရန် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားကြပြီး အသံရှင်ကလည်း ထပ်မံမောင်းထုတ်ခြင်း မရှိတော့ပေ။

"သော့အစစ်က ဘယ်မှာလဲ"

သူတို့က ဦးနှောက်များကွဲထွက်မတတ် စဥ်းစားနေသော်လည်း အဖြေမရခဲ့ပေ။ သဲလွန်စအနည်းငယ်သာ ရှိသည့်အပြင် ကောင်းကင်မူလကြယ်၏သမိုင်းကြောင်းတွင် အညိုရောင်အဘိုးအိုနှင့် ဆက်စပ်နေသည့်အရာများမှာ ကျောက်စိမ်းနန်းတော်နှင့် တံဆိပ်နှစ်ခုသာဖြစ်သည်။ သို့သော် ယဲ့ချန်က တျန်းယွမ်၏စကားများအတွင်း တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရုတ်တရက် အတွေးပေါက်လိုက်သည်။ သူက ကျောက်စိမ်းနန်းတော်၏ ပိုင်ရှင်အစစ်အမှန်မဟုတ်သော်လည်း ယဲ့ချန်ကို ပိုင်ရှင်အဖြစ် ခန့်အပ်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် သူ့ကို ကျောက်စိမ်းနန်းတော်အတွင်း စိတ်ကြိုက်ဝင်ထွက်သွားလာခွင့် ပေးခဲ့သည်။

"ဖြစ်နိုင်တာက"

ယဲ့ချန်၏စိတ်အတွင်း ကြာရှည်စွာရှိနေသော ဆန်းကျယ်မှုကြောင့် မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့သည်။ များပြားလှသော ပဟေဠိများက သူ ဖြေရှင်းမည်ကို စောင့်ဆိုင်းနေသည်ဟု ခံစားနေရပြီး တစ်ခုပြီးတစ်ခု ဖြေရှင်းပြီးသော်လည်း အဖြေက မြူခိုးများဖုံးကွယ်ထားသကဲ့သို့ ဝေဝေဝါးဝါး ရှိနေခဲ့သည်။ သူက ကျောက်စိမ်းနန်းတော်၏သော့က ထိုအရာဟုတ်မဟုတ် မသေချာသော်လည်း စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏စိတ်က တည်ငြိမ်သွားပြီး ညာလက်ဖဝါးအတွင်း၌ ကောင်းကင်ဓားပျံတစ်လက်ကို ဖန်တီးလိုက်သည်။ ၎င်းက ချီများမှ ဖြစ်တည်လာသော်လည်း သူ၏စိတ်အတွင်းရှိ ဓားပျံ၏သရုပ်ထင်မှု ဖြစ်သည်။ သို့သော်လည်း ၎င်း၏ကိုယ်ထည်က သေချာစွာထုလုပ်ထားသော ရတနာတစ်ခုကဲ့သို့ ကြည်လင်တောက်ပနေကာ ဆန်းကျယ်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။ ၎င်းကို ကောင်းကင်ချီဖြင့်သာ ဖွဲ့စည်းထားသော်လည်း အလွန်အစွမ်းထက်ပြီး အရာရာကိုထိုးဖောက်နိုင်ကာ လက်ရှိအချိန်အထိ ဓားပျံထက် ပို၍အစွမ်းထက်သော ရတနာမျိုးကို သူက လုံးဝမမြင်ဖူးချေ။

ယဲ့ချန်က ကောင်းကင်ဓားပျံကို ဖွဲ့စည်းလိုက်သောအခါ ၎င်းက ချက်ချင်းတောက်ပသွားကာ အလင်းရောင်အောက်တွင် ခုနစ်ထပ်၌ လှည့်ပတ်နေသော ကြယ်များနောက်ဆုတ်သွားကာ ပတ်ဝန်းကျင်က တည်ငြိမ်သွားခဲ့သည်။ အဝေးရှိ ရွှေတံခါးကြီးရှေ့မှ ရွှေရောင်ကော်ဇောတစ်ခုက ယဲ့ချန်ရှိသည့်နေရာအထိ ဆန့်ထွက်လာခဲ့သည်။ ထို့နောက် တံခါးချပ်များက ဘုန်းခနဲပွင့်လာသောကြောင့် ဓားပျံက အစစ်အမှန်သော့ ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်ပင် ဤအဖြစ်ကိုယုံကြည်ရန် ခက်ခဲနေပြီး ရင်ထိတ်စွာဖြင့် ရွှေတံခါးကို ငေးမောနေခဲ့မိသည်။ နင်အာနှင့် နဂါးဘုရင်သည်လည်း ယဲ့ချန်က ဓားတစ်လက်ဖန်တီးလိုက်ရုံနှင့် တံခါးပွင့်လာသော အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။ နဂါးဘုရင်က ယဲ့ချန်ကိုစိုက်ကြည့်ရင်း အတွေးနက်နေခဲ့သည်။

အချိန်ခဏအကြာတွင် အညိုရောင်ဝတ်ရုံကို မျက်နှာဖုံးသည်အထိ ခြုံလွှမ်းထားသော အဘိုးအိုတစ်ယောက်က ကော်ဇောထက်တွင် ပေါ်လာခဲ့သည်။ ဝတ်ရုံအောက်မှ ဆံပင်ဖြူများ တစ်စွန်းတစ်စထွက်ပေါ်နေကာ အရပ်က တစ်မီတာခန့်သာမြင့်၍ ခါးကိုင်းနေသောကြောင့် ယဲ့ချန်၏ခါးလောက်သာ မြင့်သူဖြစ်သည်။ သို့သော်လည်း သူတို့က ထိုအဘိုးအို၏စွမ်းအားကို အထင်မသေးဝံ့သောကြောင့် အသက်ပင် ရဲရဲမရှူဝံ့ပေ။

"ဒီအဘိုးကြီးက ကောင်းကင်မူလကြယ်ရဲ့ ဒဏ္ဍာရီတစ်ပါးဖြစ်တဲ့ အညိုရောင်အဘိုးအိုများလား။ သူက ကြယ်သခင်ထက် မြင့်မားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်"

နဂါးဘုရင်က သူ့ကို မြင်သောအခါ ဤသို့တွေးမိလိုက်သဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ယဲ့ချန်နှင့် နင်အာကလည်း တစ်ဖက်လူကို စပ်စုလိုစိတ်ဖြင့် ကြည့်နေမိသည်။

"ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"

အဘိုးအိုက ယဲ့ချန်ရှေ့သို့ ရောက်သောအခါ ဦးညွှတ်၍ ရွှေတံခါးထံ တရွေ့ရွေ့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်က ဦးညွတ်နေသောကြောင့် သူက နေရထိုင်ရခက်သွားခဲ့သည်။ ထို့နောက် သူက နဂါးဘုရင်ထံ အကြံတောင်းဟန်ဖြင့် ကြည့်လိုက်သောအခါ ခေါင်းညိတ်ပြလာသောကြောင့် ခုနစ်ထပ်၏အသံရှင်ဖြစ်ကြောင်း သေချာသွားခဲ့သည်။ ဤသို့ပုဂ္ဂိုလ်မျိုးက တိုက်ခိုက်ချင်သည်ဆိုလျှင် ခုခံရန် လုံးဝမဖြစ်နိုင်ပေ။

"စီနီယာ ဘယ်သူလဲဆိုတာ ကျုပ် သိပါရစေ"

ယဲ့ချန်က ယဥ်ကျေးစွာ မေးလိုက်ခြင်းဖြစ်သည်။

"ငါက ကျောက်စိမ်းနန်းတော်အစောင့်ပါ"

အဘိုးအိုက ရပ်တန့်၍ ယဲ့ချန်ကိုမော့ကြည့်ကာ ရိုသေစွာ ဖြေလာခဲ့သည်။

"ဒါဆိုရင် ကျောက်စိမ်းနန်းတော်ရဲ့ပိုင်ရှင်က ဘယ်သူများလဲ"

"သော့ရှိတဲ့လူတိုင်းက ပိုင်ရှင်ပါပဲ။ ပိုင်ရှင်တစ်ယောက်တည်းသာ ရှစ်ထပ်နဲ့ ကိုးထပ်ကို ဝင်ရောက်ခွင့်ရှိတယ်။ မင်းတို့နှစ်ယောက်က စောင့်နေခဲ့ကြပါ"

အဘိုးအိုက ရိုးရိုးရှင်းရှင်း ဖြေလိုက်သည်။

"နဂါးဘုရင် နင်အာ ခဏလောက် စောင့်ပေးကြပါ"

ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်၏ ရှစ်ထပ်နှင့် ကိုးထပ်က မည်သို့သောနေရာမျိုးဖြစ်ကြောင်း သိချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။ နဂါးဘုရင်နှင့် နင်အာက နားလည်စွာဖြင့် ခေါင်းညိတ်၍ ကျန်ရစ်ခဲ့ကြသည်။ ကံကောင်းသည်မှာ ယဲ့ချန်၌ ကိုယ်ပွားများပိုင်ဆိုင်ထားသောကြောင့် အန္တရာယ်ကြုံရလျှင်ပင် စိုးရိမ်စရာမရှိပေ။ ထို့နောက် သူက အစောင့်အဘိုးအိုနှင့်အတူ ရွှေတံခါးအတွင်း ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

"ကျောက်စိမ်းနန်းတော်က ဆရာရဲ့သိုလှောင်ရုံဖြစ်ပြီး ငါက စောင့်ကြပ်ပေးနေရုံပါပဲ။ ဆရာက အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုရင် ကြိုက်တဲ့ရတနာကို ယူဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဆရာ့ကျင့်ကြံဆင့်က အားနည်းနေသေးတဲ့အတွက် ဝင်ရောက်ခွင့်သာရှိပါတယ်"

လမ်းတွင် အဘိုးအိုက ယဲ့ချန်ကို ရိုသေလေးစားစွာဖြင့် ရှင်းပြနေခဲ့သည်။ သူက ရွှေတံခါးအတွင်း ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးပြူးသွားခဲ့သည်။ ကျောက်စိမ်းနန်းတော်၏ရှစ်ထပ်က သူထင်ထားသည်နှင့် ကွဲပြားနေပြီး အဘိုးအိုက သိုလှောင်ရုံဟု ရည်ညွှန်းခဲ့ခြင်းက မမှားပေ။ သူ၏ရှေ့မှောက်တွင် အဝေးသို့ အဆုံးမရှိရှည်လျားနေသော ရွှေရောင်လမ်းတစ်ခုရှိပြီး ဘေးဘယ်ညာတွင် မရေမတွက်နိုင်သော ချပ်ဝတ်များက စတုရန်းသဏ္ဍာန် အစီအရင်ကြီးအတွင်း၌ အစီအစဥ်တကျ မျောလွင့်နေကြသည်။ ၎င်းတို့က ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ထက် ပို၍သာလွန်ပြီး လေထဲ၌ စစ်သည်တော်များ ရပ်နေသကဲ့သို့ ထင်မှတ်ရသည်။ သူက လမ်းတလျှောက် မျှော်ကြည့်လိုက်သော်လည်း မရေမတွက်နိုင်သော ချပ်ဝတ်များကိုသာ မြင်နေရသည်။

သပ်သပ်ရပ်ရပ် နေရာချထားသော ချပ်ဝတ်များကိုကြည့်နေရင်း ယဲ့ချန်က ပြိုင်ဘက်ကင်းစစ်တပ်ကြီးတစ်ခုကို မြင်ယောင်လာမိသည်။ ၎င်း၏လမ်းတွင် နတ်ဘုရားနှင့် အင်မော်တယ်များ ဟန့်တားနေလျှင်ပင် နင်းချေသွားမည့် စစ်တပ်မျိုးဖြစ်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ရေတွက်ရန် ကြိုးစားခဲ့သော်လည်း ဆယ်ဘီလီယံအထက် ဖြစ်နေသောကြောင့် လက်လျှော့လိုက်ရသည်။ ၎င်းတို့အားလုံးကိုသွန်းလုပ်ရန် လိုအပ်သော လူအင်အားနှင့် ကုန်ကြမ်းအရေအတွက်က ကြောက်ခမန်းလိလိ များပြားပေလိမ့်မည်။ သူ၏ဝိညာဥ်အသိစိတ်က ကီလိုမီတာထောင်ချီအထိ ဖြန့်ကျက်လိုက်သော်လည်း အဆုံးကို မမြင်ရပေ။

လက်ရှိတွင် ယဲ့ချန်၏အံ့သြမှုကို ဖော်ပြနိုင်သော စကားလုံး မရှိပေ။ အကယ်၍ ကောင်းကင်မူလကြယ်ရှိ လူတိုင်းက ပန်းပဲဆရာဖြစ်နေပြီး ကြယ်ပေါင်းရာထောင်ချီမှ ကုန်ကြမ်းအသုံးပြုကာ သွန်းလုပ်မည်ဆိုလျှင် ဤအရေအတွက်သို့ရောက်ရန် နှစ်ပေါင်းထောင်ချီ ကြာမြင့်ပေလိမ့်မည်။ ချပ်ဝတ်များကို အဆင့်များခွဲခြားထားကာ အနိမ့်ဆုံးချပ်ဝတ်သည်ပင် အဆင့်အမြင့်ဆုံး နတ်ဆိုးချပ်ဝတ်ထက် များစွာသာလွန်ပေသည်။ ထို့အပြင် ကျောက်စိမ်းနန်းတော်၏ ခြောက်ထပ်မှ သူရခဲ့သော ကောင်းကင်ငွေချပ်ဝတ်နှင့် ဆင်တူသော ချပ်ဝတ်များလည်း မရေမတွက်နိုင်အောင် ရှိနေခဲ့လေသည်။

All Chapters