ကျောက်စိမ်းနန်းတော်၏ကိုးထပ်
Vol. 52 Ch. 728
ကောင်းကင်ငွေချပ်ဝတ်သည် ကြယ်သခင်တစ်ယောက် ဝတ်ဆင်ခဲ့သော ရတနာဖြစ်၍ အပြင်းအထန် ထိခိုက်ထားသော်လည်း သွန်းလုပ်ထားပုံအရ ခုခံနိုင်စွမ်း အလွန်ကောင်းမွန်ကြောင်း သိနိုင်သည်။ သို့သော် ဤနေရာ၌ ၎င်းတို့က အရေအတွက်သန်းရာချီအောင် ရှိနေသဖြင့် ယဲ့ချန်အတွက် ယုံကြည်ရန် ခက်ခဲနေသည်။ အကယ်၍ ကျင့်ကြံသူသန်းရာချီပါဝင်သော တပ်ဖွဲ့တစ်ခုကို ဤချပ်ဝတ်များ တပ်ဆပ်ပေးလိုက်လျှင် မည်သူမှ တားမြစ်နိုင်မည်မဟုတ်ပေ။
"ကျုပ်က ဒီချပ်ဝတ်တွေကို ယူခွင့် မရှိဘူးလား"
ယဲ့ချန်က အနက်ရောင်ချပ်ဝတ်တစ်ခုကို ပွတ်သပ်နေရင်း မေးလိုက်ခြင်းဖြစ်သည်။ သူ၏လက်မှ အေးစက်သော သတ္တုအထိအတွေ့က စစ်မှန်သော ခံစားချက်ကို ပေးစွမ်းနေသည်။
"ဆရာရဲ့လုပ်ပိုင်ခွင့်က အားနည်းနေပါသေးတယ်။ ဒီရတနာအချို့ကို ယူနိုင်ဖို့အတွက် အနည်းဆုံး နတ်အစေခံအဆင့်တစ်ဆယ်ကို ရောက်နေဖို့ လိုအပ်ပါတယ်"
အစောင့်အဘိုးအိုက တည်ငြိမ်စွာပြော၍ ဆက်လက်လျှောက်လှမ်းနေသည်။ ယဲ့ချန်က အနီးကပ်လိုက်ပါသွားကာ ခေါင်းအထက်၌ ကောင်းကင်၊ ခြေထောက်အောက်၌ စကြဝဠာဟု ထင်မှတ်နေရပြီး လမ်းဘေးဝဲယာ၌ ချပ်ဝတ်များ ပြည့်နှက်နေသည်။ ကံမကောင်းသည်မှာ သူ၏ကျင့်ကြံဆင့်က နိမ့်ကျနေသောကြောင့် လက်ရှိတွင် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ဤမျှများပြားသော ချပ်ဝတ်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ ရယူနိုင်ခဲ့လျှင် ၎င်းတို့၏အရည်အသွေးကြောင့် အမြတ်ထွက်သည်ဟု ဆိုနိုင်သည်။ ကျောက်စိမ်းနန်းတော်၏ပိုင်ရှင်နှင့် ထိုလူ၏သရုပ်မှန်အပေါ် သူက သိချင်စိတ်များ ဖြစ်ပေါ်လာရသည်။ အစောင့်အဘိုးအိုက နှေးကွေးစွာ လျှောက်လှမ်းနေသည်ဟု ထင်မှတ်ရသော်လည်း အလွန်မြန်နေပြီး မျက်တောင်တစ်ခတ်အတွင်း ကီလိုမီတာထောင်ချီအဝေးသို့ ရောက်သွားသည်။ ထို့ကြောင့် ယဲ့ချန်က အမီလိုက်ရန်အတွက် တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကိုပင် အသုံးချနေရသည်။
သူတို့က ကီလိုမီတာတစ်သောင်းကျော် ခရီးဆက်ပြီးနောက် ချပ်ဝတ်ဧရိယာကို ကျော်လွန်၍ လက်နက်များ သိမ်းဆည်းသောနေရာသို့ ရောက်လာခဲ့သည်။ ထိုနေရာ၌လည်း လေထဲတွင် မရေမတွက်နိုင်သော ဓားရှည်များ၊ ဆေဘာများ၊ လှံများ၊ တူများစသည့် လက်နက်များ မျောလွင့်နေကာ လိုက်လံရေတွက်လျှင် ရေတွက်သူအဖို့ ခေါင်းကိုက်သွားနိုင်သည်။ ယဲ့ချန်၏အံ့သြမှုကို စကားဖြင့် ဖော်ပြမရနိုင်သကဲ့သို့ မျက်စိတဆုံးမြင်မြင်သမျှတွင် ရတနာများ ပြည့်နှက်နေသည်။
"ဘယ်သူက ဒီနေရာကို တည်ဆောက်ထားတာလဲ။ သော့က ဓားပျံဖြစ်တယ်။ ဓားပျံရဲ့သရုပ်မှန်က ဘာလဲ။ ကျောက်စိမ်းနန်းတော်ရဲ့ပိုင်ရှင်ကရော ငါ့ကို ဘာလုပ်စေချင်တာလဲ။ ငါ့အတွက် ဒီရတနာတွေချန်ထားရစ်ခဲ့တဲ့ အကြောင်းအရင်းက ဘာလဲ"
ယဲ့ချန်က စိတ်ထဲတွင် မေးခွန်းများပြည့်နှက်နေရင်း ကီလိုမီတာတစ်သိန်းကျော် ပျံသန်းပြီးနောက် ရွှေတံခါးတစ်ခုထံ ရောက်ရှိလာပြန်သည်။
"ကိုးထပ်က ပိုကြီးမားတဲ့ သိုလှောင်ရုံဖြစ်ပါတယ်။ ဒီနေရာကို ဆရာတစ်ယောက်တည်း ဖွင့်နိုင်စွမ်းရှိပါတယ်"
အဘိုးအို၏စကားသံ ထွက်ပေါ်လာသဖြင့် ယဲ့ချန်က အံ့သြသွားပြီး မြို့ကြီးပြကြီးသို့ ပထမဆုံးအကြိမ်ရောက်ဖူးသော တောသားတစ်ယောက်ပမာ ခံစားနေရသည်။ ကျောက်စိမ်းနန်းတော်၏ ရှစ်ထပ်ကပင် သူ့ကို အံ့သြစေခဲ့သည်ဖြစ်ရာ ကိုးထပ်က ပိုမိုကြီးမားလျှင် မည်သည့်အရာများ စောင့်ကြိုနေမည်နည်း။ မည်သူမဆို ဤသို့ကြုံတွေ့ရလျှင် ယဲ့ချန်ကဲ့သို့ အံ့သြမင်သက်နေရပေလိမ့်မည်။ သူက တည်ငြိမ်စွာဖြင့် အသက်ကိုပြင်းပြင်းရှူ၍ ကောင်းကင်ဓားပျံတစ်လက်ကို ဖန်တီးလိုက်သောအခါ ၎င်းက ရုတ်တရက် တောက်ပလာခဲ့သည်။ ၎င်း၏တည်ရှိမှုကို အာရုံခံမိသောအခါ ရွှေတံခါးက အလိုလိုပွင့်လာသောကြောင့် သူက သိချင်စိတ်ကြောင့် ရင်တဒိန်းဒိန်းခုန်နေရင်း စောင့်ကြည့်နေခဲ့သည်။
"ကျေးဇူးပြုပြီး လိုက်လာပေးပါ ဆရာ"
အဘိုးအိုက ဝတ်ရုံအောက်မှတဆင့် ယဲ့ချန်ကို တစ်ချက်မော့ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။ သူ၏လေသံက တည်ငြိမ်လွန်းနေပြီး ခံစားချက်ကင်းမဲ့နေသည်။ ယဲ့ချန်က စိတ်ပိုင်းဖြတ်၍ ရွှေတံခါးကိုဖြတ်သန်းပြီး ကိုးထပ်သို့ ခြေချလိုက်သောအခါ မယုံနိုင်ဟန်ဖြင့် မျက်လုံးများ အဆမတန် ပြူးကျယ်လာခဲ့သည်။ ကိုးထပ်ကလည်း ဟင်းလင်းပြင်ကြီးတစ်ခုဖြစ်ကာ ရှစ်ထပ်ကဲ့သို့ လမ်းကြောင်းတစ်ခုမရှိဘဲ ရတနာများကို သိမ်းဆည်းထားရမည့်အစား ပိုးအိမ်ကြီးများကို သိုလှောင်ထားခဲ့သည်။ တစ်ခုချင်းစီက ကောင်းကင်မူလကြယ်လောက် ကြီးမားသဖြင့် သူ့ကိုယ်သူ ဖုန်မှုန့်ပမာ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်က စကြဝဠာနှင့်ဆင်တူပြီး ပိုးအိမ်ကြီးများက ကြယ်များကဲ့သို့ မျောလွင့်နေကာ အစွမ်းထက်အရာများကို မွေးမြူထားကြောင်း သူက အာရုံခံနိုင်ခဲ့သည်။ ၎င်းတို့က သူတွေးနိုင်သည်ထက် ပို၍အစွမ်းထက်သောကြောင့် ကိုယ့်ကိုကိုယ် ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်သည်ဟု ခံစားလိုက်ရသည်။ ကြယ်တစ်လုံးပမာဏရှိသော တည်ရှိမှုမျိုးက ကြယ်များကို အလွယ်တကူ ဖျက်ဆီးနိုင်ပေလိမ့်မည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ စစ်ဆေးလိုက်သောအခါ အရေအတွက်က အနည်းဆုံး သိန်းချီကြောင်း သိလိုက်ရသည်။ ဤစစ်တပ်သာ စကြဝဠာအတွင်း ထွက်ပေါ်လာလျှင် ကြောက်မက်ဖွယ် အလွန်ကောင်းပေလိမ့်မည်။
"ဒါက ဘာတွေလဲ"
သူက အနားရှိအဘိုးအိုထံ စပ်စုလိုက်သည်။
"ပိုင်နက်သားရဲမျိုးနွယ်ပါ"
အဘိုးအိုက တည်ငြိမ်စွာ ဖြေလိုက်သော်လည်း တစ်ခါမှမကြားဖူးသော ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမျှများပြားလှသော သားရဲစစ်တပ်ကြီးသာ အကောင်ပေါက်လာလျှင် စကြဝဠာတစ်ခုလုံး လှုပ်ခတ်သွားပေလိမ့်မည်။
"ဒီနေရာမှာ ရပ်သင့်ပါပြီ ဆရာ"
အဘိုးအိုက ယဲ့ချန်ကို သတိပေးလိုက်သောအခါ သူက ခေါင်းညိတ်ပြလိုက်သည်။ ကိုးထပ်က အလွန်ကျယ်ဝန်းသောကြောင့် သူ၏အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းလျှင်ပင် အဆုံးသို့ရောက်ရန် နှစ်အနည်းငယ် လိုအပ်ပေလိမ့်မည်။
"ကိုးထပ်ရဲ့အနက်ပိုင်းမှာ နေရာတစ်ခုရှိပြီး ဆရာက အစွမ်းထက်လာရင် သေချာပေါက် သွားနိုင်ပါလိမ့်မယ်"
အဘိုးအိုက တစ်ခုခုပြောချင်နေသော်လည်း စကားစကိုဖြတ်ကာ ရပ်တန့်လိုက်သည်။
"ပြန်ကြပါစို့ ဆရာ။ ဒီမှာမြင်ခဲ့ရတာတွေကို အပြင်လူတွေမသိတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်"
ထို့နောက် သူက နောက်လှည့်သွားကာ အပြန်လမ်းကို ဦးဆောင်လိုက်သည်။
"အနက်ပိုင်းမှာ ဘာတွေရှိနေဦးမှာလဲ"
ယဲ့ချန်က အဝေးသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ရင်ထဲတွင် မေးခွန်းများစွာဖြင့် အဘိုးအိုနောက်မှ လိုက်ပါသွားခဲ့သည်။ ကျောက်စိမ်းနန်းတော်၏ ရှစ်ထပ်နှင့် ကိုးထပ်တွင် မြင်ခဲ့ရသမျှက သူ၏စိတ်ကို အလွန်ရှုပ်ထွေးစေခဲ့သည်။ ဓားပျံက ဤသို့သောနေရာမျိုး၏ သော့ဖြစ်နေရသော အကြောင်းအရင်းကလည်း မေးခွန်းတစ်ခု ဖြစ်နေခဲ့သည်။
ရွှေတံခါး၏အပြင်ဘက် ခုနစ်ထပ်တွင် နဂါးဘုရင်နှင့် နင်အာက စိုးရိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူတို့က အတွင်းသို့ မျှော်ကြည့်လိုက်သော်လည်း အမှောင်ထုကိုသာ မြင်နေရပြီး မည်သည့်အရာများရှိနေကြောင်း မသိရပေ။
"သူက ဘာလို့ ပြန်ထွက်မလာသေးတာလဲ"
အချိန်ကြာနေပြီဖြစ်သောကြောင့် နင်အာက စိုးရိမ်စွာ ရေရွတ်လိုက်သည်။ ထိုအချိန်၌ ပုံရိပ်နှစ်ခုသည် ရွှေတံခါးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုကြီး ပြန်လာပြီ"
နင်အာက ပျော်ရွှင်စွာအော်ဟစ်၍ ယဲ့ချန်ကို ကြိုဆိုရန် ချက်ချင်းပြေးထွက်လာခဲ့သည်။
"ယဲ့ချန် ရှစ်ထပ်နဲ့ ကိုးထပ်မှာ ဘာတွေရှိနေတာလဲ"
နဂါးဘုရင်ကလည်း စိတ်အေးသွားပြီး အခြေအနေကို စုံစမ်းလိုက်သည်။ ထိုအချိန်၌ ယဲ့ချန်၏စိတ်က ကြုံခဲ့ရသော အံ့သြစရာများကြောင့် မတည်ငြိမ်နိုင်သေးပေ။ အစောင့်အဘိုးအိုက သူ့ကို ဤအကြောင်းများ အပြင်လူကိုမပြောရန် သတိပေးခဲ့ကြောင်း အမှတ်ရလိုက်သည်။
"အံ့သြစရာတွေ"
အချိန်ခဏတာစဥ်းစားပြီးနောက် သူက အသင့်တော်ဆုံး စကားလုံးတစ်လုံးကို ရွေးချယ်ဖြေဆိုလိုက်၏။ သူ၏စကားကြောင့် နဂါးဘုရင်ရော နင်အာပါ စိတ်ရှုပ်သွားကာ မည်သည့်အရာများကို ယဲ့ချန်မြင်ခဲ့ကြောင်း ပို၍သိချင်လာကြသည်။
"သွားကြစို့"
ရတနာများကို မြင်သာမြင် မကြင်ရဖြစ်နေသော ယဲ့ချန်က ထွက်ခွာရန် တိုက်တွန်းလိုက်သည်။ နဂါးဘုရင်က အစောင့်အဘိုးအိုကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူက တစ်ဖက်လူ၏သရုပ်မှန်ကို အတိအကျမသိသော်လည်း မစော်ကားရဲပေ။
"နှုတ်ဆက်ပါတယ် စီနီယာ"
ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ ထိုအဘိုးအိုကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်၍ ယဲ့ချန်တို့သုံးယောက်ကို တစ်ချက်ဝေ့ကြည့်ကာ မည်သည့်အချိန်ကမှ မထွက်ပေါ်လာခဲ့သည့်အလား ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ရှစ်ထပ်၏ရွှေ တံခါးကလည်း တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့သည်။
"ယဲ့ချန် မင်း ဘာတွေမြင်ခဲ့ရတာလဲ"
ကျောက်စိမ်းနန်းတော်အပြင်သို့ ရောက်သောအခါ နဂါးဘုရင်က သိချင်စိတ်ကို မထိန်းနိုင်သဖြင့် နောက်တစ်ကြိမ် မေးလိုက်သည်။ ယဲ့ချန်က အလေးအနက်စဥ်းစား၍ နဂါးဘုရင်သိလျှင်လည်း ပြဿနာမရှိကြောင်း ဆုံးဖြတ်လိုက်သည်။ နဂါးဘုရင်က ကောင်းကင်မူလကြယ်ကို အမြဲတမ်းစောင့်ရှောက်ပေးခဲ့သော ကျင့်ကြံသူဖြစ်ရာ သစ္စာဖောက်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့က တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားများဟု မှတ်ယူနိုင်သဖြင့် ရှစ်ထပ်မှ ချပ်ဝတ်နှင့် လက်နက်များအကြောင်း ပြောပြခဲ့သော်လည်း ပိုင်နက်သားရဲများအကြောင်းကိုမူ ဖုံးကွယ်ထားခဲ့သည်။ ပိုင်နက်သားရဲများက အစွမ်းထက်လွန်းပြီး ကျောက်စိမ်းနန်းတော်၏ကိုးထပ်တွင် အရေအတွက်များစွာရှိကြောင်း အပြင်လူများ သိသွားလျှင် အလွန်အန္တရာယ်များနိုင်သည် မဟုတ်ပါလော။
နဂါးဘုရင်နှင့် နင်အာသည်လည်း ရှစ်ထပ်မှ ရတနာများကြောင့် အလွန်အံ့သြသွားကြပြီး အဆင့်အမြင့်ဆုံး နတ်ဆိုးချပ်ဝတ်ထက် များစွာပို၍အစွမ်းထက်သော ချပ်ဝတ်များ ဘီလီယံချီရှိနေခြင်းကို မယုံနိုင်ဖြစ်သွားကြသည်။
"ကြောက်စရာကောင်းလိုက်တာ။ ကြယ်သခင်တျန်းယွမ်ရဲ့ ကောင်းကင်ငွေချပ်ဝတ်လိုမျိုး အစွမ်းထက်တဲ့ ချပ်ဝတ်အရေအတွက် အများကြီးရှိနေတယ်။ ဘယ်သူက ဒီရတနာကို ပိုင်ဆိုင်ခဲ့တာလဲ။ ဘယ်သူက ဒီလောက်ချမ်းသာရတာလဲ"
နဂါးဘုရင်ရော နင်အာပါ ဤမေးခွန်းများကြောင့် ကိုယ်တိုင်မမြင်ခဲ့ရသည့်တိုင်အောင် တုန်လှုပ်နေကြသည်။ စကြဝဠာက အလွန်ကျယ်ဝန်းသည်ဖြစ်ရာ သူတို့၏လက်ရှိအဆင့်ဖြင့် တွေးပင်မကြည့်နိုင်သော ကျင့်ကြံသူများ ရှိနေနိုင်သည်။ ယဲ့ချန်က ရှစ်ထပ်အကြောင်းကိုသာ ပြောပြခဲ့သော်လည်း သူတို့က မယုံနိုင်ဖြစ်ခဲ့ရသည်။ အကယ်၍ ကိုးထပ်၌ ရှိနေသည်များအကြောင်း ပြောလိုက်လျှင် သူတို့၏အံ့သြမှုများ ထိန်းချုပ်မရအောင် ဗြောင်းဆန်သွားပေလိမ့်မည်။