သစ္စာဖောက်များ
Vol. 52 Ch. 730
စစ်ဧကရာဇ်နန်းတော်၏ အတွင်းပိုင်းတစ်နေရာတွင် ယဲ့ချန်သည် အနီရောင် ဧရာမမီးဖိုကြီးအတွင်း ကျင့်ကြံနေခဲ့သည်။ မရေမတွက်နိုင်သော ဆေးပင်များကို ၎င်းအတွင်း ထည့်သွင်းလိုက်သောအခါ အငွေ့အဖြစ် လောင်ကျွမ်းသွားကာ သန့်စင်ချီများအဖြစ် သူ၏ကိုယ်တွင်းသို့ စိမ့်ဝင်လာကြသည်။ မီးဖိုအတွင်း၌ အပူချိန်က မြင့်မားလွန်းသောကြောင့် သူ၏တစ်ကိုယ်လုံး အနီရောင်သန်းနေကာ ချွေးသီးချွေးပေါက်များ စီးကျနေခဲ့သည်။ နဂါးဘုရင်က သူ့အတွက် ကောင်းကင်မူလကြယ်၌ရှိသမျှ အရင်းအမြစ်များကို ပုံအောထောက်ပံ့ပေးထားသကဲ့သို့ ကျိရင်ထံမှ အရင်းအမြစ်များကိုလည်း လူလွှတ်ဝယ်ယူခဲ့ပြီး ငွေကြေးအမြောက်အများ ကုန်ကျခဲ့သည်။ ကျိရင်က အမြတ်ထွက်နေကြောင်း သိသော်လည်း တစ်ရက်တွင် ကျောက်စိမ်းနန်းတော်၏ရှစ်ထပ်မှ ရတနာများကို ရယူနိုင်သရွေ့ ဤပမာဏက သမုဒ္ဒရာအတွင်းမှ ရေတစ်စက်ဖြစ်ကြောင်း နားလည်ထားသောအခါ နဂါးဘုရင်က အရှုံးကြီးရှုံးသည်ဟု ခံစားမနေခဲ့ပေ။
နင်အာက မီးဖို၏အပြင်တွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံရင်း ယဲ့ချန်ကို တစ်ချိန်လုံး စောင့်ကြည့်ပေးနေခဲ့သည်။ သူမက ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ သူ၏အခြေအနေကို မကြာခဏ စစ်ဆေးပေးတတ်သည်။ စန္ဒကူးနီမီးဖိုအတွင်း ကျင့်ကြံခြင်းက ယဲ့ချန်ကို လျင်မြန်စွာတိုးတက်စေခဲ့ပြီး မရေမတွက်နိုင်သော ဆေးပင်များမှ အာနိသင်က ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးနှင့် ပေါင်းစပ်သွားခဲ့သည်။ သူ၏ဒန်တန်က ပိုမိုကျယ်ပြန့်လာသည်ဟု ခံစားနေရပြီး ကြယ်ကိုးလုံးလည်ပတ်လိုက်တိုင်း ခန္ဓာကိုယ်က ကြီးမားစွာ တိုးတက်နေသည်။ ၎င်းတို့အကြားတည်ရှိနေသော အချိန်လေဟာနယ်ချီများကလည်း ပို၍သိပ်သည်းလာသည်။ ၎င်းတို့က ကြယ်အချင်းချင်း ဆွဲငင်တွန်းကန်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ကာ အဆင့်တစ်ခုအထိ နားလည်နိုင်လျှင် စကြဝဠာအတွင်း လွတ်လပ်စွာသွားလာနိုင်သည့် လူသားတစ်ယောက် ဖြစ်လာစေနိုင်သည်။
ယဲ့ချန်က မဟာတာအိုလက်နက် စန္ဒကူးနီမီးဖိုအတွင်း ကျင့်ကြံနေရင်း လဝက်အကြာတွင် စစ်ဧကရာဇ်နန်းတော်၏ခန်းမ၌ ကောင်းကင်မူလကြယ်မှ အာဏာရှိသူများအားလုံး စုဝေးနေကြသည်။ ခန်းမအတွင်း ငြင်းခုံနေကြသဖြင့် ဆူညံနေသည်ဖြစ်ရာ နဂါးဘုရင်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ ရင်ယွမ်ကြယ်မှ နတ်အစေခံသုံးယောက်အပြင် ကောင်းကင်မူလကြယ်၏ နတ်အစေခံခြောက်ယောက်လည်း ရောက်ရှိနေခဲ့ပြီး စစ်ဧကရာဇ်ငါးရာကျော် ရှိနေခဲ့သည်။
"အရှင် ရင်ယွမ်ကြယ်သခင်ပြောသလိုဆိုရင် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးငါးရာကျော်က သိပ်မကြာခင် ရောက်လာတော့မယ်။ ဘာအစီအစဥ်ရှိလဲဆိုတာ သိချင်ပါတယ်"
မိုးကြိုးဧကရာဇ်က ရှေ့တက်ကာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
"မရှိဘူး"
နဂါးဘုရင်က တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဒါဆိုရင် ကျုပ်တို့က သေဖို့ ထိုင်စောင့်နေကြမှာလား"
"နတ်အစေခံငါးရာကျော်ကို ဘယ်လိုခုခံကြမလဲ"
စစ်ဧကရာဇ်အများစုက မကျေမနပ် ရေရွတ်လိုက်ကြသည်။
"ငါတို့ရဲ့ကြယ်သခင်က အသက်ငယ်လွန်းနေတယ်"
အချို့က သက်ပြင်းကိုယ်စီချ၍ စိတ်ဓာတ်ကျနေခဲ့သည်။ သို့သော် ယဲ့မျိုးနွယ်မှ စစ်ဧကရာဇ်သုံးရာကျော်က တည်ငြိမ်စွာဖြင့် ဘေးထွက်ရပ်နေကြပြီး အငြင်းအခုံတွင် ဝင်မပါခဲ့ကြပေ။
"ဒီလိုဆိုရင် ဘာကြောင့် ရင်ယွမ်ကြယ်ရဲ့လက်အောက်ခံဖြစ်ဖို့ သဘောမတူရတာလဲ"
မိုးကြိုးဧကရာဇ်က ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။ လူတိုင်းက တိတ်ဆိတ်သွားကာ အားလုံး၏အာရုံက နဂါးဘုရင်ထံ ကျရောက်လာခဲ့သည်။ သူ့ရှေ့တွင် စကားကျယ်ကျယ်မပြောရဲသော မိုးကြိုးဧကရာဇ်က ထောင်လွှားနေသောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး နောက်ခံတစ်ခုရသွားခြင်းဖြစ်ကြောင်း နားလည်ခဲ့သည်။ မိုးကြိုးဧကရာဇ်က စိတ်ထဲတွင် စိုးရွံ့နေသော်လည်း ကျိရင်၏ကတိစကားကြောင့် ဟန်ကိုယ့်ဖို့ရပ်ကာ သူ့ကို ရင်ဆိုင်နေခြင်းဖြစ်သည်။
"ရင်ယွမ်ကြယ်ရဲ့တောင်းဆိုချက်ကို မင်းသိမယ် ထင်တယ်။ ငါတို့အားလုံးက ရင်ယွမ်ကြယ်သခင်ရဲ့အမိန့်ကို နာခံရမယ့်အပြင် ငါတို့ရဲ့ကြယ်သခင်ကလည်း သူ့လက်အောက်ခံ ဖြစ်လာရမယ်။ ပြီးတော့ ငါတို့ကြယ်ပေါ်က မိန်းမလှခြောက်ထောင်ကိုလည်း နှစ်တိုင်း ပို့ပေးစေချင်တယ်။ မင်းက ဒီတောင်းဆိုချက်တွေကို သဘောတူသင့်တယ်ထင်ရင် မင်းရဲ့ဇနီးနဲ့ သမီးကို အရင်ဆုံးပေးလိုက်မယ်ဆိုရင် ဘယ်လိုသဘောရလဲ"
နဂါးဘုရင်က အေးစက်စက်စိုက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
"ကပ်ဘေးကြီးတစ်ခု ကျရောက်လာမယ့် အချိန်မှာ အသေးအမွှားတွေကို ဂရုမစိုက်သင့်ဘူး။ ရင်ယွမ်ကြယ်သခင်ရဲ့အမိန့်ကို နာခံတာက ဘာမှမမှားဘူး။ ကြယ်သခင်ကို သူသာ လေ့ကျင့်ပေးရင် အနာဂတ်မှာ ပိုအစွမ်းထက်လာမှာ သေချာတယ်။ ကောင်းကင်မူလကြယ်ရဲ့ လူဦးရေက ဘီလီယံချီတဲ့အတွက် မိန်းမလှခြောက်ထောင် နှစ်စဥ်ပဏ္ဏာဆက်ဖို့ကလည်း ပြဿနာမရှိဘူး"
မိုးကြိုးဧကရာဇ်က ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။
"မင်းမှာ စောက်ရှက်ရော သိက္ခာတရားရော မရှိတော့ဘူးလား"
နှင်းဧကရာဇ်၏စကားသံ ထွက်ပေါ်လာကာ တစ်ဖက်လူကို ဓားသွားပမာအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"မင်းတို့တွေ ငြင်းနေစရာ မလိုပါဘူး။ မင်းက ဆုံးဖြတ်ပြီးသားလို့ ထင်တယ်။ ရင်ယွမ်ကြယ်ရဲ့ တောင်းဆိုချက်ကို မလိုက်နာဖို့ ရှင်းဟွမ်ကလည်း မှာကြားထားတယ်။ မင်း မကျေနပ်ရင် သူမကိုသွားပြော"
တစ်ဖက်လူက အလွန်အရိုအသေတန်နေသည့်တိုင်အောင် နဂါးဘုရင်က တည်ငြိမ်စွာ ရှိနေခဲ့သည်။
"ဒါဆိုရင် ကျုပ်က ခင်ဗျားရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ငြင်းဆန်ရလိမ့်မယ်"
မိုးကြိုးဘုရင်က အလျှော့မပေးလိုဟန်ဖြင့် တစ်ထစ်တိုးလာပြန်သည်။
"ဘာဆုံးဖြတ်ချက်လဲ"
နဂါးဘုရင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ သူ့ကို အေးစက်စက်မေးလိုက်သည်။
"ယဲ့မျိုးနွယ်ခေါင်းဆောင်က ပါရမီရှင် မဟုတ်ဘူး။ သူ့သားက ကြယ်သခင်ဖြစ်တယ်ဆိုရင်တောင် ကောင်းကင်မူလကြယ်ကို အုပ်ချုပ်ဖို့ အဆင့်မမီဘူး။ စစ်ဧကရာဇ်အဆင့်ကိုရောက်ခါစ လူတစ်ယောက်က ဘာအရည်အချင်းရှိမှာလဲ"
"ဒါဆိုရင် မင်းက ဘယ်သူ့ကို အုပ်ချုပ်စေချင်တာလဲ"
"ဘယ်သူဖြစ်ဖြစ် ဒီကောင့်ထက်တော့ သာလွန်တယ်။ ဧကရာဇ်မင်ဆိုရင် ပိုပြီးသင့်တော်တယ်"
မိုးကြိုးဧကရာဇ်က ဤပြဿနာကြားသို့ ဧကရာဇ်မင်ကို ရည်ရွယ်ချက်ရှိရှိ ဆွဲထည့်ချင်ခဲ့သည်။
"ညီလေးယဲ့က ငါ့ထက် ပိုပြီးအရည်အချင်းရှိတယ်"
သို့သော် တာအိုအိမ်တော်သခင်ဖြစ်သော ဧကရာဇ်မင်က သူ၏ရပ်တည်မှုကို ပြတ်ပြတ်သားသားထုတ်ပြောကာ ကန့်ကွက်လိုက်သည်။
"ဧကရာဇ်မင်က နှိမ့်ချလွန်းနေပြီ။ ယဲ့ချန်က နို့နံ့တောင် မစင်သေးဘူး။ ကျုပ်တို့က ကောင်းကင်မူလကြယ်အတွက် ဒီလောက်ကြိုးစားပေးခဲ့တာတောင် သူ့ကိုပစားပေးနေတာ ကျေနပ်စရာ မဟုတ်ဘူး"
မိုးကြိုးဧကရာဇ်က ကဲ့ရဲ့လိုက်သည်။
"ဒါဆိုရင် မင်းက ဘာလုပ်ချင်လို့လဲ"
နဂါးဘုရင်က တစ်လုံးချင်းမေးလိုက်သည်။
"သိပ်မကြာခင်က ခင်ဗျားဟာ သိုင်းဒေသကြီးတွေအားလုံးရဲ့ ဆေးပင်တွေကို ဆက်သဖို့ အမိန့်ပေးခဲ့တယ်။ ကျုပ်သိရသလောက်ဆိုရင် ဒါတွေက ယဲ့ချန်ရဲ့ကျင့်ကြံရေးအတွက်မလား။ ကောင်းကင်မူလကြယ်ကို သူတစ်ယောက်တည်းနဲ့ ကယ်တင်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား။ လောလောဆယ် ကျုပ်တို့မှာ ဆေးပင်တစ်ပင်တောင် မကျန်လို့ တပည့်တွေက စောဒကတက်နေကြပြီ။ ကျေးဇူးပြုပြီး ဖြေရှင်းချက်ပေးပါ"
"ငါလုပ်သမျှ အရာအားလုံးကို ရှင်းဟွမ်က ခွင့်ပြုထားတာဖြစ်တယ်"
နဂါးဘုရင်က မျက်နှာတစ်ချက်မပျက်ဘဲ ဖြေလိုက်သည်။
"ခင်ဗျားရော ရှင်းဟွမ်ရောကို ယဲ့ချန်က လှည့်စားထားတာဖြစ်ရမယ်။ ကောင်းကင်မူလကြယ်အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး"
မိုးကြိုးဧကရာဇ်က သည်းမခံနိုင်တော့ဟန်ဖြင့် ရေရွတ်လိုက်သည်။
"ဒါဆိုရင် မင်းက ဘာလုပ်ချင်လို့လဲ"
ကောင်းကင်မူလကြယ်အပေါ် သူ၏သစ္စာတရားကို မေးခွန်းထုတ်လာသော တစ်ဖက်လူအပေါ် နဂါးဘုရင်က အလွန်ဒေါသထွက်နေပြီဖြစ်သည်။
"ကျုပ် ကောင်းကင်မူလကြယ်က ထွက်သွားချင်တယ်"
နဂါးဘုရင်၏အကြည့်ကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားသော်လည်း မိုးကြိုးဧကရာဇ်က မာန်တင်း၍ ဖြေလိုက်သည်။
"သေချင်နေတာလား။ ကောင်းကင်မူလကြယ်က မင်းကို ပျိုးထောင်ပေးခဲ့တယ်။ ထွက်သွားချင်တယ်ဆိုရင် မင်းအသက်ကို ထားခဲ့"
နဂါးဘုရင်က သူ့ကို သတ်ဖြတ်လိုစိတ်ဖြင့် ဖိနှိပ်ပစ်လိုက်သည်။ သို့သော် ထိုဖိအားက မိုးကြိုးဧကရာဇ်ထံ မရောက်နိုင်ခင်မှာပင် အစွမ်းထက်အရှိန်အဝါနှစ်ခု၏ ဟန့်တားခြင်းခံလိုက်ရပြီး နတ်အစေခံနှစ်ယောက် မတ်တပ်ရပ်လာကြသည်။
"သူပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ငါ ထင်တယ်။ မင်းနဲ့ ရှင်းဟွမ်ကို ယဲ့ချန်က လှည့်စားထားတဲ့အတွက် ဒီမှာဆက်နေရင် သေဖို့ပဲရှိတယ်။ ငါတို့လည်း ကောင်းကင်မူလကြယ်က ထွက်သွားမယ်"
စကားပြောလိုက်သူမှာ ဘုရင်ရီဖြစ်ပြီး သူ၏ညီငယ်ဖြစ်သူ ဘုရင်ဟွမ်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူတို့က ကောင်းကင်မူလကြယ်ပေါ်တွင် နဂါးဘုရင်၊ သစ်သားစိမ်းဘုရင်နှင့် သားရဲဘုရင်ပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်သကဲ့သို့ ရင်ယွမ်ကြယ်နှင့် အပတ်သက်ဆုံးသူများလည်း ဖြစ်ကြသည်။
"ကြည့်ရတာ မင်းတို့က ပြင်ဆင်လာပုံရတယ်"
မိုးကြိုးဧကရာဇ် မေးခွန်းထုတ်နေစဥ် ထိုနှစ်ယောက်က ငြိမ်သက်နေသော်လည်း နဂါးဘုရင် လှုပ်ရှားသောအခါတွင်မှ ရှေ့တက်လာကြသည်။
"မင်းက ငါတို့ကို တားချင်တယ်ဆိုရင် သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့။ ငါတို့အချင်းချင်း တိုက်ခိုက်နေရင် ကောင်းကင်မူလကြယ်အတွက် မကောင်းနိုင်ဘူးနော်"
ဘုရင်ရီက ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
"ကျေးဇူးမသိတတ်တဲ့ကောင်တွေ ရှင်းဟွမ်ကို အပြစ်ပြုမိမှာ မကြောက်ဘူးလား"
ဖီးနစ်ဘုရင်မက မတ်တပ်ရပ်၍ ဒေါသတကြီးအော်ငေါက်လိုက်ပြီး သူမ၏လှပသော မျက်နှာလေးက တင်းမာနေသည်။ သူမက ကြင်နာတတ်သော အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ဖြောင့်မတ်မှန်ကန်ပြီး အာဏာနှင့်ငွေကြေးကို အသုံးချ၍ အနိုင်ကျင့်သူများကို ဆန့်ကျင်လေ့ရှိသည်။
"ဖီးနစ်ဘုရင်မ ငါတို့ကို အပြစ်တင်မနေနဲ့။ ငါတို့ထွက်သွားရတာက နဂါးဘုရင်ရဲ့ ဘက်လိုက်မှုကြောင့်ဖြစ်တယ်။ ကောင်းကင်မူလကြယ် တကယ်အန္တရာယ်ကြုံရပြီဆိုရင် မင်းတို့ရဲ့ခေါင်းမာမှုက ဘယ်လောက်အဓိပ္ပါယ်မရှိလဲဆိုတာ နားလည်သွားလိမ့်မယ်။ အချိန်ကျရင် ရင်ယွမ်ကြယ်ကို ငါတို့က အကူအညီပေးနိုင်တယ်"
ဘုရင်ရီက နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သည်။
"နင်"
ဖီးနစ်ဘုရင်မက ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ ရင်ယွမ်ကြယ်၏ တောင်းဆိုချက်များကို သူမက လက်မခံနိုင်သကဲ့သို့ ဘက်ပြောင်းသွားသော နတ်အစေခံနှစ်ယောက်ကြောင့် ပို၍ဒေါသထွက်လာခဲ့သည်။ အနီရောင်မီးတောက်များ ယှက်သန်းနေသော လျှပ်စီးများ ထွက်ပေါ်လာကာ သူမက တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။