ဓားဂိုဏ်း၏ စစ်သူရဲ ... ။
Vol. 113 Ch. 1577
မူရွယ်ချင်းနှင့် အခြား သူများက တောင်ခြေရင်း၌ သူ့ကို စောင့် နေသည်။ အပြန် လမ်း၌ လူတိုင်း စိတ်လှုပ်ရှား နေ၏။
လင်းယွန် အတွက်မူ၊ မမြင် ရသော ဓားတစ်လက်က၊ ဓားဂိုဏ်း အထက်၌၊ ပျံဝဲနေ သကဲ့သို့ ခံစား နေရသည်။
ဘေး၌ ရယ်မော နေသည့် မည်သူ မဆို၊ အချိန် မရွေး ‘ပြာ’ ဖြစ်သွား နိုင်သည်။ ဓားဂိုဏ်း နှင့် ကောင်းကင်ယံ ဂိုဏ်း အကြား၊ အားပြိုင်မှု သည် ဂိုဏ်း နှစ်ခု၏ ပဋိပက္ခ မျှသာ မဟုတ် တော့ချေ။
ဧကရာဇ် ကိုးပါး၏ အရေးပင် ပါဝင် လာနိုင်၏။ ယင်းကို တွေးရုံနှင့် ဦးရေပြားများ ထုံကျင် လာသည်။
“ ဂျူနီယာ လင်း ... ၊ မင်း စိတ်ထဲမှာ တစ်ခုခု ဖြစ်နေ တာလား။ ”
မူရွယ်ချင်းမှ ပြုံးလျက် မေးလာသည်။ လင်းယွန်က ခေါင်းမော့ကြည့် လိုက်၏။ ဤ အမျိုး သမီးသည်၊ အမြင် အာရုံ ထက်မြက် ပေသည်။
“ လိုက်ခဲ့ ... ။ ”
မူရွယ်ချင်းက လေသင်္ဘော ဦးပိုင်းသို့ ခေါ်ဆောင် လာခဲ့သည်။
“ ပြောပါဦး ... ၊ ကောင်းကင် ရေကန် သူတော်စင် သခင်က ... ၊ မင်းကို ဘာပြော လိုက် လို့လဲ။ ”
“ ဘယ် သူ့ကိုမှ ပြန် မပြောဖို့ ... ၊ ကတိပေး ခဲ့ရတယ်။ ”
လင်းယွန်က ပြုံးကာ ငြင်းဆန် မိသည်။ ထိုစကားကြောင့် မူရွယ်ချင်းမှ ခေါင်းညိတ်၏။ ထပ်မမေး တော့ချေ။
“ စီနီယာ အစ်မ မူ ... ၊ ကောင်းကင်ယံ ဂိုဏ်းမှာ အသန်မာဆုံး တပည့်က ဘယ် အဆင့် ရှိလဲ။ ”
အရှေ့ဘက် ပျက်စီးခြင်း နန်းတော်သည် စစ်မြေပြင် ဖြစ်လာမည် ဖြစ်ပြီး၊ အသန်မာဆုံး တပည့် များမှာ၊ ရလဒ် ဖြစ်သည်။
ထို့ကြောင့် သူတို့ကို စည်းမျဉ်း စည်းကမ်း များ အတွင်းမှ နေ၍၊ သေချာပေါက် လုပ်ကြံ ကြ ပေမည်။
၎င်းတို့အား ဧည့်ခံပွဲသို့ မတက် စေကြဘဲ၊ မူရွယ်ချင်း ကဲ့သို့ တစ်ဆင့်နိမ့် တပည့် များမှသာ တာဝန်ယူ ကြခြင်း ဖြစ်၏။
“ ဂျူနီယာ လင်း ... ၊ မင်း ဘာလို့ ရုတ်တရက် သိချင် လာရ တာလဲ။ ”
“ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ကို၊ မကြာခင် ဖွင့်လှစ် တော့မယ်လို့ ကြားမိတယ်၊ အဲဒီမှာ အောင်နိုင်တဲ့ ဂိုဏ်းတွေ အတွက် ...
... အကျိုး ကျေးဇူးက ကြီးမားပြီး ... ၊ ကျရှုံးသွားရင် ဂိုဏ်းရဲ့ အုတ်မြစ်ဟာ တရွေ့ရွေ့ နိမ့်ဆင်း သွားမယ်။ ”
လင်းယွန်က လေးနက် စွာဖြင့်၊ ပြန်၍ ရွတ်ဆိုပြ လာသောကြောင့်၊ မူရွယ်ချင်း မျက်နှာ ပြောင်းလဲ သွားလေသည်။
“ အဲ့ဒါကို ဘယ်က ကြားလာ တာလဲ။ ”
“ တောင်ထိပ် သခင်က ပြောပြ ခဲ့တာပါ။ ”
“ စီနီယာ ကျန့်ကျင်းရှန် ... ၊ ဘာဖြစ် ခဲ့တာလဲ မင်း သိပြီး ပြီလား၊ အင်း ... မင်း သိပြီး လောက် ပါပြီ၊ ... ”
မူရွယ်ချင်း မျက်နှာ၌ ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာသည်။ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်သည်၊ ကောင်းကင်ယံ ဂိုဏ်းနှင့်၊ ဓားဂိုဏ်းကြား၊ စစ်တလင်း ဖြစ်၏။
အထူးသဖြင့် ထျန်ရွှမ်ဇီ ဂိုဏ်းချုပ် ဖြစ်လာ ပြီးနောက်၊ ထိုစစ်မျက်နှာ ဖွင့်လာခြင်း ဖြစ်လေ သည်။
မည်သူ မဆို အခွင့် အရေး ရပါက၊ တစ်ဖက်သား အပေါ်၊ သေသည် အထိ လုပ်ကြံ ကြပေ ၏။
ထို့ကြောင့် အရှေ့ဘက် ပျက်စီးခြင်း နန်းတော် ဟူသော အမည်မှာ၊ ဓားဂိုဏ်း၏ တပည့်များ အတွက်၊ အိပ်မက်ဆိုး တစ်ခု ဖြစ်လာသည်။
အဘယ့်ကြောင့် ဆိုသော်၊ ဓားဂိုဏ်း၏ အသန်မာဆုံး ပါရမီရှင် များသည်၊ ထိုမြေပြင်၌ သေဆုံးသွား သောကြောင့် ဖြစ်၏။
“ တကယ်တော့ ငါတို့ ဓားဂိုဏ်းရဲ့ ... ပါရမီရှင်တိုင်း၊ အဲဒီ နေရာမှာ အသတ်ခံ ရပြီး၊ စီနီယာ ကျန့်ကျင်းရှန် တစ်ယောက်သာ အသက်ရှင် နိုင်ခဲ့တယ်။ ”
“ ဒီအကြောင်း ကိုတော့ ... ၊ အစ်ကို မုက မပြောပြဘူး။ ”
လင်းယွန်မှ ဝင်ထောက်သည်။
“ စီနီယာ ကျန့်ကျင်းရှန်က ပါရမီရှင် တစ်ယောက် ဖြစ်သလို၊ ကျန်တဲ့ လူငယ်တွေ ကလည်း အားမနည်း ကြပါဘူး၊ ရန်သူက ကျန့်ကျင်းရှန်ကို ပိတ်ဆို့ ထားပြီး၊ ကျန်တဲ့ လူတွေကို သတ်ပစ် လိုက်တယ်၊ ...
... အဲဒီမှာ ... ၊ သူ့ရဲ့ ဂျူနီယာ ညီမလေး ပါသွား ခဲ့တယ်၊ အရမ်း စက်ဆုပ်ဖွယ် ကောင်း လွန်းတဲ့ လုပ်ရပ်ပဲ၊ ဒါကြောင့်လည်း စီနီယာ ကျန့်က ဒေါသကို မထိန်းနိုင် ခဲ့တာ။ ”
“ သူတို့ အရမ်း လွန်းတယ် ... ။ ”
လင်းယွန်ပင် ဒေါသ ထွက်လာသည်။ မူရွယ်ချင်းမှ လင်းယွန်အား မော့ကြည့်ကာ၊ ငြိမ်သက် သွား၏။
ရှေးဟောင်း ပျက်သုဉ်းမြေ၏ ဂိုဏ်းများ အကြား ပြိုင်ဆိုင်မှုသည် ရက်စက် ကြမ်းကြုတ် လှ ချေပြီ။
ဓားဂိုဏ်း အနေဖြင့်၊ မြင့်မြတ်မြေ ဖြစ်ခဲ့ သော်လည်း၊ သက်တံဓား သူတော်စင် အပေါ်၊ တစ်ချိန်လုံး မှီခို နေရ၏။
ထို့ကြောင့် ကျန့်ကျင်းရှန် ကျရှုံး ခြင်းသည်၊ ဓားဂိုဏ်းအား ထွက်ပေါက်မဲ့ စေသည်။ အထူး သဖြင့် မူရွမ်ကောင် ဖြစ်သည်။
သူ သည်သာ၊ အရာ အားလုံးကို ပုံအော ခဲ့ပါက၊ ကျန့်ကျင်းရှန်အား သဘာဝ အတိုင်း ကယ်တင် နိုင်ပေ၏။
ထိုအချိန်က ကျန့်ကျင်းရှန်မှာ၊ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် ထောင်ပေါင်း များစွာကို၊ သတ်ပစ် လိုက်သဖြင့်၊ ဂိုဏ်း နှစ်ခု ကြား စစ်ပွဲ ဆင်နွှဲ ရတော့မည့် အဆင့်ထိ ရောက်ရှိ လာခဲ့ ရသည်။
သို့သော် မူရွှမ်ကောင်မှ သည်းခံ လိုက် သဖြင့်၊ သက်တံဓား သူတော်စင် ထွက်လာ ရပြီး၊ ကျန့်ကျင်းရှန်အား ကယ်တင်လျက်၊ တိမ်လွှာ ဓားဂိုဏ်းသို့၊ နှင်ထုတ် ပစ်ခဲ့သည်။
ထို့နေ့မှ စ၍ ဓားဂိုဏ်းသည် ရွှေမျိုးဆက်အား ဆုံးရှုံး သွားကာ၊ အနှစ် နှစ်ဆယ် နီးပါး၊ တစ်ဖက်သတ် အရိုက်ခံ ခဲ့ရသည်။
မူရွယ်ချင်း ပြောသမျှ နားထောင်ပြီး၊ လင်းယွန် တစ်ယောက် မျက်နှာ မည်းမှောင် သွားတော့၏။
“ ဒီနှစ် ... ၊ ကောင်းကင်ယံ ဂိုဏ်းကို ဦးဆောင်မဲ့ သူက ဘယ်လောက် အထိ၊ သန်မာ အားကောင်း လဲ။ ”
“ ပြောရ ခက်တယ်၊ သူတို့ရဲ့ ရွှေမျိုးဆက် ပါရမီရှင် တွေက၊ ဂိုဏ်းမှာ မရှိ ကြဘူး၊ ထိပ်သီး သုံးယောက်က စတုတ္ထ သွေးလွှတ် ကြောကို ရောက်နေ ကြပြီ။ ”
ယင်းက အနည်းငယ် သန်မာ လွန်း သောကြောင့်၊ လင်းယွန်မှ စကား မဆက်နိုင် တော့ချေ။
“ လောယွမ် ကိုတောင် ... ငါ မနိုင် ခဲ့ဘူး၊ သူတို့မှာ လောယွမ်ထက် သန်မာလွန်းတဲ့ ရွှေမျိုး ဆက် ပါရမီရှင် (၁၀) ယောက် ရှိတယ်။ ”
မူရွယ်ချင်းမှ ကူကယ်ရာ မဲ့စွာဖြင့် ပြော လေသည်။ သူမ ဟူသည် ဓားဂိုဏ်း၌ တတိယ အသန်မာဆုံး ဖြစ်၏။ ထို့ကြောင့် လင်းယွန်မှ အသက် ပြင်းပြင်း ရှူလိုက် မိသည်။
“ ဒါက ဖြစ်သင့် ပါတယ် ... ၊ ငါတို့ ဓားဂိုဏ်းက ရွှေမျိုးဆက်ကို ဆုံးရှုံး ခဲ့တာ၊ (၁၉) နှစ် ရှိနေပြီ၊ ဒါကြောင့် ကွာဟချက် ကြီးမား သွားတာပါ။ ”
အချိန် ကြာလာ သည်နှင့် အမျှ၊ ကွာဟချက်မှာ ပို၍ သိသာ လာပေ၏။ ဤမျှ ကြာအောင် ထိန်းထား နိုင်ရ သည့် အကြောင်း အရင်းသည်၊ အခြေခံ အုတ်မြစ်ကြောင့် ဖြစ် လေသည်။
အခြားသော ဂိုဏ်းတစ်ခု ခုသာ ဆိုက၊ ထိုသက်ရောက်မှုကြောင့် ကျဆင်း ပြိုလဲ သွား နိုင်၏။
“ သူတို့ ဂိုဏ်းရဲ့ ... ၊ အသန်မာဆုံး ပါရမီရှင်က ကျန်းယွီပဲ၊ ဒီလူဟာ လျှို့ဝှက်ပြီး သူ့ရဲ့ မူလကို ဘယ်သူမှ မသိ ကြဘူး၊ သူမှာ ထျန်ရွှမ်ဇီလို နဂါး မိသားစုနဲ့ ပတ်သတ်တဲ့ အရာ တစ်ခု ပိုင်ဆိုင် ထားတယ်၊ ...
... စီနီယာ အစ်ကို ကူနဲ့၊ အစ်ကို ရီက သူ့အောက်က နှစ်ယောက်ကို တိုက်နိုင် ပေမယ့်၊ သူ့ကိုတော့ အနိုင် ရဖို့ (၂၀%)ပဲ ရှိတယ်။ ”
“ အဲဒီလောက် တောင်လား။ ”
“ စိတ်မပူ ပါနဲ့ ... ၊ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်၊ ငါတို့ အစ်ကို ကူနဲ့ ... ၊ အစ်ကို ရီက နတ်ဘုရား သင်္ချိုင်း တောအုပ်မှာ ... ၊ ကပ်ဘေး ဖြတ်ကျော်ပြီး၊ စတုတ္ထ သွေးလွှတ်ကြော ...
... ရောက်ခဲ့ ကြတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ (၁၉)နှစ်က အဖြစ် အပျက်တွေ အပေါ် လက်စား ချေဖို့၊ တိုင်ပင် ထားပြီးပြီ။ ”
မူရွယ်ချင်းမှ နှစ်သိမ့် လာသည်။
“ စီနီယာ အစ်ကို ကူက ... ၊ ဘယ်လို လူမျိုးလဲ။ ”
“ အစ်ကို ကူက၊ မင်းလို ဓားရေး ထက်ပေမယ့်၊ စကား နည်းတယ်၊ ဒါပေမယ့် မင်းရှိ နေတာကို၊ သူ သိပြီးသားပါ၊ ဒါကြောင့် ဒီနေ့ ဧည့်ခံပွဲကို ဦးဆောင်ဖို့၊ သူက ငါ့ကို လွှတ်လိုက် တာပဲ၊ ...
... ဓားဂိုဏ်းက ပြန်လာ ချင်တယ် ဆိုရင် မျိုးဆက်သစ် တွေက အရေးကြီး တယ်လို့၊ သူနဲ့ ငါက ယုံကြည် ထားတယ်၊ သူက ...
... အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ရဲ့ တာဝန်ကို ထမ်းမှာမို့၊ မင်းတို့တွေ ကြီးပြင်းချိန် ရပါတယ်။ ”
ထို့စကားကြောင့် ကူရို့ချန် အပေါ် သဘောကျ လာသည်။ ဓားဂိုဏ်းသည် သူ ကြုံခဲ့ ဖူးသော ဂိုဏ်းများနှင့် အမှန် တကယ် ကွဲပြား ချေ၏။ တပည့်များ ကြား စည်းလုံးမှုသည် မယုံနိုင် စရာ ပေပင်။
“ အစ်ကို ကူက မင်း အပေါ်၊ စိတ်ဝင်စားတယ်၊ မင်းကို ဘာကြောင့် ပန်း သင်္ချိုင်းလို့ ခေါ်တာလဲ၊ သိချင် နေတယ်။ ”
သူမ စကားကြောင့် လင်းယွန်မှ ပြုံး လိုက်၏။ မူရွယ်ချင်းနှင့် ၎င်းကြား ဇာတ်လမ်း တစ်ပုဒ် ရှိနိုင်မည်။ လင်းယွန်က ခေါင်းကို ကုတ်ပြီး၊ အနည်းငယ် ရှင်းပြ လိုက်၏။
“ ဓားဂိုဏ်းက ကောင်းကင်ယံ ဂိုဏ်းနဲ့ စစ်တိုက်ဖို့ ဆန္ဒ မရှိ သလို၊ သူတို့ ကလည်း မဝံ့ သေး ပါဘူး၊ သူတော်စင် သခင် ခြောက်ပါး နဲ့တင် ... ၊ ကောင်းကင်ယံ ဂိုဏ်းကို ကောင်းကောင်း ...
.... ခြိမ်းခြောက် ထားနိုင် ပါတယ်၊ တကယ်လို့ စစ်ပွဲ ဖြစ်ပွားခဲ့ ရင်လည်း၊ စီနီယာ သက်တံဓား သူတော်စင်က အခုလို ငြိမ်နေမှာ မဟုတ်ဖူး ဆိုတာ ထျန်ရွှမ်ဇီက သိတယ်၊ ...
... ဒါကြောင့် သူက ဓားဂိုဏ်း အပေါ်၊ တအိအိနဲ့ အားနည်း လာအောင် လုပ်ယူဖို့ ရွေးချယ် လိုက်တာပဲ၊ အရမ်း မတွေး ပါနဲ့၊ ...
... မင်း ကြီးပြင်း လာအောင် ... ဂိုဏ်းက စောင့်ရှောက် နိုင်ပါတယ်၊ မင်းက ဂိုဏ်းရဲ့ အနာဂတ်ပဲ။ ”
ထိုစကား အမှန်မို့၊ လင်းယွန် မျက်နှာကြော ပြေလျော့ လာသည်။ ဓားဂိုဏ်းသည် ရန်သူအား ကြောက်ရွံ့ သကဲ့သို့၊ ကောင်းကင်ယံ ဂိုဏ်း မှလည်း၊ သူတို့အား သတိထား ရချေ၏။
လက်ရှိ ခွန်အား အရ၊ သူတော်စင်များ တိုက်ပွဲတွင်၊ ဝင်ရောက် စွက်ဖက် နိုင်ဦးမည် မဟုတ် သဖြင့်၊ အရှေ့ဘက် ပျက်စီး ခြင်း နန်းတော် ကိုသာ၊ သားသတ်ကွင်း အဖြစ် ပြောင်းလဲ နိုင်ပေမည်။
လက်ရှိ ဓားဂိုဏ်း ခံစား နေရ သည်မှာ၊ သူတော်စင် များ၏ ဖိအားကြောင့် မဟုတ်ဘဲ၊ စစ်မြေပြင် အတွက်၊ တိုက်ပွဲဝင် စစ်သူရဲ မရှိခြင်း ကြောင့်သာ ဖြစ်လေသည်။
***