သခင် လင်း၊ ငါ့ကို ကယ်ပါ။
Vol. 113 Ch. 1580
“ ထ ပါ ... ။ ”
သက်တံဓား သူတော်စင်မှ ရှေ့လှမ်း တက်လာပြီး၊ လင်းယွန်အား တွဲထူ လိုက်သည်။
“ ကျေးဇူး တင်ပါတယ် ဆရာ ... ။ ”
“ ဒီမှာ ကောင်းကောင်း ကျင့်ကြံပါ၊ ဒုတိယ ပုံစံ လေးမျိုးကို အလယ် အလတ် ကျွမ်းကျင်မှု ရအောင်၊ လုပ်ပြီးမှ ထွက်သွားပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် လင်းယွန် တစ်ယောက် ဒုတိယ ဓားပုံစံ လေးမျိုးကို လေ့ကျင့်လျက်၊ အချိန်များ ကုန်ဆုံး သွားသည်။ ဓားပုံစံ တိုင်းသည် ဘုရင် အဆင့် ဓားရေး ဖြစ်၏။
ပုံစံ တစ်ခုစီ၏ စွမ်းအားမှာ ပြင်းထန်ပြီး၊ အနည်းငယ် ကျွမ်းကျင် ရုံနှင့် ကြောက်စရာ ကောင်းလေသည်။
သူ၏ ကိုယ်လုံး ကိုယ်ပေါက် ဖြင့်ပင်၊ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိ သလောက် ဖြစ်၏။
ဓားပုံစံ လေးမျိုး စလုံး ထိမှန် ပါက၊ သေဆုံးရ မည်မှာ သေချာသည်။ သူတော်စင် ချပ်ဝတ်နှင့် နဂါးပြာ အရိုးကို ထုတ်ဖော် ထား သော်မှ၊ ပြာကျ သွားနိုင်၏။
ထိုသို့သော ဓားရေး မျိုးသည် ရှားပါးပြီး၊ ပယင်း ကမ္ဘာ၌ သူ သင်ယူ ခဲ့သော သခင့်ဓား သည်သာ၊ ၎င်းနှင့် နှိုင်းယှဉ် နိုင်ပေမည်။
နေ့စဉ် နေ့တိုင်း ဓားပုံစံ (၉၀၀)ကို လေ့ကျင့်ပြီး ပေါင်းစပ် ရလေသည်။ ယင်းမှာ ငြီးငွေ့ဖွယ် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်သော် လည်း၊ တိုးတက်မှုမှာ မြင်သာ၏။
ခုနစ်ရက် ကုန်လွန် ပြီးနောက်၊ အနည်း အကျဉ်း ကျွမ်းကျင် လာသည်။ ဤရလာဒ် သည် ဆရာ၏ ကျေးဇူးကြောင့် ဖြစ်၏။
ဆရာ သခင် သည်သာ၊ အချိန်ကို ပေးအပ်ခြင်း မရှိခဲ့ ပါက၊ အနည်းဆုံး (၆)လ ခန့် လိုအပ် ပေလိမ့်မည်။
ရုတ်တရက် ပန်းသင်္ချိုင်း ဓားကို ကောက် ကိုင်ကာ၊ သစ်ကိုင်းထံ လွှဲခုတ်ပစ် လိုက်သည်။ သစ်ကိုင်း အတွင်းမှ၊ ကြောက်မက်ဖွယ် ဓား ရောင်ခြည်များ ဖြာထွက် လာ၏။
“ ဒီဓားပုံစံ လေးမျိုးကို၊ အလယ် အလတ် ကျွမ်းကျင်မှု အထိ ရသွားရင်၊ မင်းရဲ့ ဓားတာအို တိုးလာ လိမ့်မယ်၊ ကောင်းကင် အမိုး ဓားကို ပြန်ပြီး ကြိုးစား ကြည့်လိုက် ... ။ ”
သက်တံဓား သူတော်စင်က သစ်ကိုင်း အတွင်းရှိ ဓား ရောင်ခြည်ကို လှမ်းကြည့်ကာ၊ ပြောသည်။
“ တကယ်လား ဆရာ။ ”
လင်းယွန် တစ်ယောက် ဝမ်းသာ သွား၏။
“ ငါ မင်းကို လိမ်ဖူး လို့လား။ ”
သက်တံဓား သူတော်စင်မှ ပြုံးလေသည်။ နဂါးသွေး လွှတ်ကြော ရောက်စဉ် ကတည်းက၊ လင်းယွန်မှာ ၎င်းကို ပြန်၍ စမ်းချင် နေခဲ့သည်။
သို့သော် ယခင် ကျရှုံးမှုသည်၊ သူ့အား များစွာ ထိခိုက်စေ သဖြင့်၊ မရဲ ခဲ့ချေ။ ဆရာ၏ အတည် ပြုချက် ရမှ သာလျှင်၊ စိတ်လက် ပေါ့ပါး သွား၏။
“ ဆရာ ... အလယ် အလတ် ကျွမ်းကျင်မှု ပြီးရင်၊ တိုးတက်ဖို့ ခက်နေတယ်၊ အနှစ်သာရကို ဆုပ်ကိုင်ထား နိုင်တာတောင်၊ ဘာလို့ ဒီလို ဖြစ်နေ ရတာလဲ။ ”
ဒုတိယ ဓားပုံစံ လေးမျိုးမှာ၊ ထူးဆန်း၏။ အလယ် အလတ် ကျွမ်းကျင်မှု ရောက်ပြီးနောက် ပိတ်ဆို့ သွားသည်။
“ ဒါက ဒီသိုင်း ရည်ရွယ်ချက် လေးမျိုးကို မင်း ... နားလည် မထား လို့ပဲ၊ ဒါကြောင့် လည်း မင်းကို အလယ် အလတ် ကျွမ်းကျင်မှုနဲ့၊ ငါက ရပ်ခိုင်း ရတာ၊ အလျင် မလို ပါနဲ့ ... ၊ အဲဒီ အတွက် အဖြေ ရှိပါတယ်၊ ...
... နှစ်တစ်ရာကျော် သက်တမ်း ရှိတဲ့ အဆိုးမြင် ရောင်ဝါ (၄) မျိုးကို ရှာပြီး၊ ဒီဓား ရေးနဲ့ ပေါင်းစပ် လိုက်ပါ ... ။ ”
“ အဆိုးမြင် ရောင်ဝါ ... ။ ”
“ မှန်တယ် ... ၊ လေ၊ မီး၊ လျှပ်စီးနဲ့ ရေခဲ ရည်ရွယ်ချက် တွေကို ဆုပ်ကိုင် မထားဖူး ဆိုရင် အဲဒီ ရောင်ဝါတွေ လိုတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ အနောက်ဘက် တောင်တန်းသို့၊ နောက်ထပ် ခရီး ထွက်ရမည့် ပုံ ပေပင်။
“ ရော့ ... ဒီအိတ်ကို မင်းနဲ့ မကွာ ဆောင်ထားလိုက် ... ၊ မဖွင့်နဲ့ ... ၊ မသိချင်နဲ့၊ အထဲမှာ ဘာရှိလဲ မစပ် စုနဲ့ ... ။ ”
“ ဒါဆို ဘယ်အချိန် ဖွင့်ရ မလဲ ဆရာ။ ”
“ ဖွင့်ကြည့် ရမဲ့ အချိန် ကျရင် ... အလိုလို မင်း သိလာပါ လိမ့်မယ်။ ”
လင်းယွန်က အိတ်ကို သေချာ သိမ်းဆည်း လိုက်ပြီး၊ နှုတ်ဆက်ကာ သူတော်စင် တောင်မှ ဆင်းသက် လာ ခဲ့သည်။
အနောက်ဘက် တောင်တန်း ကြီး၌ သူ့ မိတ်ဆွေ မှော်ကျား ရှိသည်။ ၎င်းကို မေးမြန်း ပါက သိနိုင်၏။
ထိုသို့ မသွားခင် တိမ်ပျံ တောင်ထိပ်၌ သူ့အား စောင့်စိုင်း နေသော မူရွယ်ချင်အား တွေ့လိုက် ရသည်။
“ အစ်မ မူ ... ၊ ဘာလုပ် နေတာလဲ။ ”
“ ငါ မင်းကို စောင့်နေတာ ... ၊ လိပ်နက် သွေးက ရှာရခက် ပေမဲ့၊ လိပ်နက် မျိုးဆက်သွေး ရှိနေတဲ့၊ နတ်ဆိုး သားရဲတွေ သတင်း ရ လာတယ်။ ”
“ ဟုတ်လား ... ဘယ်မှာလဲ ... ။ ”
“ ဒီမှာ မြေပုံနဲ့ ... ၊ အမှတ် အသား ပြုပေး ထားတယ်။ ”
မူရွယ်ချင်းမှ မြေပုံ တစ်ရွက်ကို ထုတ်ပြီး လင်းယွန်ထံ ကမ်းပေးသည်။ မြေပုံ၌ အနီစက် (၁၀) စက် ရှိကာ၊ ၎င်းတို့၏ အသေးစိတ် အချက် အလက်များ ပါရှိ၏။
အမှတ် (၁)။ ။ နတ်လိပ်တောင် ... တော်ဝင် နတ်လိပ်၊ ဘဝ အဆင့် လောက နိယာမ နယ်ပယ် သားရဲ။
အမှတ် (၂)။ ။ မိစ္ဆာမြွေ သစ်တော ... ရွှေသွေး မြွေပျံ၊ အထွတ် အထိပ် မရဏ အဆင့်၊ လောက နိယာမ နယ်ပယ် သားရဲ။
မြေပုံ ပေါ်ရှိ အချက် အလက် အချို့ကို ဖတ်ကြည့်ပြီး၊ ရွှင်မြူး သွားလေသည်။ ယင်းက အတော်ပင် အသေးစိတ် ကျချေ၏။
သို့သော် ၎င်းတို့မှာ၊ လောက နိယာမ နယ်ပယ် သားရဲများ ဖြစ်ပြီး၊ သူတော်စင် အဆင့် သားရဲပင် ရှိနေ သေးသည်။
ထို့ကြောင့် အနည်းငယ် ထုံကျင် လာ၏။
“ ကြည့်ရတာ ငါ ... ၊ အရမ်း မျှော်လင့်မိ နေသလိုပဲ။ ”
မြေပုံအား ပြန်ပေးလျက်၊ အစ်ကို မုချွမ် တစ်ယောက် အဘယ်ကြောင့်၊ စွန့်လွှတ် လိုက် သည်အား၊ နားလည် လာမိသည်။
“ ခစ် ခစ် ခစ် ... ။ ”
မူရွယ်ချင်းမှ ရယ်၏။
“ အစ်မ မူ ... ၊ ဘာရယ် တာလဲ။ ”
လင်းယွန်က ခေါင်းကုတ်လျက် မေး လိုက်မိသည်။
“ ငါ မင်းကို ... နောက်ပြောင် နေတာပါ၊ မင်းမှာ သူတို့နဲ့ ရင်ဆိုင်ဖို့ ခွန်အား မရှိဖူး ဆိုတာ ငါ သိသားပဲ၊ တောင်ထိပ် သခင် တွေတောင် အခွင့် အလမ်း အနည်းငယ်ပဲ ရှိတယ်။ ”
မူရွယ်ချင်းက အပြုံးကို ရပ်လိုက်ပြီး၊
“ အခြား သတင်း တစ်ပုဒ် ရှိပါတယ်၊ အနောက်ဘက် တောင်တန်း ကြီးရဲ့ ... ၊ စိမ့် ရေကန် ထဲမှာ၊ ...
... တော်ဝင် နတ်လိပ်ငယ် တစ်ကောင် ရှိတယ်၊ သူ့ ခွန်အားက ပထမ သွေးလွှတ်ကြော နယ်ပယ်ပဲ။ ”
-ဟု အလေး အနက် ပြောလာသည်။
“ မဆိုးဘူး ... ၊ ဒီကောင်ဆို ကိုင်တွယ် ရတာ လွယ်လိမ့်မယ်။ ”
“ ဒါပေမယ့် မင်း ... ပေါ့ဆလို့ မဖြစ်ဘူး၊ သူက လိပ်နက် သွေးကို အပြည့်အဝ ပိုင်ဆိုင် ထားတဲ့၊ နတ်လိပ် တစ်ကောင်ပဲ၊ သူတို့က နဂါးသွေး လွှတ်ကြော ...
... ရောက်သွားရင်၊ ရင်ဆိုင်ရ ခက်လာတယ်၊ အိုး ... မေ့တော့ မလို့၊ ဒီကို လာရတဲ့ ကိစ္စ တစ်ခု လည်း၊ ရှိ သေးတယ်။ ”
“ ဘာများလဲ ... ။ ”
“ အနောက်ဘက် ... တောင်တန်း ပေါ်မှာ၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူတွေ ... ၊ ရောက်နေ ကြတယ်။ ”
“ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တွေလား၊ အနောက်ဘက် တောင်တန်းက ကျယ်ပြောတဲ့ အတွက်၊ သူတို့ လာကြတာ မဆန်း ပါဘူး။ ”
လင်းယွန်မှ မထူးခြား ဟန်ဖြင့် ပြန်ပြော လိုက်သည်။
“ ဒီတစ်ခါတော့ မတူဘူး၊ သူတို့ လေးယောက်က တန်ခိုးကြီး ဂိုဏ်း တွေရဲ့ တပည့်ဟောင်း တွေပဲ၊ အထူး သဖြင့် ခေါင်းဆောင် ကျန်းတောင်၊ ...
... သူက ကောင်းကင်ယံ ဂိုဏ်းရဲ့ ... ၊ အတွင်း တပည့်တွေ ထဲမှာ၊ အဆင့် သတ်မှတ် ချက်ထဲ ဝင်တယ်၊ ဒါပေမယ့် စည်းမျဉ်း တွေကို ဖောက်ဖျက်လို့၊ ဂိုဏ်းက နှင်ထုတ် ထားတာ။ ”
ထိုစကားကို ကြားသော အခါ၊ လေးလေး နက်နက် တွေးတော မိသွားသည်။ ဂိုဏ်းတိုင်း၌ ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြပြီး၊ ဖောက်ဖျက် သူများကို နှင်ထုတ်ကြ သည်မှာ၊ သာမာန် ဖြစ်၏။
သို့သော် အတွင်း အဆင့်မှ တစ်စုံ တစ်ယောက်ကို နှင်ထုတ် ခြင်းသည် ပြစ်မှု ကြီး မည်ဟု၊ အဓိပ္ပါယ် ရသည်။
“ ငါ့ အထင် သူတို့လည်း၊ နတ်လိပ်ကို ရှာနေတာလို့ သံသယ ဝင်မိတယ်၊ အတိ အကျ တော့ မပြော နိုင်ဘူး၊ မင်း သတိ ထားပါ။ ”
အနည်းငယ် သတိပေး စကား ထပ်ဆို ပြီးနောက်၊ မူရွယ်ချင်းမှ နှုတ်ဆက် ထွက်ခွာ သွား လေသည်။
အနောက်ဘက် တောင်တန်း ကြီး၌ လိပ်နက်သွေး ပါသော နတ်လိပ် တစ်ကောင် ရှိနေ သည်မှာ ကံကောင်း သည်။
နတ်သားရဲ၏ အသွေး အသားကို ဆက်ခံ ထားသော နတ်ဆိုး သားရဲ များသည် သဘာဝ အတိုင်း၊ သန့်စင်သော နတ်သားရဲနှင့် မယှဉ် နိုင်ချေ။
သို့သော် အသုံးဝင် သေးသည်။ မထွက်ခွာခင် ပြင်ဆင်မှု များကို၊ နှစ်ရက်ကြာ ပြုလုပ် ခဲ့သည်။
ဤတောင် တန်းသို့ အကြိမ် များစွာ ရောက်ဖူး သဖြင့်၊ နတ်မိစ္ဆာ မှော်ကျား ရှိရာ အရပ်သို့၊ ခဏချင်း ရောက်ရှိ လာသည်။
“ ဒီမှာ တစ်ခုခု ဖြစ်ခဲ့ တာလား။ ”
ဓားကို လွှတ်ထား သော်မှ၊ နတ်မိစ္ဆာ မှော်ကျား၏ ရောင်ဝါကို ဖမ်းမိခြင်း မရှိချေ။ ၎င်းသည် ဘုရင် အဆင့် သားရဲ ဖြစ်သဖြင့်၊ သူ၏ ဘုရင် အရိုးမှာ၊ လူများစွာ အပေါ်၊ သဘာဝ အတိုင်း ဆွဲဆောင်မှု ရှိသည်။
နဂါး လေးက လင်းယွန် ပခုံး ပေါ်မှ ထရပ်လာပြီး၊ လေကို ရှူရှိုက်လျက်၊ လက်ဖြင့် ဦးတည်ရာ တစ်ရပ်ထံ ညွှန်ပြသည်။
“ ကောင်းပြီ ... ၊ သွား ကြည့်ကြ ရအောင်။ ”
တစ်နာရီခန့် ခရီးနှင် လာ ပြီးနောက် သစ်ကိုင်း တစ်ကိုင်း ပေါ်တွင် ရပ်ကာ၊ အဝေးမှ တိုက်ပွဲထံ လှမ်းကြည့် မိ၏။
လူ နှစ်ယောက်နှင့် ကျား လူသား တစ်ကောင်၊ တိုက်ခိုက် နေကြသည်။ ကျားက သူတော်စင် ဓားကို ကိုင်ဆောင် ထား၏။
သာမာန် ပြိုင်ဘက်သာ ဆိုက၊ ကျားမှ အနိုင်ယူပြီး ဖြစ်ပေမည်။ ယခုမူ ပြိုင်ဘက်သည် တတိယ သွေး လွှတ်ကြော၊ နှောင်းပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်နေသည်။
၎င်း၏ သွေးသား စွမ်းအင် များသည်၊ နတ်မိစ္ဆာ မှော်ကျားထက်၊ များစွာ သာလွန်ပြီး၊ ရှေးဟောင်း သားရဲ တစ်ကောင်နှင့် တူ၏။
သူ့ဘေးမှ လူမှာ၊ စိတ်အေး လက်အေးနှင့် ရပ်ကြည့် နေသည်။ တိုက်ပွဲဝင် နေသော လူက ကျောမှ ဓားကိုပင်၊ ထုတ်ယူခြင်း မရှိချေ။
လင်းယွန် ကြည့်နေစဉ် မှာပင်၊ ဓားရောင်ခြည် တစ်စင်းက မှော်ကျားအား တွန်းထုတ် ပစ်လိုက်သည်။
“ ဖပ် ... ။ ”
ထို့ကြောင့် နတ်မိစ္ဆာ မှော်ကျားမှာ၊ မြေပြင်ပေါ် လဲကျ သွားပြီး၊ ကျယ်လောင်စွာ အော်ဟစ် တော့၏။ ထို့ကြောင့် လင်းယွန်က သစ်ကိုင်း ပေါ်မှ ခုန်ဆင်း လိုက်သည်။
ဆက်ကြည့် နေပါက ထိုကျား သေပေ လိမ့်မည်။ လင်းယွန်အား မြင်သည်နှင့် ကျား လူသားက ဝမ်းသာ သွား၏။
“ သခင် လင်း၊ ငါ့ကို ကယ်ပါဦး ... ။ ”
“ ညီအစ်ကို ... ၊ မင်း ငါ့ကို မျက်နှာသာ ပေးတဲ့ အနေနဲ့ ... ၊ ဒီနတ်မိစ္ဆာ မှော်ကျားရဲ့ အသက်ကို ချမ်းသာ ပေးနိုင် မလား။ ”
လင်းယွန်က နတ်မိစ္ဆာ မှော်ကျားကို လှည့်မကြည့်ဘဲ၊ အနက်ဝတ် ဓားသမားအား ကြည့်ကာ ပြောလိုက်သည်။
“ အိုး ... ၊ စိတ်ဝင်စား စရာ ကောင်း လိုက်တာ၊ ငါက မင်းကို ဘာလို့ မျက်နှာသာ ပေးရ မှာလဲ ... ။ ”
အနက်ဝတ် လူမှာ လူသားနှင့် နတ်ဆိုး သားရဲကြား ခင်မင် ရင်းနှီးမှုကို တစ်ခါမျှ မတွေ့ ဖူး သောကြောင့်၊ ကျားဘုရင် အရိုးကို လုယူရန် လာသည်ဟု ယူဆ မိသွား၏။
သို့သော် တစ်ဖက် လူသည်၊ ပထမ သွေးလွှတ်ကြော မျှနှင့်၊ သူ့ရှေ့တွင် လာရပ် ဝံ့ သည်မှာ၊ သနား စရာ ပေပင်။
“ ခွေး မရိုက်ခင်၊ ပိုင်ရှင်ကို ကြည့်ရတယ် မဟုတ်လား၊ ဒါက ခွေးမဟုတ် ပေမယ့်၊ ဒီစကား ပုံက အကြုံးဝင် ပါတယ်။ ”
လင်းယွန်မှ ပြန်ပြောသည်။
“ ဆိုလို တာက ... ၊ ဒီကျားရဲ့ ပိုင်ရှင်က မင်းပေါ့၊ ဟား ဟား ဟား ... ။ ”
အနက်ဝတ် ဓားသမားက ပြက်လုံး တစ်ပုဒ်ကို ကြားလိုက်ရ သကဲ့သို့၊ ရယ်မော တော့သည်။
“ ပိုင်ရှင်က ငါ မဟုတ်ဘူး ... သူ ။ ”
လင်းယွန်မှ ပြုံးလျက် ပခုံး ပေါ်ရှိ နဂါးလေးထံ မျက်စပစ် ပြလိုက် လေသည်။
“ ငါက ... သဘော ကောင်းမယ့် ... ၊ ငါ့ကြောင် ကတော့ သဘော မကောင်းဘူး။ ”
လင်းယွန် စကားကြောင့် အနက်ဝတ် ဓားသမားမှာ မျက်နှာ ပျက်ကာ၊ သူ့ အကြည့်က နဂါးလေးပေါ် ကျရောက် သွားပြီး၊ မယုံကြည် ဟန်ဖြင့်၊ လင်းယွန်အား ပြန်ကြည့် မိသည်။
***