ကံကြမ္မာ ... ။
Vol. 120 Ch. 1675
ခုနစ်ရက် အကြာတွင်၊ ငရဲ ပင်လယ် အစပ်သို့၊ ဝင်ရောက် လာခဲ့သည်။ ပင်လယ်သည် လျှို့ဝှက် ဆန်းကြယ် လှပြီး၊ ရှေးဦးခေတ် အငွေ့ အသက်ကို ပေးစွမ်း နိုင်သော မြူများ ဖုံးလွှမ်း နေ၏။
ငရဲ ပင်လယ် အထက်တွင်၊ ပျံဝဲသော ကြယ်နယ်မြေ ကြီး တစ်ခု၊ တစ်ချိန်က ရှိခဲ့ဖူး လေသည်။
၎င်းသည် ကာလ ကြာရှည်စွာ တိမ်များ ဖုံးလွှမ်းလျက်၊ မြင့်မြတ်မြေ အဖြစ် ရှင်သန်ကာ၊ ရှေးဟောင်း နယ်မြေ ကိုးခု ကိုပင်၊ ယှဉ်နိုင်သည် အထိ၊ ကြီးကြယ် ခမ်းနား ချေ၏။
လေထဲတွင် ပျံဝဲနေ သဖြင့်၊ ကောင်းကင် ကြယ်နယ်မြေ ဟုလည်း ခေါ်ဆို ကြလေသည်။ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲကြီး ဖြစ်ပွား ခဲ့ပြီးနောက်၊ ကြယ်နယ်မြေ ပဲ့ကြွေ သွားသည်။
ရေပြင်၌ သွေးချင်းချင်း ရဲလာ တော့၏။ ကြွေကျ လာသော အပိုင်း အစ များမှာ၊ ကျွန်း အဖြစ် ပြန်၍ ထွက်ပေါ် လာသည်။
ထိုမှ အစ ပြုကာ၊ ငရဲ ပင်လယ် အဖြစ် ပြောင်းလဲ ခေါ်တွင် လာကြသည်။ အမွေ အနှစ် များ မရှိတော့ သဖြင့်၊ အမျိုးမျိုးသော အင်အားစု များမှာ၊ တည်နေရာ ရွှေ့ပြောင်း သွားကုန် ကြသည်။
နှစ်တစ်သိန်း ကုန်လွန် ပြီးနောက် ငရဲ ပင်လယ်သည် လူသူ ဆိတ်သုဉ်း သွားသော ပင်လယ် သေကြီး ဖြစ်လာ ခဲ့၏။
ထို့ကြောင့် ဤ ငရဲ ပင်လယ်သည်၊ အရှေ့ဘက် ပျက်စီးခြင်း နယ်မြေ၏ ဗဟိုချက် ဖြစ်လာ ရ တော့သည်။
ယင်းသည် ဓားဂိုဏ်းမှ တပည့်များ အရိယာ ဓားသုတ္တန် အတွက်၊ ငရဲ စွမ်းအင် အရင်း အမြစ် များ၊ လာရောက် ရှာဖွေ ကြသည့် အရပ်လည်း ဖြစ်၏။
သို့သော် အထက်ပါ အချင်း အရာ များနှင့် ပတ်သတ်ပြီး လင်းယွန် မသိချေ။ ငရဲ ပင်လယ် အောက်တွင် ထူးဆန်းသော ရောင်ဝါ ရှိသည် ကိုသာ သူ သိ၏။
ထို့ကြောင့် မြစ်ပေါ်၌ အချိန် ကြာမြင့်စွာ ပျံသန်း ခြင်းဖြင့်၊ ၎င်းရောင်ဝါ၏ လွှမ်းမိုးမှုကို ခံရမည် ဖြစ်သည်။
မြစ်ပြင်နှင့် ယှဉ်သော်၊ ပင်လယ် ကြမ်းပြင် အောက်မှ လာသော ရောင်ဝါသည် ပို၍ နက်နဲ ချေ၏။
နဂါး မူလကို ဖြန့်ကျက်၍၊ ကမ်းစပ်၌ နေထိုင်သော် ထိခိုက် စေမည် မဟုတ်ချေ။ သို့သော် နဂါး မူလကို မသုံး နိုင်သည့် သူ့ အတွက်မူ၊ ဆန့်ကျင်ဘက် ဖြစ်၏။
ထို့ကြောင့် နီးစပ်ရာ တိမ်ပျံ ကျွန်းပေါ်သို့ အမြန် ဆင်းသက် လိုက် ရသည်။ ဤကျွန်းသည် ငရဲ ပင်လယ် အစပ် ဖြစ်သည်။
ကျွန်းအပေါ် ကာကွယ်ရန် အစီရင် မရှိ သကဲ့သို့၊ လှည့်ကင်းလည်း မရှိချေ။ ထို့ကြောင့် ကျွန်းပေါ်ရှိ မြို့ငယ်လေး ထံသို့၊ အတား အဆီး မရှိ၊ ဦးတည် လိုက်သည်။
ဤမြို့၌ ကောင်းကင် နှင်းကြာ ပန်းကို၊ ဝယ်ယူပြီး၊ နိဗ္ဗာန် ခန်းမ၏ အချက် အလက် အချို့အား၊ စုံစမ်းရ ပေမည်။
တွေးတောလျက် မြို့ထဲ လမ်းလျှောက် လာစဉ်၊ ရင်းနှီး နေသော အပြင် အဆင်ကြောင့် ဆိုင်းဘုတ်ကို မော့ကြည့် မိ၏။
“ ကောင်းကင်ဘုံ ကြယ်ခန်းမ။ ”
ကောင်းကင်ဘုံ ကြယ်ခန်းမ ဟူသည် အမြင်၌ အရောင်း အဝယ် လုပ်ငန်း မျှသာ ဖြစ် သော်လည်း၊ စစ်မှန်သော အင်အားသည် မိစ္ဆာဂိုဏ်း တစ်ဂိုဏ်း ဖြစ်၏။
သို့သော် ၎င်းတို့သည် သူတို့၏ ကြယ် ခန်းမကို ဤနေရာ၌ ပြောင်ပြောင် တင်းတင်း ဖွင့်လှစ် ထားချေပြီ။
ဆိုင် အတွင်း သူတော်စင် ရှေးဟောင်း ပစ္စည်းများ၊ ဆေးလုံးများ၊ လျှို့ဝှက် ရတနာများ နတ်ဆိုး သားရဲ များနှင့် ကျွန်များ ရောင်းချ ကြသည်။
“ သခင်လေး ... ဝယ် မလား၊ ရောင်း မလား။ ”
အစေခံ အမျိုးသမီး တစ်ဦးက သူ့ထံ လျှောက်လှမ်း လာလျက်မှ မေးသည်။ ၎င်းသည် ပဉ္စမမြောက် သွေးလွှတ် ကြော၌ ဖြစ်၏။
ယင်းမှာ အစေခံ တစ်ဦးသာ ဆိုက၊ ဤမျှ မြင့်မားသော ကျင့်ကြံမှုမျိုး ရှိနေမည် မဟုတ် ချေ။ ဤဆိုင်၏ တာဝန်ခံ ဖြစ်ပုံ ရသည်။
“ သခင်လေး ... ငါ့ နာမည်က မိုလင်းအာပါ၊ ဒီခန်းမရဲ့ တာဝန်ခံပဲ။ ”
ဆိုင် တာဝန်ခံ မိုလင်းအာက ပြုံးကာ နှုတ်ဆက် လာသည်။
“ ကောင်းကင် နှင်းကြာပန်း လိုချင်တယ်၊ တစ်ပွင့်လုံး မဟုတ်တောင်၊ အရွက်နဲ့ အစေ့ပဲ ရရင် ဖြစ်တယ်။ ”
“ ကောင်းကင် နှင်းကြာ ပန်းလား။ ”
မိုလင်းအာက အံ့သြ သွားပြီး၊ သူမ အကြည့်များ ပြောင်း သွားသည်။ ကောင်းကင် နှင်းကြာပန်းသည်၊ ဒဏ်ရာ များကို ပြန်လည် ကောင်းမွန် လာစေရန်၊ အသုံး ပြုရသော သူတော်စင် အရင်းအမြစ် ဖြစ်၏။
ပွင့်ချပ် တစ်ချပ်သည် နတ်ကြယ် ပုလဲ ဆယ်သန်း အထိ တန်ကြေးရှိ၏။ သာမန်လူများ တတ်နိုင်သော အရာ မဟုတ်ချေ။
သူတော်စင် အများစု သည်သာ သူတို့၏ ဒဏ်ရာများ ပြန်လည် သက်သာ လာစေရန် အသုံး ပြုကြသည်။
အနိမ့်ဆုံး အထွတ် အထိပ် နိဗ္ဗာန် အဆင့် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ အသုံးများ ချေ၏။
ထို့ကြောင့် အဓိက ဖောက်သည်များ အတွက်သာ သီးသန့် ဆောင်ထား ပေးခြင်း ဖြစ်လေသည်။
ဤလူစိမ်းမှာ အသက် ငယ်ပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သာ ရှိ၏။ ထို့ကြောင့် ဤ ရတနာကို အသုံးပြု ခြင်းသည် ဖြုန်းတီး ခြင်း မည်ပေသည်။
အစွမ်း ထက်သော သွေးသား စွမ်းအင် မပိုင်ဆိုင်ဘဲ၊ ကောင်းကင် နှင်းကြာ ပန်း၏ ဆေးဖက်ဝင် စွမ်းအားကို မည်သူမျှ နှိမ်နှင်း နိုင်မည် မဟုတ်ပေ။
“ ကောင်းကင်ဘုံ ကြယ်ခန်းမက၊ ကျော်ကြား လှတဲ့ ခန်းမ တစ်ခုပဲ၊ နတ်နဂါး အင်ပါယာ မှာတောင်၊ ဌါနခွဲ တွေကို ဖွင့်ထား နိုင်တယ်၊ သခင်လေး တတ်နိုင်ရင်၊ ကြာပန်း တစ်ပွင့် လုံးတောင် ရောင်းပေး နိုင်တယ်၊ ဒါပေမယ့် ... ။ ”
မိုလင်းအာက ပြုံးပြီး စကားဖြတ် လိုက်သည်။ လူစိမ်းသည် ထူးခြား နေသဖြင့် ချက်ချင်း မငြင်းဆန် ဝံ့ချေ။
“ ဒါပေမယ့် ဘာဖြစ်လဲ ... ၊ ငါ တတ်နိုင် ပါတယ်။ ”
လင်းယွန်က ငေွကြေး အတွက် အာမခံ လိုက်သည်။ လူများစွာ သတ်ခဲ့သဖြင့် သိုလှောင် အိတ်များနှင့် သူတော်စင် အသီးအနှံများ ရရှိ ထားသည်။
၎င်းအပြင် သူတော်စင် ရှေးဟောင်း ပစ္စည်းများ၊ သူတော်စင် ဆေးလုံး များနှင့် နတ်ကြယ်ပုလဲ များစွာလည်း ရှိ၏။
“ စိတ်လျော့ပါ သခင်လေး ... ၊ ငါ့ အထက်က အကြီး အကဲကို မေးပါ ရစေဦး။ ”
တတိယ ထပ်သို့ ခေါ်ဆောင်ပြီး၊ အစေခံ နှစ်ဦးအား သူ့အတွက် လက်ဖက်ရည် ဝိုင်း ပြင်စေသည်။
လက်ဖက်ရည် အတွင်း မွှေးကြိုင်သော ရနံ့များ ထုံမွှန်း နေ၏။ အစေခံ နှစ်ယောက်က ကြယ်ခန်းမတွင် မှတ်တမ်းတင် ထားသော ကုန် ပစ္စည်းများ အရောင်း စာရင်းကို၊ ဖတ်ပြ လာသည်။
ကောင်းကင် နှင်းကြာပန်း အတွက်သာ လာခြင်း ဖြစ်သဖြင့်၊ လင်းယွန်မှ သိပ် စိတ်မဝင် စားချေ။ မိုအင်းလာက အခန်းထဲမှ ထွက်သွားပြီ ဖြစ်သည်။
ရှေးဟောင်း အဆောက် အဦး အတွင်း တစ်နေရာ၌၊ အန်းလျူယွင်က စာအုပ် တစ်အုပ် ကို အဓိပ္ပါယ်မဲ့ လှန်ကြည့် နေ၏။
ကျားဖြူ အရေခွံဖြင့် အလှဆင် ထားသော ကုလားထိုင် တစ်လုံး ပေါ်တွင် လှဲလျောင်းလျက် အမျိုးသား တစ်ဦး အသွင် ယူထားသည်။
သို့သော် အလုံးစုံ ပြောင်းလဲ သွားခြင်း မဟုတ်ချေ။ မိုလင်းအာ ဝင်လာသော အခါ ထရပ် လိုက်ပြီး၊
“ အစ်မ လင်းအာ ဘာထူးလဲ။ ”
-ဟု မေးမိ၏။
“ မိန်းကလေး ... ၊ မင်း ဘာတွေများ မျှော်လင့် နေတာလဲ၊ ခွန်လွန်ဘုံ တစ်ခု လုံးက အမဲလိုက် တော့မှာမို့၊ ငါသာ ဆိုရင် ဇာတ်မြှပ် နေမှာ သေချာ ပါတယ်။ ”
အန်းလျူယွင် တစ်ယောက် မျှော်လင့် နေသော လူကို မိုလင်းအာ သိသဖြင့် သက်ပြင်း ချပြီး ပြန်ပြော လိုက်သည်။
“ လူတိုင်းက ... သူသေ သွားပြီလို့ ... ၊ ပြောကြ ပေမယ့် ... ၊ လျူယွင် လက် မလျှော့ချင် သေးဘူး။ ”
အန်းလျူယွင်မှ ပြော၏။ မိုလင်းအာသည် သူမ၏ လက်ထောက် တစ်ယောက် ဖြစ်သဖြင့်၊ အရာ အားလုံး ပွင့်ပွင့်လင်းလင်း ဆက်ဆံ၍ ရချေသည်။
“ အဲဒီ လိုလည်း ... မဟုတ် ပါဘူး၊ သခင်လေး ကံကောင်း မှာပါ၊ အရေး ကြီးတာက မင်း ဒီကို လာတာ ... တာဝန် အရ ဆိုတာ မမေ့နဲ့၊ ...
... မအောင်မြင်ရင် နတ်မိစ္ဆာ တံခါးဝရဲ့ သန့်ရှင်းသော သမီးတော် ရာထူးကို ဆုံးရှုံးရ လိမ့်မယ်။ ”
မိုလင်းအာက ပြုံးပြီး သတိပေး လာသည်။ သို့သော် အန်းလျူယွင်မှ စိတ် ဝင်စားပုံ မပြချေ။
သူမ အမြင်၌ လင်းယွန်သာ သေဆုံး သွားသော်၊ သန့်ရှင်းသော သမီးတော် ရာထူး သည်ပင်၊ အသုံး ဝင်မည် မဟုတ်ဟု ခံစား မိသည်။
“ ဒါနဲ့ ဘာလာ လုပ်တာလဲ။ ”
ရုတ်တရက် သတိရ သွားသည်။
“ တစ်စုံ တစ်ယောက်က ... ၊ ကောင်းကင် နှင်းကြာပန်း လာဝယ် နေတယ်၊ သူက အသက် ငယ် ပုံရတယ်၊ ပြီးတော့ မျက်နှာဖုံး တပ်ထား တယ်။ ”
“ ပြဿနာ ရှာချင် နေတာလား။ ”
အန်းလျူယွင် တစ်ယောက် မျက်မှောင် ကြုတ်မိ၏။ နဂါးဖြူ အရိုးနှင့် နဂါးပြာ နန်းတော် တွင်၊ အမျိုး မျိုးသော အခွင့် အရေး များကို၊ ရရှိ ပြီးနောက် သူမ ခွန်အားမှာ ပြောင်းလဲ လာသည်။
“ အဲဒီ လိုတော့ မဟုတ်ဘူး။ ”
မိုလင်းအာက မသေချာ မရေ ရာသော အသွင်ဖြင့် ပြောသည်။
“ ကောင်းကင် နှင်းကြာ ပန်းကို၊ ဘယ်လို လူမျိုးက ကိုယ်တိုင် လာပြီး ဝယ်မှာလဲ၊ သူသာ အထက် တန်းစား တစ်ယောက် ဆိုရင်၊ သူ့ မိသားစုက ကြိုတင် အကြောင်း ကြားပေး မှာပေါ့။ ”
“ ဒါဆို ... သူက သွေးလ ဂိုဏ်းကလား။ ”
မိုလင်းအာမှ မေး၏။
“ ဘယ်လို ထင်လဲ ... ၊ ဒါက တိုက်ဆိုင် လွန်းတယ် မဟုတ်လား၊ သွေးလ ဂိုဏ်းက နတ် မိစ္ဆာ တံခါးရဲ့ ရန်သူပဲ၊ ဒါကြောင့် သူတို့ လျူယွင် ဒီမှာရှိနေတာ သိလို့ ဖြစ်မှာပေါ့၊ ဒါပေမယ့် ...
... ကောင်းကင်ဘုံ ကြယ်ခန်းမကို လာဝံ့တယ် ဆိုထဲက၊ သူတော်စင် တစ်ပါးရဲ့ ကျွန်ပဲ ဖြစ်ရမယ်။ ”
အန်းလျူယွင်မှ အေးစက်စွာ ပြောသည်။
“ ဒါဆို အခု ဖမ်းခိုင်း လိုက်မယ်။ ”
“ မလို ဘူး၊ လာပါစေ၊ သူနဲ့ ငါတွေ့မယ်။ ”
“ ကောင်းပြီ ... ။ ”
မိုလင်းအာမှ ခေါင်းညိတ်လျက်၊ လင်းယွန်အား ခေါ်ရန် ထွက်ခွာ လာခဲ့သည်။ များမကြာခင် လင်းယွန်က မိုလင်းအာ နောက်မှ ရေကန်ကို ပတ်ကာ၊ လိုက်ပါ လာ၏။
ရေကန် အတွင်း၌ သူတော်စင် နဂါး သေွးရည်ကြည် အိုးကြီး တစ်အိုးကို မြင်လိုက် ရသည်။
လမ်း အဆုံးတွင် နန်းတော် တစ်ခု ရှိ၏။ နန်းတော် အတွင်း ကုလားကာဖြင့် ကွယ်ထား သော၊ ခန်းမ တစ်ဆောင် ရှိသည်။
ကုလားကာ နောက်တွင် ပုံရိပ် တစ်ရိပ် ရှိနေပြီး၊ အနား၌ အိမ်အကူ များစွာမှ စောင့်ကြပ် နေ၏။
“ ငါတို့ရဲ့ အကြီး အကဲပဲ ... ။ ”
မိုလင်းအာက ပြုံးကာ အသိ ပေးပြီး၊ စားပွဲခုံတွင် ဝင်ထိုင် စေသည်။ လင်းယွန်က ခုံ တစ်လုံး ယူထိုင်ကာ၊ နတ်နဂါး မျက်လုံးကို အသက် သွင်း လိုက်၏။
ကုလားကာအား ဖြတ်ကြည့် မိသော အခါတွင်၊ အန်းလျူယွင်ကို မြင်လိုက် ရသဖြင့်၊ ထိတ်လန့် သွားစဉ် အန်းလျူယွင်မှ ခေါင်းမော့ လာ သဖြင့်၊ အကြည့်ကို အမြန် ရုတ်လိုက် ရသည်။
***