← Chapters

ပန်းချီကားထဲက အမျိုးသမီး

Vol. 64 Ch. 844

ပန်းချီကားထဲက အမျိုးသမီး

Vol. 64 Ch. 844

ချီရှားယွီက ချင်မူ့ကို အမဲဖြတ်တော့မလို စိုက်ကြည့်နေ၍ ချင်မူမှာ အနေရခက်စွာ ပြုံးနေရသည်။ သူ့ဘေးရှိ မိန်းကလေးများသည် မက်မွန်သီးများကို ပါးစပ်ထဲ အတင်းခွံ့‌ကျွေးနေ၍ သူ့မှာ ဆက်သာ စားနေရ၏။

ချီရှားယွီမှာ သနားစဖွယ် သူ့အဖြစ်ကို ကြည့်ပြီး ဒေါသထွက်ရမည်လား၊ ရယ်ရမည်မလား မသိတော့ပေ။ သူမက မျက်နှာထား ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ဆက်စားမနေနဲ့တော့... သူတို့က တောင်နတ်မင်းကျူချွဲ ငါ့ဆရာမဆီ လက်ဆောင်ပေးထားတဲ့ အစိမ်းရောင်စာကလေးတွေ ... အစိမ်းရောင်စာကလေးတွေက ဧည့်ခံပြုစုပေးရတာကို သိပ်သဘောကျကြတယ်... အဲဒါကြောင့်လည်း စိတ်ရှုပ်စရာကောင်းနေတာ... သူတို့က မိခင်ငှက်မကြီးကနေ ငှက်ပေါက်စလေးတွေကို ခွံ့ကျွေးသလို သူတို့ပါးစပ်ထဲ အစာတွေ ထည့်ပြီး နင့်ဆီ ကျွေးကြလိမ့်မယ်... ပြီးတော့ မကျွေးရ မနေနိုင်ကြဘူး... နင် ဗိုက်အင့်ပြီး မသေအောင် သတိထား”

ချင်မူ သဘောပေါက်သွား၏။ ဤမိန်းကလေးများ သူ့ကို ခွံကျွေးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။

“မမကြီးချီရော နှုတ်ခမ်းချင်းတေ့ပြီး ခွံ့ကျွေးခံရဖူးလားဟင်” ချင်မူက ဤမိန်းကလေးများ ချီရှားယွီကို ခွံ့ကျွေးနေသည့် မြင်ကွင်းအား မြင်ယောင်ကြည့်ရင်း မျက်နှာအမူအရာ ထူးဆန်းနေသည်။

ချီရှားယွီ၏မျက်နှာ နီရဲသွား၏။ “ငယ်ငယ်တုန်းကတော့ ငါ့ကို ခွံ့ကျွေးဖူးကြတယ်... နင် ဘာလို့ ဆက်စားနေသေးတာလဲ မထတော့ဘူးလား”

ယန်အာဆိုသည့် မိန်းကလေးက တခစ်ခစ် ရယ်သည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ နင့်ကိုလည်း နှုတ်ခမ်းချင်းတေ့ပြီး ခွံ့ကျွေးနိုင်တယ်နော်... လက်ဖက်ရည်တောင် ခွံ့တိုက်ပေးနိုင်တယ်”

ချင်မူ တုန်လှုပ်သွားသည်။ ထိုမြင်ကွင်းမှာ အတော်လေး ရင်ဖိုစရာကောင်းလွန်း၍ တွေးကြည့်လိုက်ရုံနှင့် သူ့တစ်ကိုယ်လုံး ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်း ဖြစ်လာတော့သည်။

သူသည် ယခင်တုန်းကလို နားကန်းတစ်လုံးမျှ မသိသော လူရိုးလေး မဟုတ်တော့ပေ။ ‘နန်းစိုက်မြို့တော်၏ ဒဏ္ဍာရီအချစ်ဇာတ်လမ်း’ ကို မြင်ပြီးကတည်းက ‘ထိုထိုသော အရာ’များကို သိခဲ့ရ၍ ခေါင်းထဲ၌ ပေါ်လာသည့် ညစ်ညစ်ညမ်းညမ်း အတွေးများကြောင့် နေမထိ ထိုင်မသာ ဖြစ်လာမိ၏။

‘လူရိုး’လေးမှာ ကပျာကယာ ထရပ်ကာ ပြောသည်။ “ကျွန်တော် မသောက်တော့ဘူး... စားလည်း မစားတော့ဘူး... မမကြီးတို့၊ ကျွန်တော်တို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်... မမကြီးချီ...”

“ငါ့ကို မမကြီးလို့ မခေါ်စမ်းနဲ့ ရင်းနှီးတာလည်း မဟုတ်ပဲနဲ့”

ချီရှားယွီ၏ မျက်နှာက မည်းမှောင်သွားပြီး အင်္ကျီလက်အိုးကို ခါကာ နောက်လှည့်သွား၏။ သူမ၏ သက်တံ့ရောင်အဝတ်စများသည် ဇာမဏီငှက်တစ်ကောင်၏ ကြော့ရှင်းသော အမွှေးအတောင်များသဖွယ် ချင်မူ့မြင်ကွင်းအား ပိတ်ကွယ်သွားလေသည်။ သူမက နန်းဆောင်ထဲသို့ ပြန်လျှောက်သွားကာ သရော်တော်တော် ပြောသည်။ “ဆရာမ၊ ဒီနှာဘူးကို ဘာလို့ ဒီခေါ်လိုက်တာလဲ.. ဆရာမရဲ့ မက်မွန်တောအုပ်က သိပ်ရှုပ်လွန်းလို့ ဆရာမရဲ့ ဗျပ်စောင်းသံစဉ်မပါရင် ကျွန်မတောင် ဘယ်တော့မှ ဝင်လာနိုင်မှာမဟုတ်ဘူး... ဆရာမ သူ့ကို တမင်တကာ ဝင်ခွင့်ပေးခဲ့တာ သိသာတယ်”

ချင်မူက ပါးစပ်မှ အရည်များကို သုတ်၍ သူမနောက်မှ လိုက်လာသည်။

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ပြောသည်။ “ငါ ဘယ်တုန်းက သူ့ကို ဝင်ခွင့်ခဲ့တယ် ပြောဖူးလို့လဲကွယ်... ကောင်းကင်နယ်စားမင်းက စပ်စုချင်လို့ ကြယ်တစ်လုံးနဲ့ သူ့ကို လမ်းပြပေးခဲ့တာ... ငါ ‌ကောင်းကင်နယ်စားမင်း‌ ချောင်းမကြည့်နိုင်အောင် ကြယ်ကို ဖျက်စီးပြီးပြီ”

ချီရှားယွီက ပြောလေသည်။ “ကောင်းကင်နယ်စားမင်း သူ့ကို ကာကွယ်မပေးနိုင်တာတောင် သူက အကြောက်အရွံ့ကို မရှိဘူး”

ယန်အာနှင့် မိန်းကလေးများက လက်ဖက်ရည်ခွက်နှင့် ဖျာကို သယ်လာကာ ချင်မူ့အား ထိုင်စေသည်။ ချင်မူက မတ်မတ်ရပ်နေပြီး သူတို့ကို အဖက်မလုပ်ပေ။ သူ့နှုတ်ခမ်းနားအထိ တေ့ပေးထားသော လက်ဖက်ရည်ခွက်ကိုလည်း လျစ်လျူရှုထားသည်။

ယန်အာက လက်ဖက်ရည်တစ်ကျိုက် သောက်ပြီး သူ့မျက်နှာအနား ကပ်လာကာ မျှော်လင့်တကြီး ကြည့်နေသည်။

‘မင်ရှင်းကိုယ်တော်က ငါ့ကို စိတ်နှလုံးကို ထိန်းချုပ်နိုင်အောင် ပညာပါရမီတာ ဟဒယသုတ္တန် ပေးခဲ့ဖူးပါတယ်... အခု အဲဒါ ဘယ်ရောက်သွားလဲ’

‘လူရိုး’လေးမှာ ရင်ခုန်သံများ ဆူညံနေကာ သူ့တာအိုနှလုံးသား စိန်ခေါ်ခံနေရသကဲ့သို့ ခံစားနေရသည်။ သူ့စိတ်ထဲတွင် နီနီစွေးစွေး နှုတ်ခမ်းဖူးဖူးလေးများသာ ပြည့်နှက်သည့်အတွက် သုတ္တန်ကို မည်ကဲ့သို့ စဉ်းစားနိုင်ပါမည်နည်း။

ချင်မူ ချက်ချင်း အာရုံလွှဲကြည့်သည်။ ‘စောစောက ချီရှားယွီ ပြောလိုက်ပုံအရဆို ယန်အာနဲ့ ကျန်တဲ့သူတွေက တောင်နတ်မင်းကျူချွဲ ကန့်လန့်ကာအနောက်က အမျိုးသမီးဆီ လက်ဆောင်ပေးထားတဲ့ အစိမ်းရောင်စာကလေးတွေပေါ့... ဒါဖြင့် မမကြီးကျူချွဲနဲ့ ကန့်လန့်ကာအနောက်က အမျိုးသမီးရဲ့ ပတ်သက်မှုက တော်ရုံမဟုတ်လောက်ဘူး... မမကြီးကျူချွဲလို ဖြစ်တည်မှုမျိုးနဲ့ မိတ်ဆွေဖွဲ့နိုင်တယ်ဆိုတော့ သူကလည်း မမကြီးကျူချွဲအောက် သိပ်မနိမ့်ကျလောက်ဘူး.. ဒါဆို ဒီကန့်လန့်ကာအနောက်က အမျိုးသမီးက....”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ယန်အာနှင့် ကျန်မိန်းကလေးများကို နောက်ဆုတ်ခိုင်းပြီးနောက် တောင်းပန်လေသည်။ “ယန်အာတို့ကြောင့် သ‌ခင်‌လေးချင် စိတ်ကသိကအောက် ဖြစ်သွားရတယ်ထင်တယ်... ချွေးတောင် ပြန်နေပါ့လား”

ချင်မူမှာ အမှန်တကယ် ချွေးပြန်နေသည်။ သို့သော် ယန်အာတို့ နောက်ဆုတ်သွားသည့်အခါ ပုံမှန်ပြန်ဖြစ်သွားပြီး အနေရမခက်တော့ပေ။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဇာမဏီနတ်မင်းက မမကြီးရဲ့ တပည့်ဖြစ်နေမယ် မထင်ထားဘူးဗျာ... ဇာမဏီနတ်မင်းက ကျွန်တော့်ကို လိုက်သတ်ဖူးတယ်လေ... အခုလို ရန်ငြိုးကြေသွားပြီဆိုတော့ တကယ်ပဲ စိတ်သာရာရမိပါတယ်”

ချီရှားယွီ၏ နဖူးတွင် သွေးကြောတစ်ချောင်း ထောင်လာသည်။ “ဆရာမ၊ ကျွန်မ သူ့ကို လိုက်သတ်ခဲ့တာမဟုတ်ဘူး... သစ္စာဖောက်ကိုပဲ လိုက်ဖမ်းခဲ့တာ... ပြီးတော့ ဒီလူကလည်း သစ္စာဖောက်လို ယုံကြည်ကိုးစားမရဘူး... အမြဲ အပြောချိုချိုလေးနဲ့ အယုံသွင်းတတ်တယ်... သူ့ကို မယုံမိစေနဲ့... သူနဲ့ သစ္စာဖောက်က ဗြဟ္မဘုံရဲ့ ကောင်းကင်ဘုံအထပ်နှစ်ဆယ်မှာ သောင်းကျန်းခဲ့ကြတယ်... ဗြဟ္မဗုဒ္ဓက ကောင်းကင်နတ်ဘုံရဲ့ အင်အားတွေကို ရှင်းပစ်ဖို့ သူတို့ကို အသုံးချခဲ့တာ ဆိုပေမယ့် အခု ကောင်းကင်နတ်ဘုံက သစ္စာဖောက်ကို ဖမ်းဖို့ တခြားအဆင့်မြင့်သိုင်းပညာရှင်တွေ လွှတ်ပြီးနေပြီ”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ပြောသည်။ “သခင်လေးချင်၊ ရှားယွီမှာ မကောင်းတဲ့အကြံအစည် မရှိပါဘူး... သူ့ကို အပြစ်မတင်ပါနဲ့... သူ့ဘဝက အတော်လေး ကြမ်းတမ်းခဲ့ပါတယ်... ဇာမဏီမျိုးနွယ်မှာတုန်းက အမိကမ္ဘာမြေရဲ့ တန်ဖိုးထားတာ မခံခဲ့ရဘူး... အမိကမ္ဘာမြေရဲ့ သားတော် မြောက်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာတော့လည်း ရှားယွီကို ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခဲ့တယ်... အဲဒါကြောင့် ရှားယွီအနေနဲ့ ပုန်ကန်ပြီး တောင်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံဆီ ထွက်ပြေးဖို့အပြင် ရွေးချယ်စရာမရှိခဲ့တာပါ”

ချင်မူ့မျက်ဝန်းများ လင်းလက်သွား၏။ “တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံ ရှုံးသွားတော့လည်း ပြင်ပကောင်းကင်နတ်ဘုံဆီမှာ သူ အညံ့ခံခဲ့တယ်လေ”

ချီရှားယွီ၏ မျက်ခုံးများ ပင့်တက်သွားသော်လည်း သူမက စကားမပြောပေ။

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ရယ်လိုက်ပြီး ပြောသည်။ “ရှားယွီ ငယ်ငယ်တုန်းက တောင်နတ်မင်းကျူချွဲက ကျွန်မဆီမှာ ပညာသင်ဖို့ လွှတ်လိုက်တယ်.... သူက ကျွန်မတို့နှစ်ယောက်လုံးရဲ့ တပည့်ပဲ... အစတုန်းက ကျွန်မ အပြင်လောကနဲ့ မပတ်သက်ချင်ခဲ့ပေမယ့် ကျူချွဲကိုယ်တိုင် တောင်းဆိုခဲ့တော့လည်း ငြင်းလို့ မကောင်းခဲ့တာနဲ့ သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာပါ... သခင်လေးချင်၊ ရှားယွီကို သံသဝင်စရာမလိုပါဘူး... တကယ်တော့ သူ လုပ်ခဲ့တာတွေက ကျွန်မအကြံအစည်တွေပဲ များပါတယ်”

ချင်မူက ပြောလိုက်သည်။ “မမကြီးက ဒီမှာ ပုန်းနေပေမယ့် မမကြီးရဲ့ စိတ်ကတော့ ဒီမှာ မရှိဘူး... ဇာမဏီနတ်မင်းကနေတစ်ဆင့် အပြင်လောကကြီးကို ပြောင်းလဲချင်တဲ့ အတွေးတွေ ရှိနေတုန်းပဲ... ဒါပေမဲ့ ဇာမဏီနတ်မင်းက အမိကမ္ဘာမြေကနေ မြောက်ပိုင်းချုံဧကရာဇ်၊ မြောက်ပိုင်းချုံဧကရာဇ်ကနေ တောင်ပိုင်းချုံဧကရာဇ်၊ တောင်ပိုင်းချုံဧကရာဇ်ကနေ ပြင်ပကောင်းကင်နတ်ဘုံ၊ နောက်ဆုံး ခိုင်ဧကရာဇ်ခေတ်အထိ သစ္စာဖောက်ခဲ့တဲ့အပြင် သိကြားဗုဒ္ဓကိုပါ သစ္စာ‌ဖောက်ခဲ့တဲ့သူပါ... ဇာမဏီနတ်မင်းရဲ့ အရှေ့မှာ ပြောရတာတော့ မကောင်းပေမယ့် ကျွန်တော် သူ့ကို ရင်ထဲကနေ ရွံမိပါတယ်”

ချီရှားယွီက မှင်သေသေ တုံ့ပြန်၏။ “နင် ငါ့ကို ဘယ်လိုမြင်မြင်၊ လောကကြီး ငါ့ကို ဘယ်လိုမြင်မြင် ဂရုမစိုက်ဘူး... ဒါပေမဲ့ လီရုံလန်က ငါ့အချစ်ကို သစ္စာဖောက်ခဲ့တဲ့သူပဲ... သူက ငါ သူ့ကို သစ္စာဖောက်ခဲ့တယ် ပြောပေမယ့် အမှန်တရားကို လိမ်နေတာ... သူက ငါ့ကို သစ္စာဖောက်ရုံတင်မကဘူး... ခိုင်ဧကရာဇ်ကိုလည်း သစ္စာဖောက်ပြီး ဘုန်းကြီးဝတ်ခဲ့တယ်”

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

သိကြားဗုဒ္ဓနှင့်ပတ်သက်လျှင် သူ့အနေဖြင့် အကောင်းပြောပေးစရာ များများစားစား မရှိပေ။

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက အပြုံးတစ်ခုဖြင့် ပြောသည်။ “ရှားယွီက ဘယ်အရာကိုမဆို သံသယဝင်လွန်းအားကြီးပေမယ့် အရာရာတိုင်းမှာ အကြောင်းရင်းရှိတယ်... သူ့ဘက်က ကြည့်ကြည့်၊ လီရုံလန်ဘက်က ကြည့်ကြည့် နှစ်ယောက်စလုံး မမှားဘူး... သခင်လေးချင်၊ သူတို့အပေါ် ဒီလောက် ရက်စက်ဖို့ မလိုပါဘူး”

ချင်မူ သက်ပြင်းချလိုက်မိ၏။ “ကျွန်တော်က ‌စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်အတွက်ပဲ စိတ်မကောင်းဖြစ်မိတာပါ... သူတို့တွေ ပရမတ္တလှေထဲမှာ ပိတ်မိပြီး သေဆုံးသွားကြတာ သနားစရာကောင်းတယ်... ကလေးတစ်ယောက်ပဲ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တယ်မဟုတ်လား... အသက်ရှင်ကျန်ခဲ့တဲ့ ကလေးကလည်း အဆုံးသတ်မှာ ပန်းပဲဆရာအဘိုးကြီးတစ်ယောက် ဖြစ်လာပြီး သူ့နောက်ကြောင်းသူ ပြန်ဖော်မိမှာစိုးလို့ လျှာဖြတ်ခဲ့ရတယ်....”

ချင်မူမှာ “အာဘာ အာဘာ”ဟု ပြောရင်း စနောက်တတ်သော အဘိုးအိုကို ပြန်တွေးမိသည့်အခါ မျက်နှာညှိုးငယ်သွားပြီး မျက်ရည်ဝဲလာသည်။

ရွာတွင် ရွှေအသည် ဆင်းရဲဒုက္ခအခံခဲ့ရဆုံး ဖြစ်၏။ သူ့နောက်ကြောင်းနှင့် အတွေ့အကြုံများမှာ ကြေကွဲဖွယ်အ‌ကောင်းဆုံး ဖြစ်ခဲ့သော်လည်း ရွှေအကား တစ်ခါမှ မငိုခဲ့ဖူးပေ။ တစ်ဝက်သာ ရှိတော့သည့် သူ့လျှာ ပေါ်သည့်တိုင်အောင် အမြဲပြုံးနေတတ်သည်။

သူက အစသန်ပြီး ချင်မူ့အပေါ် အရမ်းဆိုးတတ်သော်လည်း အိုမင်းနေသော သူ၏အသွင်အပြင်အောက်တွင် စနောက်ချင်သည့် ကလေးဆန်ဆန်စိတ်ကလေး ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ ချင်မူ့ကို အမှန်တကယ် ဒုက္ခပေးလိုစိတ် မရှိပေ။

ဘိုးဘိုးရွှေအ၏ မျက်ဝန်းများက အမြဲ ရိုးသားဖြူစင်သည်။ အမျိုးများ၏ အလောင်းများ၊ အရိုးများကြားမှ အတားအဆီးအစီအရင်၏ အပြင်သို့ ထွက်လာနိုင်ခဲ့သော အားကိုးရာမဲ့ ကလေးအရွယ်သာ ရှိနေသေးသည့်အလား ထင်ရသည်။ ကလေးရွှေအမှာ မဟာမြို့ပျက်၏ အမှောင်ထုကို တစ်ယောက်တည်း ရင်ဆိုင်ရင်း တောအုပ်ထဲတွင် မျက်စိသူငယ် ၊ နားသူငယ်ဖြင့် ကျင်လည်ခဲ့ရသေး၏။

ချီရှားယွီ နှင့် သိကြားဗုဒ္ဓ မှားသည်ဟု မထင်သော်လည်း ရွှေအဘက်မှ ကြည့်လိုက်လျှင် သူတို့နှစ်ယောက်စလုံး လွန်လွန်း၏။ သူတို့နှစ်ယောက်၏ အမှားကြောင့် စက်မှုလက်မှုနတ်ဘုရားမျိုးနွယ် သေဆုံးခဲ့ကြရခြင်း မဟုတ်ပါလော။

ချင်မူ ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး ပြောလိုက်သည်။ “မမကြီးက ထွက်မလာချင်မှတော့ ကျွန်တော်လည်း ဒီနေရာမှာ ဆက်နေစရာ အကြောင်း မရှိတော့ပါဘူး... မမကြီးတို့ ဆရာတပည့်နှစ်ယောက်ရဲ့ ပြန်လည်ဆုံစည်းမှုကိုလည်း အနှောင့်အယှက်မပေးသင့်တော့ဘူး... တောထဲ လမ်းမှားပြီး ဝင်သွားမိတဲ့ ကျွန်တော့်ဘိုးဘိုးတစ်ယောက် ရှိပါတယ်... သူ့ခါးမှာ နဂါးနက်လှံတစ်လက် ပတ်ထားတတ်တယ်.... မမကြီး သူဘယ်မှာလဲ ပြောလို့ရမလား... ကျွန်တော် သူ့ကို ပြန်ခေါ်သွားပါ့မယ်”

“ကောင်းကင်မျက်လုံးနတ်ဘုရားရဲ့ အစွမ်းအစတွေက သူများနဲ့မတူဘူး”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက အပြုံးတစ်ခုဖြင့် ပြောသည်။ “သူက မက်မွန်တောအုပ်အပြင်က အတားအဆီးကို ချိုးဖျက်ပြီး မက်မွန်တောအုပ်အတွင်းထဲ ဝင်လာနိုင်ခဲ့တယ်... အဲဒါကြောင့် ကျွန်မလည်း မှော်စွမ်းအင်တချို့နဲ့ သူ့ကို ပိတ်လှောင်ထားဖို့ လုပ်ခဲ့ရပါတယ်... ဒါပေမဲ့ သူက သိပ်ဉာဏ်ကောင်းတယ်... ကျွန်မ ဗျပ်စောင်းသံစဉ်နဲ့ ချီရှားယွီကို လှမ်းခေါ်နေတဲ့အချိန်မှာ သူက သံစဉ်ကြားကနေ ဖြတ်လာပြီး ဒီကောင်းကင်ဘုံအတွင်းထဲ ရောက်နေပြီ... သခင်လေးချင် တစ်ယောက်တည်း သွားရှာရင် ရှာတွေ့မှာ မဟုတ်ဘူး.. ကျွန်မ ယန်အာကို ထည့်ပေးလိုက်ပါ့မယ်”

ချင်မူ ကျေးဇူးတင်စကားဆို၍ ထရပ်လိုက်သည်။ “မမကြီးက ဒီမှာ ဇာတ်မြုပ်နေပေမယ့် အပြင်မှာ ဒုက္ခပင်လယ် ဝေနေပါတယ်... မမကြီးမှာ ထွက်လာလို့မရတဲ့ အကြောင်းပြချက် တစ်ထောင့်တစ်ခု ရှိလောက်ပေမယ့် ကျွန်တော့်အတွက်တော့ အန္တရာယ်ထဲ တိုးဝင်ဖို့ အကြောင်းပြချက်တစ်ခုပဲ ရှိတယ်”

ကန့်လန့်ကာအနောက်ရှိ အမျိုးသီးက ခေါင်းလှည့်လိုက်၍ နားဆွဲလေးသည် ညင်ညင်သာသာ လှုပ်ခတ်သွား၏။

ချင်မူ ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော် လူသားတွေ စားစရာအသားငါးလို ဆက်ဆံခံနေရတာ သည်းမခံနိုင်ဘူး.... လူသားတွေ အရူးတွေလို ဆက်ဆံခံနေရတာ သည်းမခံနိုင်ဘူး... သူတို့ လူမသိသူမသိ သေကြရတာကိုလည်း သည်းမခံနိုင်ဘူး... ဗုဒ္ဓရဲ့ သစ္စာလေးပါးဆိုတာကလည်း အယောင်ပြသက်သက်ပဲ... တာအိုဂိုဏ်းကိုလည်း ဘာမှဝင်မကူပေးတဲ့အတွက် ကျွန်တော် ရွံတယ်... ကျွန်တော်ကတော့ ဒီခန္ဓာ၊ ဒီအသက်ကို ပေးဆပ်ရရင်တောင်မှ မတွန့်ဆုတ်ဘူး... ဒါက ကျွန်တော့်တာဝန်ပဲ”

သူက ဦးညွှတ်အရိုအသေပေး၍ ခါးပြန်မတ်ကာ အလေးအနက် ပြောလိုက်သည်။ “ဒီနေ့ မမကြီးရဲ့ ပုံစံအစစ်ကို မမြင်ခဲ့ရသလို၊ မမြင်ရပါတော့မလားလည်း မပြောတတ်ဘူး... မမကြီး ကျွန်တော့်အကြောင်း‌ သတိရတဲ့အချိန်မှာတော့ ကျွန်တော် တိုက်ပွဲကျပြီး သေကောင်းသေနေလောက်ပါပြီ... နှုတ်ဆက်ခဲ့ပါတယ်”

ချင်မူ နန်းဆောင်အပြင်သို့ လှည့်ထွက်လိုက်၏။

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ရုတ်တရက် ပြောသည်။ “ခဏ”

ချင်မူ ခြေလှမ်းများကို ရပ်လိုက်သည့်အခါ အမျိုးသမီးက ချီရှားယွီကို လှမ်းခေါ်၏။ ချီရှားယွီက ကန့်လန့်ကာအနောက်သို့ ဝင်သွားပြီး အမျိုးသမီးသည် သူမအား ညွှန်ကြားနေလေသည်။ ထို့နောက် ချီရှားယွီက ကန့်လန့်ကာအနောက်မှ ပြန်ထွက်လာပြီး ချင်မူ့ဆီ လာကာ ပန်းချီကားလိပ်တစ်လိပ် ကမ်းပေးသည်။

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက ပြောသည်။ “သခင်လေးချင်၊ ဒါကို လက်ခံပေးပါ... အရင်ဆုံး မဖွင့်နဲ့ဦး... မက်မွန်တောအုပ်အပြင်ရောက်မှ ကြည့်လိုက်ပါ”

ချင်မူ ဇဝေဇဝါဖြင့် စာလိပ်ကို လက်ခံလိုက်သည်။ သူက နန်းဆောင်အပြင်သို့ ထွက်သွား၏။

နန်းဆောင်အပြင်တွင် ယန်အာဆိုသည့် မိန်းကလေးက မီးအိမ်တစ်လုံးကိုင်လျက် သူ့အား စောင့်နေသည်။ သူမက တောက်ပစွာ ပြုံးပြပြီး ပြောလေသည်။ “သခင်လေး၊ နောက်က လိုက်ခဲ့ပါ”

ချင်မူ ပြန်ပြုံးပြလိုက်သည့်အချိန်တွင် ယန်အာသည် မည်သည့်နေရာကမှန်းမသိ စပျစ်သီးတစ်လုံး ထုတ်ကာ သူ့ကို ကျွေး၏။ ချင်မူမှာ ကပျာကယာ ခေါင်းခါလိုက်သည်။ “မမကြီးယန်အာ၊ ကျွန်တော် ဗိုက်တင်းနေပြီ... တကယ် တင်းနေတာ”

ယန်အာ မျက်နှာလေး ညှိုးသွားသည်။ သူမက မီးအိမ်ကို သယ်၍ စိတ်ပျက်လက်ပျက် လျှောက်နေသည်။

ချင်မူမှာ မကြည့်ရက်တော့သဖြင့် ပါးစပ်ဟပေးလိုက်သည်။ ယန်အာမှာ ပြန်လည်ပျော်ရွှင်သွားပြီး စပျစ်သီးကို သူ့ပါးစပ်ထဲ ထည့်ပေး၏။

စပျစ်သီးက ချိုသလို၊ နည်းနည်းလေး ချဉ်သည်။ သို့သော် နောက်တခဏတွင် မက်မွန်သီးတစ်လုံး ယန်အာ၏ လက်ထဲ၌ ပေါ်လာ၍ ချင်မူက မည်းမှောင်နေသော မျက်နှာဖြင့် တစ်ကိုက်ကိုက်လိုက်သည်။

နန်းဆောင်ထဲတွင် ညအလင်းပုလင်းများသည် လင်းထိန်နေ၏။ ဆရာတပည့်နှစ်ယောက် အတန်ကြာသည်အထိ စကားမပြောကြပေ။

ရုတ်တရက် ချီရှားယွီက မေးသည်။ “ဆရာမ သူနဲ့ ဘာလို့မတွေ့တာလဲ”

ကန့်လန့်ကာအနောက်ရှိ အမျိုးသမီးက တခဏ တိတ်ဆိတ်နေပြီး ခါးသီးစွာ ပြုံးလိုက်သည်။ “ငါက အခု ဒုက္ခိတဖြစ်နေပြီလေ.... သူ့ကို ဘာအတွက် တွေ့ရတော့မလဲ... သူ ငါ့ပန်းချီကို ယူသွားပြီဆိုတော့ ဒီနေ့ရဲ့ ဆုံတွေ့မှုကို နားလည်သွားမှာပါ... မက်မွန်တောအုပ်မှာ ဒီနေ့ ဆုံတွေ့ခဲ့ရတာဟာ မတော်တဆသက်သက်ပဲ... သူ့အနေနဲ့ သူ တည်ထောင်ခဲ့တဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ ဘယ်လိုအဖွဲ့ ဖြစ်လာခဲ့မှန်း တွေးမိမှာ မဟုတ်ဘူး.. ဟိုတုန်းက ကောင်းကင်မဟာမိတ်အဖွဲ့က ကောင်းကင်မဟာမိတ်အဖွဲ့ ဖြစ်နေသေးပေမယ့် လူတွေကတော့ ပြောင်းလဲသွားတာ ကြာခဲ့ပြီ...”

ချင်မူ ယန်အာနောက်မှ လိုက်ရင်း ပါးစပ်တင်းတင်း ပိတ်ထားသည်။ သူမ မည်မျှစိတ်မကောင်းဖြစ်နေပါစေ ခွံ့ကျွေးသည်ကို ထပ်မစားရန် သူ စိတ်ပိုင်းဖြတ်ထား၏။ ပါးစပ်သုံး၍ ခွံ့ကျွေးလျှင်ပင် ချင်မူသည် လျစ်လျူရှုကာ စိတ်တင်းထားလေသည်။

ယန်အာမှာ မတတ်နိုင်တော့သည့်အခါ စိတ်ကောက်သွားပြီး ဆောင့်ဆောင့်‌အောင့်အောင့် ထွက်သွားသည်။ သူ့ကို အဖက်မလုပ်တော့ပေ။

နောက်ဆုံးတော့ မက်မွန်တောအုပ်ထဲ၌ လျှောက်သွားနေသော မျက်ကန်းကို ချင်မူ တွေ့သွားသည်။ မျက်ကန်းက သူ ရောက်လာသည်ကို မြင်လျှင် အံ့အားသင့်သွားကာ မေးလေသည်။ ချင်မူက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ “ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုး ဒီမှာ ပိတ်မိနေတာ တစ်လရှိပြီ... မက်မွန်တောအုပ်ရဲ့ သခင်က ဘိုးဘိုးကို လက်ခံတွေ့မှာမဟုတ်ဘူး... ပြန်ကြစို့”

မျက်ကန်းက ပြောသည်။ “ငါ ထွက်လမ်း မတွေ့ဘူး”

“မပူနဲ့ ဘိုးဘိုး၊ ကျွန်မ သိတယ်”

ယန်အာက တောက်ပစွာ ပြုံးနေပြီး မျက်ဝန်းလေးများ တဖျတ်ဖျတ် လက်နေသည်။ သူမက နီရဲနေသော မက်မွန်သီးတစ်လုံး ထုတ်၍ မေးလေသည်။ “ဘိုးဘိုး၊ မက်မွန်သီးစားလား”

မျက်ကန်း ကျေးဇူးတင်လိုက်သော်လည်း မိန်းကလေးက သူ့ကို ခွံ့ကျွေးနေကြောင်း မြင်လိုက်ရသည်။ မျက်ကန်း အူကြောင်ကြောင် ဖြစ်သွားမိ၏။ ‘ဒီမိန်းကလေးက ဘာကြောင့် ဒီလောက် အလိုက်သိတတ်တာလဲ’

ချင်မူမှာ စိတ်သက်သာရာရသွားကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဘိုးဘိုးမျက်ကန်းတော့ သည်းခံနိုင်မှာပါ... ဘိုးဘိုးမျက်ကန်း ရှိနေသရွေ့ ငါတော့ သက်သာသွားပြီ’

ယန်အာ သူတို့ကို မက်မွန်တောအုပ်အပြင်သို့ ခေါ်လာသည့်အချိန်တွင် အပြင်ရှိ ကောင်းကင်ကား လင်းနေပြီဖြစ်၏။ မျက်ကန်းမှာ ဤမိန်းကလေး၏ အတင်းအကြပ် ခွံ့ကျွေးမှုများကြောင့် ဗိုက်တင်း၍ ဆက်မစားနိုင်တော့ပေ။ သို့သော် ယန်အာက အလွန်အလိုက်သိတတ်လွန်းသည်။ သူ မစားနိုင်တော့လျှင် ပါးစပ်ဖြင့် ခွံ့ကျွေးမည်လုပ်နေသဖြင့် မျက်ကန်းမှာ သူမဆီမှ သစ်သီးများ ဆွဲယူပြီးသာ မြိုချနေရ၏။ သူ့မှာ ဗိုက်အင့်နေသောကြောင့် နဖူးတွင် သွေးကြောများပင် ထောင်နေတော့သည်။

ချင်မူက တောအုပ်အပြင် ရောက်သည့်အခါ ပန်းချီကားကို အလျင်အမြန် ဖြေကြည့်လိုက်သည်။

အရှေ့အရပ်မှ လင်းထိန်နေသော နေရောင်ခြည်တို့သည် ပန်းချီကားအပေါ် ဖြာကျလာ၏။ ပန်းချီကားထဲတွင် လရောင်အောက်၌ ရပ်နေသော အမျိုးသမီးတစ်ယောက်၏ ပန်းချီ ဆွဲထားသည်။ သူမအသွင်မှာ တိတ်ဆိတ်အေးချမ်းနေသော်လည်း ပူဆွေးသောကများ သယ်ဆောင်ထားရသော ပုံစံရှိလေသည်။

ဤပန်းချီကို ချင်မူကိုယ်တိုင် ဆွဲထားခဲ့ခြင်း ဖြစ်သည်။

ချင်မူက ပန်းချီကားကို ပြန်လိပ်ပြီး ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် မက်မွန်တောအုပ်ဆီသို့ ပြန်လှည့်ကြည့်လိုက်၏။

‘ကောင်းကင်နတ်အရှင်ယွဲ့၊ ကျွန်တော်တို့ နောင်ကျ ထပ်တွေ့ကြတာပေါ့’

ယန်အာက မက်မွန်တောအုပ်ထဲတွင် ဟိုဟိုသည်သည် ပြေးလွှားနေပြီး ဖျတ်ခနဲ အစိမ်းရောင်စာကလေးအသွင် ပြောင်းကာ တောင်ပံခတ်လျက် ပျံသန်းနေသည်။ တခဏကြာသော် အစိမ်းရောင်စာကလေးသည် ချင်မူနှင့် မျက်ကန်းဆီသို့ ပြန်လာ၏။ သူမက မြေပြင်ပေါ် ဆင်းသက်ကာ ငိုနေသော ယန်အာအသွင် ဖြစ်သွားသည်။ “ငါ ပြန်လို့မရတော့ဘူး... နတ်ဘုရားမက ငါ့ကို မလိုချင်တော့ဘူးထင်တယ်”

ချင်မူ တဟားဟား ရယ်လိုက်မိကာ ပြောလိုက်သည်။ “ဒါဖြင့် မမကြီးယန်အာ ကျွန်တော်တို့နဲ့အတူ လူဘုံမှာ လျှောက်သွားကြတာပေါ့”

ယန်အာ၏ မျက်လုံးများ တောက်ပလာပြီး သူမက မက်မွန်သီးတစ်လုံး ထုတ်လိုက်သည်။

မျက်ကန်းက အလျင်အမြန် ပြေးထွက်သွားကာ တမုဟုတ်ချင်း အဝေးသို့ ရောက်သွားသည်။ သူက လှမ်းအော်၏။ “မူအာ၊ ငါ မစားနိုင်တော့ဘူး... မင်းပဲ ဖြည်းဖြည်းချင်း စားလိုက်တော့”

(အရှေ့တွင် ကောင်းကင်လုပ်သားနတ်ဘုရားမျိုးနွယ်ဟု ပြန်ဆိုခဲ့ခြင်းအား စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်ဟု ပြောင်းလဲထားပါသည်)

All Chapters