တောင်ဘက်နယ်စပ်၏ စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်များ
Vol. 64 Ch. 845
ချင်မူ ဆူပုပ်နေသောမျက်နှာဖြင့် မက်မွန်သီးကို လှမ်းကိုက်လိုက်ရင်း တာအိုဂိုဏ်းတက္ကသိုလ်ဆီသို့ လမ်းလျှောက်သွားသည်။ သူ နောက်လှည့်ကြည့်သည့်အခါ မိုင်ထောင်ချီရှည်လျားသော မက်မွန်တောအုပ်သည် ရှိမြဲအတိုင်း ရှိနေပြီး ပန်းပွင့်များက နွေဦးလေပြေထဲတွင် ယိမ်းနွဲ့မြဲ ယိမ်းနွဲ့နေကြောင်း မြင်တွေ့ရ၏။
မက်မွန်တောအုပ်အတွင်းရှိ မိန်းကလေးများလည်း တောအုပ်ထဲ၌သာ နေကျန်ခဲ့ကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့သည် တောအုပ်ထဲ၌သာ ထာဝရနေမည်မဟုတ်ကြောင်း ချင်မူ သိ၏။ စောင့်မျှော်နေသော အချိန်ကောင်းသို့ ရောက်လာပါက သေချာပေါက် အပြင်ထွက်လာလိမ့်မည်။
မက်မွန်တောအုပ်က သီးသန့်တည်ရှိသော ကောင်းကင်ဘုံတစ်ဘုံ ဖြစ်သည်။ ၎င်း ကမ္ဘာဦးဘုံတွင် ပေါ်လာသည့်သဘောသည် ကောင်းကင်နတ်အရှင်ယွဲ့ ပြင်ပလောကကို စွန့်ပစ်ထားလိုစိတ်မရှိသည့် သက်သေပင် ဖြစ်၏။ ကောင်းကင်နတ်အရှင်ယွဲ့မှာ ကမ္ဘာလောကကြီးအပေါ် ထားရှိသော သံယောဇဉ်များကို မဖြတ်တောက်နိုင်သေးပေ။ ချီရှားယွီကို တပည့်အဖြစ် လက်ခံခဲ့သော အချက်နှင့်တင် ပေါ်လွင်ချေသည်။
ချီရှားယွီသည် သူမ၏တပည့်အနေဖြင့် အပြင်လောကသို့ ဝင်ရောက်ပြီး ကောင်းကင်နတ်အရှင်ယွဲ့ကို ကိုယ်စားပြုလိမ့်မည်။ ပို၍ပင် စိတ်ဝင်စားစရာကောင်းသည်မှာ တောင်နတ်မင်းကျူချွဲက ချီရှားယွီကို တပည့်အဖြစ် လက်ခံပေးရန် ကောင်းကင်နတ်အရှင်ယွဲ့ဆီ အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ချီရှားယွီသည် တောင်နတ်မင်းကျူချွဲ၏ တပည့်ဟုလည်း ပြော၍ရ၏။
ဤအခြေအနေမှာ စိတ်ဝင်စားစရာကောင်းသည် မဟုတ်ပါ၏လော။
“ချီရှားယွီက တောင်နတ်မင်းကျူချွဲနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ နှစ်ယောက်စလုံးရဲ့ တပည့်ပဲ... သူတို့နှစ်ယောက်က သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့ပြီး ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင် ဖြစ်လာစေခဲ့တယ်... ချီရှားယွီဟာ ခဏခဏ သစ္စာဖောက်ပြီး အမိကမ္ဘာမြေလက်အောက်က ဇာမဏီငှက်မျိုးနွယ်ခေါင်းဆောင်ကနေ တောင်ကောင်းကင်ဘုံရဲ့ ဇာမဏီနတ်မင်းဖြစ်တဲ့အထိ အင်အားကြီးလာခဲ့တယ်”
ချင်မူက မက်မွန်သီးကို အူတိုင်သာ ကျန်တော့သည်အထိ ကိုက်စားနေသည်။ သူ့မျက်လုံးများက လင်းလက်နေပြီး ရယ်ချင်နေသော အပြုံးကလည်း သူ့နှုတ်ခမ်းထက်တွင် ဖြစ်ထွန်းနေ၏။ ‘ကောင်းကင်နတ်ဘုံရဲ့ အစောင့်ရှောက်အဆောင်မှာ တောင်နတ်မင်းကျူချွဲရဲ့ သင်္ကေတအမှတ်အသားတွေ မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းစာလိပ် ရှိတယ်... ဒီတော့ တောင်နတ်မင်းကျူချွဲကို အစားထိုးဖို့ ပြင်ဆင်ထားတာ အသိသာကြီးပဲ.. အဲဒါကြောင့် တောင်နတ်မင်းကျူချွဲက ချုံဧကရာဇ်ခေတ်မှာ သူ့နေရာကို ဆက်ခံမယ့် ဆက်ခံသူတစ်ယောက် လက်သပ်မွေးခဲ့တာ ဖြစ်မယ်... သူက ဇာမဏီနတ်မင်းအဟောင်းကို အရင်ရှင်းပစ်ပြီး သူ့ဆက်ခံသူကို ဇာမဏီနတ်မင်းအသစ် ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တယ်.... ကောင်းကင်နတ်ဘုံ သူ့ကို သတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးသွားမယ်... အဲဒီနောက်ပိုင်း ဇာမဏီနတ်မင်းကျူချွဲက သူ့အင်အားကို အမွေဆက်ခံရမယ်... တောင်နတ်မင်းကျူချွဲအနေနဲ့ မှောင်ရိပ်ထဲမှာ နေရတာကလွဲလို့ ဘာမှမဆုံးရှုံးလိုက်ရဘူး”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ကောင်းကင်နတ်မြစ်ထက်ရှိ သင်္ဘောဦးတွင် အမှတ်မထင် တွေ့ခဲ့ရသော အနီရောင်ဂါဝန်နှင့် မမကြီးကျူချွဲကား မထင်ထားလောက်အောင် ပါးနပ်ထက်မြက်လွန်း၏။
မျက်ကန်းက တာအိုဂိုဏ်းတက္ကသိုလ်သို့ မပြန်ပေ။ မိန်းကလေးယန်အာကို ကြောက်သွားသဖြင့် တစ်နေရာသို့ ထွက်သွားခြင်း ဖြစ်သွားလိမ့်မည်။
သူ၏အသက်အန္တရာယ်နှင့် ပတ်သက်ပြီး ချင်မူ စိတ်မပူပေ။ မျက်ကန်းက စပ်စုလွန်းသော်လည်း နတ်မျက်လုံး၊ နတ်စိတ်မျက်လုံးအထိ ကျင့်ကြံထားပြီးသည့် ရှားမှရှားသော နတ်ဘုရားတစ်ပါး ဖြစ်နေချေပြီ။ ထို့အပြင် ဝင်္ကပါပညာတွင်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ နံပါတ်နှစ် ဖြစ်၏။ သေမင်းကို ကလိသွားမထိုးသရွေ့ အန္တရာယ်ရှိမည်မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ယွီမှာ သင်္ချာကို သိပ်စိတ်မဝင်စားသော်လည်း ရက်ပိုင်းအတွင်း အများစု လေ့လာနိုင်လိုက်သေးသည်။ နဂါးချီလင်က သူ့ထက် ပို၍ သင်ယူနိုင်ခဲ့ပြီး ရေချီလင်မှာတော့ အတန်းထဲတွင် အိပ်ငိုက်နေလေသည်။
ချင်မူက တာအိုသခင်လင်းရွှမ်ဆီမှ ပြန်ခွင့်တောင်းသည်။ “တာအိုသခင် ကောင်းကင်တံတားကို ဖျက်စီးပြီး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်ဖို့အတွက် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ရဲ့ အကူအညီ လိုအပ်လိမ့်မယ်... အဲဒီလိုပညာရှင်မျိုး ရှာမတွေ့ရင် မာန်ဟုန်မြစ်တက္ကသိုလ်ဆီ သွားပြီး ပထမလူသားဧကရာဇ်ကို ရှာလိုက်ပါ... သူ့မှာ အဲဒီလိုအစွမ်းအစမျိုး ရှိတယ်”
တာအိုသခင်လင်းရွှမ် ကျေးဇူးတင်လိုက်၏။ “ဂိုဏ်းသခင်၊ စိတ်မပူပါနဲ့... ချင်းယွင်ကောင်းကင်ဘုံရဲ့ ဂိုဏ်းခေါင်းဆောင်မှာလည်း အဲဒီလိုအစွမ်းအစမျိုး ရှိပါတယ်... အခု ဘယ်သွားမယ် တွေးထားလဲ”
“လီမြစ်တက္ကသိုလ်၊ ကျောက်စိမ်းမြို့တော်တက္ကသိုလ်၊ မြစ်သင်္ချိုင်းတက္ကသိုလ်၊ နန်းတွင်းကောလိပ်နဲ့ ကျန်တဲ့ကျောင်းတွေဆီ သွားပြီး ပြီးခဲ့တဲ့နှစ်တွေထဲ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို လေ့လာသင်ယူဖို့ လုပ်ထားတယ်”
ချင်မူက ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ကာ ခပ်တိုးတိုး ဆက်ပြောသည်။”ကမ္ဘာဦးဘုံ ပွင့်လာတဲ့အချိန်တုန်းက အမိကမ္ဘာမြေအတုနဲ့ အစစ် ထွက်လာပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ခဲ့ကြလို့ နှစ်ယောက်စလုံး ထိခိုက်သွားခဲ့တယ်... အဲဒါကြောင့် အခြေအနေက ငြိမ်နေကြတာ.... ဒါပေမဲ့ တစ်ယောက်ရဲ့ နောက်မှာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ရှိပြီး နောက်တစ်ယောက်ကတော့ ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ... ဘယ်တစ်ယောက်မှ အကြာကြီး ငြိမ်နေမှာမဟုတ်ဘူး... သင့်တော်တဲ့အချိန်ကိုပဲ စောင့်နေကြတာ... အမိကမ္ဘာမြေနှစ်ယောက်လုံး ထပ်လှုပ်ရှားရင် တာအိုဂိုဏ်းအနေနဲ့ တားနိုင်မှာမဟုတ်သလို၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း တောင့်ခံနိုင်မှာမဟုတ်ဘူး... တာအိုဂိုဏ်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် တာအိုသခင် ကျောင်းသားတွေကို မက်မွန်တောအုပ်ထဲ ခေါ်သွားလိုက်ပါ... အဲဒီထဲမှာ အန္တရာယ်ကင်းလိမ့်မယ်”
တာအိုသခင်လင်းရွှမ်က တအံ့တဩ တုံ့ပြန်သည်။ “ဂိုဏ်းသခင်၊ မင်း မက်မွန်တောအုပ်ထဲ ဝင်သွားတုန်းက တစ်ခုခုမူမမှန်တာ မတွေ့ဘူးလား”
“မက်မွန်တောအုပ်ထဲက တစ်ယောက်က ငါ့မိတ်ဆွေပါ.... သူ့မှာ ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်မရှိဘူး”
ချင်မူ ဆက်မရှင်းပြတော့ပေ။ “လာမယ့်ရက်တွေမှာ တာအိုသခင်အနေနဲ့ ဂိုဏ်းသားတွေကို လွှတ်ပြီး နေရာအရပ်ရပ်က သေမျိုးလူသားတွေကို စတင်စုဝေးခိုင်းသင့်တယ်... အမိကမ္ဘာမြေနှစ်ယောက် ထပ်လှုပ်ရှားမယ့် အခြေအနေအတွက် ငါတို့ အဆင်သင့်ပြင်ဆင်ထားရမယ်... လူများများကယ်တင်နိုင်လေလေ ကုသိုလ်ရလေလေပဲ မဟုတ်လား”
ချင်မူ ထွက်သွားသည်။
တာအိုသခင်လင်းရွှမ်က မက်မွန်တောအုပ်ဆီသို့ ကြည့်၍ တွေးနေသည်။ ‘ဂိုဏ်းသခင်ချင်ရဲ့ မိတ်ဆွေတဲ့လား.... သူက တကယ် အပေါင်းအသင်း ပေါတာပဲ’
ချင်မူက တာအိုဂိုဏ်းတက္ကသိုလ်မှ ထွက်လာကာ တောင်ဘက်နယ်စပ်သို့ ဦးတည်သွားသည်။ မက်မွန်အူတိုင်များသည် နဂါးချီလင်၏ ခေါင်းပေါ်တွင် ပြန့်ကြဲနေ၏။ ချင်မူ့ဘေးရှိ မိန်းကလေးက မက်မွန်သီးများ လှီး၍ ချင်မူ့ကို ကျွေးနေသေးလေသည်။
ချင်မူမှာ ဗိုက်တင်းနေ၍ တစ်ချက်တစ်ချက် အေ့ခနဲ အေ့ခနဲ လေချဉ်တက်နေသည်။ နောက်ဆုံးတော့ ယန်အာ၏ မက်မွန်သီးစိတ်များကို ကိစ္စဖြတ်ပြီးသည့်အခါ သူ့မှာ စိတ်သက်သာရာရသွားတော့သည်။ “ကျွေးစရာမရှိတော့ဘူးမလား”
ယန်အာက အလျင်အမြန် ပြောသည်။ “ငါက မြန်တယ်... မက်မွန်တောအုပ်ဆီ မြန်မြန်လေး ပြန်ပြီး နင့်အတွက် သစ်သီးတွေ ခူးလာခဲ့မယ်... ငါ့ကို စောင့်မနေနဲ့နော်”
ချင်မူ သူမလက်ကို အလျင်အမြန် ဆွဲ၍ တောင်းပန်ရတော့သည်။ “မမကြီး၊ ကျွန်တော့်ကို ကျေးဇူးပြုပြီး မကျွေးပါနဲ့တော့ဗျာ... ကျွန်တော် တကယ် မစားနိုင်လို့ပါ... မမကြီးကို ကျွန်တော် စွမ်းအင်ဆေးလုံးတွေ ပေးမယ်လေ.... သူတို့ကို ကျွေးလိုက်ပါလား”
နဂါးချီလင်၊ ရေချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီတို့က မျှော်လင့်နေသောအမူအရာများဖြင့် လှမ်းကြည့်ကြသည်။
ချင်မူက တစ်ခါတည်း စွမ်းအင်ဆေးအိုးဆယ်အိုးကျော် ဖော်စပ်ပြီး အမျိုးအစားခွဲ၍ ဂရုတစိုက် ပုံလိုက်သည်။ ထို့နောက် နဂါးချီလင်အတွက်က ဘယ်အပုံ၊ ရေချီလင်အတွက် ဘယ်အပုံ၊ ကောင်းကင်နတ်အရှင်ယွီအတွက် ဘယ်ဆေးလုံးက သင့်တော်ကြောင်း ညွှန်ပြရင်း သတိပေးလိုက်၏။ “အရမ်းမကျွေးနဲ့နော် ဝလာကြလိမ့်မယ်”
ယန်အာမှာ စွမ်းအင်ဆေးလုံးများကို ယူရင်း စိတ်လှုပ်ရှားနေတော့သည်။ သူမ မည်သည့်နေရာတွင် မည်သို့ထည့်ထားမှန်း မသိသော်လည်း လက်ဝါးလေးတစ်ချက် လှန်လိုက်ရုံနှင့် ဆေးလုံးများ ပေါ်လာတတ်သည်။
သူမက နဂါးချီလင်၊ ရေချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီအကြား ခုန်ပေါက်သွားလာပြီး သုံးယောက်စလုံးကို ကျွေးရင်း အလုပ်များနေကြသည်။ သူမမှာ ရင်ထဲတွင် လှိုက်၍လှိုက်၍ ပျော်နေပြီး တစ်ခါမခံစားခဲ့ရဖူးသော စိတ်ကျေနပ်မှုကို ခံစားနေရသည်။
ချင်မူ ဤမြင်ကွင်းကို ကြည့်၍ မျက်နှာကြီးရှုံ့မဲ့သွား၏။ ‘သူတို့သုံးယောက်တော့ စည်ပိုင်းကြီးတွေလို ဝလာတော့မှာပဲ.. ငါ့အိတ်ထဲက စွမ်းအင်ဆေးလုံးတွေလည်း ကုန်တော့မယ်... မြို့တစ်မြို့မှာ ရပ်ပြီး ပရဆေးပင် ဆင်းဝယ်ဦးမှ’
နေ့ရက်များ ကုန်ဆုံးသွားပြီး ချင်မူ့ဆေးပင်များလည်း ပြောင်သွားချေပြီ။ ယနေ့ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယခုတွင် အလွန်ကျယ်ဝန်းနေပြီဖြစ်သည်။ ချင်မူမှာ လမ်းတွင် မြို့တစ်မြို့မှာ မတွေ့ရ၍ ခရီးကိုသာ ဆက်နှင်နေရသည်။
ယန်အာမှာ ကျွေးစရာမရှိတော့သဖြင့် ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ချင်မူက သူမကို နှစ်သိမ့်ပေးလိုက်သည်။ “ဆယ်ရက်ကျော်ရင် လီမြို့တက္ကသိုလ်ဆီ ရောက်တော့မှာပါ... အဲဒီမှာ ပရဆေးပင်တွေ ဝယ်လို့ရတယ်... မမကြီး နည်းနည်းလောက် သည်းခံပေးပါဦး”
တစ်ရက်နှစ်ရက် ကြာသည့်အခါ ယန်အာ သည်းမခံနိုင်တော့ပေ။ သူမက အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ ပျံထွက်သွားကာ လှမ်းအော်သည်။ “ငါ အစာသွားရှာလိုက်ဦးမယ်... ငါ မပါဘဲ သွားနှင့်ကြနော်... မကြာခင် အမှီလိုက်လာခဲ့မယ်”
ချင်မူ သူမကို အချိန်မီ လှမ်းမဆွဲနိုင်လိုက်ပေ။ သူ့မှာ အစိမ်းရောင်စာကလေး နတ်တောင်တန်းများအတွင်းသို့ လျင်မြန်စွာ ပျံသန်းသွားပြီး ကောင်းကင်အလင်းတန်းများအကြား ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရသည်။
ချင်မူလည်း မတတ်နိုင်တော့၍ နဂါးချီလင်ကို ဆက်သွားခိုင်းလိုက်သည်။
များစွာမကြာလိုက်ဘဲ ကောင်းကင်သည် ရုတ်ခြည်း မည်းမှောင်သွား၏။ သူတို့ အပေါ်ကြည့်လိုက်သည့်အခါ အစိမ်းရောင်တောင်ပံများနှင့် ငှက်ကြီးတစ်ကောင် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ တောင်ပံများက မိုင်ပေါင်းများစွာ ပြန့်ကားနေပြီး သံမဏိများ၊ ကျောက်သားများဖြင့် သွန်းထားသကဲ့သို့ ချွန်ထက်နေသော ခြေသည်းများ ရှိနေသည်။ ၎င်း၏ခြေသည်းများအကြား၌ ကြောက်မက်ဖွယ်ရာ မိစ္ဆာနတ်ဘုရားတစ်ကောင်ကို ဖမ်းဆုပ်ထား၏။
မိစ္ဆာနတ်ဘုရားက ကိုက်တစ်ရာကျော် မြင့်မားပြီး အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်း ဖြစ်ပုံရသည်။ သို့သော် အစိမ်းရောင်ငှက်ကြီးက ဖမ်းချုပ်ထား၍ လှုပ်မရသောကြောင့် သူ့မျက်နှာတွင် သေရမည်ကို စောင့်နေသည့်အလား စိတ်ဓာတ်ကျနေသော အမူအရာ ရှိနေသည်။
ချင်မူတို့မှာ ဤမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
ယန်အာ၏အသံသည် အစိမ်းရောင်ငှက်ကြီး၏ နှုတ်သီးဆီမှ ထွက်လာ၏။ “အစာတွေ့ပြီဟေး... ဖက်တီးနဂါး၊ နင်က အစားနိုင်ဆုံးပဲ... ပါးစပ်ဟထားလိုက်၊ ဒီအစာကို နင့်ပါးစပ်ထဲ ငါ ပစ်ချပေးမယ်”
နဂါးချီလင် ပါးစပ်ဟလိုက်သော်လည်း ၎င်းကို အစာမချေနိုင်ကြောင်း သဘောပေါက်လိုက်၍ အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ “မမကြီးယန်အာ၊ ကျွန်တော်က စွမ်းအင်းဆေးလုံးတွေပဲ စားတာဗျ ... အသားစားလို့ မရဘူး... ပြီးတော့ ဒီမိစ္ဆာနတ်ဘုရားက အရှင်လတ်လတ်ကြီး ရှိသေးတယ်၊ ချက်မှ မချက်ရသေးတာ”
အစိမ်းရောင်ငှက်ကြီးသည် တောင်ပံရုတ်၍ နဂါးချီလင်၏ကျောပေါ်သို့ ဆင်းသက်လာ၏။ ၎င်းက ချွန်ထက်နေသော ခြေသည်းတစ်ချောင်းဖြင့် မိစ္ဆာနတ်ဘုရားကို လိမ့်နေသည်။ “ခဏစောင့်... မကြာဘူး ကျက်သွားစေရမယ်”
သူမက နှုတ်သီးကို ဖွင့်လိုက်ကာ နတ်မီးလျှံများ မှုတ်ထုတ်ရင်း မိစ္ဆာနတ်ဘုရားကို မီးကင်ရန် အသင့်ပြင်နေသည်။
အားလုံး ကြက်သေသေသွားကြသည်။
နဂါးချီလင်က ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ ချင်မူမှာ ခေါင်းကိုက်လာပြီး အလျင်အမြန် ပြောလိုက၏။ “မမကြီးယန်အာ၊ ကျွန်တော်တို့ ဒါမျိုးမစားဘူး”
အစိမ်းရောင်ငှက်ကြီးသည် ဇဝေဇဝါဖြင့် မိစ္ဆာနတ်ဘုရားကို လွှတ်လိုက်ကာ မေးလေသည်။ “ဒါက သိပ်အရသာရှိတယ်နော်... ငါ ငယ်ငယ်တုန်းကဆို ဒါမျိုး အများကြီး စားရတာ... စားကြည့်ပါလား”
မိစ္ဆာနတ်ဘုရားမှာ ကြောက်လန့်တုန်ရီစွာဖြင့် မြေကြီးတွင်သာ ဝပ်နေကာ တစ်လက်မလေးပင် မလှုပ်ရဲပေ။
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “နတ်ဘုရားတွေ၊ မိစ္ဆာတွေက ကျွန်တော်တို့ရဲ့အစာ မဟုတ်ဘူး မမကြီးရဲ့... မမကြီးယန်အာ၊ ကျွန်တော်တို့ရဲ့ ရိက္ခာအတွက် စိတ်ပူစရာမလိုပါဘူး”
မိစ္ဆာနတ်ဘုရား၏ မျက်လုံးများ လင်းလက်သွားပြီး သူက ခိုးကြောင်ခိုးဝှက် ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် အစိမ်းရောင်ငှက်ကြီး၏ ခြေသည်းတစ်ချောင်းဖြင့် ဖမ်းဆီးခံလိုက်ရ၏။
အစိမ်းရောင်ငှက်ကြီးက သံသယများဖြင့် ပြောသည်။ “နင်တို့ တကယ် မစားချင်ဘူးလား”
ချင်မူ၊ ကောင်းကင်နတ်အရှင်ယွီနှင့် နဂါးချီလင်တို့ ပြိုင်တူ ခေါင်းယမ်းလိုက်ကြသည်။ ရေချီလင် ချီတုံချတုံ ဖြစ်နေသည်။ သူ့မှာ စားချင်ပါသော်လည်း သူ့သခင်က ခေါင်းခါနေသည့်အတွက် မည်သို့မျှ မတတ်နိုင်တော့ဘဲ တွေးလိုက်မိသည်။ ‘နှမြောစရာကြီးကွာ... အရင်တုန်းက နတ်ဘုရားတွေ၊ မိစ္ဆာတွေ တစ်ခါမှ မစားခဲ့ဖူးဘူး’
အစိမ်းရောင်ငှက်ကြီးသည် မိစ္ဆာနတ်ဘုရားကို ထိုးဆိတ်၍ ကောက်မပြီး မြိုချလိုက်၏။ ချင်မူတို့မှာ ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။ သူမက အပြစ်ကင်းစင်သော အစိမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်အသွင် ပြန်ပြောင်းကာ နဂါးချီလင်၏ ခေါင်းပေါ်တွင် စိတ်ကောက်သလို လျှောက်ခုန်နေသည်။
နဂါးချီလင် ချွေးပြန်လာတော့သည်။ ‘ဂိုဏ်းသခင် ဒီမိန်းကလေးကို ဘယ်က ကောက်လာတာတုန်း.. ရက်စက်လိုက်တာ ကမ်းကုန်တယ်...’
အစိမ်းရောင်နှင့်မိန်းကလေးသည် ပျံထွက်သွားပြန်ပြီး သူတို့ကို ကျွေးရန် သစ်သီးများ ပြန်သယ်လာ၏။ နဂါးချီလင်နှင့် ရေချီလင်မှာ အသီးမစားချင်သော်လည်း အတင်းခွံ့ကျွေးခံနေရလေသည်။
နောက်ဆုံးတော့ လီမြစ်တက္ကသိုလ်ဆီသို့ သူတို့ ရောက်လာကြသည်။ လီမြစ်တက္ကသိုလ်သည် တောင်ပင်လယ်အနား၌ တည်ရှိ၍ ချိမင်ပြည်သူများ၏ ပိုင်နက်ဆီမှ နတ်တောင်တန်းတစ်တန်းသာ ခြားသည်။
ချင်မူ ပါမောက္ခပါ့ရှန်နှင့် သွားတွေ့ပြီး လာရသည့်အကြောင်းရင်း ပြောမည်ပြုစဉ် နွားသိုးစိမ်းကြီး၏ အော်ဟစ်ငိုယိုသံများ ကြားလိုက်သည်။ နဂါးချီလင်ကား နွားသိုးစိမ်းကြီးကို ပယ်ပယ်နှယ်နှယ် သမနေလေသည်။
ချင်မူက မကြားချင်ယောင်ဆောင်လိုက်သော်လည်း ရေချီလင်ပါ နွားသိုးစိမ်းကြီးကို ဝင်ရိုက်နေသည့်အသံများ ကြားလိုက်ရသည်။ ကောင်းကင်နတ်အရှင်ယွီက ပါမောက္ခပါ့ရှန်အရှေ့၌ လိမ်လိမ်မာမာ ထိုင်၍ မကြားချင်ယောင်ဆောင်ထား၏။
ပါမောက္ခပါ့ရှန်မှာ သုတ်တီးသုတ်ပျာ ပြေးထွက်ကြည့်သည့်အခါ နဂါးချီလင်နှင့် ရေချီလင် နွားသိုးစိမ်းကြီးကို ဝိုင်းချနေသောမြင်ကွင်းအား မြင်လိုက်ရသည်။ သူ့မျက်နှာမည်းမှောင်သွားပြီး ချင်မူတို့ဆီ လှည့်ကာ ဒေါသတကြီး လှမ်းအော်လိုက်၏။ “ညီလေး မြန်မြန်လာပြီး လူခွဲပေးစမ်း”
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွီလည်း သွားဆွဲလိုက်ရသည်။
နွားသိုးစိမ်းကြီးက ကုန်းရုန်းထကာ ကြိမ်းဝါးလေသည်။ “မင်းတို့ကောင်တွေ နေနှင့်ဦး... ငါ့မွေးစားအဖေကို သွားခေါ်မယ်... မင်းတို့ ဒီကနေ ထွက်မပြေးနဲ့...” သူက ဒေါနှင့်မောနှင့် ထွက်သွားသည်။
နဂါးချီလင်နှင့် ရေချီလင်က မတ်တပ်ထရပ်ပြီး ခါးပေါ် လက်တင်ကာ မာန်တက်နေသော အမူအရာများ ရှိကြသည်။ “မင်း မွေးစားအဖေ မကလို့ ဘိုးအေ ဆင်းလာလည်း ငါတို့ မင်းကို ရိုက်ဦးမှာပဲ”
“ဒီနွားကို မျက်စိဆံပင်မွှေး စူးနေတာ ကြာပြီ... သူက ပျိုနီပန်းကို ကိုက်ရင်း လိုက်ဖွန်ကြောင်နေတာလေ”
ပါမောက္ခပါ့ရှန်မှာ စိတ်သက်သာရာရသွားပြီး ချင်မူ့ဘက် လှည့်လိုက်သည်။ “မင်းတော့ မသိပေမယ့် လီမြစ်တက္ကသိုလ်က တခြားတက္ကသိုလ်တွေနဲ့ မတူဘူး... ဒီမှာ ပညာရပ်အမျိုးမျိုး၊ ဌာနအမျိုးမျိုး ခွဲထားတယ်... ငါ့ရဲ့ သိုင်းကွက်အသားပေးပညာရပ်ဌာနနဲ့ ပါမောက္ခယွီကျောက်ချင်းရဲ့ သဘာဝရေးရာဌာနဆိုတာမျိုးပေါ့.... ဖန်ဆင်းပညာဌာနရဲ့ ချိမင်နတ်ဘုရားသားတော်တောင် ဒီမှာ စာလာသင်ပေးတတ်တယ်... ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆရာကောင်းကင်ဓားမနဲ့ သိုင်းပညာကောင်းကင်ဆရာသခင်တို့လည်း မြို့ခံစစ်တည်ဆောက်တဲ့နေရာမှာ ကူညီဖို့နဲ့ သိုင်းပညာတွေ၊ ဓားမသိုင်းတွေ သင်ပေးဖို့ ရောက်လာကြတယ်”
“ဘိုးဘိုးသားသတ်သမားနဲ့ သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာတို့ နှစ်ယောက်လုံး ဒီရောက်နေတာလား”
ချင်မူ ဝမ်းသာသွားသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်၍ သွေးတိုးစမ်းကြည့်လိုက်၏။ “ဒါဖြင့် ဘယ်သူက နွားသိုးစိမ်းကြီးရဲ့ မွေးစားအဖေက ဘယ်သူလဲ”
နဂါးချီလင်နှင့် ရေချီလင်တို့၏ အော်ဟစ်သံများ ပျံလွင့်လာသည်။ နဂါးချီလင်၏ အသံက ပိုပြဲလေသည်။ “အစ်ကိုကြီးစန်းသွော၊ သူက အစ်ကိုကြီးရဲ့ မွေးစားသားမှန်း ကျွန်တော် မသိလိုက်လို့ပါဗျာ... ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့... အစ်ကိုကြီးစန်းသွော၊ ကျွန်တော်တို့ ဆေးတံ အတူတူ မှုတ်ခဲ့တဲ့ အချိန်တွေကို မေ့သွားပြီလားဗျာ... မမကြီး ကျွန်တော့်ကို ကယ်ပါဦးးးးး”
အပြင်မှ ရုတ်ရုတ်သဲသဲအသံများကို နားထောင်နေစဉ် အဖြူရောင်အရိပ်တစ်ခု ဖျတ်ခနဲ ရောက်လာသည်။ အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးမလေးသည် မြေခွေးအမြီးလေးများ လှုပ်ယမ်းလျက် ချင်မူ့ဆီသို့ တရှိန်ထိုး ပြေးလာ၏။ သူမက ချင်မူ့ဘေးသို့ ရောက်လာသည်နှင့် သူ့ကို လှည့်ပတ်လိုက်ပြီးနောက် မြေခွေးဖြူလေးအသွင်ဖြင့် သူ့ပခုံးပေါ် ခုန်တက်လာသည်။ သူမ၏အမြီးတချို့သည် သူ့လည်ပင်းကို ရစ်ပတ်လိုက်ပြီး သူမက သူ့ခေါင်းပေါ် တက်လိုက်ကာ ကျန်အမြီးများဖြင့် သူ့မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းလိုက်တော့သည်။