← Chapters

တောင်ဘက်နယ်စပ်၌ ကခုန်နေသော မြွေနဂါးများ

Vol. 64 Ch. 846

တောင်ဘက်နယ်စပ်၌ ကခုန်နေသော မြွေနဂါးများ

Vol. 64 Ch. 846

“လင်းအာ”

ချင်မူ ဝမ်းသာအားရဖြင့် မြေခွေးလေးကို ခေါင်းပေါ်မှ ဆွဲချလိုက်သည်။ သူမကို သေသေချာချာ ကြည့်ရန် ပြင်လိုက်သော်လည်း မြေခွေးလေးသည် သူ့လက်ထဲမှ ခုန်ထွက်ပြီး ခေါင်းပေါ် ပြန်တက်ကာ အမြီးလေးများဖြင့် သူ့မျက်နှာကို ကာလိုက်ပြန်၏။

“လင်းအာ မစနဲ့တော့... နင်မှန်း ငါ သိနေပါပြီဟ”

ချင်မူ သူမကို ပြန်ဆွဲချလိုက်သည့်အခါမှ မြေခွေးဖြူလေး လိမ္မာသွားသည်။ သူမက အမြီးလေးများဖြင့် သူ့လက်မောင်းကို ရစ်ပတ်ထားပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ လှဲချလိုက်ရင်း ကြောင်လေးသဖွယ် ကွေးသွား၏။ သူမက နက်မှောင်နေသော မျက်ဝန်းလေးများဖြင့် ချင်မူ့မျက်နှာကို စိုက်ကြည့်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

မြေခွေးလေးသည် အလွန်ပင် ချစ်စရာကောင်းနေ၏။

“သခင်လေး” သူမက ခေါ်သည်။

ချင်မူလည်း ပြန်ထူးသည်။ ဟူလင်းအာက သူ့ကို ထပ်ခေါ်ပြန်သည်။ ချင်မူလည်း ထပ်ထူးလိုက်သည်။ နောက်ဆုံးတော့ မြေခွေးဖြူလေးသည် မျက်ဝန်းလေးများ မှေးလိုက်ရင်း အိပ်ချင်ယောင်ဆောပြီး သူမ၏အမြီးဖွားဖွားလေးများကို ခိုးကြောင်ခိုးဝှက် မြှောက်ကာ ချင်မူ့မေးစေ့အား ကလိထိုးနေ၏။

သူတို့နှစ်ယောက်ဘေးတွင် ယန်အာမှာ လင်းအာတွေ့လျှင် ချစ်သွားပြီး ချင်မူ့လက်ထဲမှ လှမ်းယူသည်။ ဟူလင်းအာက အလျင်အမြန်ပင် ခုန်ထွက်လိုက်ပြီး ချင်မူ့ရင်ခွင်ထဲ ပြန်တိုးဝင်သည်။

ယန်အာက သူမကို ထပ်သယ်လိုက်ပြန်၍ ဟူလင်းအာ ထွက်ပြေးတော့မည့်အချိန် စွမ်းအင်ဆေးလုံးတစ်လုံး သူမပါးစပ်ထဲ ရောက်လာ၏။ ချက်ချင်းပင် ဟူလင်းအာ မလှုပ်တော့ဘဲ ယန်အာ၏ ရင်ခွင်ထဲ၌ အေးအေးလူလူ လဲနေလိုက်သည်။

ပါမောက္ခပါ့ရှန်က ပြောသည်။ “ဟူလင်းအာက အခု လီမြစ်တက္ကသိုလ်ရဲ့ မိစ္ဆာဌာနအတွက် တာဝန်ရှိနေပြီ... မင်း ဒီတံခါးအပြင် ထွက်လိုက်တာနဲ့ တက္ကသိုလ်ထဲမှာ ကမောက်ကမအဖြစ်ဆုံးနေရာ တွေ့ရလိမ့်မယ်... အဲဒါ မိစ္ဆာဌာနပဲ... ဒါပေမဲ့ ဟူလင်းအာက အပေါင်းအသင်း ဝင်ဆန့်တော့ မြေခွေးနတ်မင်း၊ အဖြူနတ်မင်း၊ ဆရာကြီးကျား၊ မှော်ဆရာသခင်နဲ့ မင်တုကောင်းကင်နတ်မင်းတို့ကို စာလာသင်ပေးဖို့ ဖိတ်နိုင်ခဲ့တယ်... အခု မိစ္ဆာဌာနက တခြားဌာနတွေနဲ့ ယှဉ်ရင် အများကြီး တိုးတက်နေပြီ... ပါမောက္ခဟူရဲ့ အကျင့်တစ်ခုက သူ့ကို မမကြီးလို့ ခေါ်ရင် ကြိုက်တာပဲ”

“အဲဒါကမှ လင်းအာပဲ အစ်ကိုကြီးရဲ့.... နွားသိုးစိမ်းကြီးနဲ့ ဖက်တီးနဂါးက သူ့ရဲ့ သွေးသောက်မောင်လေး‌တွေလေ”

ချင်မူက ယန်အာ၏ရင်ခွင်ထဲတွင် ဇိမ်နှင့်နှပ်နေသော မြေခွေးလေးဆီသို့ လှည့်ကြည့်ပြီး သူမ၏အမြီးများအား တစ်ချောင်းချင်း ရေကြည့်သည်။ ဟူလင်းအာ၏ အမြီးလေးများက လှုပ်ခါနေသောကြောင့် သူ့မှာ အချိန်အတန်ကြာ ရေပြီးနောက်တွင်ပင် အမြီး မည်မျှရှိကြောင်း အဖြေမထွက်သေးပေ။

“အမှန်တိုင်း ပြောရရင်... မင်တုကောင်းကင်နတ်မင်းကလည်း သူ့ရဲ့ သွေးသောက်အစ်ကိုကြီးပဲ... ဖက်တီးနဂါးလည်း မင်တုကောင်းကင်နတ်မင်းနဲ့ သွေးသောက်ညီအစ်ကို လုပ်ထားတယ်... ကောင်းကင်နတ်မင်းနဲ့ လင်းအာရဲ့ ဆက်ဆံ‌ရေးက ဖက်တီးနဂါးနဲ့ထက်တောင် ပိုကောင်းသေးတယ်... နှစ်ယောက်လုံးက ကြွက်တွင်းတွေဆိုတော့”

ချင်မူ အံ့အားသင့်မိသော သတင်း ရှိသည်။ “ဒါမဲ့ လင်းအာ မှော်ဆရာကြီးကို ဒီမှာ စာလာသင်အောင် ဖိတ်ခေါ်နိုင်ခဲ့မယ် မထင်ဘူး”

ပါမောက္ခပါ့ရှန်က သူ့ပေါင်သူ ဖြန်းခနဲ ချလိုက်၏။ “မင်တုကောင်းကင်နတ်မင်း ဘာလို့ ငါ့နေရာကို ခဏခဏ လာနေလဲ တွေးနေတာ.... ငါ့ကိုများ လေးစားနေတာလားလို့တောင် ထင်ခဲ့သေးတယ်.... တကယ်တမ်း သူက ငါ့ဝိုင်အရက်ကိုပဲ စိတ်ဝင်စားနေတာကိုး... ပါမောက္ခဟူက ရှင်းအန်းကိုတောင် လီမြစ်တက္ကသိုလ်ဆီ ဖိတ်နိုင်ခဲ့သေးတယ်... အတန်းတစ်တန်း၊ နှစ်တန်းလောက်ပဲ လာသင်ပေးခဲ့တာ ဆိုပေမယ့်လို့ပေါ့... ငါ့အမြင်ပြောရရင်ကွာ ကျန်တဲ့တက္ကသိုလ်တွေအနေနဲ့ သူတို့လိုလူတွေကို လက်ခံမှာမဟုတ်ဘူး... ငါ့လီမြစ်တက္ကသိုလ်ကသာ ပွင့်ပွင့်လင်းလင်း ရှိလို့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို စာလာသင်ခွင့်ပြုထားတာ”

ချင်မူ တိတ်ဆိတ်နေသည်။ ‘အစ်ကိုကြီးပါ့ရှန်ရဲ့ လီမြစ်တက္ကသိုလ်က ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် တကယ် ကမောက်ကမ အဖြစ်ဆုံးပဲ’

ချင်မူမှာ လီမြစ်တက္ကသိုလ်သို့ မရောက်ခင်မှာပင် လီမြစ်တက္ကသိုလ်၏ ကောင်းကင်ထက်တွင် ကမောက်ကမ ဖြစ်နေသော အငွေ့အသက်များ ဖုံးလွှမ်းနေကြောင်း အာရုံရနေပြီဖြစ်သည်။

တောင်ပေါ်သို့ ဆင်းသက်လာသော ကျားရိုင်း၊ ပင်လယ်များတစ်လျှောက် ဖြတ်ပြေးနေသော ဆင်ဖြူ၊ သားကောင် လိုက်ဖမ်းနေသော စွန်ရဲ အစရှိသော သိုင်းပညာရှင်များ၏ သိုင်းကွက်အသွင်သဏ္ဍာန်များ ရှိနေသည်။ ထိုနည်းတူ မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်များမှ ဖွဲ့တည်ထားသည့် ကြောက်မက်ဖွယ်ရာ မိစ္ဆာအသွင်သဏ္ဍာန်များ၊ မိစ္ဆာမျိုးနွယ်မှ ဆင့်ခေါ်ထားသော မိစ္ဆာတိမ်တိုက်များ၊ ဓားသိုင်းပညာရှင်များ၏ ဓားစွမ်းအင်နှင့် မှော်အစီအရင်ပညာရှင်များ၏ အခိုးအငွေ့တိမ်တိုက်များကိုပင် မြင်ရ၏။

မိစ္ဆာဌာနက ကမောက်ကမအဖြစ်ဆုံးဟု ပါ့ရှန် ပြောခဲ့သော်လည်း အမှန်တွင် လီမြစ်တက္ကသိုလ်တစ်ခုလုံး ကမောက်ကမ ဖြစ်နေခြင်းပင်။

သို့သော် ဤကျေးဇူးကြောင့်လည်း မတူညီသော ကောင်းကင်နတ်သိုင်းများ၊ မှော်အစီအရင်များ ထိတွေ့ပြီး သူ့အတွေး၊ ကိုယ့်အမြင်များအား ဖယှယ်နိုင်ကြခြင်း ဖြစ်ပေသည်။

ချင်မူ လီမြစ်တက္ကသိုလ်ဆိ ရောက်သည့်အခါ ဤတက္ကသိုလ်မှာ အရမ်းကားဆုံး တက္ကသိုလ်ဖြစ်ကြောင်း မျက်မြင်တွေ့လိုက်ရသည်။ တက္ကသိုလ်ဆီ ဦးတည်နေသည့် လမ်းပေါ်မှာတင် တိုက်ပွဲမျိုးစုံ ပြည့်နေချေသည်။

အဆောင်မှူးများနှင့် ပါမောက္ခများက ဤအခြေအနေများနှင့်ပတ်သက်၍ စိတ်ပူဟန်မရှိပေ။ အားပေးအားမြှောက်ပင် လုပ်နေကြပြီး သူတို့၏တပည့်များ နိုင်လျှင် ဂုဏ်ယူနေကြ၏။

ပါမောက္ခပါ့ရှန်၏ မျက်ဝန်းများ လင်းလက်နေသည်။ “ညီလေး၊ မင်းက ဒီကို ပညာသင်ဖို့ လာတာဆိုတော့ သင်ခန်းစာတွေ နားထောင်တာက ပညာရနိုင်မယ့် အကောင်းဆုံးနည်းလမ်း မဟုတ်တာ သိသင့်တယ်”

ချင်မူက နှိမ့်ချကာ မေးလိုက်သည်။ “အစ်ကိုကြီး၊ ဘယ်ဟာက အကောင်းဆုံးနည်းလမ်းလဲ”

ပါမောက္ခပါ့ရှန်က ဟက်ခနဲ ရယ်၏။ “တိုက်ခိုက်တာပေါ့... ငါ့လီမြစ်တက္ကသိုလ်ရဲ့ ဌာနအားလုံး အရည်အချင်း ပြည့်ဝကြတယ်.. ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နန်းတွင်းကောလိပ်တစ်ခုတည်းက တွန်းပေးနေတာမဟုတ်ဘူး... နန်းတွင်းကောလိပ်က ဖြောင့်မတ်လွန်းအားကြီးတယ်... သူတို့က ဧကရာဇ်ရဲ့ အမျက်တော်ရှမှာစိုးလို့ ကောင်းကင်နတ်သိုင်းအသစ်တွေ၊ ကောင်းကင်နတ်သိုင်းအသစ်တွေ သတိထားပြီး တီထွင်နေကြရတာ... ဒီမှာကတော့ ကောင်းကင်က ဟိုးအမြင့်ကြီးမှာ၊ ဧကရာဇ်ကလည်း ဟိုးဝေးကြီးမှာပဲ... ဧကရာဇ်ယန်ဖုန်းအနေနဲ့ ဒီနေရာကို မထိန်းချုပ်နိုင်ဘူး... အဲဒါကြောင့် လီမြစ်တက္ကသိုလ်မှာ သိုင်းပညာရပ်အားလုံး၊ ‌ကောင်းကင်နတ်သိုင်းအားလုံး လွတ်လွတ်လပ်လပ် တီထွင်နိုင်တယ်”

ပါမောက္ခပါ့ရှန် ထရပ်ပြီး သူ၏ဝတ်ရုံကို အသာအယာ ခါလိုက်ရာ ကျယ်ပြန့်သော ရင်ဘတ်နှင့် တောင့်တင်းနေသော ကြွက်သားများ ပေါ်လာသည်။ သူက တည်ငြိမ်အေးဆေးစွာ ဆက်ပြော၏။ “ကောင်းကင်နတ်သိုင်းတွေရဲ့ စွမ်းရည်ကို တကယ့်တိုက်ပွဲတစ်ပွဲမှာ အသုံးချပြီးမှ အကဲဖြတ်လို့ရတယ်... မင်း လီမြစ်တက္ကသိုလ်မှာ ပညာလာသခင်ရင် ဌာနအသီးသီးနဲ့ အနည်းဆုံး တစ်ကြိမ်တော့ တိုက်ခိုက်ဖို့ ပြင်ထား”

ချင်မူ အံ့အားသင့်သွားသည်။ “ဌာနအသီးသီးနဲ့ တိုက်ခိုက်ရမယ်ဟုတ်လား... ဒီအကြံကြီးက သိပ်မကောင်းဘူးထင်တယ်နော်”

ပါမောက္ခပါ့ရှန်က သူ့ကို တစ်ချက်ကြည့်သည်။ “ညီလေး၊ မင်း ကြောက်နေတာလား”

ချင်မူ ခေါင်းတဆိတ်ဆိတ် ညိတ်၍ သက်ပြင်းချလိုက်၏။ “ယန်အာက သူများတွေကို ခွံ့ကျွေးရတာ ကြိုက်တော့ ကျွန်တော့်ရဲ့ စွမ်းအင်ဆေးလုံးတွေကို အကုန်လိုက်ကျွေးပြီးနေပြီ.. ဒီကို လာတုန်းက လမ်းမှာ တစ်ခါပြန်ဖြည့်ခဲ့ပေမယ့် အခု ကုန်ခါနီးနေပြီ... ကျွန်တော် လီမြစ်တက္ကသိုလ်ရဲ့ ပါမောက္ခတွေနဲ့ အဆောင်မှူးတွေကို ဒဏ်ရာရအောင် လုပ်မိလိုက်ရင် ကုပေးစရာ မကျန်တော့ဘူး”

ပါမောက္ခပါ့ရှန်သည် လက်သီးတင်းတင်း ဆုပ်လိုက်၍ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာ၏။ သူက ဟက်ခနဲ ရယ်လိုက်ပြန်သည်။ “ညီလေးက ဒီနှစ်တွေထဲ အပြင်မှာ လျှောက်သွားပြီး တိုးတက်လာခဲ့ပြီပဲ... အခုဆို ပိုလို့တောင် သတ္တိကောင်းလာပြီ... အသက်ရှူသံတွေက ပြင်းနေပါရော့လား”

ချင်မူ့အသက်ရှူသံသည် နှေးကွေးသွားပြီး သူက အေးအေးလူလူ တုံ့ပြန်သည်။ “ကျွန်တော်က အစ်ကိုကြီးလောက် ဘယ်တော်ပါ့မလဲဗျာ... အစ်ကိုကြီးက ကောင်းကင်တံတားကို ကျော်ဖြတ်ပြီး နတ်ဘုရားဖြစ်လာတာ ကြာပြီလေ... ကျွန်တော်က အခုမှ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်ရုံပဲ ရှိသေးတာ... ကောင်းကင်နန်းဆောင်တွေဆီ တက်လှမ်းဖို့ ဘယ်လောက်ကြာကြာ ကျင့်ကြံရမလဲ မသိသေးဘူး... ဘိုးဘိုးသားသတ်သမားက အစ်ကိုကြီးကို ဓားမသိုင်းကွက်အသစ်တွေ သင်ပေးထားသေးတယ်မလား... သိုင်းပညာရှင်ကောင်းကင်ဆရာသခင်လည်း အစ်ကိုကြီးကို အကွက်ကောင်းကောင်းလေးတွေ သင်ပေးထားမှာပါ... ချိမင်နတ်ဘုရားသားတော်ဆီကလည်း တစ်ကွက်၊ နှစ်ကွက်တော့ သင်ခဲ့ရလောက်တယ်.... ကျွန်တော် အစ်ကိုကြီးထက် သာပါတယ်လို့ မပြောရဲပါဘူး”

ပါမောက္ခပါ့ရှန်က အလျင်အမြန် လက်ခါသည်။ “ငါက မင်းလောက် မကြိုးစားပါဘူး... မင်းက လောကသခင်ခန္ဓာဖြစ်တဲ့အပြင် ငါ့ထက်လည်း ကြိုးစားတယ်... တိုက်ပွဲတစ်ပွဲတည်းနဲ့ ငါ မင်းကို ဘယ်နိုင်ပါ့မလဲ... အလွန်ဆုံး သေအောင် ရိုက်သတ်နိုင်ရုံလောက်ပဲ ရှိမှာ”

ချင်မူ ခါးဆန့်လိုက်သည့်အခါ သူ၏ကိုယ်အတွင်းမှ နဂါးတွန်သံ ထွက်လာ၏။ သူက တဟားဟား ရယ်လိုက်သည်။ “ဘိုးဘိုးသားသတ်သမားက ဒီမှာမလား... သူ့ရဲ့အချစ်ဆုံးတပည့် သွားတွေ ကျွတ်ထွက်သွားတဲ့အထိ ကျွန်တော် ရိုက်နှက်နေတာကို ကြည့်ရက်နိုင်ပါ့မလားနော်”

“ဆရာကောင်းကင်ဓားမက မင်း စိတ်လွတ်သွားတဲ့အထိ ငါ ရိုက်နှက်မှာကို ခွင့်ပြုမှာတော့ မဟုတ်ဘူး... မင်း မလှုပ်နိုင်တော့တဲ့အထိ ငါ ရိုက်လိုက်ရင် သူ ဓားမဆွဲပြီး ငါ့ဆီ ရောက်လာလိမ့်မယ်”

သူတို့နှစ်ယောက် စကားတပြောပြောဖြင့် အပြင်ထွက်လာကြသည်။ ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်၍ အညောင်းအညာ ဖြေလိုက်သည်။ ပါမောက္ခပါ့ရှန်ကလည်း အာဏာရှင်ဓားမကို ဆွဲထုတ်၍ သူ့အရှေ့တွင် တည့်တည့်ထား၏။ ထို့နောက် သူက လေကြမ်းမုန်တိုင်းကို မှုတ်ထုတ်ကာ ဓားသွားအား သ,နေသည်။

ယန်အာက မျက်လုံးကလေး ကလယ်ကလယ်ဖြင့် သူတို့နှစ်ယောက် အပြင်ထွက်သွားသည်ကို ကြည့်နေသည်။

ဟူလင်းအာက သူမရင်ခွင်ထဲမှ အလျင်အမြန် ခုန်ထွက်၍ မြေကြီးနှင့် ထိသည်နှင့် ကလေးမလေးအသွင် ပြောင်းသွား၏။ သူမ စကားပြောရန် ပါးစပ်ဟလိုက်သည့်အချိန်မှာပဲ ယန်အာက သူမပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်လိုက်သည်။

“သခင်လေး တိုက်ခိုက်ဖို့ ထွက်သွားတာလား... သူ နိုင်,နိုင်လား”

ယန်အာသည် သူမကို ဆက်ခွံ့ရင်း ပြောနေ၏။ “ဟိုလူကြီးက သိပ်ရှိန်စရာကောင်းတယ်.... သူ့ရဲ့ မူလဝိညာဉ်က အင်မတန် အင်အားကြီးတဲ့ ရောက်နေပြီ”

ဟူလင်းအာက စွမ်းအင်ဆေးလုံးကို တပြက်ပြက် ဝါးနေသည်။ “သခင်လေးကလည်း တော်ရုံမဟုတ်ပါဘူး... ပါမောက္ခပါ့ရှန် သူ့ကို ဒဏ်ရာရအောင် လုပ်ချင်ရင် ခက်လိမ့်မယ်... ဒီစွမ်းအင်ဆေးလုံးထဲ ဝိုင်ကောင်းကောင်း ထည့်သောက်ရင် အရသာ ပိုကောင်းလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွီက သူတို့ဆီ လျှောက်လာပြီး သူ စကားပြောရန် ပြင်လိုက်စဉ် ယန်အာသည် သူ့ကို စွမ်းအင်ဆေးလုံးတစ်လုံး ကျွေးလိုက်၏။

ကောင်းကင်နတ်အရှင်ယွီမှာ ဗလုံးဗထွေးဖြင့် မေးလေသည်။ “စွမ်းအင်‌ဆေးလုံးတွေထဲ ဝိုင်ထည့်မယ်ဟုတ်လား... အရသာကောင်းပါ့မလား”

ဟူလင်းအာ သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ “ရှင်က လန်ယွီထျန်းဆိုတဲ့တစ်ယောက်လား... သခင်လေးလန်ပေါ့လေ... ကျွန်မ နန်းစိုက်မြို့တော်ဆီ သွားတုန်းက ရှင့်အကြောင်း ကြားဖူးတယ်... ရှင်က သခင်လေးရဲ့ ညီလေးဖြစ်ပြီး မျိုးရိုးက ဘာလို့ လန်ဖြစ်နေတာလဲ...

“စွမ်းအင်ဆေးလုံးတွေထဲ ဝိုင်ထည့်သောက်ရင် အင်မတန် သောက်ကောင်းမှာ သေချာတယ်... ဒါပေမဲ့ ကျွန်မလည်း မသောက်ကြည့်ဖူးသေးဘူး... ပုံမှန်ဆို ပန်းကန်ပြားထဲ စွမ်းအင်ဆေးလုံးတွေ ထည့်ပြီး ဝိုက်သောက်ရင်း အမြည်းလိုပဲ စားတတ်တာ.... အစ်ကိုကြီးစန်းသွောတော့ စားဖူးတယ်၊ စားကောင်းတယ်တဲ့... စွမ်းအင်ဆေးလုံးထဲမှာ ဝိုင်ထည့်ထားနိုင်ရင် ပိုလို့တောင် စားကောင်းမယ်ထင်တယ်”

ကောင်းကင်နတ်အရှင်ယွီမှာ စမ်းကြည့်ချင်လာတော့သည်။

သူတို့သုံးယောက်သား ခန်းမအပြင် ထွက်လိုက်သည့်အခါ ချင်မူနှင့် ပါမောက္ခပါ့ရှန်ကား သိုင်းကွက်ချင်း စတင်ဖလှယ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ကောင်းကင်ထဲသို့ ပျံတက်တိုက်ခိုက်သွားကြသည်။

ပါမောက္ခပါ့ရှန်သည် သိုင်းကွက်အသားပေးပညာရပ်နှင့် မှော်အစီအရင်များကို ပေါင်းစည်းနိုင်ခဲ့သူ ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နိုင်ငံရေးများကလည်း သူနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်နေသည်။

ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းများ အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သလို၊ ပါမောက္ခပါ့ရှန်၏ သိုင်းကွက်အသားပေးပညာရပ်နှင့် မှော်အစီအရင်များသည်လည်း ပို၍ပင် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့၏။

တောင်ဘက်နယ်စပ်သည် ‌ပထဝီအနေအထားအရ ချောင်ကျသော်လည်း မတူကွဲပြားသော သိုင်းကွက်ကျင့်စဉ်မျိုးစုံ စုဝေးနေသည့် ဥပဒေအမဲ့ဆုံးနေရာလည်း ဖြစ်၏။ ဤနေရာတွင် ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်သိုင်းကွက်များက လျင်မြန်စွာ တိုးတက်နေကြသည်သာမက သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာ၊ သားသတ်သမား ကောင်းကင်ဓားမ၊ ချိမင်နတ်ဘုရားသားတော်နှင့် ရှန်းအန်း အစရှိသော သိုင်းပညာရှင်များ၏ လမ်းပြမှုများကြောင့် ပါမောက္ခပါ့ရှန်၏ အစွမ်းအစများက ပို၍ပင် မြင့်တက်လာခဲ့သည်။ သိုင်းကွက်အသားပေးပညာရပ်များတွင် ဖြစ်စေ၊ မှော်အစီအရင်များတွင်ဖြစ်စေ သူ၏တိုးတက်လာမှုကား အံ့မခန်းလိလိပင်။

ပါမောက္ခပါ့ရှန်က သားသတ်သမားဆီမှ ကောင်းကင်ဓားမသိုင်းကွက်များ သင်ယူခဲ့ရ၏။ သို့သော် သားသတ်သမားက ကောင်းကင်ကို ဓားမဖြင့် ခုတ်ပိုင်းခဲ့၍ ပြစ်ဒဏ်အနေဖြင့် ကိုယ်တစ်ပိုင်း ဖြတ်ခံလိုက်ရပြီးနောက်တွင် သေသွားသည့်သတင်း လွှင့်၍ မဟာမြို့ပျက်ထဲတွင် ဇာတ်မြုပ်နေထိုင်ခဲ့လေသည်။

ထို့ကြောင့် ပါ့ရှန်သည် ကောင်းကင်ဓားမသိုင်းကွက် ကိုးကွက်စလုံး မသင်ယူခဲ့ရသည့်အတွက် လိုအပ်သော ဓားမသိုင်းကွက်များနေရာတွင် သိုင်းပညာအသားပေးပညာရပ်ဖြင့် ပြန်ဖြည့်ကာ ကိုယ်ပိုင်ကျင့်စဉ်ဖြစ်သော အာဏာရှင်ဓားမသိုင်းကွက် ခုနစ်ကွက်ကို ဖန်တီးခဲ့သည်။

သားသတ်သမား အပြင်ပြန်ထွက်လာသည့်အခါ သူ၏ဓားမသိုင်းက မိစ္ဆာဆန်သည်ဟု မှတ်ချက်ပြုခဲ့၏။ သို့သော် ယခုတွင် ပါ‌မောက္ခပါ့ရှန်က သူ့လမ်းသူ တည်ငြိမ်စွာ ဆက်လျှောက်နိုင်ခဲ့သည့်အတွက် သားသတ်သမားဆီမှ လေးစားမှုကိုပင် ရရှိခဲ့၏။

သူက ဓားမသိုင်းကွက်များအတွင်း၌ ‌ကောင်းကင်နတ်သိုင်းများ ကွယ်ဝှက်ထားပြီး သူ၏အာဏာရှင်ဓားမတွင် ပြင်းထန်အားကောင်းသော စွမ်းအားနှင့် နိုင်ထက်စီးနင်းနေသော အရှိန်အဝါတို့ ပြည့်နှက်နေသည်။ ပါမောက္ခပါ့ရှန်က အနီးကပ်ဖြစ်စေ၊ အဝေးမှဖြစ်စေ ချင်မူ့ကို အေးအေးဆေးဆေး တိုက်ခိုက်နိုင်သည်။ အလွန်တရာ အားကောင်းသန်မာလှသောကြောင့် ဓားချက်တစ်ချက်စီနှင့်အတူ ချင်မူ့အား ကိုက်တစ်ရာခန့် တွန်းထုတ်နေသည်။

ပါမောက္ခပါ့ရှန်က ချင်မူ့ကို ဖိ၍ တိုက်ခိုက်နေသည့်အပြင် သူ၏ဓားမသိုင်းကွက်များကလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ တစ်ချက်တစ်ချက်တွင် ဓားတွင် ကောင်းကင်မီးလျှံများ စွဲလောင်လာပြီး နောက်တခဏဝွင် မိုးခြိမ်းသံများ မြည်လာတတ်၏။ သူ၏ဓားမချက်တိုင်းနှင့်အတူ မီးတောက်မီးလျှံများ ဟဲခနဲ ဟဲခနဲ ထတောက်လာတတ်သည်။

ချင်မူမှာ အခက်တွေ့နေပြီး နောက်ဆုတ်နေရသည်။

လီမြစ်တက္ကသိုလ်အတွင်းတွင် နျိုစန်းသွောနှင့် နွားသိုးစိမ်းကြီးက နဂါးချီလင်နှင့် ရေချီလင်အား ရိုက်နှက်နေသည်ကို ရပ်၍ ကောင်းကင်သို့ မော့ကြည့်ကာ ချီးကျူးလိုက်ကြသည်။ “လှလိုက်တဲ့ ဓားမသိုင်းကွက်၊ ခမ်းနားလိုက်တဲ့ ‌ကောင်းကင်နတ်သိုင်းတွေ... ပါမောက္ခပါ့ရှန်က သိပ်အထင်ကြီးစရာကောင်းတာပဲ... သိုင်းကွက်မှော်ကျင့်စဉ်ကို အထာကျကျ ဟန်ချက်ထိန်းနိုင်တယ်... သူသာ သိုင်းလမ်းစဉ်ကောင်းကင်နတ်သိုင်းတွေမှာ ဒီသဘောတရား ထည့်သုံးနိုင်ရင် သိုင်းလမ်းစဉ်ကို သေချာပေါက် ပိုအင်အားကြီးထွားလာအောင် လုပ်နိုင်လိမ့်မယ်”

နွားသိုးစိမ်းကြီးက ဂုဏ်ယူနေသည်။ “ငါ့သခင်ကြီးက မင့်သခင်ကို ရိုက်နေတယ်... ငါ့မွေးစားအဖေကလည်း မင်း မျက်ရည်ထွက်တဲ့အထိ မင်းကို ရိုက်နေတယ်... ဖက်တီးနဂါး၊ နောင်ကျ မင်း ငါ့ကို ဘယ်လိုစော်ကားဦးမလဲ ကြည့်ရသေးတာပေါ့”

လယ်သမားအိုကြီးနှင့် သားသတ်သမားလည်း အပြင်ထွက်လာကာ ကောင်းကင်သို့ မော့ကြည့်နေကြသည်။ လယ်သမားအိုကြီးက ပြောသည်။ “မင့်ရဲ့ တပည့်က အတော်လေး အစွမ်းထက်ပေမယ့် ဒီတိုက်ပွဲမှာ ရှုံးတော့မယ်”

ယွီကျောက်ချင်းသည် တောက်တောက်ပြောင်ပြောင် ဝတ်စားလျက် လမ်းလျှောက်ထွက်လာ၏။ သူမက ကောင်းကင်ထက်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ “သိုင်းပညာကောင်းကင်ဆရာသခင်၊ ဘာကြောင့် အဲဒီလိုပြောတာပါလဲ... ပါမောက္ခပါ့ရှန်ရဲ့ သိုင်းကွက်မှော်ပညာရပ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပြိုင်ဘက်ကင်းတယ်ဆိုရမယ်... နတ်ဘုရားတွေအချင်းချင်းပဲ ယှဉ်မယ်ဆို သူက တကယ် ပြိုင်ဘက်ကင်းပဲ... ကျွန်မ သူနဲ့ ဆရာကြီးကျား တိုက်ခိုက်နေတာ မြင်ခဲ့ဖူးတယ်... ဆရာကြီးကျားတောင် သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး”

သားသတ်သမားက ရှင်းပြသည်။ “သိုင်းကွက်မှော်လမ်းစဉ်နဲ့ သူ ဒီအထိ ရောက်လာခဲ့တာ တကယ် မလွယ်ကူဘူး... ဒါပေမဲ့ ဓားမသိုင်း၊ သိုင်းပညာနဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့အတူ လမ်းစဉ်အဆင့် တက်ဖို့က ပိုလို့တောင် ခက်သေးတယ်... သိုင်းကွက်မှော်လမ်းစဉ်ကို တည်ထောင်ခဲ့သူအနေနဲ့တောင် သူ့အထုံပါရမီက လင်မိသားစုရဲ့ ဆဋ္ဌမမင်းသမီးအောက် နိမ့်ကျနေသေးတယ်.... မူအာ သူ့ကောင်းကင်နတ်သိုင်းတွေ ထုတ်လိုက်တာနဲ့ ပါမောက္ခပါ့ရှန် ရှုံးလိမ့်မယ်”

လယ်သမားအိုကြီး ဝင်ပြောလိုက်၏။ “အဲဒီကောင်လေးက လောဘကြီးလွန်းတယ်... နယ်ပယ်သုံးခုအသာထား... နယ်ပယ်တစ်ခုတည်းနဲ့ လမ်းစဉ်အဆင့်တက်ဖို့က အင်မတန် ရှားနေပြီ... သိုင်းပညာနဲ့ လမ်းစဉ်အဆင့်တက်ဖို့ဆို ပိုလို့တောင် ရှားသေးတယ်... ချင်သားတော်က အဲဒါတွေကို အောင်မြင်ခဲ့တဲ့ အကောင်းဆုံးဥပမာပဲ”

သူ စကားပြောနေစဉ် ဗြောင်းဗြောင်းဗြုန်းဗြုန်း မြည်သံများ ထွက်လာသည်။ ခပ်ချောချောလူငယ်တစ်ယောက်သည် ခြေခြောက်ချောင်း ပေါက်နေသော သေတ္တာကြီးတစ်လုံး၏အပေါ်တွင် ရပ်နေ၏။ သေတ္တာကြီးက မြေပြင်ညီတွင် လမ်းလျှောက်နေသကဲ့သို့ တောင်ပေါ် တက်လာသည်။

ထူးဆန်းသော သေတ္တာကြီး၏အနောက်တွင် ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် လူငယ်တစ်ယောက်နှင့် သမင်ခြေထောက်ရှိသော လူငယ်တစ်ယောက် လမ်းလျှောက်လာနေ၏။

“ရှင်းအန်း” သားသတ်သမား အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဓားအိမ်ထဲမှ ဓားမက ချွင်ခနဲ ထွက်လာသည်။

သေတ္တာကြီးက ပြေးလာကာ အားလုံးအရှေ့၌ တုံ့ခနဲ ရပ်လိုက်သည်။

သေတ္တာကြီးအပေါ်ရှိ လူငယ်က တိမ်တိုက်များအတွင်းရှိ တိုက်ပွဲကို မော့ကြည့်နေရာမှ ဓားသံ ကြားလိုက်သည့်အခါ သတိဝင်သွားသည်။ သူက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကောင်းကင်ဓားမ၊ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး”

သားသတ်သမား‌ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ “ဟိုတုန်းက မင်း ကြောက်အားလန့်အား ထွက်ပြေးရအောင် ဘယ်သူလုပ်ခဲ့တာပါလိမ့်... ကောလဟာလတွေအရ မင်းက တောင်ပင်လယ်ဆီ သွားပြီး ဖန်ဆင်းကောင်းကင်နတ်သိုင်းနဲ့ မင့်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးဖို့ ချိမင်နတ်ဘုရားသားတော်ဆီမှာ တောင်းဆိုခဲ့တယ်ကြားတယ်... ဒါဖြင့် အခြားသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်ခိုးစရာမလိုတော့ဘူးမလား.... မင့်ခန္ဓာကိုယ် အခုမှ ပြန်သက်သာလာတာမလား... ငါ မင်းကို အခွင့်ကောင်းမယူပါဘူး... မင်း ကလဲ့စားချေချင်ရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်”

ရှင်းအန်း ခေါင်းယမ်းလိုက်သည်။ “ငါ မင်းကို စိတ်မဝင်စားဘူး... ငါ ဒီကို လာတာက ဂိုဏ်းသခင်ချင်ကို ကြည့်ဖို့ပဲ.... ဘယ်လောက် ဆွဲဆောင်မှုရှိလိုက်တဲ့ ခန္ဓာကိုယ်လဲ...”

သူ့မျက်လုံးများသည် ပါမောက္ခပါ့ရှန်နှင့် တိုက်ခိုက်နေသည့် ချင်မူ့ကို မမှိတ်မသုန် ကြည့်ကာ တပ်မက်နေသောအသွင် ရှိ၏။

ချိမင်နတ်ဘုရားသားတော်က လမ်းလျှောက်လာကာ ပြုံးသည်။ “နားမလည်မှုမလွဲပါနဲ့ ကောင်းကင်ဓားမ... ရှင်းအန်းက ဖြေရှင်းဖို့ ခက်နေတဲ့ ပြဿနာတစ်ခုအတွက် ဂိုဏ်းသခင်ချင်ဆီက အကူအညီတောင်းဖို့ ဒီရောက်လာတာပါ... ဖန်ဆင်းပညာမှာ သူ့အတွေးအခေါ်တွေက ကျုပ်နဲ့ ယှဉ်နိုင်တယ်... သူက အဲဒီပြဿနာအကြောင်း ဆွေးနွေးချင်လို့သာ ကျုပ်ဆီ လာခဲ့တာပါ... ကျုပ်အနေနဲ့ သူ့ပြဿနာတစ်ချို့တစ်ဝက် ဖြေရှင်းပေးနိုင်ခဲပေမယ့် ပြန်တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်မှာ အားနည်းချက်တွေ ရှိနေသေးတာ ခံစားရတယ်... အဲဒါနဲ့ ဂိုဏ်းသခင်ချင်က ဖန်ဆင်းပညာရပ်နှင့်ပတ်သက်လာရင် ပညာရှင်စစ်စစ်ဖြစ်တဲ့အကြောင်း ကျုပ် ပြောပြလိုက်တော့ သူလည်း ဂိုဏ်းသခင်ချင်ကို အခုလို လာရှာတာပါ”

ရှင်းအန်းက မှင်သေသေဖြင့် ထပ်ဖြည့်ပြောသည်။ “ဖန်ဆင်းခြင်းလမ်းစဉ်မှာ ဂိုဏ်းသခင်ချင်က တစ်လောကလုံးမှာ နံပါတ်တစ်ပဲ.... သူပြီးရင် ငါနဲ့ ချိမင်နတ်ဘုရားသားတော်က နံပါတ်နှစ်နေရာမှာ ရှိတယ်”

All Chapters