မိန်ဇီဟော်နှင့် ထပ်မံ တွေ့ဆုံခြင်း။
Vol. 129 Ch. 1802
ကူကျွင့်က နောက်ဆုံး ဝိုင် တစ်လုတ်ကို သောက်ပြီး ပုလင်းကို ခါယမ်းလျက်၊
“ သွေးလဂိုဏ်း အကြောင်း ပြောရမယ် ဆိုရင်၊ သူက နတ်နဂါး အင်ပါယာရဲ့ ရန်သူပဲ။ ”
-ဟု ရှင်းပြ လာသည်။
“ အဲဒါကို သိတယ် ... ။ ”
“ ဒါဆို အမှောင်ခေတ် အကြောင်းရော သိလား။ ”
“ အင်း ... ။ ”
“ မင်း သိတာကို အရင် ပြောပါ။ ”
“ လွန်ခဲ့တဲ့ နှစ်တစ်သိန်းက နတ်ဘုရား တိုက်ပွဲ အပြီးမှာ၊ နဂါး တံခါး ပျက်စီး သွားပြီး ရွှေခေတ် ကုန်ဆုံး သွားတယ်၊ ဒါကြောင့် အမှောင်ခတ် စတင် လာတယ်၊ ...
... အဲဒီ အချိန်က ကမ္ဘာကြီး ပျက်သုဉ်း သွားတဲ့ အချိန်ဖြစ်လို့၊ လူသား တွေက ပိုမွှား တွေလို သနား စရာ ကောင်းစွာ၊ အသက်ရှင် နေထိုင် ခဲ့ရတယ်၊ ...
... ဧကရာဇ် ကိုးပါး ပေါ်လာပြီး၊ အမှောင်ခေတ်ကို အဆုံး သတ်နိုင်တဲ့ အချိန် မှသာ၊ နတ်နဂါး အင်ပါယာ ထွက်ပေါ်လာ နိုင်တယ်။ ”
လင်းယွန်မှ သူ သိသမျှ ပြောပြ လိုက်သည်။
“ ဒါက ... လူတော်တော် များများ သိတဲ့ အကြောင်း အရာ တွေပဲ၊ တောင်ပိုင်း ဧကရာဇ် သေဆုံး ခြင်းလို ထူးခြားတဲ့ အရာ တွေလည်း ရှိသေးတယ်၊ ဧကရာဇ် ကိုးပါးက၊ ...
... နဂါး တံခါးကို ပြန်ပြီး တည်ထောင် လိုတယ် လို့လည်း ဆိုကြတယ်၊ အဆုံးမှာတော့ နတ်နဂါး အင်ပါယာ ကိုသာ ထူထောင် ခဲ့ကြ တယ်၊ ရလဒ် အနေနဲ့၊ ဧကရာဇ်တေွ ကြားမှာ အက်ကြောင်း ပေါ်လာတယ်၊ ...
... ဓားဧကရာဇ် ယုချင်းဖန်က နတ်နဂါး အင်ပါယာနဲ့ လမ်းခွဲပြီး၊ နတ်မိစ္ဆာ ဧကရာဇ် ပါ ထွက်ခွာ သွားတယ်၊ ...
... ဘာတွေ ဖြစ်ပျက် ခဲ့လဲ ဆိုတာ ... ၊ ဘယ်သူမှ အတိအကျ မသိဘူး၊ သွေးလ ဂိုဏ်းနဲ့ ဘယ်လို ပတ်သတ်တဲ့၊ အကြောင်း အရာ တွေရှိတယ် ဆိုတာကို မကြား ဖူးဘူး။ ”
လင်းယွန် စကားဆုံး သည်နှင့် ကူကျွင့်က ထပ်မေးသည်။
“ ဧကရာဇ် ကိုးပါး အပြင် ... ၊ နောက်ထပ် ဘုရင် သုံးပါး ရှိတာ ကိုရော မင်း သိလား။ ”
“ မသိဘူး။ ”
“ သူတို့ရဲ့ ခွန်အားက နတ်ဘုရား နီးနီး သန်မာကြတယ်၊ ဒါကြောင့် ဆန္ဒ ရှိရင်၊ အမှောင် ခေတ်ကို အဆုံးသတ် နိုင်တယ်၊ သူတို့ကို ...
... နတ်ဆိုး ဘုရင်၊ သွေးဘုရင်နဲ့ ... ၊ ငရဲ ဘုရင်လို့ ခေါ်တွင် ကြတယ်၊ သေွးဘုရင် ဆိုတာ သွေးလ ဂိုဏ်းရဲ့ ဘိုးဘေးပဲ၊ ဧကရာဇ် ကိုးပါးက သူ့ကို မသတ်နိုင် ခဲ့ဘူး၊ တောင်ပိုင်း ဧကရာဇ်တောင် ချိပ်ပိတ် နိုင်ရုံပဲ ရှိတယ်၊ ...
... ဒါကြောင့် အမှောင် ခေတ်က ပြန်လာ တော့မယ့်၊ အရိပ် အယောင် မျိုးတွေ ပြသနေ ခဲ့တာ။ ”
“ ဝိညာဉ် နတ်မိစ္ဆာ မိသားစု။ ”
လင်းယွန် အမည် တစ်ခုကို ရေရွတ် လိုက်သဖြင့်၊ ကူကျွင့်မှ ခေါင်းငြိမ့် ပြလိုက်ပြီး၊
“ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်က အရမ်း ကြောက်စရာ ကောင်းတယ်၊ သူတို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က အမြစ်ပြတ် ချေမှုန်း နိုင်ခြင်း မရှိတော့ ... အင်အားစု အသီးသီး ထဲကို လျှို့ဝှက်ပြီး၊ စိမ့်ဝင် နေကြတယ်။ ”
-ဟု ပြောပြ လာသည်။
လင်းယွန်က ဝိညာဉ် မိစ္ဆာ မိသားစုနှင့် ထိတွေ့ ဖူးသောကြောင့် မျက်ခုံးပင့် သွားသည်။ ဝိညာဉ် မိစ္ဆာ မိသားစုမှာ၊ အပျက်အစီး နယ်မြေ များ၏ ပြင်ပထိ ရောက်ရှိ နေသည်လော။
“ နတ်နဂါး အင်ပါယာက ရန်သူတွေ အများကြီးနဲ့ စစ်တိုက် နေရတယ်၊ အခု သွေး ဘုရင်တောင် နိုးထ လာပြီ ဆိုတဲ့ ... ၊ ကောလ ဟာလတွေ ကြားနေ ရပြီ။ ”
ကူကျွင့်က လေးနက်သော အမူ အရာဖြင့် ပြောလာသည်။
“ နဂါးပြာ မှတ်တမ်း ထွက်လာ တာက သတင်းကောင်း တစ်ခု မဟုတ်ဖူးပဲ၊ သူတော်စင် အကြီးအကဲက ရွှေခေတ် ပေါ်ပြီး၊ အမှောင်တွေ ပြန်လာ မယ်လို့ ပြောနေတာ ဒါကြောင့်ကိုး။ ”
လင်းယွန်မှ ရေရွတ် လိုက်သည်။
“ ဟုတ်တယ် ... ဒါကြောင့် လိပ်နက် ပင်လယ်ကွေ့က ဖရိုဖရဲ ဖြစ်လိမ့်မယ်၊ မင်းက အဲဒီ ပြဿနာ တွေထဲ မပါဝင်ပဲ နေတာ အကောင်းဆုံး ပါပဲ။ ”
ကူကျွင့်က သတိ ပေးလာ၏။
“ လိပ်နက် ပင်လယ် ကွေ့မှာ ... ၊ ဘာရှာ နေကြ တာလဲ။ ”
“ လိပ်နက် သူတော်စင် ကျမ်း ... ။ ”
ကူကျွင့်က အဝေးကို ငေးပြီး၊
“ မိုးပြာ နဂါး၊ မီးငှက်၊ ကျားဖြူနဲ့ လိပ်နက် ဆိုတာက ရှေးခေတ်က တန်ခိုးကြီး နတ်သားရဲ တွေပဲ၊ သူတို့ရဲ့ ကျင့်ကြံမှု နည်းစနစ် တွေက အရမ်း အဖိုးတန်တယ်၊ ...
... အဲဒီတုန်းက နတ်သားရဲ တွေက ... လူသား ပုံစံ ခံယူပြီး၊ လူသား တေွနဲ့ ပေါင်းဖက် လာတဲ့ အခါ၊ ဗီဇပြောင်း လူသား အချို့ မွေးဖွား လာတယ်၊ အဲဒီ သူတို့ရဲ့ မျိုးဆက် သစ်တွေနဲ့၊ ...
... လိုက်လျော ညီထွေ ဖြစ်အောင် ... ၊ နည်းစနစ် တွေကို အပြောင်း အလဲ လုပ်ခဲ့ ရ တယ်၊ ဥပမာ မင်းရဲ့ မိုးပြာ နဂါး အမွေ လိုပဲ၊ ...
... စစ်မှန်တဲ့ မိုးပြာ နဂါး သူတော်စင်ကျမ်း မူလကို မိုးပြာ နဂါး ဘိုးဘေး ကုန်းမြေ မှာသာ တွေ့နိုင်တယ်။ ”
အထက်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး၊ နိဗ္ဗာန် နန်းတော် သခင်မှ ပြောပြ ဖူးသဖြင့်၊ အတွေးထဲ နစ်မျော သွား၏။ သူ ရရှိ ထား သည်မှာ၊ အမှန်ပင် အပိုင်းအစ မျှသာ ဖြစ်သည်။
ရွှေခေတ် ပျက်စီး ပြီးနောက်၊ ကမ္ဘာပေါ်ရှိ နတ်သား ရဲများ အားလုံး ပျောက်ကွယ် သွား ခဲ့သည်။
သူတို့ မည်သည့် အရပ်သို့ ရောက်ရှိ သွား သည်ကို မည်သူမျှ မသိ ကြချေ။ ကျန်ရှိခဲ့သော သားစဉ် မြေးဆက် များ၏ သေွးသားမှာ သန့်စင်မှု နိမ့်ကျ ကြသည်။
ထို့ကြောင့် အမှောင်ခေတ်၌ ၎င်းအဆင့် နတ်သားရဲ များ၏ သားစဉ် မြေးဆက် များကို၊ ပစ်မှတ်ထား အမဲလိုက် ကြတော့သည်။
နတ်နဂါး အင်ပါယာ ထွက်ပေါ် လာချိန် မှသာ၊ နဂါး မျိုးရိုး၏ သွေးသားကို ပိုင်ဆိုင်သော လူများစွာ ရှင်သန် ထမြောက် လာနိုင်ခြင်း ဖြစ်သည်။
အထက်ပါ အချင်း အရာ များကို ကူကျွင့်မှ ဝမ်းနည်းစွာ ရှင်းပြ လာ၏။
“ မင်း ဘာလို့ ဒီလောက် ဝမ်းနည်း နေရ တာလဲ၊ မင်းမှာ နတ်သားရဲ သွေးသား ရှိတယ်လို့ ငါ့ကို မပြောနဲ့။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။
“ အရူး စကား မပြောနဲ့ ... ။ ”
ကူကျွင့်က ဒေါသတကြီး ကျိန်ဆဲ လာ သဖြင့်၊ လင်းယွန်မှ ဆက်မမေး တော့ဘဲ၊ ပြုံးရုံ သာ ပြုံးနေ လိုက်သည်။
“ လိပ်နက် ပင်လယ် ကွေ့မှာ ... ၊ လိပ်နက် သူတော်စင် ကျမ်း ... တကယ် ရှိလို့လား။ ”
“ ဒါက ကောလဟာလ တွေပါ ... ၊ ကျမ်း အချို့နဲ့ လျှို့ဝှက် ပညာတွေ ... ၊ ရှိကောင်း ရှိနိုင် ပေမယ့်၊ ပြီးပြည့်စုံတဲ့ ကျမ်း တစ်ဆောင်ကို ရဖို့တော့ မဖြစ် နိုင်ဘူး။ ”
ယင်းက အဓိပ္ပါယ် ရှိသောကြောင့် လင်းယွန်မှာ တွေးတော လိုက်မိသည်။
“ ဒါပေမယ့် သူတို့က အပိုင်း အစတွေ ဆိုရင်တောင်၊ အရမ်း တန်ဖိုး ရှိပါတယ်၊ ပြည့်စုံ တဲ့ အမွေ ကတော့ ချွင်းချက် မရှိပေါ့။ ”
ကူကျွင့်က ဖြည့်စွက် ပြော လာသည်။ ရုတ်တရက် လိပ်နက် အသွင် ပြောင်းနည်း ကို သတိ ရလာ၏။ အန်းလျူယွင်၏ တာဝန်မှာ၊ အလားတူ အပိုင်း အစ များကို ရှာဖွေရန် ဖြစ်သည်။
“ ငါ သွားရမယ်။ ”
“ ဘာ အတွက်လဲ ... ၊ ကျော်ကြားမှုကို လိုချင် နေတာလား ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ပထမကို၊ လူ ဘယ်နှစ်ယောက် လောက်က၊ ...
... မျက်စိကျ နေလဲ ... မင်း သိရဲ့လား ... ၊ အဲဒီမှာ မင်းကို ဘယ်သူမှ ကာကွယ်ပေး နိုင်မှာ မဟုတ်ဘူး။ ”
ကူကျွင့်မှ မကျေ မနပ်ဖြင့် ပြောလာသည်။ လင်းယွန်က လိပ်ခွံကို ထုတ်ယူကာ၊
“ ဒီလိပ်ခွံကြောင့် ... ၊ ငါ သွားရင် တစ်ခုခုကို ရှာတွေ့ဖို့၊ အခွင့် အလမ်း များပါတယ်။ ”
-ဟု ပြန်ဖြေ လိုက်တော့သည်။
“ ဟမ့် ... ဒါ တကယ့် လိပ်နက်ရဲ့ အပိုင်းအစ တစ်ခုပဲ၊ ပြစမ်း ဘယ် အမျိုး အနွယ် ကလဲ ဆိုတာ ကြည့်ရအောင်။ ”
ကူကျွင့်မှာ ဟန် မဆောင်နိုင် တော့ဘဲ၊ လိပ်ခွံကို လှမ်းယူ လေရာ၊ လင်းယွန်မှ ချက်ချင်း ပြန်ရုတ် သိမ်းပစ်သည်။
“ မင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေ တာပဲ။ ”
ကူကျွင့်က ဒေါသတကြီး ပြော၏။
“ မင်းလည်း အတူတူ ပါပဲ။ ”
လင်းယွန်မှ ပြုံးကာ ဆိုသည်။ ကူကျွင့်တွင် နတ်သားရဲ သေွးပိုင်ဆိုင် ထားနိုင်သည်ဟု ထင်မိ သဖြင့်၊ စုံစမ်း နေခြင်း ဖြစ်၏။
တစ်ဖက်တွင် သူ သည်လည်း လိပ်နက် သူတော်စင် ကျမ်းကို စိတ်ဝင် စား၏။ တိုက်ရိုက် မလိုအပ် သော်လည်း၊ ၎င်းကို အကိုး အကား အဖြစ် အသုံးပြု နိုင်သည်။
သူ့ကိုယ်ပိုင် ဓားပညာနှင့် အမွေကို ဖန်တီးပြီး၊ သူတော်စင် လမ်းကို လျှောက်လှမ်း နိုင်ရန်၊ အမြင်ကျယ်ဖို့ လိုချေပြီ။
တခြားသူ များ၏ အမွေကို ဆက်ခံခြင်း မျိုးထက် ကိုယ်ပိုင် လမ်းကို ဖောက်လုပ် ရန်မှာ၊ သူ့ အိပ်မက် ဖြစ်သည်။
“ အန်းလျူယွင်ကို ... ၊ ဒီကိစ္စ မသိ စေနဲ့။ ”
ထို့နောက် ယွဲ့ဝေဝေကို နှုတ်ဆက်ရန် ထွက်ခွာ လာခဲ့သည်။ ဤခရီးစဉ် ပြီးနောက်၊ ကောင်းကင် ရနံ့ သင်းသင်းသို့၊ သူ ပြန်လာ တော့မည် မဟုတ်ချေ။
နှုတ်ဆက်ကာ၊ ပြန်လည် ထွက်ခွာ သွားသော လင်းယွန်၏ နောက်ကျောကို ယွဲ့ဝေဝေမှ ငေးကြည့် နေမိသည်။
ဤနေ့သည် အနှေးနှင့် အမြန် ရောက်လာ မည်ကို သူမ သိသည့် သဖြင့် ပြင်ဆင် ထားပြီး ဖြစ် လေသည်။
“ အစ်မမု ... အစ်ကိုကြီး လင်းက လိပ်နက် ပင်လယ်ကေွ့ကို သွားတာ ဖြစ်မယ်။ ”
မုရွယ်လင်အား လှည့်ကြည့်ကာ ပြောလိုက်သည်။ မုရွယ်လင်က သူ့ ညီမ၏ အတွေးကို သိသဖြင့်၊
“ လိပ်နက် ပင်လယ် ကေွ့မှာ၊ ကန့်သတ်ချက် ရှိတယ်၊ မြင့်မားတဲ့ ကျင့်ကြံမှု ရှိ သူတွေ ဝင်ခွင့် မပေးဘူး၊ မရဏ အဆင့်က လူတွေတောင် ဝင်ခွင့် ရမယ် မထင်နဲ့၊ ...
... သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ် နိုင်ပါတယ်၊ နဂါး သွေးလွှတ်ကြော ပထမ နေရာ ကို ရယူဖို့ ဆုံးဖြတ် လိုက်ထဲက၊ သူ့ဘဝ လွယ် တော့မှာ မဟုတ် ဖူးလို့၊ သူ တွက်ဆ ထားပြီး သားပါ၊ ဒါကြောင့် စိတ်ပူ မနေနဲ့။ ”
“ ဒါပေမယ့် လိပ်နက် ပင်လယ် ကေွ့ရဲ့၊ ကန်သတ်ချက်က ပေါက်သွားရင် ... ဘယ်လို လုပ်မလဲ။ ”
ယွဲ့ဝေဝေက နှုတ်ခမ်း ကိုက်ကာ မေးခွန်း ထုတ်လာ၏။ အဆုံးတွင် မုရွယ်လင်မှ သက်ပြင်း ချ လိုက်ပြီး၊
“ ငါ့ကို ဘာလုပ် စေချင် တာလဲ။ ”
-ဟု တိုက်ရိုက် ပြန်မေး မိလေသည်။
“ ဟီးဟီး ... ငါ့အတွက် အစ်မက အကောင်းဆုံး ဆိုတာ ... ငါ သိပါတယ်။ ”
ထိုအချိန်တွင် လင်းယွန်က ကောင်းကင် နယ်မြေ နယ်နိမိတ် အစပ်သို့ ဦးတည် နေသည်။ လိပ်နက် ပင်လယ် ကွေ့သို့ သွားလိုသော် သင်္ဘော လိုအပ်၏။
ကောင်းကင် နယ်မြေ အစပ်တွင်၊ ဆိပ်ခံ တံတား လေးစင်း ရှိပြီး၊ တစ်စင်းစီ၌ သင်္ဘောကြီးများ အပြည့် ဆိုက်ကပ် ထားသည်။
ရေနွေးကြမ်း သောက်ပွဲ ပြီးဆုံးသွား ခဲ့သည်မှာ တစ်လကျော် ကြာချေပြီ။ ထို့ကြောင့် လင်းရှောင်သည် ပထမ ရရှိပြီး၊ ဗိုလ်ချုပ် နှစ်ပါး ကို အနိုင်ယူ ခဲ့ကြောင်း၊ လူတိုင်း သိနေပြီး ဖြစ်၏။
လိပ်နက် ပင်လယ် ကေွ့အား စုံစမ်း လိုသောကြောင့်၊ လင်းယွန်က စားသောက်ဆိုင် တစ်ဆိုင်သို့ ဝင်ရောက် လိုက်သည်။
စားသောက်ဆိုင် အတွင်း၊ ဆွေးနွေး သံများ ညံနေ၏။ လင်းယွန်က ဝါးခမောက် တစ်လုံးကို မျက်နှာ ကွယ်အောင် ဆောင်းလျက်၊ ထောင့် တစ်နေရာ၌ ဝင်ထိုင် လိုက်သည်။
ဝိုင် တစ်အိုး မှာယူ နေစဉ်၊ လူ တစ်ယောက်က သူ့ စားပွဲတွင်၊ လာဝင် ထိုင် တော့သည်။
“ ဟေ့ ... ကိုလူချော၊ ငါဒီမှာ ထိုင်ရင် ... မင်း စိတ် မဆိုးဖူး မဟုတ်လား။ ”
လင်းယွန်က ခေါင်းမော့ ကြည့်လိုက်ရာ၊ ပြုံးပြ နေသော မိန်ဇီဟော်ကို တွေ့လိုက် ရလေ သည်။
***