လက်ဆောင်! မိသားစုနှစ်ခုလိုက်ဖက်နေမှု!
Vol. 9 Ch. 121
ချင်းလင်စံအိမ်ရော ချင်းလင်အစားအသောက်စက်ရုံပါ အသက်ဝင်နေသည်။
နေ့လယ်ပိုင်းက စက်ရုံသို့ဗန်ကားတစ်စီးရောက်လာပြီး အစေ့အဆန်နှင့်ချောကလက်အိတ်များ ခြံဝင်းထဲပုံထပ်သွား၏။ ဝန်ထမ်းအားလုံးက ဒီနေ့တစ်ခုခုဝေမည်မှန်းသိသွားကြသည်။
အစေ့အဆန်နှင့်ချောကလက်အားလုံးမှာ အလွန်ကြီးသောလက်ဆောင်အိတ်များဖြစ်၏။ စက်ရုံဝန်ထမ်းများက မျှော်လင့်ချက်များအပြည့်နှင့်။ သူတို့သားတွေသမီးတွေစားဖို့ယူသွားမည်ဆိုလျှင် သေချာပေါက်ပျော်သွားကြမှာပင်။
''ပစ္စည်းရပြီးတဲ့သူက အလုပ်ဆင်းလို့ရပြီ... ညဆိုင်းကျတဲ့သူက မနက်ဖြန်မနက်မှာ ပစ္စည်းထုတ်လို့ရမယ်နော်'' တန့်ကွမ်းက မြင်ကွင်းကိုငေးကြည့်လိုက်သည်။ အခုစက်ရုံဝန်ထမ်းတွေက ဝန်ပိနေပြီ။ ထုတ်လုပ်ရေးလမ်းကြောင်းတစ်ခုရဲ့ဝန်ထမ်းတွေက သာမန်လိုအပ်သည်ထက် သုံးဆလုပ်နေရ၏။
တချို့အရာတွေကို သူကိုယ်တိုင်စောင့်ကြည့်တိုင်အောင် စိတ်သက်သာမည်မဟုတ်။
သာမန်အခြေအနေတွင် ဘယ်စက်ရုံမဆို ဒီလိုအနေအထားနှင့် ဒီလိုအလဟဿထောက်ပံ့နေလျှင် ဒေဝါလီခံရဖို့မဝေးတော့။
သို့သော် ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ထုတ်လုပ်ရေးလမ်းကြောင်း ၃၅ ခုတိုးချဲ့ရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့။ ထုတ်လုပ်ရေးအဆင့်ပင်ရောက်တော့မည်။ ကျွမ်းကျင်လုပ်သားများမရှိဘဲမဖြစ်နိုင်။ အနည်းဆုံး ထုတ်လုပ်ရေးလမ်းကြောင်းကိရိယာနှင့် ကိုယ်တိုင်ရင်းနှီးအောင်လုပ်ယူရပေမည်။ စက်ရုံဟောင်းနှင့်အသားကျမှသာ အလုပ်ခန့်နိုင်မည်။ အချိန်တန်လျှင် စက်ရုံသစ်သို့ရွှေ့ပြောင်းနိုင်၏။
စံအိမ်ထဲတွင်_
ပစ္စည်းများမျှဝေပြီး သန့်ရှင်းရေးလုပ်ပြီးနောက် ချင်လင်က တာဝန်ကျဝန်ထမ်းတချို့ထား၍ ကျန်လူများကိုအလုပ်စောစောဆင်းခိုင်းလိုက်သည်။ တချို့စားပွဲထိုးမလေးများမှာ Wechat တွင်စကားပြောနေကြပြီး စီရင်စုထဲတွင်ချိန်းတွေ့ရန်စိတ်လောနေကြ၏။
သူဌေးတစ်ယောက်အနေနှင့် သူလျစ်လျူရှုမထားနိုင်။
ဂျူတီဆင်းလိုသူများကို အချိန်ပိုဟုန်ပေါင်းအဖြစ် ယွမ် ၁၀၀ ပေးမည်။
များသောအားဖြင့် ဂျူတီဆင်းလိုသူများမှာ တစ်ကိုယ်တည်းသမား (သို့) ချိန်းဆိုထားခြင်းမရှိသူများဖြစ်ကြသည်။
ဆရာလင်း၏အလုပ်သင် လင်ပင်းမှာ အလွန်ဉာဏ်ကောင်း၏။ သူကတာဝန်ကျစာပွဲထိုးမလေးတစ်ဦးနှင့် အနေနီးအောင်ကြိုးစားထားပြီးဖြစ်သည်။
......
''သူဌေး အစ်မမိုချင်း အန်တီဖန်... ကျွန်မတို့သွားလိုက်ပါဦးမယ်'' ကောင်းယောင်ယောင်က စားပွဲထိုးမလေးနှစ်ဦးကိုလက်တွဲ၍ မသွားခင် ချင်လင်၊ ကျောက်မိုချင်းနှင့် လင်းဖန်တို့ကိုနှုတ်ဆက်လိုက်၏။
လင်းဖန်ကပြုံး၍ လက်ယမ်းပြလိုက်သည်။ သူ့သားဝန်ထမ်းများထဲတွင် ကောင်းယောင်ယောင်ကိုသဘောအကျဆုံးပင်။ သူ့သားဝန်ထမ်းအားလုံးပြုံးပျော်နေသည်ကို သူမကအလွန်ဂုဏ်ယူနေ၏။
ဒီမတိုင်ခင်က သူ့သားမှာ ဒီလောက်ဝန်ထမ်းအများကြီးရှိလာမည်ဟု စိတ်တောင်မကူးဝံ့။
ထို့နောက် လင်းဖန်လည်း သူ့သားကိုတိုက်တွန်းလိုက်သည်_ ''ရှောင်လင်... မြန်မြန်သွားစို့... မိုချင်းအမေကို အကြာကြီးစောင့်ခိုင်းထားလို့မဖြစ်ဘူး''
''ဟုတ်ကဲ့'' ချင်လင်ကပြုံး၍ခေါင်းညိမ့်လိုက်သည်။
သူ့အမေနှင့်ယောက္ခမမှာ အလွန်သင့်မြတ်နေပြီ။ သူတို့တူတူစျေးဝယ်ထွက်လေ့ရှိပြီး အားလုံးလိုလိုပြောပြလေ့ရှိသည်။ သူတို့မှာ သက်လတ်ပိုင်းအရွယ်သူငယ်ချင်းကောင်းများဖြစ်ကြလေသည်။ ထို့ကြောင့်သူ့မှာ အမျိုးသားအတော်များများကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာမိသားစုအခြေအနေများဖြေရှင်းစရာလည်းမလိုချေ။
ကျောက်မိုချင်းလည်းပြုံးပြီး လင်းဖန်လက်ကိုတွဲလိုက်သည်။ သူမယောက္ခမက သူမအမေနှင့်ရင်းနှီးနေသဖြင့် အပျော်ဆုံးလူမှာသူမပင်။
ချင်လင်က ဂျူတီကျဝန်ထမ်းကိုညွှန်ကြားပြီး သူ့အမေနှင့်ကျောက်မိုချင်းကို ကားပါကင်ဆီခေါ်သွားလိုက်သည်။
လင်းဖန်နှင့်ကျောက်မိုချင်းကားထဲသို့ဝင်မည်အပြု သူကလှပသောလက်ဆောင်ဘူးလေးနှစ်ဘူးကိုတိတ်တိတ်လေးထုတ်ပြီး ကျောက်မိုချင်းနှင့်လင်းဖန်ကိုပေးလိုက်သည်။
''ဘာလဲ?'' ကျောက်မိုချင်းက အံ့သြကြည်နူးသွား၏။
ဒါမှမဟုတ် ကိုယ့်ယောက်ျားဆီကလက်ဆောင်ရလို့ မပျော်တဲ့မိန်းမရောရှိနိုင်ပါ့မလား?
ချင်လင်ကပြုံးပြီး_ ''ကိုယ်မင်းအတွက် သီးသန့်လက်ဆောင်ပြင်ထားတာ... ဖွင့်ကြည့်လိုက်''
ကျောက်မိုချင်းက သိချင်စိတ်နှင့် လက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်ရာ လက်ရာမြောက်သောခရမ်းစွဲဆွဲသီးကိုတွေ့လိုက်ရသည်။
''လှလိုက်တာ!'' ကျောက်မိုချင်းက အံ့သြစွာပြောလိုက်၏။
ချင်လင်ကပြုံး၍မေးလိုက်သည်_ ''ကြိုက်ရဲ့လား?''
''အင်း!'' ကျောက်မိုချင်းက ဝမ်းပမ်းတသာခေါင်းညိမ့်လိုက်ပြီး ခပ်ချွဲချွဲအသံနှင့်_ ''ဝတ်ပေးပါဦး''
ချင်လင်ကပြုံးလိုက်ပြီး ခရမ်းစွဲကျောက်မျက်ဆွဲသီးကိုကိုင်ကာ ကျောက်မိုချင်းအနောက်သွားလိုက်သည်။ သူမ၏လှပသောဆံနွယ်များကို သူကလက်နှင့်သပ်လိုက်ပြီး ကျော့ရှင်းသောလည်တိုင်တွင် ဆွဲသီးကိုဆွဲပေးလိုက်၏။
''လှလား?'' ကျောက်မိုချင်းက ပျော်ရွှင်စွာမေးလိုက်သည်။

ချင်လင်ကခေါင်းညိမ့်ပြီး ချီးမွှမ်းလိုက်၏_ ''ကိုယ့်ဇနီးကလှပြီးသားပဲ... ဘာနဲ့ဖြစ်ဖြစ်လိုက်တယ်''
''အမေရှိတယ်လေ!'' ကျောက်မိုချင်းက ချင်လင်ကိုမျက်လုံးလှန်ကြည့်လိုက်သည်။
သို့သော်လင်းဖန်ကမူ ထိုကလူကျီစယ်နေသောမြင်ကွင်းကို သဘောကျနေ၏။ သူတို့နှစ်ယောက်ဒီလိုတစ်သက်လုံးနေနိုင်ပါစေဟုသာ ဆုတောင်းမိသည်။
သူမလည်းသိချင်စိတ်နှင့် သူ့သားပေးသောလက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်သည်။
လက်ဆောင်ဘူးထဲတွင် လက်ရာလှပသောကျောက်စိမ်းလက်ကောက်တစ်ကွင်းပါ၏။
ဤသည်က သူမကိုကျေနပ်စေသည်။
သူမမှာလည်း ကျောက်စိမ်းလက်ကောက်ရှိခဲ့ဖူးသည်။ သားရဲ့အဖေက မင်္ဂလာနှစ်ပတ်လည်အတွက်ဝယ်ပေးခဲ့သော်လည်း ဘာလုပ်ရမှန်းမသိ၍ရောင်းခဲ့ရ၏။
''ရှောင်လင်... ဒီလက်ကောက်က ဒီလောက်အရောင်အဆင်းလှတာ... စျေးကြီးတယ်မလား?'' လင်းဖန်က လူကြီးများအလေးထားလေ့ရှိသောမေးခွန်းကိုမေးလိုက်သည်။
ချင်လင်ကကွယ်ဝှက်မထားဘဲ ရှင်းပြလိုက်၏_ ''ဒီဆွဲသီးနဲ့လက်ကောက်က ခရမ်းစွဲကျောက်မျက်နဲ့ပန်းစိမ်းကျောက်ကို စိတ်တိုင်းကျမှာထားတာ... နှစ်မျိုးလုံး ယွမ် ၅ သောင်းနဲ့ ၆ သောင်းကြားရှိတယ်!''
''စျေးကြီးလိုက်တာ'' လင်းဖန်က လုံးဝလန့်သွားသည်။
ကျောက်မိုချင်းက အမှတ်တမဲ့ဆွဲသီးကိုကိုင်၍ ပြန်ချွတ်ကာ လက်ဆောင်ဘူးထဲထည့်လိုက်၏။
သူမအရင်က ဒီလောက်စျေးကြီးတဲ့ကျောက်မျက်ရတနာမျိုးမဝတ်ခဲ့ဖူး။
ယွမ် ၅ သောင်းကျော်တန်တဲ့ဆွဲသီးကိုလည်ပင်းဆွဲထားပြီး အလုခံရရင် ရင်နာစရာမဟုတ်လား?
ချင်လင်ကမေးလိုက်သည်_ ''ဘာလို့ပြန်ချွတ်လိုက်တာလဲ?''
ကျောက်မိုချင်းက_ ''အရမ်းစျေးကြီးတယ်လေ... မျက်စိကျစရာဖြစ်နေတယ်... ကျွန်မရှိတာကျွန်မသိရင်ရပြီ''
ချင်လင်ကခေါင်းခါပြီး လက်ဆောင်ဘူးထဲမှဆွဲသီးကိုထုတ်ယူလိုက်သည်။ သူကကျောက်မိုချင်းအနောက်သွား၍ တဖန်ပြန်ဆွဲပေးလိုက်၏_ ''မျက်စိကျစရာဖြစ်တယ်ဆိုတာ ဘာလဲ? ဒီထက်စျေးကြီးတဲ့ဆွဲသီးတွေဆွဲကြတဲ့ လူချမ်းသာတွေမှအများကြီး... ဆွဲသီးဝယ်ပြီးမှတော့ ဝတ်ရမှာပေါ့... အခုက တစ်ခုပဲရှိသေးလို့... နောက်ဆိုပိုများလာဦးမှာ... ဒါတွေကိုသိမ်းထားပြီး ဖုန်တက်ခံမလို့လား?''
ကျောက်မိုချင်းက ချင်လင်စကားကြားလျှင်မငြင်း။ သူမမျက်နှာမှာ မဖုံးနိုင်မဖိနိုင်ပျော်ရွှင်နေသည်။
လင်းဖန်က လက်ဆောင်ဘူးထဲ လက်ကောက်ထည့်ပြီး ချင်လင်ဆီထိုးပေးလိုက်ကာ_ ''ရှောင်လင်... ဒါကိုပြီးကျရင် မိုချင်းအမေကိုပေးလိုက်... ချန်ရှောက်က တို့မိသားစုအတွက် ဒီလိုချွေးမကောင်းလေးကိုပျိုးထောင်ပေးခဲ့တာ... အရင်ကမင်းလုပ်ခဲ့သမျှကိုလည်း ခွင့်လွှတ်ထားပေးပြီးပြီ... မင်းအိမ်ဝယ်ဖို့ ယွမ် ၃ သိန်းတောင်ပေးသေးတယ်... နောင်ကိုသူ့အပေါ် သားသမီးဝတ္တရားကျေရမယ်''
''အမေ... အမေ့သားက မသိတတ်တဲ့သူလား?'' ချင်လင်ကပြုံး၍ ကားထဲမှနောက်တစ်ဘူးထုတ်လိုက်သည်။ အထဲတွင် ပန်းစိမ်းလက်ကောက်နောက်တစ်ကွင်းရှိ၏။
ချင်လင်က သူ့အမေအတွက်တောင် လက်ဆောင်ပြင်ထားမှန်း ကျောက်မိုချင်းသိရလျှင် မျက်လုံးထောင့်တွင်မျက်ရည်များဝိုင်းလာသည်။
စိတ်လှုပ်ရှားစရာကောင်းလိုက်တာ။
သူမကချက်ချင်း သူမအမေရှိရာဆီလှည့်၍_ ''အမေ့အတွက်လက်ကောက်ယူလာပြီ အမေ''
ခဏအကြာ_
သူတို့သုံးယောက်သား ကားထဲဝင်လိုက်ကြသည်။
ချင်လင်က သူ့အမေနှင့်ကျောက်မိုချင်းကို ဗဟိုစျေးကွက်နေရာခေါ်လာခဲ့၏။ လူကြီးနှစ်ဦးက ထိုနေရာတွင်ဆုံရန်သဘောတူထားကြသည်။ စိတ်လက်ပျော်ရွှင်နေကြသဖြင့် အတူတူစျေးဝယ်ကြပေမည်။
ကားပါကင်ထိုးရမည့်နေရာတွေ့ပြီးနောက် လင်းဖန်က ချန်ရှောက်ကိုဖုန်းခေါ်ပြီး ချလိုက်သည်_ ''မိုချင်း... မင်းအမေကဟိုဘက်မှာတဲ့''
ချန်ရှောက်ကလည်း ကျောက်မိုယွင်နှင့်လီကျားဝမ်ကိုခေါ်လာခဲ့သည်။
''အမေ... အဖေရော?'' ကျောက်မိုချင်းက မေးလိုက်၏။
ချန်ရှောက်ကရှင်းပြလိုက်သည်_ ''သူက နေ့လယ်ကတည်းက ကျောင်းမှာအစည်းအဝေးရှိနေတာ... ကြည့်ရတာ လျောင်စီရင်စုကအင်္ဂလိပ်စာကို မေဂျာဘာသာထဲမထည့်တော့ဘူးထင်တယ်... ရှန်ဟိုင်းကလည်း အင်္ဂလိပ်စာကို မိုင်နာဘာသာလုပ်မယ်လို့ကြေညာထားတယ်... ဒီတော့ တခြားနေရာကကျောင်းတွေလည်း ဒီကိစ္စကိုမဖြစ်မနေလုပ်ရတော့တာပေါ့... စီရင်စုပညာရေးဌာနက နယ်အားလုံးရဲ့ကျောင်းတွေကို အစည်းအဝေးလုပ်ပြီး ဆွေးနွေးအကြံပြုဖို့တောင်းဆိုထားတယ်''
''အင်္ဂလိပ်ကို အဆင့်ချလိုက်ပြီလား?'' ကျောက်မိုချင်းက အံ့သြစွာပြောလိုက်သည်။
ချင်လင်လည်း နည်းနည်းအံ့သြသွား၏။ အရင်တုန်းက အင်္ဂလိပ်စာကြောင့် သူအတော်ထိခဲ့တာလေ။
အင်္ဂလိပ်စာက အမြဲတမ်းအခြေအတင်ပြောရသော ခေါင်းစဉ်တစ်ခုဖြစ်ခဲ့သည်။ လူအတော်များများက အင်္ဂလိပ်စာကို မူလတန်းမှစ၍ တက္ကသိုလ်ဘွဲ့ယူသည်အထိ အချိန်အများကြီးယူလွန်းသည်ဟုခံစားကြရ၏။ သို့သော် လူ့အဖွဲ့အစည်းထဲရောက်သည့်အခါ သူတို့တစ်ဘဝလုံးအတွက် အသုံးမဝင်သည့်သူကများနေသည်။ ၃ နှစ်က ၅ နှစ်အတွင်းဆို အလိုလိုမေ့ပျောက်သွားကြ၏။
တက္ကသိုလ်တွင် စာရွက်စာတမ်းနှင့်ဘွဲ့လွန်စာတမ်းများကို အင်္ဂလိပ်လိုအသုံးများသည်ဟုပြောသောသူများလည်းရှိသည်။ အင်္ဂလိပ်မှာ အဆင့် ၄ (သို့) ၆ သာရှိ၏။ စာအုပ်ဖတ်သလိုပင်။ အင်္ဂလိပ်ကလည်း အသုံးတော့ဝင်သေးသည်။
ဘာပဲဖြစ်ဖြစ် သူတို့အကြောင်းပြချက်နှင့်သူတို့။ ခရစ်စမတ်လုပ်ရမလား မလုပ်ရဘူးလားကဲ့သို့ပင်။ အပြင်းအထန်ငြင်းခုံကြသည်။
''မိုချင်း... ရောက်လာပြီပေါ့'' လီကျားဝမ်ကပြုံး၍ ကျောက်မိုချင်းလက်ကိုတွဲလိုက်၏။
ထိုအချိန်တွင် ချင်လင်လည်း သူ့လက်ထဲမှလက်ဆောင်ဘူးကို ချန်ရှောက်လက်ထဲထည့်ပေးရင်း_ ''အမေ... အမေ့အတွက်လက်ဆောင်''

''ငါ့ကိုလက်ဆောင်ဝယ်ပေးတယ်?'' ချန်ရှောက်က အံ့သြစွာကြည့်လိုက်သည်။ သူမကဖွင့်ကြည့်ပြီး အထဲမှလက်ကောက်ကိုမြင်လျှင်_ ''ကျောက်စိမ်းလက်ကောက်လား?''
ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''အမေ... ချင်လင်က အဲဒါကျောက်စိမ်းတဲ့... ယွမ် ၅ သောင်းကျော်ပေးရတယ်''
''စျေးကြီးလှချည်လား?'' ချန်ရှောက်လည်း လန့်သွားသည်။ သူမကချက်ချင်းလင်းဖန်ကိုကြည့်ပြီး လက်ဆောင်ဘူးကိုချင်လင်ဆီ မြန်မြန်ပြန်ပေးလိုက်ကာ_ ''နောက်ကို ဒီလိုပစ္စည်းမျိုးဝယ်ရင် ကိုယ့်အမေကိုယ်အရင်ပေးရတယ်... မိုချင်းကိုကောင်းကောင်းမွန်မွန်ထားတယ်ဆိုရင်ပဲ ငါကျေနပ်ပါပြီ''
ချင်လင်ကြောင်သွားသည်။
သူ့အမေနဲ့ယောက္ခမက…
လင်းဖန်ကအပြုံးနှင့် ရှေ့တစ်လှမ်းတိုး၍ ချန်ရှောက်လက်ကိုချိတ်လိုက်ပြီး သူမဘယ်လက်ကိုပြလိုက်သည်_ ''ရှောင်လင်ဝယ်ပေးတဲ့တစ်ကွင်းကိုယူလိုက်ပါ... ကျွန်မမှာလည်းတစ်ကွင်းရှိတယ်... တစ်ပုံစံတည်းပဲ''
ထို့နောက် သူမက_ ''ကျွန်မဝတ်ပေးမယ်''ဟု ထပ်ပြောလိုက်၏။
ဒီတော့မှ ချန်ရှောက်ကမငြင်းတော့ဘဲ သူမမျက်နှာလည်းပြုံးရွှင်သွားသည်။
သားမက်ကသိတတ်ရင် ဘယ်သူမဆိုပျော်ကြမှာပဲလေ။
''တူတူပဲမလား?'' လင်းဖန်က ချန်ရှောက်ကိုဝတ်ပေးပြီး ချန်ရှောက်လက်ကောက်နှင့်ယှဉ်ကြည့်ရန် လက်ဆန့်တန်းလိုက်သည်။
''အင်း... ကျောက်စိမ်းတစ်တုံးတည်းကိုလုပ်ထားတာဖြစ်မယ်'' ချန်ရှောက်ကခေါင်းညိမ့်လိုက်၏။ သူမကပြောပြောဆိုဆို လက်ကောက်ဝတ်ထားသောဘယ်လက်အား ကျောက်မိုယွင်ကိုရုတ်တရက်ယမ်းပြလိုက်ပြီး_ ''ဟင်း... ငါ့သားမက်ကပေးတဲ့လက်ကောက်က ကောင်းလိုက်တာ... သမီးပေးပြီး သားမက်ရတာပိုကောင်းမှန်း သိသွားပြီ''
“…” ကျောက်မိုယွင်က ပါးစပ်အဟောင်းသားဖြစ်သွား၏။
သူ့အမေဘာပြောချင်တယ်ဆိုတာ သူမသိဘဲနေမလား? ဒါပေမဲ့ သူပန်းသီးတွေပန်းတွေ မပေးခဲ့ဖူးဘူးလား? သူအိမ်ထောင်ကျပြီးနောက်ပိုင်း သူ့အမေကိုမမေ့ခဲ့ပါဘူး။
ပြီးတော့ အရင်နှစ်တွေကလည်း အမြဲတမ်းဒီလိုပဲမလား?
ထိုအချိန်တွင် သူ့ဘေးမှလီကျားဝမ်က အားကျသံနှင့်ပြောလိုက်သည်_ ''ခရမ်းစွဲကျောက်နဲ့လုပ်ထားတာလား? မိုချင်း နင့်ဆွဲသီးကအရမ်းလှတာပဲ... နင့်အစ်ကိုလည်း ယောက်ျားပါပဲဟယ်... ဒါပေမဲ့သူကတော့ နှစ်တိုင်းပန်းသီးတွေပန်းတွေပေးဖို့လောက်ပဲသိတယ်... နည်းနည်းလေးမှစိတ်ကူးမကောင်းဘူး''
“…” ကျောက်မိုယွင်။
စောစောကပဲ သူ့ကိုပွေ့ဟယ်ဖက်ဟယ် နမ်းဟယ်ရှုပ်ဟယ်နဲ့။ သူပေးတဲ့လက်ဆောင်ကိုလည်း သူမအခိုက်အတန့်များမှာ ပို့စ်တောင်တင်ထားသေးတယ်မလား? ဘာတဲ့.. သူ့ဘဝမှာအကြီးဆုံးပျော်ရွှင်မှုက သူ့ကိုချစ်တဲ့ယောက်ျားကိုရှာတွေ့ထားတာပဲဆို။
နောက်ဆုံးတော့ ချင်လင်ကိုသာ ဂြိုလ်ကြည့်ကြည့်မိတော့သည်။
ညဘက်အိမ်မှာ အေးအေးဆေးဆေးနေရတော့မည်မထင်။ ကြည့်ရတာ ခရစ်စမတ်အစားထိုးလက်ဆောင်နှစ်ခု မနက်ဖြန်ဝယ်ပေးရတော့မည်။
ယောက်ျားဖြစ်ရတာမလွယ်ပါ့လား။
…
နောက်တစ်နေ့တွင်_
သိသိသာသာပိုအေးနေ၏။
ချင်လင်က မနက်စောစောမဖြစ်မနေထရသည်။ သူကကျောက်မိုချင်းကိုဖက်၍ ခဏလောက်နှပ်နေပြီးမှ ဂိမ်းထဲကသီးနှံအမှည့်များခူးလိုက်၏။ ထို့နောက် ဂိုဒေါင်သွားကာ ဂိမ်းထဲမှအားလုံးထုတ်၍ စံအိမ်ပို့လိုက်သည်။
စံအိမ်ရောက်သောအခါ ချန်တပေကိုလူခေါ်၍ပစ္စည်းများချခိုင်းလိုက်၏။ ထိုစဉ် စီနီယာအစ်ကိုချူထံမှစာရလိုက်သည်။ ၄င်းမှာ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်မူကြမ်းဖြစ်ပြီး စီနီယာအစ်ကိုချူက စကားတချို့ပြောထားသည်_ ''ဒီလိုရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးက ရှယ်ယာကိစ္စပဲ... ငါမင်းအတွက်ကယ်ပေါက်နှစ်ခုထားပြီး နောက်ပြန်ဆုတ်နိုင်တဲ့အစီအစဉ်လုပ်ပေးထားတယ်... မင်းတစ်ဖက်လူကိုစောင့်ကြည့်ပြီး လိုအပ်လာရင်လက်ဦးမှုယူလို့ရတယ်''
''ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုချူ'' ချင်လင်ကပြန်ပြောလိုက်သည်။
စီနီယာအစ်ကိုချူက_ ''ငါ့ကိုကျေးဇူးတင်ချင်တယ်ဆိုရင် မင်းစံအိမ်ကိုလာတဲ့အချိန်အထိစောင့်... မင်းဧည့်ခံဖို့ပြင်ထား''
ချင်လင်က ခန်းမထဲပြန်လာပြီး ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကိုမိတ္တူထုတ်မည်အပြု ကောင်းယောင်ယောင်နှင့်ငွေကိုင်မိန်းကလေးက ကောင်တာတွင် မွေးနီအားထင်းရှူးသီးစေ့ကျွေးနေသည်ကိုတွေ့လိုက်ရသည်။ ငွေကိုင်က မွေးနီ၏အမြီးကို ဘီးသေးသေးလေးနှင့်တောင် ဖြီးပေနေသည်။
ထင်တဲ့အတိုင်း ဒီကောင့်ဘဝက သာယာနေလိုက်တာ။ မိန်းကလေးနှစ်ယောက်တောင် သူ့ကိုပြုစုနေတယ်။ သူ့သခင်တောင် ဒီလိုကံမျိုးမရှိဘူး။
ချင်လင်ရောက်လာသည်ကိုတွေ့လျှင် ကောင်းယောင်ယောင်က ပျော်ပျော်ရွှင်ရွှင်ပြောလိုက်သည်_ ''သူဌေး... မွေးနီနဲ့ရှဉ့်လေးတွေ ဒီနေ့နာမည်ထပ်ကြီးပြန်ပြီ''
ချင်လင်က Tiktok မှန်းသိလိုက်သည်။ သူကဖုန်းထုတ်၍ ရေပန်းစားစာရင်းကြည့်လိုက်ရာ ချင်းလင်းစံအိမ်မှရှဉ့်လေးများဗီဒီယိုကို အမှန်ပင်တွေ့လိုက်ရ၏။
''ငါတော့ ချင်းလင်စံအိမ်သူဌေးကို တကယ်လေးစားသွားပြီ... သူကရှဉ့်လေးတွေကို တကယ်လိမ္မာအောင်လေ့ကျင့်ပေးနိုင်တာပဲ...''
''ယုံနိုင်ပါ့မလား? ရှဉ့်လေးတွေက အကုန်ဝတ်စားထားပြီး ထင်းရှူးသီးစေ့ကိုဘယ်လိုသိမ်းရမှန်းတောင် သိတယ်တဲ့...''
“…”
ဗီဒီယိုအားလုံးတွင် မွေးနီနှင့်အင်္ကျီဝတ်ထားသောရှဉ့်လေးငါးကောင်ပါသည်။
ထိုဗီဒီယိုများထဲတွင် အင်္ကျီဝတ်ထားသောရှဉ့်လေးများ၏အပြုအမူ၊ ခရီးသည်များကျွေးသော ထင်းရှူးသီးစေ့များကိုကောက်ယူပုံ၊ သူတို့အိတ်ထဲထည့်ပုံတို့မှာ မျက်စိပသာဒဖြစ်စရာပင်။ နာမည်ကျော်မှုမှာလည်း Tiktok ကကြော်ငြာချင်သော ညုတုတုခြေတံရှည်မိန်းမများထက်ကျော်လွန်နေသည်။
ချင်လင်က မနေနိုင်ဘဲသက်ပြင်းချလိုက်သည်။ကြည့်ရတာအားလုံးက အွန်လိုင်းကမိန်းမလှတွေနဲ့ပတ်သက်ပြီး ယုတ္တိပိုရှိလာပြီထင်သည်။ ထိုညုတုတုမိန်းမတွေက ရှဉ့်လေးငါးကောင်ထက်တောင်ဆိုးနေ၏။
ဤသည်ကသူ့ကိုအတွေးဝင်စေသည်။ နောင်စိုက်ပျိုးမွေးမြူရေးခြံဖွင့်လိုက်လျှင် တိရစ္ဆာန်တွေအများကြီးရှိလာလိမ့်မည်။ စံအိမ်တွင် တိရစ္ဆာန်ပြတ်မည်မဟုတ်။
အခုရှဉ့်လေးတွေရေပန်းစားနေတုန်း ထိုရှဉ့်ရိုင်းလေးများကိုယဉ်ပါးအောင် သူကြိုးစားကြည့်ရပေမည်။