ရှဉ့်အိမ်! ရှဉ့်ရိုင်းများ အားလုံးယဉ်ပါးခြင်း!
Vol. 9 Ch. 122
ချင်လင်ကထိုသို့တွေးမိသည်နှင့် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်ကို အိမ်မွေးကုန်သည်ဆီသွားစေကာ ရှဉ့်လေးများကိုလေ့ကျင့်ပေးနိုင်မည့်အရာရှိမရှိကြည့်စေလိုက်သည်။
အိမ်မွေးကုန်သည်တွေ့လျှင် ချင်လင်ကစာရင်းဖွင့်၍ သူ့အတွက်အကူအညီဖြစ်စေမည့်တစ်ခုခုရှာလိုက်၏။
ရှဉ့်အိမ်။
ရှဉ့်လေးများမှာ အိမ်မွေးတိရစ္ဆာန်အုပ်စုဝင်ဖြစ်လာသည်မှာကြာခဲ့ပြီ။ သူတို့၏ချစ်စရာကောင်းသောပုံစံမှာ အလွန်လူကြိုက်များသည်။
ထို့ကြောင့် ရှဉ့်အိမ်မှာလည်း ရောင်းအားအကောင်းဆုံးအိမ်မွေးတိရစ္ဆာန်အသုံးအဆောင်တစ်ခုဖြစ်၏။ သို့သော် အမှန်တကယ်လက်တွေ့တွင် အများစုက ဝါးခြင်းတောင်းပုံစံဖြစ်သည်။
ရှဉ့်ထိန်းသိမ်းရေးပန်းခြံများတွင်သာ ရှဉ့်များအတွက်ရှဉ့်အိမ်ကို သစ်ပင်ပုံစံပြုလုပ်ပြီး ဆောက်ကြပေလိမ့်မည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပန်းခြံများတွင် မွေးမြူထားသောရှဉ့်များက ထိုကဲ့သို့အိမ်နှင့်နေနိုင်သော်လည်း ရှဉ့်ရိုင်းများကမူ မနေနိုင်ချေ။
ဂိမ်းထဲတွင် အိမ်မွေးကုန်သည်များရောင်းချသောရှဉ့်အိမ်မှာ ရှဉ့်ထိန်းသိမ်းရေးပန်းခြံမှသစ်ပင်ပုံကြွနေသည်။
ထိုရှဉ့်အိမ်မျိုးကို တွင်းတူး၍အောက်ပိုင်းမြှုပ်လိုက်ရုံနှင့် တပ်ဆင်ပြီးသားဖြစ်သွား၏။
(ရှဉ့်အိမ်: အရည်အသွေး ၂)
...
(အိမ်မွေးကုန်သည်မှသီးသန့်ရောင်းသော အိမ်မွေးတိရစ္ဆာန်အသုံးအဆောင်ဖြစ်သည်။ရှဉ့်လေးများအတွက်အထူးပြင်ဆင်ထားသော အစာသိုလှောင်ခန်းဖြစ်သည်။ ရှဉ့်လေးများအလွန်ကြိုက်နှစ်သက်ပြီး ပိုင်ရှင်များအတွက်သန့်ရှင်းရလွယ်ကူသည်။)
(ရှဉ့်လေး ၅ ကောင်စာနေရာဆံ့သည်။ ရှဉ့်လေးများနေရခြင်းအကျိုး:
ဆွဲဆောင်မှုရှိခြင်း +၂၊ လုံခြုံမှု +၂၊ ပျော်ရွှင်မှု +၂၊ အအေးဒဏ်ခံနိုင်ခြင်း +၂၊ ဝင်ရောက်နိုင်စွမ်း +၂)
ချင်လင်က ဆွဲဆောင်မှုရှိခြင်း +၂၊ လုံခြုံမှု +၂၊ ပျော်ရွှင်မှု +၂၊ အအေးဒဏ်ခံနိုင်ခြင်း +၂ အရည်အသွေးများကိုမြင်သောအခါ ထိုရှဉ့်များကို ရှုမျှော်ခင်းနေရာအဖွဲ့ဝင်စစ်စစ်များဖြစ်လာနိုင်သည်ဟု ခံစားလိုက်ရသည်။

နောက်ပြီး မွေးနီလည်းရှိသေးတယ်လေ။
ပတ်ဝန်းကျင်နှင့်ပေါင်းစပ်ခြင်းမှာ အသွင်ယူခြင်းမည်သည်။ ထိုပတ်ဝန်းကျင်ထိန်းသိမ်းရေးပန်းခြံများမှာ ရှဉ့်အိမ်များကို အလွန်သဘာဝကျအောင်ဖန်တီးနိုင်၏။ သစ်တောနှင့်ပေါင်းစပ်ခြင်းထားခြင်းက မကြည့်ဘဲအတုအစစ်ခွဲပြောရန် မဖြစ်နိုင်ပေ။
နောက်ပြီး သူ့ရဲ့ဂိမ်းအရည်အသွေးက ပိုအားသာလိမ့်မည်။
ချင်လင်က ခဏတွေးကြည့်လိုက်သည်။ အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်နားတွင် ရှဉ့် ၁၀ ကောင်ကျော်ရှိပြီး ၁၅ ကောင်ထက်မပိုနိုင်။
တချို့ကို မွေးနီ၏နောက်လိုက်အဖြစ် သိမ်းသွင်းထားပြီဖြစ်သည်။ ယခုသူတို့မှာ အဝတ်အစားနှင့်အိတ်နှင့် တိုးတက်နေလေပြီ။ တခြားအကောင်များမှာ ရိုင်းသေး၏။ သူတို့ကိုလည်း မွေးနီလေ့ကျင့်ပေးနိုင်မပေးနိုင် သူကသိချင်လာသည်။
ဒီလိုဆို သူရှဉ့်အိမ် ၃ အိမ်ဝယ်ရမည်။
ချင်လင်ကရှဉ့်အိမ်ဝယ်ပြီး စိုက်ပျိုးမွေးမြူရေးခြံထဲထည့်ကာ သူ့အာရုံကိုဂိမ်းမှပြန်ရုတ်လိုက်၏။ထို့နောက် ကားပါကင်သွားကာ ထရပ်ကားနှင့်ဂိုဒေါင်ဆီဦးတည်လိုက်သည်။
ဂိုဒေါင်ရောက်သောအခါ ဂိမ်းထဲဝင်ဝင်ချင်းတွေ့လိုက်ရသည်က ဂိမ်းထဲမှအိမ်ရှေ့တွင်ထားထားသော ရှဉ့်အိမ် ၃ အိမ်ပင်။
အားလုံးကိုသစ်ကိုင်းခြောက်များနှင့်လုပ်ထားပြီး ၁.၅ မီတာအရှည်နှင့် မီတာဝက်ကျယ်သည်။
ချင်လင်ကရှေ့တိုး၍ ရှဉ့်အိမ်တစ်လုံးကိုထိလိုက်သည်။ အတွေးတစ်ချက်နှင့် ရှဉ့်အိမ်ကိုဂိမ်းထဲမှထုတ်လိုက်ပြီး ထရပ်ကားပေါ်ရောက်လာ၏။
ရှဉ့်အိမ် ၃ အိမ်လုံးကိုထုတ်ပြီးသောအခါ ကားစက်နှိုး၍ စံအိမ်ပြန်မောင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ချန်တပေကိုဖုန်းခေါ်ပြီး ပစ္စည်းချရန် လှည်းနှင့်စောင့်နေခိုင်းလိုက်၏။
ထရပ်ကားကို စံအိမ်ထဲအထိမမောင်းနိုင်သဖြင့် လူအားနှင့်ရွှေ့ရပေမည်။
ထရပ်ကားရပ်ရပ်ချင်း ချန်တပေက အစောင့်တချို့နှင့် ရှေ့တိုးလာကာ_ ''သူဌေး... ဒီတစ်ခါဘာသယ်လာပြန်ပြီလဲ?''
''ရှဉ့်အိမ်ဝယ်ခဲ့တာ... ခရီးသည်တွေနည်းတဲ့အချိန်မှ ပန်းပင်လယ်ထဲရွှေ့ရအောင်'' ချင်လင်က ချန်တပေကိုညွှန်ကြားလိုက်သည်။
''ကောင်းပါပြီ သူဌေး!'' ချန်တပေကခေါင်းညိမ့်၍ အလုပ်စရန်အစောင့်တချို့ကိုခေါ်လိုက်၏။
ချန်တပေက သူ့လူများနှင့် ရှဉ့်အိမ်ချပြီးနောက် ချင်လင်က ပန်းပင်လယ်ထဲလိုက်သွားလိုက်သည်။
ပန်းပင်လယ်ထဲ လူအများကြီးမရှိသော်လည်း ရှဉ့်များရောက်နေပြီဖြစ်၏။

မွေးနီက အင်္ကျီဝတ်ထားသော သူ့နောက်လိုက်ရှဉ့်များကိုဦးဆောင်ကာ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ကြား လှည့်ပတ်ပြေးနေသည်။
ချန်တပေရှဉ့်အိမ်တပ်ဆင်သည်ကိုမြင်လျှင် ချက်ချင်း ချင်လင်၏ပခုံးပေါ်ပြေးဆင်းလာ၏။
ဒီရှဉ့်အိမ်ကို သူသိကောင်းသိနိုင်သည်။
ပထမဆုံးရှဉ့်အိမ်ဆင်ပြီးသောအခါ ခပ်သုတ်သုတ်ပြေးသွားပြီး အပေါက်ထဲလျှိုဝင်လိုက်၏။
ထိုမြင်ကွင်းက တခြားရှဉ့်များ၏အာရုံကိုဖမ်းစားလိုက်သည်။
ခဏအကြာ မွေးနီက တခြားအပေါက်မှပြန်ထွက်လာ၏။ သူ့အပျော်ကိုဖော်ပြနေသလိုလို တကျွိကျွိအော်လိုက်သည်။ နောက်ဆုံး အဝတ်အစားနှင့်ရှဉ့်လေးနှစ်ကောင်က ရှဉ့်အိမ်ထဲ မရဲတရဲနှင့်ခုန်ဆင်းလာ၏။
မွေးနီ တခြားရှဉ့်အိမ်ထဲလျှိုဝင်သွားသည်ကိုမြင်လျှင် သူတို့နှစ်ကောင်ကအပေါက်ထဲတိုးဝင်လိုက်သည်။
ထို့နောက် ရှဉ့်နှစ်ကောင်လည်း တကျွိကျွိအော်လိုက်ပြီး မွေးနီနောက်သို့ အပေါက်များကြားမှလိုက်ကာ ဆော့နေပုံရ၏။
ထိုမြင်ကွင်းက ချင်လင်ကိုပြုံးမိစေသည်။ ဂိမ်းထုတ်ကုန်ကတော့ ဂိမ်းထုတ်ကုန်ပါပဲ။
သူက ချန်တပေတို့အုပ်စုကိုကြီးကြပ်ကာ ရှဉ့်အိမ် ၃ အိမ်ကို အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်နားဆင်ထားလိုက်သည်။ သူတို့က ရှဉ့်အိမ်များကို သစ်ကိုင်းများတတ်နိုင်သလောက်ဖုံးထားလိုက်၏။
ထို့ကြောင့် ရှဉ့်အိမ် ၃ အိမ်မှာ ပြူထွက်မနေတော့။ ဂိမ်းအရည်အသွေးနှင့်ပတ်ဝန်းကျင်ပေါင်းစပ်လိုက်သည့်အခါ ခရီးသည်များက သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်၏ဆွဲဆောင်မှုကြောင့် ရှဉ့်အိမ်ကို သိပ်သတိမထားမိတော့ချေ။
ချင်လင်က ဘေးနားမှစောင့်နေသည်။ မကြာမီ အမျိုးသမီးခရီးသည်နှစ်ဦးအလယ်နေရာရောက်လာ၏။
ပထမဆုံးသူတို့လုပ်သည်က အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်နား ပြေးလာခြင်းပင်။
'အင်္ကျီနဲ့ရှဉ့်လေးတွေ တကယ်ရှိတာပဲ'
''မြန်မြန်.. ထင်းရှူးသီးစေ့ကျွေးလိုက်... သူတို့အိတ်ထဲတကယ်ထည့်တတ်လား ကြည့်ရအောင်''
“…”
ဒီမိန်းကလေးနှစ်ယောက်က ဗီဒီယိုမြင်ပြီး ရှဉ့်ကိုဓာတ်ပုံရိုက်ရန်သက်သက်လာခြင်းဖြစ်ရမည်။
ဒီလောက်အစောကြီးလာနိုင်တာ ရုံချန်းစီရင်စုသူတွေဖြစ်ဖို့များသည်။
နောက်ပြီး ချင်လင်ထင်ထားသည့်အတိုင်း မိန်းကလေးနှစ်ဦးက ရှဉ့်များကိုပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံရိုက်နေကြရာ သုံးပွင့်ဆိုင်ဇီးပန်းပင်ကိုင်းအောက်က ထပ်ထည့်ထားသောရှဉ့်အိမ်များကို သတိမထားမိကြချေ။
''ဒီည ဒီရှဉ့်တွေကိုတစ်ချက်ကြည့်လိုက်'' ချင်လင်က ခဏသုံးသပ်ကြည့်ပြီး ချန်တပေကိုညွှန်ကြားလိုက်သည်။
အရင်က ညဘက်ဆို ရှဉ့်များပြန်သွားကြ၏။ အခုရှဉ့်အိမ်ရှိပြီဖြစ်၍ ရှဉ့်များနေမနေ သူသိချင်မိသည်။