ရှဉ့်အိမ်! ရှဉ့်ရိုင်းများ အားလုံးယဉ်ပါးခြင်း! ၃
Vol. 9 Ch. 124
''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ကျိုးချန်ကျွင်းက ကျေးဇူးထပ်တင်လိုက်သည်။
သိပ်မကြာခင် ချန်လီရောက်လာ၏။ ကျိုးချန်ကျွင်းလက်ထဲမှစာချုပ်ကိုမြင်လျှင် သူကပြုံး၍_ ''သူဌေးချင်... စာချုပ်လက်မှတ်ထိုးပြီးပြီလား? တို့ရုံချန်းစီရင်စုက နောက်ထပ်အလားအလာရှိတဲ့ထုတ်ကုန်တစ်ခုကိုဖြန့်ချီတော့မှာလား?''
''အကြီးအကဲချန်... ထိုင်ပါဦး'' ချင်လင်က ချန်လီကိုကြိုဆိုပြီး နေရာပေးလိုက်သည်။ ကျိုးချန်ကျွင်းတို့မြေးအဘိုးကိုမိတ်ဆက်ပေးဖို့လည်းမမေ့_ ''ဒါစီရင်စုခရီးသွားဌာနရဲ့ညွှန်မှူး အကြီးအကဲချန်ပါ''
ကျိုးချန်ကျွင်းနှင့်အဘိုးက ချန်လီကို ချက်ချင်းရိုရိုသေသေနှုတ်ဆက်လိုက်သည်။
သာမန်လူများအဖို့ အကြီးအကဲမှာ ကိစ္စကြီးပင်။
''အကြီးအကဲချန်... နေ့လယ်စာစားသွားပါဦး... စားဖိုဆောင်ကို ပေါက်စီတစ်ပွဲမှာလိုက်မယ်... ဆော့မြည်းကြည့်ပါလား?'' ချန်လီက ဆော့အကြောင်းလာစုံစမ်းမှန်း ချင်လင်သဘောပေါက်၍ အပြုံးနှင့်ဖိတ်ခေါ်လိုက်သည်။
ကျိုးချန်ကျွင်းအတွက် စီရင်စုမှ အဖွဲ့အစည်းကြီးကြပ်ရံပုံငွေပေးနိုင်မည့်နည်းလမ်းရှိမရှိ သူလည်းသိချင်နေ၏။ ဘာပဲဖြစ်ဖြစ် ဒီဆော့က အရည်အသွေး ၁ ရှိတဲ့ဖော်စပ်နည်းပဲလေ။ အလားအလား လုံးဝကောင်းသည်။
''ကောင်းတာပေါ့'' အံ့သြသွားပုံနှင့် ချန်လီကမငြင်း။
နေ့လယ်တွင် ချင်လင်က ကျိုးချန်ကျွင်းတို့မြေးအဘိုးနှင့်ချန်လီအားဧည့်ခံရန် ဆရာလင်းအား သဘာဝငါးကြီးတစ်ကောင်သတ်ခိုင်းလိုက်သည်။

ငါးကအရသာရှိသဖြင့် ကျိုးချန်ကျွင်းနှင့်အဘိုးက ချီးမွှမ်းခန်းဖွင့်နေ၏။
...
သို့သော် ချန်လီကံမကောင်း။ သူကဆော့ကိုသာအာရုံရောက်နေပြီး ပေါက်စီနှင့်တို့စားပြီးနောက် ဗိုက်ပြည့်သွား၏။ စားပြီးလျှင် သူကဆော့ပုလင်းကိုင်ကာ ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။
ချင်လင်လည်း ကျိုးချန်ကျွင်းအား_ ''ပထမငွေပမာဏကို ရက်ပိုင်းအတွင်း မင်းအကောင့်ထဲလွှဲလိုက်မယ်... အခုမင်းစက်ရုံကိုသွားပြီး ပြင်ဆင်ထားလို့ရပြီ... မင်းလုပ်တာကိုင်တာကို ငါဝင်မပါဘူးဆိုပေမဲ့ ရလဒ်ကိုတော့ပြပေးရမယ်''
''ဥက္ကဌချင် စိတ်မပျက်စေရပါဘူး'' ကျိုးချန်ကျွင်းက ချင်လင်ကိုကတိပေးပြီး သူ့အဘိုးနှင့် စံအိမ်မှထွက်သွားလေသည်။
နေ့လယ်ပိုင်း_
ချင်လင်က ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို ကျောက်မိုချင်းကိုပေးပြီး သိမ်းခိုင်းထားလိုက်သည်။ ဘာမှလုပ်စရာမရှိသောအခါ ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းသွားတူးစေပြီး နောက်ထပ်ကျောက်စိမ်းသတ္တုရမရကြည့်လိုက်၏။
ဘာပဲဖြစ်ဖြစ် နောက်ရက်ပိုင်းဆို နှစ်သစ်ကူးရောက်တော့မည်။ ချစ်သူများနေ့၊ အမေများနေ့၊ ကျောက်မိုချင်းမွေးနေ့၊ သူ့အမေမွေးနေ့ရောက်လာဦးမည်။ လက်ဆောင်ပေးစရာရက်တွေမှအများကြီး။
…
စီရင်စုတွင်_
ချန်လီက ပေါက်စီတစ်ပွဲနှင့်ဆော့တစ်ပုလင်းကို ရုံးထဲချက်ချင်းသယ်လာသည်။
ဤသည်က ဝန်ထမ်းများ၏အာရုံကိုဆွဲယူလိုက်သလိုပင်။ သူတို့အကြီးအကဲဘာတွေလုပ်နေပါလိမ့်ဟူ၍။
ချန်လီရုံးခန်းထဲဝင်လာသည်နှင့် အတွင်းထဲမှလူအားလုံးလည်း ဘောပင်၊ စာဖိုင်များချလိုက်ကြသည်။ သူတို့ရှေ့စားပွဲကိုရှင်းလိုက်ကြပြီး ချန်လီကို ပေါက်စီနှင့်ဆော့ချစေ၏။
ချန်လီကပြုံး၍_ ''စွန်းရှန်... ဒီဆော့ကတကယ်ကောင်းတယ်လို့ပြောရမယ်... သူ့အရသာက လောင်ကန်းမာထက်တောင် ကောင်းသေးတယ်''
စွန်းရှန်က တူကောက်ကိုင်၍ပေါက်စီယူကာ ဆော့တို့ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် ဒုတိယတစ်လုံး၊ တတိယတစ်လုံး။
သုံးလုံးဆက်တိုက်စားပြီးမှ သက်ပြင်းချကာ_ ''အရသာတကယ်ကောင်းတာပဲ... အခုမှသိရတာ နှမြောစရာကောင်းလိုက်တာ... ဒီလိုထုတ်ကုန်မျိုးဖွံ့ဖြိုးလာရမှာ အချိန်ကောင်းလွတ်သွားပြီ''
ချန်လီကခေါင်းညိတ်၍_ ''အမှန်ပဲ... ဒီလိုထုတ်ကုန်မျိုးက စျေးကွက်တစ်ခုလုံးလိုလိုသိမ်းပိုက်မယ့် တောင်ကြီးလိုပဲ... ဒါပေမဲ့ ဒီနေ့ဒီလိုဆော့မျိုးရှိလာတယ်ဆိုတာ ရုံချန်းစီရင်စုမှာကောင်းတာတွေရှိတယ်ဆိုတဲ့အချက်ပဲ... တို့ကမတွေ့ဘဲ သူဌေးချင်ကရှာတွေ့ခဲ့တာ''
စွန်းရှန်ကပြုံးပြီး_ ''အောင်မြင်တယ်ဆိုတာ တိုက်ဆိုင်မှုမဟုတ်ဘူး... ရွှေနန်းစားသောက်ဆိုင်က ဆယ်စုနှစ်တွေချီနေပြီ... လူတွေအများကြီးစားဖူးကြတယ်... ဒီဆော့ရဲ့တန်ဖိုးကိုသိတဲ့သူက ဘာလို့သူဌေးချင်ပဲရှိတာလဲ? အဲဒါသူဌေးချင်အောင်မြင်ရတဲ့အကြောင်းရင်းပဲ''
ချန်လီကပြုံး၍ပြောလိုက်သည်_ ''အမှန်ပဲ... လိုင်းပေါ်ကလူတိုင်းက သူတို့အချိန်မှားပြီးမွေးလာတယ်လို့ထင်နေကြတယ်... သူများတွေက အခွင့်အရေးရတယ်ဆိုပြီးမနာလိုနေကြပေမဲ့ သူတို့သာပဲ့ကိုင်ခဲ့ရင် သူတို့ကုမ္ပဏီတွေက လိုင်းပေါ်ကဒီအလန်းစားတချို့လိုအောင်မြင်နိုင်မှာမဟုတ်ဘူး... စီရင်စုက ဒီဆော့ကိုထောက်ပံ့သင့်လား?''
ဤသည်က စွန်းရှန်ကိုမျက်မှောက်ကြုတ်သွားစေ၏။ သူကမပြောခင် ခဏစဉ်းစားလိုက်ပြီး_ ''အရင်ဆုံး ကြည့်ရသေးတာပေါ့... ကျိုးချန်ကျွင်းက အလုပ်သင်ပဲရှိသေးတယ်... နောက်ပြီးသူက သူဌေးချင်မဟုတ်ဘူး... သူ့ကိုလေ့လာကြည့်ရမယ်''
ချန်လီခေါင်းညိတ်လိုက်သည်။
ဒီဆော့ကိုစီမံပိုင်ခွင့်က သူဌေးချင်နှင့်သာဆိုလျှင် စီရင်စုက တထစ်ချထောက်ပံ့လိမ့်မည်။
သို့သော်လည်း ကျိုးချန်ကျွင်းက သူဌေးချင်မဟုတ်ပါချေ။