မြွေလိုငါးရှဉ့်ကြီး! မွေးနီက အထာကျလွန်းတယ်! ၃
Vol. 9 Ch. 127
အလယ်နေရာရောက်လျှင် ရှဉ့်အော်သံကြားရသည်။
ချင်လင်ရှေ့တိုးတိုးချင်း မွေးနီကသူ့ဆီသုတ်ပျာပျာပြေးလာပြီး သူ့လက်ပေါ်နေနေ၏။
သူ့အမြီးဖွားဖွားကြီးနှင့် သူ့လက်ကိုပွတ်တိုက်နေသည်။
ရှဉ့်အိမ်သုံးအိမ်နားတွင် တဝဲလည်လည်ပြေးနေသော ရှဉ့်လေးများကို ဝိုးတဝါးမြင်နေရ၏။ မထင်မှတ်ဘဲ အားလုံးမှာ အင်္ကျီဝတ်ထားသောရှဉ့်လေးများဖြစ်နေသည်။
တခြားအကောင်များက ပြန်သွားပြီးပြန်လာကြ၏။
ကြည့်ရတာ ဒီရှဉ့်တွေက ပိုဉာဏ်ကောင်းပြီး ပိုလိုက်လျောညီထွေဖြစ်ပုံရသည်။
ဒီရှဉ့်မျိုးတွေက ပိုပြီးလည်းယဉ်ပါးလွယ်၏။
ကျန်ခဲ့သောရှဉ့်တချို့ကိုကြည့်ရင်း ချင်လင်က သူယဉ်ပါးအောင်မလုပ်နိုင်တောင် ပြီးမြောက်အောင်မြင်မှုတစ်ခုခုကိုခံစားလိုက်ရသည်။
''ပန်းပင်လယ်အပြင်ဘက်မှာ စောင့်ကြည့်ကင်မရာနှစ်လုံးထပ်ထည့်ထားလိုက်ပါ!'' ချင်လင်က ချန်တပေကိုညွှန်ကြားလိုက်၏။
''ကောင်းပါပြီ သူဌေး!'' ချန်တပေခေါင်းညိမ့်လိုက်သည်။
ချင်လင်က မွေးနီကိုလက်ထဲပိုက်ပြီး ပြန်ထွက်လာခဲ့၏။ ထို့နောက် သူကသူ့အိတ်ထဲမှထင်းရှူးသီးစေ့တစ်စေ့ထုတ်ကာ ကိုက်စားနေသည်။

...
ချင်လင်က ဒီကောင်လေးကိုကြည့်ရင်း သူ့မှတ်ချက်အကြောင်းတွေးမိသည်။ ဒီကောင်က အရမ်းဉာဏ်ကောင်းတယ်။ ရှဉ့်ရိုင်းတွေကိုခေါ်လာပြီး အဝတ်အစားတောင်းပေးတယ်။ ရှဉ့်အိမ်တွေထဲမှာတောင်နေခိုင်းနိုင်တာပဲကြည့်။
ဒီတော့ သူအကြံတချို့ထပ်ရလာ၏။
အရင်ကလိုင်းပေါ်မှာ ဆင်တွေက အမှိုက်ကောက်ပြီး အမှိုက်ပုံးထဲပစ်နိုင်တာကို သူမြင်ဖူးသည်။ အားလုံးက အရမ်းချစ်စရာကောင်းကြောင်း လူတွေက ဆင်တွေလောက်တောင်မသိတတ်ကြောင်း မှတ်ချက်ပေးကြ၏...
သူ့ရှုမျှော်ခင်းနေရာကရှဉ့်တွေအားလုံး ဒါမျိုးလုပ်တတ်သွားရင်ရော? သေချာပေါက် စိတ်ဝင်စားစရာဖြစ်ပြီး စံအိမ်ပိုကျော်ကြားလာမည်။
ခရီးသည်အတော်များများတော့မပြောလိုသော်လည်း ပန်းပင်လယ်ထဲမှာ တစ်ရှူး၊ လက်မှတ်များပစ်ချခဲ့သော ခရီးသည်တချို့တော့ မကြာခဏတွေ့နေရသေး၏။
သူကအိမ်မွေးတိရစ္ဆာန်ကျွမ်းကျင်သူမဟုတ်၍ ရှဉ့်များကိုလေ့ကျင့်ပေးနိုင်စွမ်းမရှိချေ။ ထို့ကြောင့် မွေးနီကိုသာ အားကိုးရပေမည်။
မွေးနီကိုသင်ပေးနိုင်လျှင် တခြားရှဉ့်များကို သူကဦးဆောင်ပြနိုင်မည်။
ခန်းမထဲပြန်ရောက်သောအခါ ချင်လင်လည်း ကျောက်မိုချင်း၊ သူ့အမေနှင့်အတူ စံအိမ်မှထွက်လာခဲ့သည်။
ကားထဲတွင်_
ဝမ်ချိုင်က စိတ်မပါလက်မပါအူနေသည်။
မွေးနီက သူ့ခေါင်းမွေးကိုဆွဲနုတ်နေ၏။
သို့သော် မကျေမနပ်ဟောင်သည်မှလွဲ၍ ဝမ်ချိုင်ကဘာမှမလုပ်ပါချေ။ သူ့ခေါင်းပေါ်ကအကောင်က အရမ်းတက်ကြွနေသည်။ ပြန်လုပ်ဖို့ကြံတိုင်း သူ့သခင်သုံးယောက်ငေါက်တာကိုခံရဦးမည်။
အိမ်ပြန်ရောက်သော်_
ချင်လင်က မွေးနီကိုကိုင်၍ ဧည့်ခန်းဆိုဖာပေါ်ထိုင်လိုက်သည်။ သူကမွေးနီရှေ့ တစ်ရှူးစယမ်းပြလိုက်ပြီး အမှိုက်ပုံးကိုတောင် ဆိုဖာဘေးဆွဲယူလိုက်၏_ ''ကြည့်... မင်းအမှိုက်တွေကို မြေကြီးပေါ်ပစ်မချရဘူး... အမှိုက်ပုံးထဲထည့်ရမယ်... ပန်းပင်လယ်... ဟုတ်ပြီ... အဲဒီမှာပန်းတွေအများကြီးရှိတယ်... တကယ်လို့ မြေကြီးပေါ်မှာ တစ်ရှူးစတွေရှိရင် အဲဒါကိုကောက်ပြီး အမှိုက်ပုံးထဲပစ်ရမယ်''
ဒီလိုအကြောင်းအရာတွေ ရှဉ့်လေးတစ်ကောင်ကိုပြောနေရသည်မှာ ချင်လင်ကအရူးကြီးလိုခံစားနေရသည်။
ကျောက်မိုချင်းထွက်လာပြီး ထိုမြင်ကွင်းကိုမြင်သောအခါ မစဘဲမနေနိုင်တော့_ ''ချင်လင်... ဘာဖြစ်နေတာလဲ?''
လင်းဖန်က ထိုပုံစံကိုမြင်လျှင် ပြုံးလိုက်သည်။ သူ့သားအပြုအမူတွေက စိတ်မချစရာဖြစ်နေမှန်း သူမလည်းခံစားမိ၏။
ရှဉ့်လေးပဲလေ။
ချင်လင်ကရှင်းပြလိုက်သည်_ ''ကိုယ်က မွေးနီရဲ့အရည်အချင်းကိုလေ့ကျင့်ပေးရုံပဲမလား?''
ကျောက်မိုချင်းကပြုံး၍_ ''အိမ်မွေးတိရစ္ဆာန်ကလေ့ကျင့်ပေးရလွယ်တယ်ဆိုရင် အိမ်မွေးကျွမ်းကျင်သူတွေလုပ်စရာရှိတော့မှာမဟုတ်ဘူးမလား? မွေးနီက အရမ်းလိမ္မာပြီးသား ဟုတ်ပြီလား? သူ့ကိုမနှိပ်စက်ပါနဲ့''
ချင်လင်က ဆက်လုပ်ချင်သေးသည်။ ဉာဏ်ကောင်းတဲ့ရှဉ့်တွေက သင်ရလွယ်တယ်မလား?
ဉာဏ်ကြီးရှင်ကျောင်းသားတွေက ဆရာမလိုဘဲ ကိုယ့်ဘာသာကိုယ်လေ့လာပြီး အမှတ် ၁၀၀ ရတယ်ဟုတ်? သူ့ဘာသာသူအမှိုက်ကောက်ဖို့ သင်ယူနိုင်လောက်တယ်လေ။
သူက မွေးနီရှေ့တစ်ရှူးယမ်းပြလိုက်ပြီး လုံးချေကာ ကြမ်းပေါ်ပစ်ချလိုက်သည်။
မယုံနိုင်စရာဖြစ်ပျက်သွား၏။
မွေးနီက တန်းပြေးဆင်းပြီး တစ်ရှူးလုံးကိုကောက်ကာ ဆိုဖာခုံနားပြန်ရောက်လာသည်။ ထို့နောက် အမှိုက်ပုံးထဲ တစ်ရှူးလုံးကိုပစ်ချလိုက်၏။
“…” ချင်လင်။
“…” ကျောက်မိုချင်း။
“…” လင်းဖန်။
အမျိုးသမီးနှစ်ဦးလုံးက ကြည့်ရင်းကြက်သေသေသွားသည်။
တဖက်မှာမွေးနီက ချင်လင်ကိုတကျွိကျွိအော်လိုက်၏။ 'ဒါလေးများ'လို့ပြောချင်နေတာလိုလို အသိအမှတ်ပြုခံချင်တာလိုလိုလားတော့ မပြောတတ်ပါချေ။