← Chapters

ဖရဲသီးက ရေပန်းစားရှာဖွေမှုထဲပါလာနိုင်မလား?! ၂

Vol. 9 Ch. 133

ဖရဲသီးက ရေပန်းစားရှာဖွေမှုထဲပါလာနိုင်မလား?! ၂

Vol. 9 Ch. 133

ချင်ရန်စတူဒီယိုမှာ ကြော်ငြာအစီအစဉ်လုပ်ငန်းဖြစ်သော်လည်း နေရာငယ်လေးမှစတူဒီယိုလုပ်ငန်းဖြစ်သည့်အလျောက် ရောထွေးနေသည်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်ဟူဖေးမှာ ကွန်ပျူတာသိပ္ပံဘွဲ့ရဖြစ်၏။

ချင်လင်ရောက်သွားလျှင် စတူဒီယိုရှိလူအားလုံးက လှမ်းကြည့်လိုက်သည်။ ဟူဖေးက ချက်ချင်းသူ့ကိုနှုတ်ဆက်လိုက်၏_ ''ဥက္ကဌချင်... ကြိုဆိုပါတယ်''

ချင်ရန်မှာ သူ့ကွန်ပျူတာရှေ့တွင် ကြော်ငြာဓာတ်ပုံတစ်ခုကိုပြုပြင်နေသည်။ သူကချင်လင်ကိုမြင်သောအခါ လှမ်းဆွဲပြီးမေးလိုက်၏_ ''ကြည့်... ဒီဓာတ်ပုံကိုဘယ်လိုသဘောရလဲ?''

ထိုပုံမှာ ချင်းလင်စံအိမ်တံဆိပ်ဖြစ်သည်။

ချင်းလင်စံအိမ်ကိုချဲ့ထွင်ရန် ထောက်ပံ့ငွေရသည်နှင့် ချင်လင်က လိုအပ်သောဆိုင်းဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ကြော်ငြာပိုစတာများ စသည်အားလုံးကို ချင်ရန်စတူဒီယိုအားလွှဲပေးထား၏။

ချင်ရန်လုပ်ထားသည့်တစ်ခုမှာ ပြီးသွားသောပစ္စည်းတစ်ခုပုံဖြစ်သည်။

''အင်း... ကောင်းသားပဲ'' ချင်လင်က ခေါင်းညိမ့်၍ပြောလိုက်၏_ ''ဒါနဲ့.... ရွက်လွင့်တာရယ် သတို့သမီးခန်းရယ်က ပြီးတော့မယ်... ပြီးရင် အဲဒါတွေကို မင်းသွားရိုက်လို့ရပြီ''

''ဟုတ်ပြီလေ'' ချင်ရန်ခေါင်းညိမ့်လိုက်သည်။ ကြော်ငြာက သဘာဝကျမှဖြစ်မည်။ ထို့နောက် သူက_ ''မင်းဒီနေ့ ဒါပြောဖို့လာတာတော့ မဟုတ်ဘူးမလား?''

ချင်လင်ကခေါင်းခါ၍_ ''ဒီနေ့ မင်းကိုလာရှာတာမဟုတ်ဘူး... QR ကုတ်မဲနှိုက်ဖို့အတွက် ဟူဖေးဆီလာတာ''

ဟူဖေးကြားလျှင် ချက်ချင်းခေါင်းထောင်ကြည့်လိုက်သည်_ ''ဥက္ကဌချင်... QR ကုတ်မဲနှိုက်ဖို့ ဘာတွေလိုချင်လဲ?''

''ငါက မဲဖောက်ပေးချင်တာ... မဲပေါက်တဲ့စနစ်က ကျပန်းဖြစ်ရမယ်... နောက်လည်း မဲဖောက်ပေးတိုင်း အဲဒါကိုသုံးချင်တယ်'' ချင်လင်လည်း ဟူဖေးကို သူလိုချင်သည့်ပုံစံပြောပြလိုက်သည်။ နောက်ဆုံးတွင် သူက_ ''မနက်ဖြန်သုံးရမှာ... မင်းအချိန်မီလုပ်ပေးနိုင်မလား?'' ဟု ဖြည့်ပြောလိုက်၏။

ဟူဖေးက ချက်ချင်းကတိပေးလိုက်သည်_ ''မပူပါနဲ့ ဥက္ကဌချင်... ဒီလိုမဲနှိုက်တာမျိုးက လုပ်ဖို့မခက်ပါဘူး... ဒီညအချိန်ပိုဆင်းလိုက်ရင် ရပါတယ်''

''ကျေးဇူးပဲကွာ'' ထိုကိစ္စပြီးသည်နှင့် ချင်လင်ပြန်လာခဲ့သည်။

......

ဟူဖေးက ဖုန်းကောက်ကိုင်၍ သူ့ကောင်မလေးကိုဆက်လိုက်သည်_ ''ကလေးရေ... ကိုယ်ဒီညအချိန်ပိုဆင်းရမှာ... မင်းကိုလာမကြိုနိုင်တော့ဘူး''

အခုချင်းလင်စံအိမ်က သူတို့စတူဒီယိုအတွက် ဖောက်သည်အကြီးကြီးဖြစ်နေပြီ။

ချင်ရန်နှင့်ရင်းနှီးသည်ဆိုသော်လည်း စိတ်ပျက်စေ၍မဖြစ်။ အကောင်းဆုံးလုပ်ပေးရမည်။ မဟုတ်ရင် ချင်ရန်မျက်နှာပျက်သလို သူတို့စတူဒီယိုလည်းမျက်နှာပျက်ရမည်။

လိုင်းတဖက်မှညည်းတွားလိုက်သည်_ ''အချိန်ပိုဆင်းရဦးမှာလား? ဒါဆိုရင်လည်း ကျွန်မအလုပ်ဆင်းရင် ရှင့်ဆီလာခဲ့မယ်... မုန့်ဝယ်လာမယ်... ရှင်ဘာစားချင်လဲ?''

''ကလေးဘာယူလာလာ ကြိုက်တယ်'' ဟူဖေးက ဖုန်းပြောရင်းပြုံးလိုက်သည်။ နားလည်တတ်တဲ့ကောင်မလေးရှိတာ ကောင်းလိုက်တာ။



…

ချင်လင်စံအိမ်ပြန်ရောက်သောအခါ ဖရဲသီးကြီးတွေက လိုင်းပေါ်မှာနာမည်ကျော်ပြီး ရေပန်းစားစာရင်းထဲဝင်နေပြီမှန်းသိလိုက်သည်။

အစောက ချန်တပေနှင့်လုံခြုံရေးအစောင့်တွေ ဖရဲသီးကြီးနှစ်လုံးကို လှည်းနှင့်စံအိမ်ထဲသယ်လာစဉ် ခရီးသည်တွေအများကြီးဓာတ်ပုံဝိုင်းရိုက်ထားကြသည်။

ရေပန်းစားခေါင်းစဉ်ထဲဖရဲသီးကိုမြင်သောအခါ အတော်များများက မယုံနိုင်ကြ။ အခုအင်တာနက်ဘယ်လောက်မြန်သည်ဆိုဦးတော့ ဖရဲသီးရေပန်းစားလာစရာအကြောင်းမရှိဘူးဟုတ်? အလှလေးတွေရဲ့ဗီဒီယိုက မကောင်းလို့လား?

သို့သော် ချင်းလင်စံအိမ်၏ကျော်ကြားမှုနှင့် ကတ်တီ ၂၄၀ ကျော်ဖရဲသီးနှစ်လုံးဟု ထည့်ရေးလိုက်လျှင်မူ_ ''သောက်... ဒီလောက်ကြီးတဲ့ဖရဲသီးရှိလား?''

တချို့ဗီဒီယိုမှတ်ချက်များမှာလည်း အလွန်နာမည်ကျော်လာသည်။

''အဖေအမေနဲ့ကျိန်ပြောရဲပါတယ်... ဒီလောက်ကြီးတဲ့ဖရဲသီး တစ်သက်လုံးမမြင်ခဲ့ဖူးပါဘူး''

''အဲဒါအလှဆင်တဲ့ဖရဲသီးလေ... ငါမင်းကိုအလုံး ၁၀၀ လောက်ပေးနိုင်တယ်''

''မဟုတ်တာကို ဇာချဲ့နေတာ... ငါမနှစ်က ကတ်တီ ၅၀၀ ရှိတဲ့ဖရဲသီးမြင်ဖူးတယ်''

''ဂင်းနစ်စံချိန်ဝင်တဲ့ကမ္ဘာ့အကြီးဆုံးဖရဲသီးက ဘယ်လောက်မှန်း မင်းမသိဘူးထင်တယ်''

“…”

ညပိုင်းတွင် ချင်းလင်စံအိမ်တရားဝင်ပွဲဗီဒီယိုကြောင့် ဖရဲသီးနှစ်လုံးပိုကျော်ကြားလာသည်။

ဗီဒီယိုတင်ဆက်သူမှာ ကောင်းယောင်ယောင်ပင်။

''ကျွန်မမှာ အားလုံးအတွက်သတင်းကောင်းရှိပါတယ်... ကျွန်မတို့ချင်းလင်စံအိမ်က ထပ်ပြီးအကျိုးမျှဝေပါဦးမယ်... ဘာအကျိုးတွေလဲဆိုတာ အားလုံးသိချင်နေကြပြီမလား? ဟုတ်ပါတယ်... ဖရဲသီးကြီးနှစ်လုံးပါပဲ''

ကောင်းယောင်ယောင်ပြောနေစဉ် ဖရဲသီးကြီးနှစ်လုံး၏ဗီဒီယိုပေါ်လာသည်။

ကောင်းယောင်ယောင်ကဆက်၍_ ''တစ်လုံးက ၂၄၂ ကတ်တီရှိပြီး နောက်တစ်လုံးက ၂၄၄ ကတ်တီရှိပါတယ်... ကျွန်မတို့ချင်းလင်စံအိမ်က ငွေကုန်ကြေးကျအများကြီးခံပြီး ဝယ်ထားတာပါ''

''မနက်ဖြန် အားလုံးပဲ ဖရဲသီးဘုရင်ရဲ့အရသာကို အလကားမြည်းစမ်းခွင့်ရမှာဖြစ်ပါတယ်... မနက်ဖြန်သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လက်မှတ်ဝယ်ရင် ဒါမှမဟုတ် စံအိမ်မှာ ယွမ် ၅၀ ဖိုးသုံးထားတဲ့ပြေစာရှိရင် မဲတစ်ကြိမ်နှိုက်ခွင့်ရပါမယ်... မဲပေါက်တဲ့ခရီးသည်တွေက ဖရဲသီးကြီးကိုအခမဲ့စားရမှာပါရှင့်''

''ဒါပေမဲ့ မဲအကန့်အသတ်ရှိပါတယ်... စုစုပေါင်းပရိသတ် ၆၀၀ ပဲ ဒီဖရဲသီးဘုရင်ကိုမြည်းနိုင်မှာဖြစ်ပြီးတော့ ဒီနှစ်အတွက်စားလိုက်နိုင်တဲ့ တစ်ဖွဲ့တည်းသောအုပ်စုဖြစ်ပါလိမ့်မယ်''

သိပ်မကြာမီ ဗီဒီယိုထွက်လာပြီး စံအိမ်တရားဝင်အကောင့်နောက်ခံတွင် like များ၊ မှတ်ချက်များ တတောင်တောင်တက်လာသည်။

''အစ်မယောင်ယောင်ကို တွေ့ရပြန်ပြီ... အစ်မယောင်ယောင်က လှလိုက်တာ''

''တကယ်ဖရဲသီးအစစ်တဲ့... ကြီးလိုက်တာ... မယုံနိုင်စရာပဲ''

''သောက်... ပရိသတ် ၆၀၀ တည်းတဲ့? ဒါဖရဲသီးဘုရင်လေ... ဒါကိုစားရင် ဘုရင့်စည်းစိမ်မျိုးခံစားရမှာမလား? ထိပ်တန်းသူဌေးကြီးတွေ စားချင်ရင်တောင် မစားနိုင်တာမျိုးပဲ''

''ဒီဖရဲသီးကိုစားပြီးရင် ငါဒီနိုင်ငံမှာ ၀.၀၀၀၀၄၂၄% ပဲစားနိုင်တဲ့ဖရဲသီးကိုစားခဲ့ပြီလို့ ဂုဏ်ယူစွာနဲ့ပြောနိုင်ပြီ''



''ကျန်ခဲ့ဖို့အစီအစဉ်မရှိဘူး... ဖရဲသီးနတ်ကို ဆုတောင်းထားပြီ... မနက်ဖြန် ပရိသတ် ၆၀၀ ထဲမှာ ပါကိုပါရမယ်''

“…”

၆၀၀ စာရှိသော်လည်း သူတို့စားချင်ရင်တောင် မစားနိုင်ချေ။ ပိုပွဲဆူအောင်လုပ်နေသလိုပင်။

ပွဲဗီဒီယိုထွက်လာသည်နှင့် တချို့လူများ၏စိတ်အားထက်သန်မှုကို ချက်ချင်းဖောက်ခွဲလိုက်၏။ အစကတည်းက ချင်းလင်စံအိမ်သွားချင်နေသူများမှာ အကြောင်းပြချက်ရသွားသည့်နှယ်။ ဒီနေ့ပြန်မည့်ခရီးသည်များကလည်း ရုတ်တရက် ရုံချန်းစီရင်စုမှာဆက်နေပြီး မနက်ဖြန်ပြန်လာဖို့စီစဉ်လိုက်ကြသည်။

ကျောက်မိုချင်းက အွန်လိုင်းအခြေအနေကိုအာရုံစိုက်နေ၏။ လူသိများလာသောအခါ သူမလည်းပျော်ရွှင်မိသည်_ ''ချင်လင်... ကျွန်မတို့အစီအစဉ်နာမည်ကျော်လာပြီ... အကုန်လုံးရဲ့တုံ့ပြန်ချက်ကအရမ်းကောင်းတယ်''

''အံ့သြစရာမဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် ဖရဲသီးဘုရင်နှစ်လုံးနဲ့ လူ ၆၀၀ ပဲစားရမယ်ဆိုတာနဲ့တင် ပေါက်နေပါပြီ'' ချင်လင်ကပြုံးပြီး ပြောလိုက်သည်။ တက္ကသိုလ်ကြော်ငြာသင်ခန်းစာတွင် ကစားကွက်မိအောင်လုပ်ခြင်းမှာ မပါမနေသင်ခန်းစာတစ်ခုဖြစ်သည်။ ထို့ကြောင့်သူက ဖရဲသီးဘုရင်နှင့် လူ ၆၀၀ ဆိုသောထွင်လုံးကို သေချာထည့်ထားခြင်းဖြစ်လေသည်။

နောက်ပြီး မနက်ဖြန်ခရီးသည်များဖရဲသီးစားပြီးသည့်အခါ ဤအချက်ကပွဲအဆူဆုံးဖြစ်မည်။

ဤအရည်အသွေး ၃ ဖရဲသီးများ၏အရသာမှာ အရည်အသွေး ၂ အရသာနှင့်အတူတူဖြစ်သော်လည်း မဲပေါက်သူများက ဖရဲသီးအရသာကို သေချာပေါက်ကြွားကြဦးမည်။

ဤသည်က လူများ၏စိတ်ပိုင်းဆိုင်ရာထူးခြားချက်တစ်ချက်ပင်။ ကြွားလိုက်မှ အနိုင်ရတဲ့ခံစားချုပ်ပိုရသလိုလို။

ထိုဗဟုသုတအချက်များမှာ တက္ကသိုလ်၏စိတ်ပိုင်းဆိုင်ရာဝါဒဖြန့်သင်ခန်းစာထဲတွင်ပါသည်။

ချင်းလင်စံအိမ်၏ရွက်လွှင့်အစီအစဉ်နှင့်သတို့သမီးခန်းလုပ်ငန်းမှာ ပြီးတော့မည်။ စီရင်စုကလည်း ချင်းလင်စံအိမ်၏အခြေအနေကိုအာရုံစိုက်နေသည်။ ဘာပဲဖြစ်ဖြစ် စီရင်စုက ချင်းလင်စံအိမ်ကိုထောက်ပံ့ငွေ ယွမ် ၂၅ သန်းပေးထားသည်လေ။

ချန်လီလည်း စံအိမ်၏လှုပ်ရှားမှုဗီဒီယိုကိုစောင့်ကြည့်ရင်း_ ''စွန်းရှန်... ငါပြောပါတယ် သူဌေးချင်က စိတ်ချရတဲ့သူပါလို့... သူကစံအိမ်ကိုနာမည်ကျော်အောင်လုပ်နေပြီ''

စွန်းရှန်ခေါင်းညိမ့်လိုက်သည်_ ''ဒီလောက်ကြီးတဲ့ဖရဲသီးနှစ်လုံးကိုသူဝယ်နိုင်တာတွေးကြည့်ရင်... အရမ်းမျက်စိကိုဖမ်းစားနိုင်တာပဲ''

သူ့ဘေးမှကျုံးလဲ့က ချက်ချင်းအစီရင်ခံလိုက်၏_ ''စွန်းရှန် အကြီးအကဲချန်... ဥက္ကဌချင်ရဲ့ဖရဲသီးနှစ်လုံးက တျန့်နန်က ရေနက်ဖရဲသီးဖြစ်လောက်တယ်''

ချန်လီကသိချင်စိတ်နှင့်မေးလိုက်သည်_ ''မင်းဘယ်လိုလုပ်သိလဲ?''

ကျုံးလဲ့ကရှင်းပြလိုက်၏_ ''တျန့်နန်ကလူတစ်ယောက်တင်ထားတဲ့ဗီဒီယိုမှာ အဲလိုပြောထားတယ်''

ထိုအချိန်တွင်…

ချင်းလင်စံအိမ်၌_

ကျောက်မိုချင်းက ချင်လင်လက်ထဲ ဗီဒီယိုတစ်ခုပေးပြလိုက်ကာ_ ''ချင်လင်... ဒါကျွန်မတို့နာမည်ကြီးတာကို အခွင့်ကောင်းယူသွားတာမလား?''

ချင်လင်ကဗီဒီယိုယူကြည့်လိုက်ရာ ဖရဲသီးအကြောင်းဗီဒီယိုမှန်းတွေ့လိုက်ရသည်။

ဖရဲသီးအကြောင်းသိတဲ့ဘယ်သူမဆို တျန့်နန်ကဖရဲသီးကြီးတွေထွက်ကြောင်းသိကြ၏။ ဖရဲသီးတွေက ကတ်တီ ၁၀၀ ကျော်အချိန်စီးမှန်း ကြည့်လျှင်လွယ်လွယ်သိနိုင်သည်။ ၄င်းနေရာမှာ တိုင်းပြည်အတွင်း အကြီးဆုံးဖရဲသီးစံချိန်ချိုးထားသောနေရာလည်းဖြစ်၏။

''ဖရဲသီးအကြောင်းပြောမှ ကတ်တီ ၂၀၀ ကျော်တဲ့ဖရဲသီးတွေတကယ်ရှားသွားပြီ... ဒီနှစ်တျန့်နန်က ဖရဲသီးဘုရင်နှစ်လုံးလည်း ကတ်တီ ၂၀၀ ကျော်တယ်... အဲဒါဒီနှစ် ကမ္ဘာမှာအကြီးဆုံးပဲ... အဲဒီနှစ်လုံးကို တောင်ပိုင်းကဖောက်သည်တွေမှာထားတာဆိုတော့ ချင်းလင်စံအိမ်ကနှစ်လုံးပဲဖြစ်လိမ့်မယ်''

ဗီဒီယိုကိုကြည့်ပြီး ချင်လင်ကစလိုက်သည်_ ''စိတ်ဝင်စားစရာပဲ''

ဒီဗီဒီယိုက နာမည်ယူဖို့ကြိုးစားနေတဲ့လူလိမ်ရဲ့ဗီဒီယိုပဲ။ တျန့်နန်ကတစ်ယောက်ယောက်က ဒါကိုအသုံးချပြီးသူ့ဖရဲသီးကြီးတွေကို ကြော်ငြာချင်နေတာဖြစ်ရမည်။

အဓိကက တစ်ဖက်လူက သူတို့နှင့်လာငြိချင်နေပုံရ၏။ ဗီဒီယိုပါအကြောင်းအရာမှာ ချင်းလင်စံအိမ်မှဖရဲသီးနှစ်လုံးကို တျန့်နန်ကဟုထင်စေချင်နေသည်။ သို့သော် သူ့စကားထဲတွင် မရေမရာသဘောပါနေ၍ သူတို့ကိုအခက်တွေ့အောင် လုပ်ခွင့်မရှိပေ။

သူတို့တကယ်ငြင်းချင်တယ်ဆိုရင် တစ်ဖက်လူက ဖရဲသီးနှစ်လုံးကိုတောင်ပိုင်းပို့လိုက်ကြောင်း အခိုင်အမာပြောမည်။ သူတို့က ချင်းလင်စံအိမ်မှဖရဲသီးနှစ်လုံးကို သူတို့ဆီကဟု တထစ်ချမပြောခဲ့ပေ။

All Chapters