← Chapters

ဘွဲ့လွန်စာမေးပွဲ ပြန်လည်လေ့ကျင့်ခြင်း သင်ခန်းစာများ

Vol. 57 Ch. 841

ဘွဲ့လွန်စာမေးပွဲ ပြန်လည်လေ့ကျင့်ခြင်း သင်ခန်းစာများ

Vol. 57 Ch. 841

“ ငါလည်း သူနဲ့ ဆေးဝါး ကုမ္ပဏီကြီး ခြောက်ခုအကြောင်း ကြားဖူးပါတယ်…” အဲလစ်မှ ပြောလိုက်ပြီး “ သူက အရမ်းတော်တယ်… ဒါပေမယ့် အဲ့တာကလည်း နင် သတိလက်လွတ် ဖြစ်သွားလို့လေ… ငါကျတော့ လိုအပ်တော့ ပြင်ဆင်မှုတွေ အကုန်လုပ်ထားပြီးသား..”

“ ငါ သတိလက်လွတ်ဖြစ်သွားခဲ့တာ မဟုတ်ဘူး… သူနဲ့ မတွေ့ခင်ကတည်းကရင် အကုန်လုံး ပြင်ဆင်ထားပြီးသား… အဲ့တာတောင် နောက်ဆုံးကျတော့ ကျရှုံးရသေးတာပဲ… သူ့ကြောင့်တောင် သေလုမြောပါး ဖြစ်သွားသေးတယ်…”

“ ထားပါ… သူ့ရဲ့ ဆေးပညာ အရည်အချင်းကတော့ ပြိုင်ဘက်ကင်းတယ်… ဒါပေမယ့် ခုက သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာလေ… သူက ငါတို့ကို မခြိမ်းခြောက်နိုင်ပါဘူး… အသာစီးက ငါတို့လက်ထဲမှာပဲ…”

ကျောက်ဝန် မေးထောက်ရင်း ဆိုရန်စကားတို့ ပျောက်ဆုံးနေတော့၏။

ယခုတော့ သူမ အေးဆေး စားသောက်နိုင်ရန် မမျှော်လင့်တော့ချေ။ လင်းရီ သူမအပေါ်သို့ ဒေါသပုံမချရန်သာ မျှော်လင့်နေမိတော့၏။

“ သူလာနေပြီ…”

အဲလစ်၏ စကားလုံးများက ကျောက်ဝန်ကို ထိတ်ကနဲ ဖြစ်သွားစေပြီး လှေကားဘက်ခြမ်းသို့ ကြည့်လိုက်တော့ လင်းရီ သူမတို့ထံ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

ကျောက်ဝန် စားပွဲ၌ ရှိနေသည်ကို မြင်တော့ လင်းရီလည်း ကြက်သေသေသွားလေသည်။

ကျောက်ဝန်က ဘာလို့ ဒီရောက်နေတာ…

သူမ Intel က တစ်စုံတစ်ယောက်နဲ့ ရင်းနှီးနေတာများလား…

အခွင့်ကြုံတော့ သူတို့နဲ့ ပူးပေါင်းပြီး သူ့ကို လက်စားပြန်ချေချင်နေတယ်ပေါ့…

အင်း… ဖြစ်နိုင်တယ်…

ကျွတ် ကျွတ် .. ဒီမိန်းမက တော်တော်လေးကို ဇွဲနပဲကြီးတာပဲ…

အချိန်ရရင်တော့ နည်းနည်းလောက် ဂရုစိုက်ပေးဦးမှပါ…

လင်းရီ သူမအား စိုက်ကြည့်နေသည်ကို မြင်တော့ ကျောက်ဝန် အလိုလိုနေရင်း ကျောစိမ့်လာခဲ့၏။

အလျင်အမြန် ထိုင်ခုံမှ ထ၍ “ နင်လာပြီလား… ငါတို့ နင့်ကို စောင့်နေတာတောင် တော်တော်လေး ကြာနေပြီ…”

“ မင်းတို့ အချင်းချင်း သိနေကြတယ်ပေါ့…” လင်းရီ မေးမြန်းလိုက်၏။

“ ဒီတိုင်း သာမန် သူငယ်ချင်းပါပဲ…. အတွေးလွန်မနေနဲ့…” ကျောက်ဝန် ပျော့ပျောင်းညင်သာစွာ ပြောလိုက်သည်။

“ သာမန် သူငယ်ချင်းပဲပေါ့…”

“ အွန်း… ငါတို့ရဲ့ ပတ်သက်မှုက တကယ့်ကို သာမန်ပဲ… နင် တစ်လွဲတွေ လျှောက်တွေးမနေနဲ့နော်…”

“ အိုး.. ပြီးတာပဲလေ…”

ဟူး…..

ကျောက်ဝန် ရင်ထဲ၌ သက်ပြင်းခိုးချလိုက်သည်။ ကံကောင်းစွာဖြင့် ထိုကောင်က အထင်မလွဲသွားသောကြောင့်ပင်။ မဟုတ်ပါက သူမတော့ တော်တော်လေး အခက်တွေ့ပြီဖြစ်၏။

လင်းရီ ရောက်လာသည်ကို မြင်တော့ အဲလစ်မှ မတ်တပ်ရပ်၍ ကြိုဆိုလိုက်ပြီး သူ့ထံသို့ လက်ဆန့်တန်းလိုက်ကာ “ နေကောင်းတယ်နော် မစ္စတာလင်း….”

“ ကောင်းပါ့ဗျာ…” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ တစ်ခုခု အရင်ဆုံးမှာကြတာပေါ့… တစ်နေ့လည်ခင်းလုံး အပြင်မှာ ပြေးလွှားနေရတော့ ဗိုက် တော်တော်လေး ဆာနေပြီ…”

ကျောက်ဝန် အဲလစ်ကို ကြည့်လိုက်၏။ လင်းရီ သူမကို ကိုင်တွယ်ရန် မည်သည့် နည်းလမ်းတို့ ပြင်ဆင်ထားစေကာမူ သူ၏ သမာရိုးကျမဟုတ်သည့် အတွေးအခေါ်နှင့်ပင် သူမအတွက် ခေါင်းကိုက်စေရန် လုံလောက်၏။

ရယ်သွမ်းလျက် အဲလစ် စားပွဲပေါ်ရှိ မီနူးကို လင်းရီထံ တွန်းပို့ပေးလိုက်သည်။

“ မစ္စတာလင်း… ကျေးဇူးပြုပြီး….”

“ မလိုဘူး… စားပွဲထိုးကို မီနူးထဲမှာပါတဲ့ တစ်ပွဲချင်းစီတိုင်း လာချပေးဖို့ ပြောလိုက်…”

“ ဒါက….”

အဲလစ် စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းသွားခဲ့၏။ သူမ ပထမဆုံးအကြိမ် ယခုလို အခြေအနေမျိုးနှင့်ကြုံတွေ့ရခြင်း ဖြစ်သောကြောင့် မည်သို့ တုံ့ပြန်ရမှန်း မသိ ဖြစ်နေလေသည်။

“ ကောင်းပြီလေ… မစ္စတာလင်း သဘောအတိုင်းပဲပေါ့….”

အော်ဒါမှာပြီးနောက် လင်းရီ မည်သည့် စကားတစ်ခွန်းကိုမျှ မဆိုချေ။ ဖုန်းထုတ်၍ ကျီချင်းရန်နှင့် အတူ ဝီချက်ပေါ်၌ စကားပြောနေလိုက်၏။

ကျောက်ဝန်ကလည်း အလကားနေရင်း ကြားညှပ်သွားမှာကို စိုးရိမ်သောကြောင့် တိတ်ဆိတ်နေလျက် ရှိသည်။

‘ အလကားနေရင်း အမြောက်စာတော့ အဖြစ်မခံနိုင်ဘူး…’

အဲလစ်ကသာလျှင် အနည်းငယ် ကိုးရို့ကားယား ဖြစ်နေလေသည်။

သူမဘက်က ဆွေးနွေးဖို့ ချိန်းဆိုလိုက်တာကို ဒီလူက ဘာလို့ စကားတစ်ခွန်းမှ မပြောတာ…

ဒီလူက တကယ်ကော လင်းယွမ်အုပ်စုရဲ့ ဥက္ကဌမှ ဟုတ်ပါစ…

ဘာလို့ သူမ ထိတွေ့ပြောဆိုနေကြဖြစ်တဲ့ တခြား ဥက္ကဌတွေနဲ့ ကွာခြားနေရတာလဲ…

ဟင်းပွဲများ ချက်ပြုတ်သည့် နှုန်းက မမြန်ဆန်သည့် အပြင် တစ်ပွဲပြီးမှ တစ်ပွဲ လာချပေးသောကြောင့် လင်းရီ၏ ဟင်းခွက်စုံအောင် နှိုက်သည့် အလေ့အကျင့်နှင့် မကိုက်ညီချေ။

ကျစ်...ဒီလိုနေရာက ဟန်ကိုယ့်ပြီး ဓာတ်ပုံရိုက်ဖို့လောက်ကလွဲရင် ဘာမှကို အသုံးမဝင်ဘူး…

ဟင်းပွဲအားလုံး စုံလင်စွာ ချထားပြီးနောက် လင်းရီ ဘာကိုမျှ ဂရုမစိုက်။ အကုန် ပါးစပ်ထဲ သွင်းတော့၏။

ကျောက်ဝန်လည်း အလားတူပင်။ သူမ ကိုယ့်ဗိုက်ကိုယ် ပြည့်နေအောင် ဖြည့်ချင်နေသည်။ မဟုတ်ပါက အိမ်သို့ ပြန်ရောက်သည့် အချိန်၌ လှန်လောရှာစားနေရမည် ဖြစ်၏။

နှစ်ယောက်သားမှ အစားအသောက်များအပေါ်၌သာ မွေ့လျော်နေပြီး စကားပြောရန် ရည်ရွယ်ချက် မရှိသည်ကို မြင်တော့ အဲလစ်မှ ဆက်လက် သည်းမခံနိုင်တော့ချေ။

“ မစ္စတာလင်း… ရှင့်မှာ ဘာပြောစရာ စကားမှ မရှိဘူးလား…”

အဲလစ်မှ စီးပွားရေး ကိစ္စကို အစပျိုး၍ မပြောဆိုချင်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိသူမက အားသာနေသောကြောင့်ဖြစ်၏။ လင်းရီဘက်က စကားစလာသည်ကို စောင့်ကြိုပြီး သူမ၏ အားသာချက်ကို အသုံးပြုရပေမည်။

“ ငါ့ကို ညစာ ကျွေးချင်လို့ ဒီခေါ်လိုက်တာ မဟုတ်ဘူးလား…. ဘာပြောရဦးမှာ…”

ပြောပြီးနောက် လင်းရီ ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်ပြီး “ အာ… ဟုတ်သားပဲ… ငါအခု မှတ်မိပြီ…. ငါတကယ်ကြီး မေ့သွားတယ်…”

အဲလစ်မှ ခေါင်းခါရမ်းရင်း ပြုံးလိုက်သည်။ သူမ ဤလူကို တော်တော်လေး ကူကယ်ရာမဲ့နေလေသည်။ ယခုလို လူစားမျိုးက မည်သည့်ဇာတာကြောင့်များ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ထားနိုင်မှန်း နားမလည်နိုင်တော့ချေ။

“ အာမင်… ခုလို စားကောင်းသောက်ဖွယ်တွေ ပေးသနားတဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်… စားပါတော့မယ်…”

ဖူး…

အသီးဖျော်ရည် သောက်နေသည့် ကျောက်ဝန်မှာ ထွေးထုတ်လုနီးပါး ဖြစ်သွားခဲ့၏။

ဒီလိုမျိုး ရင်းနှီးနေတဲ့ မြင်ကွင်း…

အဲလစ်၏ မျက်ဝန်းတို့ ပြူးကျယ်နေကာ လင်းရီ ယခုလို စကားမျိုး ပြောလိမ့်မည် ဖြစ်ကြောင်း မမျှော်လင့်ထားသည်မှာ လုံးဝ သေချာလေသည်။

“ ကျွန်မ ပြောချင်နေတာ အဲ့တာ မဟုတ်ဘူးလေ….”

“ ဒါမဟုတ်တော့ ဘာကြီးလဲ… မင်းတို့ အမေရိကန်သူတွေ မစားမသောက်ခင် ဒီလိုစကားမျိုး ပြောကြတယ် မဟုတ်ဘူးလား… “ လင်းရီ ပြောလိုက်ပြီး “ မင်းက ဗုဒ္ဓယုံကြည်သူဆိုတော့ ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ငါ့ကိုလာမပြောနဲ့….”

“ အာ….. ကျွန်မ ပြောချင်တာက စီးပွားရေး ကိစ္စ…” အဲလစ် သူမ ဆက်လက်ဝေ့ဝိုက်နေပါက ထိုလူနှင့် လိုရင်း မရောက်တော့ပဲ သူမသာ ဆေးရုံရောက်သွားလိမ့်မည်ဟု ခံစားနေရသောကြောင့် အမှန်အတိုင်းသား ဖွင့်ပြောလိုက်တော့သည်။

“ ပြောလေ… မင်း ဘာပြောချင်တာ…. ငါ့ပါးစပ်နဲ့ စားနေတယ်ဆိုပေမယ့် နားတွေကတော့ အားပါသေးတယ်….”

“ ကျွန်မတို့ ဘက်က လုံရှင်းကို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုကို ပြန်ရုတ်သိမ်းပေးလို့ရတယ်…ဒါပေမယ့် ကျွန်မတို့ဘက်က လုံရှင်းရဲ့ ရှယ်ယာတစ်ချို့ကိုတော့ လိုချင်တယ်..” အဲလစ် လိုရင်းကို တန်းသွားလိုက်၏။

လင်းရီ အဲလစ်ကို ကြည့်ရင်း “ မင်းတို့ အမေရိကန်တွေ အကုန် ထမင်းစားတဲ့ ဦးနှောက်နဲ့ မလား… ဘယ်လိုတောင် အရှက်မရှိ တောင်းဆိုနေရတာ….”

ကျောက်ဝန်ကတော့ တိတ်ဆိတ်နေလျက် နှစ်ယောက်၏ အခြေအနေကို စောင့်ကြည့်နေသည်။ လင်းရီဘက်မှ စတင်လှုပ်ရှားတော့မည်ဟု သူမ ရေးတေးတေး ခံစားမိနေတော့၏။

“ ကျွန်မတော့ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတယ်လို့ ထင်တာပဲ… မစ္စတာလင်း ပြန် မစဉ်းစားချင်တော့ဘူးလား…”

“ ဘာမို့လို့ စဉ်းစားရမှာ….”

“ ဘာလို့ဆို Intel က နည်းပညာနယ်ပယ်ထဲက ဒိတ်ဒိတ်ကျဲကြီးမို့လေ… ရှင့်လက်အောက်က ကုမ္ပဏီတွေ အကုန်ပေါင်းစည်းလိုက်ရင်တောင် ကျွန်မတို့ကို မမှီသေးဘူး… မစ္စတာလင်း… ရှင်လည်း ဒီဟာကို နားလည်ပါတယ်…”

“ ငါသိတယ်… မင်းတို့ Intel က တကယ့်ကို အထင်ကြီးစရာပါပဲ.. ငါ့ရဲ့ လင်းယွမ်အုပ်စုက မင်းတို့နဲ့ မယှဉ်နိုင်ပါဘူး…”

“ ဒါကြောင့်မို့ ပူးပေါင်းဆောင်ရွက်တာက နှစ်ဖက်လုံးအတွက် win-win အခြေအနေပါလို့… မစ္စတာလင်းဘက်ကလည်း တအားကြီး အစွန်းရောက်မနေစမ်းပါနဲ့ …. တကယ်လို့ လုံရှင်းသာ Intel ရဲ့ ကျောထောက်နောက်ခံ ရှိသွားမယ်ဆိုရင် ဟွာရှမှာ အကန့်အသတ်မဲ့တဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်မှာပဲ မဟုတ်ဘူးလား… ရှင် သေချာလေး ချင့်ချိန်သင့်တယ်….”

“ မင်းတို့ Intel က အံ့ဩဖို့ ကောင်းတယ်ဆိုတာ ငါသိထားပြီးသား… ဒါပေမယ့် AMD ကလည်း မဆိုးဘူးပဲ မဟုတ်လား… မင်းတို့နှစ်ခုကြားထဲက ကွာခြားမှုကို သာမန်မျက်စိနဲ့တောင် မြင်နိုင်နေတာပဲ.. မင်းတို့ကိုယ်မင်းတို့ ပလ္လင်ပေါ်ကနေ မဆင်းပေးရတော့ဘူးလို့ ထင်နေတာလား..”

“ ကျွန်မလည်း နားလည်တယ်… AMD က ဒီနှစ်ပိုင်းတွေမှာ အလျင်အမြန်နဲ့ တိုးတက်လာနေပြီး မကြာခင် ကျွန်မတို့ကို မှီသွားတော့မယ်… ဒါပေမယ့် အကွာအဝေးတစ်ခုတော့ ခြားနေသေးတုန်းပဲဆိုတာတော့ ရှင်ဝန်ခံလိုက်… ကျွန်မတို့က ကမ္ဘာ့နံပါတ်တစ် ချစ်ပ်ထုတ်လုပ်သူတွေ ဖြစ်နေသေးတုန်းပဲ… ခုမျက်မှောက်မှာတင် မဟုတ်သေးဘူး… အနာဂတ်ကျရင်လည်း ဆက်ပြီးဖြစ်နေဦးမှာ….”

“ အဲ့လိုပြောလာတယ် ဆိုမှတော့ ငါလည်း မငြင်းတော့ပါဘူး….”

“ ဒီတော့ မစ္စတာလင်းက သဘောတူတယ်ပေါ့…”

ကျောက်ဝန် မျက်လုံးလှိမ့်လိုက်ပြီး ရင်ထဲ၌ ကျိန်ဆဲလိုက်၏။

‘ အဲ့ကောင်လား သဘောတူမှာ… ငါ့ဖင်ကြီးပဲ သဘောတူလိုက်…’

လင်းရီ သူ့အိတ်ကပ်ထဲမှ USB flsh drive တစ်ခုကို ထုတ်၍ အဲလစ်ရှေ့ ဝှေ့ယမ်းပြလိုက်ပြီး “ ဒါဘာလေးလဲ သိလား….”

“ USB Drive မဟုတ်ဘူးလား….”

“ တော်တယ်…ဒါပေမယ့် သာမန် USB Drive မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါကျန်တာ မပြောရဲသေးဘူး… ဒါပေမယ့် ဒီထဲမှာ ပါတဲ့ အချက်အလက်က မင်းတို့ကို ကမ္ဘာ့နံပါတ်တစ် ချစ်ပ်ထုတ်လုပ်သူဆိုတဲ့ ပလ္လင်ပေါ်ကနေ ကန်ချဖို့ လုံလောက်တယ်…”

ပြောပြီးနောက် လင်းရီ USB Drive ကို တွန်းပို့ပေးလိုက်၏။

“ မယုံဘူးဆိုရင် မင်းရဲ့ လက်တော့ထဲ ထည့်ကြည့်လိုက်… ငါ ..လင်းရီက ယောက်ျားစကားပဲ ပြောတယ်… မင်းမယုံရင် ကျောက်ဝန်ကို မေးကြည့်လိုက်…”

ကျောက်ဝန် ကျောစိမ့်တက်လာခဲ့ပြီး လင်းရီ၏ စကားလုံးကို သဘောတူသည့် အနေဖြင့် နှုတ်ဆိတ်၍သာ နေလိုက်သည်။

သို့သော်လည်း USB Drive ထဲ၌ ပါဝင်သည့် မည်သို့သော ကြောင်းအရာက Intel ကို ဖျက်ဆီးနိုင်စွမ်းရှိမည်ကို သူမလည်း စူးစမ်းချင်နေမိတော့၏။

အဲလစ်၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး သူမနှင့်အတူ သယ်ဆောင်လာခဲ့သည့် ပန်းသီးကြွက်ကိုက် လက်တော့ကို ထုတ်၍ Flash drive ကို ချိတ်ဆက်လိုက်သည်။

မကြာမီ အထဲ၌ folder တစ်ခုတည်းသာ ရှိနေကြောင်း သတိပြုမိလိုက်လေသည်။

နာမည်မှာတော့ “ ဘွဲ့လွန်စာမေးပွဲအတွက် ပြန်လည်လေ့ကျင့်ခြင်း သင်ခန်းစာများ “ ဟု ရေးသားထား၏။

နာမည် ပေးထားသည်က ထူးဆန်းနေသော်လည်း ကျောက်ဝန် စိတ်လှုပ်ရှားစွာဖြင့် ဖိုင်ပေါ်သို့ နှစ်ချက် အမြန်နှိပ်လိုက်၏။

ထို့နောက်တွင်တော့ နေရာတစ်ခုလုံး တိတ်ဆိတ်မှုက အတိ ကြီးစိုးသွားတော့သည်။

All Chapters