← Chapters

ဘယ်လို မိန်းမသားက တောင့်ခံနိုင်မှာလဲ

Vol. 57 Ch. 848

ဘယ်လို မိန်းမသားက တောင့်ခံနိုင်မှာလဲ

Vol. 57 Ch. 848

“ အားလုံးက ဥက္ကဌကျီရဲ့ လမ်းညွှန်ပြသပေးမှုတွေကိုပဲ ကျေးဇူးတင်ရမှာပေါ့…”

ကျီချင်းရန် ခေါင်းကို မော်လျက် လင်းရီကို ကြည့်လိုက်ပြီး “ ဒါဆို နင်ပြောတဲ့ အချစ်ကြောင့် ဆိုတာက ဘာလဲ…”

လင်းရီ ဘာမျှ ပြန်မပြော။ သူ၏ ဟွာရှန်းဆေးရုံ၌ အတွေ့အကြုံများကိုသာ ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။

“ ငါ့အထင်တော့ မိဘတွေက သူတို့သားသမီးတွေကို အသက်ထက်ဆုံး ချစ်မြတ်နိုးကြပါတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ သူတို့ ဒီလိုလုပ်တယ်ဆိုတာလည်း အကြောင်းပြချက်တော့ ရှိမှာပါ…. မဟုတ်ရင် ငါ့ကို လာထားသွားတုန်းက ငိုကြွေးနေမှာ မဟုတ်ဘူး…”

“ နင် သူတို့ကို တွေ့ချင်လား…”

“ မတွေ့ချင်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ခု လက်ရှိ ဘဝကလည်း အဆင်ပြေနေတာပဲ မဟုတ်ဘူးလား… ပြီးတော့ သူတို့ ငါ့ကို မြင်ရင် လိပ်ပြာမလုံသလို ခံစားရမယ်လို့ ထင်တာပဲ…ဒီတော့ သူတို့ သေပြီလို့ပဲ သဘောထားလိုက်တော့မယ်… ဘယ်သူကမှ ဘယ်သူ့ကို မနှောင့်ယှက်ပဲနဲ့ပေါ့….”

“ တကယ်လို့ သူတို့ တစ်နေ့ နင့်ဆီ လာတွေ့မယ်ဆိုရင်ကော…”

“ မင်း ခုလေးတင် မေးပြီးသွားပြီ မဟုတ်လား…. ငါ သူတို့နဲ့အတူ သောက်ဖို့ ပြဿနာ မရှိပါဘူးလို့..” လင်းရီ ရယ်သွမ်းလိုက်ရင်း “ ပြီးရင် မင်းကို ခေါ်ပြပြီး ဟုန်ပေါင်းအကြီးကြီး တောင်းခိုင်းမယ်လေ…”

“ ဟွန့်… နင်ကတော့ ဘယ်လို အလေးအနက် ထားရကောင်းမှန်းကို နားမလည်ဘူး…” ကျီချင်းရန် ပြောဆိုလိုက်ပြီး “ ဒိကိစ္စ ဆက်မပြောကြစို့….”

“ အယ်ဗျာ… သူကပဲ အရင်စပြီးတော့မှ….”

“ သိဘူးဟာ… ဒါပဲ… အိပ်ကြစို့…”

“ ဟီးဟီး… အိပ်ချင်နေတာ ကြာရောပေါ့…” လင်းရီ သူမကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး “ တစ်ယောက်တည်း အိပ်ရတာ ပျင်းဖို့ ကောင်းတယ်…”

“ နင်ငါ့ကို ပြန်မလွှတ်တော့ဘူးဆိုတာ သိပြီးသား…” ကျီချင်းရန်မှ သူမ ပြန်ရန် မဖြစ်နိုင်ကြောင်း ကြိုသိနေသည့်နှယ် မည်သည့် ရုန်းကန်မှုတို့မျှ မပြုလုပ်ခဲ့ချေ။

မည်သို့ပင်ဆိုစေ နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူများဖြစ်၏။

သို့နှင့် နှစ်ယောက်မှာ နောက်တစ်နေ့ ဆယ်နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြလေသည်။

“ နင့်ကြောင့်ပဲ…. အိပ်မယ်ဆိုတာကို ဘာတွေ လျှောက်လုပ်နေမှန်းလဲမသိဘူး… ဒီက မနက် လုပ်စရာ ကိစ္စတွေ ရှိပါတယ် ဆိုနေမှ…” ကျီချင်းရန် စိတ်ရှုပ်စွာဖြင့် ခေါင်းကို ဖွရင်း ဆိုလိုက်သည်။ ထိုအခါ ဖွာတာနေသည့် ဆံပင်ပုံစံဖြင့် သူမ၏

သွင်ပြင်မှာ ဖြူဝင်းကျော့စင်းနေသည့် လည်တိုင်နှင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေစေကာ အကြင်နာပိုချင်စိတ်များ တစ်ဖွားဖွား ပေါ်ပေါက်လာစေတော့၏။

“ ထဖို့ပြောတုန်းက ဘယ်သူက အပျင်းကြီးပြီး မထတာလဲ… ဒါတောင် ဆက်အိပ်ဦးမယ် လုပ်လိုက်သေး….”

“ ခစ်ခစ်…. ဘာပဲဖြစ်ဖြစ် နင့်အမှား ဖြစ်နေတုန်းပဲ….”

ကျီချင်းရန် အိပ်ယာပေါ်မှ ထလိုက်ပြီး “ ငါ ကုမ္ပဏီမှာ ကိစ္စလေးတွေ ရှိသေးလို့ နင့်ဖို့ မချက်ပြုတ်ပေးတော့ဘူးနော်… ကိုယ့်ဘာကိုယ် ကြံဖန်ပြီးသာ စားသောက်တော့….”

“ ခရစ်စမတ်နေ့ကြီးကို …. သွားမနေနဲ့တော့…”

“ မရလို့ပေါ့…. မွန်းလွဲပိုင်းမှာ အစည်းအဝေးတစ်ခု ရှိတယ်… ပြီးတော့ ငါက အဲ့ဒီမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ဖြစ်နေလို့…” ကျီချင်းရန် လင်းရီကို ပါးထက်၌ အမှတ်အသား ပေးလိုက်ရင်း “ သုံးနာရီလောက်ဆို ပြီးပါပြီ… အဲ့ခါကျ လာကြို… ငါတို့လမ်းလျှောက်ထွက်ကြမယ်…”

“ ဘယ်သွားကြမှာ….”

“ အမ်…” ကျီချင်းရန် ခေတ္တကြာအောင် တွေးတောလိုက်ပြီး “ ရုပ်ရှင်သွားကြည့်ကြမယ်… ငါတို့ အတူနေတာ ကြာလှပြီကို ရုပ်ရှင်ရုံတော့ အတူမသွားဖူးသေးဘူး…”

“ ကောင်းပြီလေ… ငါ လက်မှတ် ဖြတ်ထားလိုက်မယ်…”

“ အွန်း…. နင်ကြိုက်သလိုသာလုပ်… ငါဘာမှ ဝင်မပါဘူး…”

“ အေးပါ… ငါ အကုန်လုံး မင်းအတွက် စီစဉ်ထားပေးပါ့မယ်…”

“ အွန်း… နည်းနည်းလောက် ထပ်အိပ်လိုက်… ငါ သွားနှင့်ပြီ…”

လင်းရီ အခန်းထဲမှ ထွက်လာပြီး ကျီချင်းရန် ရေချိုးခန်းထဲသို့ ဝင်ကာ ရေချိုးသန့်စင်လိုက်သည်။ နာရီဝက်မျှကြာပြီးနောက် သူမ အခန်းထဲမှ ထွက်ခွာသွားသည့် အသံများကို ကြားလိုက်ရလေသည်။

လင်းရီလည်း မတ်တပ်ရပ်၍ ခြေဆန့်လက်ဆန့် ပြုလိုက်၏။

မွန်းလွဲသုံးနာရီ မထိုးခင် အချိန်လေးနာရီ ကျန်နေသေးသည်။ ယင်းက သူ့အတွက်လုံလောက်ပေသည်။

ထုပ်ပိုးပြီးနောက် လင်းရီ အစိုးရဝန်းထဲသို့ ဦးတည်လိုက်ပြီး အစောင့်များအတွက် ပရီမီယမ် စီးကရက်နှစ်ဘူး ကမ်းပေးလိုက်သည်။

“ အဘိုး… ခရစ်စမတ်ကို အိမ်မှာ ဇနီးလေးနဲ့ သွားမနှပ်ဘူးလား….”

ပြောဆိုရင်းဖြင့် လင်းရီ စီးကရက်ဘူးကို ကမ်းပေးလိုက်သည်။

အစိုးရဝန်းကဲ့သို့ နေရာ၌ ပုန်းကွယ်နေသော နဂါးနှင့် ဝပ်နေသည့် ကျားတို့ ပြည့်နှက်နေမည်မှာ သံသယရှိရန် မလိုပေ။

ယခု အဘိုးကြီးက လုံခြုံရေး အစောင့်မျှသာ ဖြစ်သော်လည်း ခေါင်းဆောင်တစ်ချို့နှင့်လည်း ဆွေမျိုး ကင်းလိမ့်မည် မဟုတ်ချေ။

တစ်နည်းအားဖြင့် သန့်ရှင်းရေး ဝန်ထမ်း အန်တီကြီးပင် တခြားအထောက်အထားတို့ ရှိနေနိုင်သည်။ ထို့ကြောင့် ယခုလိုနေရာရှိ မည်သူ့ကိုမျှ အထင်သေးပြီး နိမ့်ချဆက်ဆံမှု မပြုသည်က ကောင်း၏။

အစောင့်အဘိုးကြီးမှာ အိုမင်းနေသော်ငြား မှတ်ဉာဏ်တော့ ကောင်းမွန်နေဆဲပင်။ သူ တစ်ချက်ကြည့်ရုံမျှဖြင့်လင်းရီကို မှတ်မိသွားခဲ့၏။

‘ဒီကောင်လေးက မြို့တော်ဝန်လျန်ကို အရင်က လာလာကြိုနေတဲ့ ကောင်လေး မဟုတ်ဘူးလား…’

“ အသက်ကဖြင့် ဒီလောက်ကြီးနေပြီကို … အနောက်တိုင်း အားလပ်ရက်ကို အထူးတလှယ်လုပ်ပြီး ပျော်မွေ့နေရဦးမှာလားကွ…”

“ အဲ့လိုတော့ မပြောသင့်ဘူးထင်တယ်.. ခင်များ ကိုယ့်ဇနီးကို အဖော်မလုပ်ပေးချင်ရင်တောင် ပန်းခြံထဲက မိတ်ဆွေ သူငယ်ချင်း(အဘွားကြီး) တစ်ချို့နဲ့တော့ ဆုံပေးသင့်တယ်မဟုတ်ဘူးလား.. ညီတူမျှတူပေါ့…”

“ ဟားဟား…. မင်းကတော့ လုံးဝကို အရှက်မရှိတာပဲ..”

လင်းရီနှင့် ပြောရလွယ်ကြောင်း သိသွားတော့ အဘိုးကြီးမှာ ပို၍ သဘောခွေ့သွားတော့၏။

‘ ဒီကလေးဆို မြို့တော်ဝန်လျန်နဲ့ ဆက်ဆံရေးကောင်းတာတောင် ငါ့ကို အကြီးအကဲ တစ်ယောက်လို သဘောထားပြီး စီးကရက်ဘူး လက်ဆောင်လာပေးနေတယ်… ဒီလိုလူငယ်မျိုးက ရှားမှရှားပဲ…’

“ ဘာပဲဖြစ်ဖြစ်ပါ.. ထရန်းနောက်လိုက်တာကလည်း ကောင်းပါတယ်..” လင်းရီ ပန်းသီးတစ်လုံး ထုတ်လိုက်ပြီး “ စားလိုက်… ဒါက အဘိုးကို ကျန်းမာစေလိမ့်မယ်…”

“ အိမ်း.... နေ့တိုင်း ဒီဂိတ်ကနေ လူတွေ ဝင်ထွက်သွားလာပြုနေတာ မရေမတွက်နိုင်ဘူး… ဒါပေမယ့် မင့်တစ်ယောက်တည်း ငါ့မျက်လုံးထဲမှာ သဘောကျစရာ အကောင်းဆုံးပဲကွ…” အစောင့်အဘိုးကြီးမှ ပြောလိုက်ပြီး “ မြို့တော်ဝန်လျန်ကို လာရှာတာလား….”

“ ဒါပေါ့… သူမ ဒီနေ့ အလုပ်လာဆင်းတယ်မလား…”

“ ဆင်းတယ်… တစ်မနက်ခင်းလုံး ဘယ်မှ မသွားသေးဘူး… တကယ်လို့ မင်းအခု သွားမယ်ဆိုရင် သူမနဲ့ နေ့လည်စာတောင် အတူစားလို့ရသေးတယ်…”

“ ကောင်းပြီလေ…ဒါဆိုလည်း သွားနှင့်တော့မယ်.. နောက်မှ စကားဆက်ကောင်းကြတာပေါ့…”

“ ရတယ်… “

လင်းရီ ဝန်းထဲသို့ ဝင်လာခဲ့သည်။ သို့သော်လည်း လျန်ရူရွှယ်၏ ရုံးခန်းထဲသို့ တိုက်ရိုက်မသွားဘဲ ကန်သင်းထဲသို့ ခိုးဝင်လိုက်၏။

ထို့နောက် မျက်စိတစ်ဖက်မှိတ်၍ ဟုန်ပေါင်း ခပ်ကြီးကြီး တစ်ခု ထုတ်ပြီး ကန်သင်းတာဝန်ခံကို အောင်မြင်စွာ လာဘ်ထိုးပြီး အထဲသို့ ဝင်ရောက်လိုက်လေသည်။

သို့သော်လည်း လက်တွေ့တွင်တော့ ဟုန်ပေါင်းကြောင့် ဝင်ခွင့်ပြုလိုက်သည် မဟုတ်ဘဲ ကန်သင်းတာဝန်ခံမှ လင်းရီကို မျက်မှန်းတန်းမိနေသောကြောင့်ပင်။

ဒီလူက မြို့တော်ဝန်လျန်နဲ့ ထမင်းအတူစားဖူးတဲ့သူ မဟုတ်လား…. အပြစ်ပြုမိလို့ကတော့ ငါ့ထမင်းအိုးလေး ပျောက်သွားနိုင်တယ်….

နေ့လည်စာ အချိန်ရောက်တော့ အဆောက်အအုံထဲရှိ ဝန်ထမ်းများမှာ အစားအသောက်ဗန်းကိုယ်စီဖြင့် ရောက်လာခဲ့ကြ၏။

လင်းရီလည်း သူ၏ မျက်နှာဖုံးကို တပ်ဆင်ပြီး မထင်မရှား ထောင့်တစ်နေရာတွင် လျန်ရူရွှယ်၏ ပေါ်အလာကို စောင့်ဆိုင်းနေလေသည်။

သို့သော် လူတိုင်းထမင်းစားပြီး၍ ပြန်ထွက်သွားပြီးသည့်တိုင်အောင် လျန်ရူရွှယ်မှာ ပေါ်မလာချေ။

“ လခွမ်း.. ဒီမိန်းမ အပြင်မှာ သွားစားတာများလားဟ…”

လင်းရီတစ်ယောက် လက်လျှော့တော့မည် ကြံကာရှိသေး တစ်စုံတစ်ယောက် စကားပြောသံကို သူ့ နားက ကြားလိုက်ရသည်။

“ မင်္ဂလာပါ မြို့တော်ဝန်လျန်…”

“ မြို့တော်ဝန်လျန်…. “

“ ကဲ ကဲ.. အားလုံးပဲ..ကိုယ့်စားစရာရှိတာကို စားကြပါ…”

လျန်ရူရွယ်၏ အသံကို ကြားတော့ လင်းရီ ခေါင်းငဲ့စောင်းပြီး တစ်ချက် ကြည့်ကြည့်လိုက်သည်။

လျန်ရူရွှယ်မှာ အပြာရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး လျော့တိလျော့ရဲ သားမွေးထည်ကို ဝတ်ဆင်ထား၏။ ထုံးစံအတိုင်း သူမ၏ ဆံနွယ်တို့ကိုတော့ စည်းနှောင်ထားလေသည်။

အသက်ကြီးဟန် ပေါက်စေသော်လည်း ရှုစားရသည်မှာ ကျက်သရေရှိလွန်းလှ၏။

လင်းရီ သူ့ကိုယ်သူ ပြင်ဆင်၍ ရောင်းသည့် နေရာသို့ လျှောက်သွားလိုက်သည်။

“ ထမင်းနည်းနည်း… အာလူးနဲ့ ကြက်ဥခလောက်ကြော်… ဟင်းနုနွယ်နဲ့ မြေပဲ… ပြီးတော့ သောက်စရာ အရည်တစ်ပွဲ..” လျန်ရူရွှယ်မှ ဟင်းပွဲများကို ကြည့်ရင်း တစ်မျိုးပြီး တစ်မျိုး ပြောသွားခဲ့သည်။

“ အသီးအရွက်ချည်းစားရင် အဆာဘယ်ခံမှာ…. အသားနည်းနည်း ထည့်ပါဦးလား…”

“ ခုတစ်လော ခံတွင်း သိပ်မကောင်းလို့.. ပေါ့ပေါ့ပါးပါးပဲ…” လျန်ရူရွှယ် စကားမဆုံးမီ ကန်သင်း၏ စားဖိုမှူးမှ အသားတစ်ပန်းကန် ထည့်ပေးလိုက်သည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။

ဝက်နံရိုး၊ ခွမ်းပေါင် ကြက်၊ ငရုတ်ပွနှင့် ဝက်ကုန်းဘောင်ကြော်၊ထို့ပြင် ကြက်ဥနှစ်လုံးပါ အဆစ်ပါလိုက်သေး၏။

“ နင်ဘာဖြစ်နေတာ…. နင့်ကို ငါ ဒါတွေထည့်ခိုင်းမိလို့………”လျန်ရူရွှယ် စကားမဆုံးမီ လင်းရီ၏ မျက်ဝန်းအကြည့်နှင့် သွားဆုံမိသည်။

သူမ ကြက်သေသေသွားခဲ့တော့၏။

ထိုသူက မျက်နှာဖုံးတပ်ဆင်ထားသောကြောင့် ၎င်း၏ မျက်လုံးတို့ကိုသာ မြင်နိုင်သော်လည်း လင်းရီ၏ မျက်လုံးကိုပင် မမှတ်မိဘူးဆိုပါက လျန်ရူရွှယ် ဟုတ်လိမ့်မည် မဟုတ်ချေ။

“ နင်.. နင် ဘယ်လိုလုပ်…..”

“ ဒီဟင်းပွဲတွေက နည်းနည်းလေး အီစိမ့်စိမ့် ရှိတယ်ဆိုတော့ …. အအီပြေ စားလို့ရအောင် ပန်းသီးလေးပါ ပေးလိုက်မယ်…”

ထို့နောက် မည်သည့်နေရာကမှန်းမသိ ပန်းသီးတစ်လုံးက လင်းရီ လက်ထဲ ရောက်လာလေသည်။ မျက်လှည့်ပြသကဲ့သို့ ပဉ္စလက်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။

လျန်ရူရွှယ်မှာ ဒေါသပင် ဆုံးအောင် မထွက်လိုက်ရပဲ ပျော်ရွှင်မှုက ချက်ချင်း အစားထိုး ဝင်ရောက်လာတော့၏။

သူ့ လက်ထဲမှာ လှည့်ကွက်တွေ ဘယ်နှစ်ခုတောင် ရှိနေတာလဲ…

အဟမျး အဟမျး..

လျန်ရူရွှယ် လည်ချောင်းရှင်းလိုက်ပြီး ဘာမျှ မဖြစ်ပျက်ထားသကဲ့သို့ ပြုမူလိုက်ကာ “ ခဏနေ ငါ့ရုံးခန်းထဲ ပို့လိုက်… ဒီနေ့ ဒီမှာ စားချင်စိတ် မရှိဘူး…”

“ ဖြစ်စေရပါမယ်ဗျ….”

လျန်ရူရွှယ် လှည့်ထွက်သွားခဲ့၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ယခင်ကကဲ့သို့ တည်ငြိမ်နေခြင်း မရှိတော့ပဲ သူမ၏ ခြေလှမ်းများက သိသိသာသာ လျင်မြန်နေသည်။

ထို့ပြင် အလွန်အမင်း အပြစ်ရှိသလိုလည်း ခံစားနေမိ၏။

သို့သော်လည်း ထိုသို့ ခံစားမိသည့် တိုင်အောင် သူမ ပျော်ရွှင်နေဆဲပင်။

ဒီလိုလူက သူ့လက်ထဲမှာ လှည့်ကွက်တွေအများကြီးနဲ့…. ဘယ်လို မိန်းမသားမျိုးက သူ့လှည့်ကွက်တွေကို တောင့်ခံနိုင်မှာလဲ..

( လင်းရီအပေါ် ခံစားချက်ရှိနေမိလို့ စိတ်ထဲ အပြစ်ရှိသလို ခံစားနေမိတာပါ…)

All Chapters