မတူကွဲပြားသည့် လူတို့ဘောင်
Vol. 57 Ch. 853
ကျီချင်းရန်မှ အချိုသပ်ထားသည့် ကျည်ဆံတို့နှင့် ပစ်ခတ်လာသည်တွင် လင်းရီ မည်သို့မျှ မငြင်းဆန်နိုင်တော့ချေ။ ထို့ကြောင့် သဘောတူရုံသာ တတ်နိုင်တော့၏။
“ ရှီးပဲ…”
ကျိန်ဆဲပြီးနောက် လင်းရီ တံခါးတွန်းဖွင့်၍ ရုံးခန်းထဲမှ ထွက်လာပြီး အောက်ထပ်ရှိ ဟော်ယွမ်ယွမ်၏ ရုံးခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သည်။
သို့သော်လည်း အထဲတွင် တစ်ဦးတစ်ယောက်မျှ ရှိမနေချေ။
“ ဒါရိုက်တာ ဟော် ဘယ်သွားခဲ့တာ..” လင်းရီ တွေ့ကရာ လူတစ်ယောက်ကို ဆွဲပြီး မေးမြန်းလိုက်၏။
“ ဥက္ကဌလင်း… ဒါရိုက်တာဟော်နဲ့ ဒါရိုက်တာချီတို့က အစည်းအဝေးခန်းထဲမှာ မီတင်လုပ်နေကြတာပါ…”
“ အင်း… နားလည်ပြီ…”
လက်နှစ်ဖက်ကို အိတ်ကပ်ထည့်ရင်း လင်းရီ အစည်းအဝေးခန်းဘက်သို့ ဦးတည်ကာ တံခါးကို တွန်းဖွင့်လိုက်၏။
လင်းရီ ဝင်လာသည်ကို မြင်တော့ အမှုဆောင် အဖွဲ့ဝင်များမှ မတ်တပ်ရပ်လိုက်ကြပြီး
“ ဥက္ကဌလင်း…”
“ ဥက္ကဌလင်း…”
“ ရတယ်..ရတယ်.. စိတ်မလှုပ်ရှားကြနဲ့..” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ မင်းတို့ ပရောဂျက်တစ်ခုအကြောင်း ဆွေးနွေးနေကြတယ်လို့ ကြားတာနဲ့ ငါလည်း မင်းတို့နဲ့ ဆွေးနွေးချင်တာလေးရှိလို့..”
“ ဥက္ကဌလင်း… ကျေးဇူးပြုပြီး ထိုင်ပါ…. အသေးစိတ် စကားပြောကြတာပေါ့…”
“ မလိုဘူး.. “လင်းရီပြောလိုက်ပြီး “ ငါ့အထင်တော့ အာဖရိကမှာ ဈေးကွက်ထိုးဖောက်တာက အလားအလာကောင်းတွေ အများကြီး ရှိတယ်လို့ ခံစားရတယ်.. တကယ်လို့ ငါတို့သာ ဂျက်ကတ်တွေ ရောင်းလိုက်မယ်ဆိုရင် တော်တော်လေး ဝင်ငွေကောင်းလောက်မယ်…. ဒီလိုမျိုး အရေးကြီးတဲ့ ပရောဂျက်ကို သေချာဂရုတစိုက်နဲ့ ကြီးကျပ်ဖို့ ငါ ဒါရိုက်တာဟော်ကို စေလွှတ်ဖို့ စီစဉ်ထားတယ်… လူတိုင်းပဲ… ဩဘာပေးလိုက်ကြပါဦး..”
“ အာဖရိကမှာ ဂျက်ကတ်တွေ ရောင်းမယ်လား…”
၎င်းတို့ တတ်နိုင်၏ မတတ်နိုင်၏ကို ဘေးချိတ်ထားလျှင်တာင် အာဖရိက၏ အပူချိန်နှင့် ဆိုပါက ဂျက်ကတ်ဝတ်ရန် မလိုသလောက်ပင်။
ကျောက်ရာလီ ပြုံးလိုက်၏။
ဥက္ကဌလင်းတော့ ဘာတွေ စိတ်မကြည်လာပြန်ပြီလဲ မသိဘူး…
“ ကျေးဇူးပါ ဥက္ကဌလင်း…. ကျွန်မအကောင်းဆုံး ဆောင်ရွက်ပေးပါ့မယ်..” ဟော်ယွမ်ယွမ်မှ အံကြိတ်ပြီး ပြောလိုက်၏။
“ အင်း… မင်းဒီလိုမျိုး စိတ်ပြင်းပြတာကို တော်တော်လေး သဘောကျတယ်.. ကြိုးစားကွာ..”
ဟော်ယွမ်ယွမ်၏ ပခုံးကို စိတ်အားထက်သန်စွာဖြင့် ပုတ်လိုက်ပြီး အခန်းထဲမှ စိတ်လက်တက်ကြွစွာဖြင့် ထွက်ခွာသွားခဲ့တော့၏။
မနက်ဖြန်ဆို ၂၉ ရက်နေ့ ရောက်ပြီ ဖြစ်သောကြောင့် သူ့ဘက်မှ လျင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်လေသည်။
အနီးနားရှိ ဝမ်သပလာဇာသို့ မောင်းနှင်သွားပြီးနောက် လင်းရီ ပလာဇာအတွင်း လှည့်ပတ်ကြည့်ရှုကာ နောက်ဆုံး၌ သူ အရာနှစ်မျိုးကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်၏။
အစားအသောက်နှင့် အဝတ်အစားပင်။
တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် သူဝယ်ထားသည့် ကိုယ်ပိုင်လေယာဉ်ကလည်း အဆင်သင့်ဖြစ်လို့ နေလေသည်။ ထို့ကြောင့် ရန်ချိန်သို့ ကုန်အလုံးအရင်းဖြင့် တိုက်ရိုက် သယ်ဆောင်သွားရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
သူ တတိယထပ်ရှိ ကလေးထည်များ ရောင်းသည့် နေရာကို ရောက်တော့ အမျိုးအစား တစ်ဒါဇင်ကျော်လောက်ကို ကြည့်ပင် မကြည့်ပဲ ရွေးချယ်လိုက်၏။ အကုန်လုံးက အရွယ်အစားမျိုးစုံနှင့် စတိုင်မျိုးစုံ ရှိကြ၏။
ယခုနည်းလမ်းက ငှက်များကို ရှော့ဂန်း(ပြောင်း ချောသေနတ်/ အနီးပစ်သေနတ်)ဖြင့် ပစ်သည်နှင့် ဆင်တူသည်။ သူ့နည်းလမ်းက မည်မျှပင် ဆိုးရွားနေစေကာမူ ပစ်မှတ်ကို ကျိန်းသေပေါက် ထိမည်ကတော့ မလွဲဧကန်ပင်။
အကယ်၍ သူဝယ်လိုက်သည့် အဝတ်အစားများက ယခုချိန်ဝတ်၍ အဆင်မပြေသေးလျှင်တောင် ဂေဟာရှိ ကလေးများက ထွားလာကြဦးမည် ဖြစ်၏။ ထို့ပြင် အသစ်ရောက်လာမည့် ကလေးများကလည်း ရှိကြဦးပေမည်။ အနှစ်ချုပ်ဆိုရသော် မည်သည့် အဝတ်တစ်ထည်ကမျှ အလေအလွင့် ဖြစ်သွားမည်ဆိုတာ မရှိချေ။
ထို့နောက် လင်းရီ အားကစား အဝတ်အစားများ ရောင်းသည့် နေရာ၊ အထူးသဖြင့် Nike ဘရန်းများ ရောင်းချသည့် နေရာသို့ ရောက်လာခဲ့၏။
လင်းရီ၏ ပုံပန်းသွင်ပြင်က ပလာဇာရှိ မိန်းကလေးအများအပြားကို ဆွဲဆောင်သွားခဲ့ကာ နှစ်ခါပြန်မလှည့်ကြည့်ပဲ နေနိုင်သူ မရှိခဲ့ပေ။
“ ဘာကြည့်စရာ ရှိလို့…”
သူ့ကောင်မလေးမှ လင်းရီကို ခိုးခိုးပြီး ကြည့်နေသည်ကို သိတော့ ကောင်လေးမှ အေးစက်စက် ဆိုလိုက်၏။
“ ဒီတိုင်းကြည့်တာလေ… ဘာဖြစ်နေလို့လဲ..” ကောင်မလးမှ ရှက်ရမ်းရမ်းသွားခဲ့ပြီး “ အရမ်းချောလို့ ကြည့်မိတာ ဆန်းလား…”
“ ချောတော့ကော ဘာလုပ်လို့ရမှာ… အဲ့ချောတာကြီးက စားလို့မှ မရပဲ..”
ထိုစဉ် လင်းရီမှ ဆိုင်ရှင်ကိုကြည့်လိုက်ပြီး
“ သူဌေး… ခင်များဆိုင်ထဲက အဝတ်စား ဖိနပ် တစ်ခုမကျန် အကုန်ယူမယ်… ဘယ်လောက်ကျမလဲ တစ်ချက်တွက်ပေးဦး…”
ဆိုင်ထဲရှိ လူတိုင်း ရှော့ခ်ရသွားခဲ့ပြီး နားကြားများ မှားလေသလောဟုတောင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့၏။
“ လူကြီးမင်း… မင်း ဘာပြောလိုက်တယ်…. ဆိုင်ထဲက ပစ္စည်းတွေ အကုန်ယူမယ် ဟုတ်လား….”
“ အေး.. အကုန်ယူမယ်…”
“ လူကြီးမင်း… ကျုပ်ဆိုင်က ပစ္စည်းတွေက မနည်းမနော ရှိတာနော်… တကယ်လို့ အကုန်ယူမယ်ဆိုရင် အနည်းဆုံး သုံးလေးသန်းလောက် ကုန်ကျသွားလိမ့်မယ်…”
“ ငါသိတယ်…” လင်းရီ ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး “ ဒါနဲ့ ပစ္စည်းတွေကိုရော ပို့ပေးသေးလား….”
“ လူကြီးမင်းကသာ အများကြီး ဝယ်မယ်ဆိုရင်တော့ သေချာပေါက် စီစဉ်ပေးရမှာပေါ့…”
“ အဲ့လိုဆို ကောင်းတယ်…. မင်းတို့ ထုပ်ပိုးပြီးရင် ဒါတွေကို ရှင်းဟွာ လေဆိပ်ဆီ ပို့ပေး… ငါနာမည်ရေးပေးလိုက်မယ်.... ”
“ ကောင်းပါပြီ… ကျုပ် လူကြီးမင်းကို ဘယ်လောက်ကျမလဲ တစ်ချက် တွက်ချက်ပေးလိုက်မယ်..”
လင်းရီ ခေါင်းညိမ့်ပြီး လှည့်ထွက်၍ ဘေးချင်းကပ်ရပ် Adidas စတိုးထဲသို့ လှည့်ပတ်ကြည့်ရန် ဟန်ပြင်လေသည်။
“ အာ… လူကြီးမင်း.. တစ်ခြား ဘာမှ မဝယ်သွားတော့ဘူးလား…”
“ မင်းဆိုင်က အကုန်ယူပါမယ်ဆိုနေမှ တခြား ဘာဝယ်ရဦးမှာ… ငါ တခြားဆိုင်တွေလည်း လိုက်ပတ်ကြည့်လိုက်ဦးမယ်..”
ပြောပြီးနောက် လင်းရီ Adidas စတိုးဆိုင်ထဲသို့ ဝင်သွားခဲ့သည်။
“ သူဌေး… ခင်များဆိုင်ထဲက အထည်တွေအကုန် ယူမယ်…”
“ ကောင်းပါပြီ ကောင်းပါပြီ.. ခဏလေးစောင့်ပေးပါနော် လူကြီးမင်း.. ကျုပ်အခုပဲ ထုပ်ပိုးတွက်ချက်ပေးပါ့မယ်…”
လင်းရီ နှစ်ဆိုင်လုံးကို သိမ်းကျုံးဝယ်သွားသည်ကို မြင်တော့ ဖြတ်သွားဖြတ်လာ ပြုသူများမှာ တိတ်တဆိတ် ရှော့ခ်ရသွားခဲ့ကြတော့သည်။
ဆိုတော့ ဒါ တိုင်ကွန်းတွေ ဈေးဝယ်ထွက်တဲ့ စတိုင်ပေါ့…
နှစ်ဆိုင်လုံးကို ဝယ်ပြီးနောက် လင်းရီ H&M နှင့် Zara သို့ ဦးတည်လိုက်သည်။ ၎င်းတို့က သာမန် ဘရန်းများသာ ဖြစ်သော်လည်း ဂေဟာရှိ ကလေးများအတွက်တော့ လုံလောက်လေသည်။
တစ်ချီတည်းနှင့် ယွမ် ဆယ်သန်းကျော်လောက် သုံးပြီးနောက် လင်းရီ ပထမထပ်ရှိ စူပါမားကတ်သို့ သွား၍ မုန့်များနှင့် အရုပ်များကို ဝယ်ယူကာ အိမ်သို့ ပြန်လာခဲ့လေသည်။
လင်းရီ အိမ်သို့ရောက်မှ သူတစ်ယောက်တည်း ဈေးဝယ်ထွက်လိုက်သည်က တော်တော်လေး ကောင်းသွားသည်ဟု ခံစားလိုက်ရ၏။ အကယ်၍များ ကျီချင်းရန်နှင့်သာ ဆိုပါက သူမ မည်မျှကြာအောင် ဝယ်ယူနေမလဲဆိုတာ သိလိမ့်မည် မဟုတ်ချေ။
ထိုညတွင်တော့ လင်းရီ ကျီချင်းရန်နှင့် အတူ ည ဆယ်နာရီအထိ အချိန်ပို ဆင်းပေးလိုက်ပြီး နောက် သုံးလေးရက်အထိ လုပ်စရာ စာရွက်စာတမ်းများကိုပါ ကူ၍ ဖြေရှင်းပေးလိုက်သေးသည်။
“ အားလုံး အဆင်သင့်ပဲမလား…” ပြန်လာသည့် လမ်းပေါ်၌ ကျီချင်းရန်မှ မေးလိုက်၏။
“ အကုန်ပြီးပြီ…”
“ ဒါဆို ငါ လေယာဉ်လက်မှတ် ဖြတ်လိုက်တော့မယ်…” ကျီချင်းရန်မှ ဖုန်းကို ပွတ်ရင်း ပြောလိုက်ပြီး “ နင် မေမေဝမ်ကို ကြိုမပြောထားနဲ့နော်… ငါတို့ စပရိုက်တိုက်ကြမယ်…”
“ လေယာဉ်လက်မှတ်ဖြတ်စရာ မလိုဘူး… ငါ လေယာဉ်တစ်စင်းဝယ်ထားတယ်… ဆိုတော့ အဆင်ပြေတဲ့ချိန် ထွက်လို့ရတယ်…”
“ အာ… နင်က လေယာဉ်ဝယ်လိုက်တယ်လား…. အရမ်းလျှို့ဝှက်တာပဲ..” ကျီချင်းရန် ပြုံးလိုက်ပြီး “ ငါတောင် မသိလိုက်ရဘူး…”
“ ဒီလို အသေးမွှား ကိစ္စလေးနဲ့ မစ္စလင်းကို ပြောပြပြီး အနှောင့်အယှက် မပေးဝံ့ပါဘူးဗျာ…”
“ ခစ်ခစ်… နင်က ဘယ်လိုပြောရမလဲ အရမ်းသိတာပဲ..”
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီနှင့် ကျီချင်းရန်တို့ လေဆိပ်သို့ ရောက်လာခဲ့ကြသည်။ လင်းရီ ဝယ်ထားသည့် ပစ္စည်းများကိုလည်း မြင်တော့ ကျီချင်းရန် ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့၏။
ကိုယ်တော်ကတော့ တွေ့ကရာတွေ အကုန်ဝယ်ချထားတော့တာပဲ….
နောက်ဆို အမျိုးသားတစ်ယောက်တည်း ဈေးဝယ်ဖို့ မလွှတ်ထားသင့်တော့ဘူး…
သူမကိုယ်တိုင် လိုက်ပါမှ ဖြစ်တော့မှာ..
လေယာဉ်ပျံသန်းပြီး ရန်ချိန်ရောက်တော့ လေဆိပ်၌ ထရပ်နှစ်စီးက အဆင်သင့် စောင့်ကြိုနေသည်။ ပစ္စည်းများကို တင်ပြီးနောက် ဂေဟာသို့ တန်းမတ်စွာ ဦးတည်လိုက်ကြ၏။
လင်းရီနှင့် ကျီချင်းရန်တို့ အတူတကွ ရောက်ရှိလာကြသည်ကို မြင်တော့ ဝမ်ချွေ့ပင်း ထခုန်ကလုမတတ် ပျော်ရွှင်သွားခဲ့သည်။
နောက်ဆုံးတော့ သူမသားက ချွေးမလေးကို ခေါ်လာခဲ့ပြီဖြစ်၏။
အကယ်၍များ မဟုတ်သည့် ပေါက်တတ်ကရ မိန်းကလေးများကို နှစ်သစ်ကူးရန် ခေါ်လာခဲ့မည်ဆိုပါက ဝမ်ချွေ့ပင်း သင်ခန်းစာပေးရန် ကြိမ်းဝါးထားခဲ့လေသည်။
ဝမ်ချွေ့ပင်း လင်းရီ ဝယ်လာခဲ့သည့် မုန့်တစ်ချို့နှင့် အရုပ်များကို ခွဲဝေပေးပြီး အဝတ်အပါအဝင် ကျန်သည့် အရာများကိုတော့ ဂေဟာ၏ ဂိုဒေါင်ထဲ၌ သိမ်းဆည်းထားလိုက်သည်။
သူမ နှစ်သစ်ကူးရောက်သည့် အခါမှသာ ကလေးများကို အဝတ်အစားအသစ်များ ဆင်မြန်းပေးမည်။
နှစ်သစ်ကူး ပွဲတော်က ဆုံစည်းသည့် ပွဲတော်နေ့ရက်ဖြစ်ပြီး ထိုနေ့အတွက် အဝတ်အစား အသစ်များကို သိမ်းဆည်းထားလိုက်သည်က ပိုကောင်း၏။
ချမ်းသာကြွယ်ဝသူများ၏ ဘဝက အစဉ်လာထုံးတမ်းများနှင့် ပြည့်နှက်နေစဉ်၌ နွမ်းပါးသူများ၏ ဘဝကတော့ ခရေစေ့တွင်းကျ ရှိကြသည်။
ကြီးကျယ်ခမ်းနားသည့် ပွဲတော်တစ်ခု မဖြစ်နိုင်သော်လည်း မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေသည်။
လင်းရီ ငယ်စဉ်ကကဲ့သို့ပင်။ သူ ဘယ်တုန်းကမှ အဝတ်အစားအသစ်များကို မမျှော်မှန်းခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဂေဟာ၏ ရန်ပုံငွေ အရင်းအမြစ်အရ ထိုမျှ ဧရာမ ကုန်ကျစရိတ်ကြီးကို ထောက်ပံ့မပေးနိုင်ချေ။
သို့သော်လည်း နှစ်သစ်ကူး ပွဲတော်ရက်တွင်တော့ စိတ်ဆန္ဒရှိသလောက် စားသောက်ခွင့်ရှိ၏။ ဝက်နံရိုး၊ ကြက်သား အစ ရှိသဖြင့် စားမြိန်ဖွယ်ဟင်းကောင်းများကို တစ်ဦးကိုမည်မျှ ကန့်သတ်ထားခြင်း မရှိချေ။
ပြန်စဉ်းစားကြည့်လိုက်တော့ ယခု နှစ်သစ်ကူးက သူ့အတွက် အလှအပဆုံး အချိန်အခါ ဖြစ်မည်ဟု လင်းရီ ခံစားလိုက်ရ၏။
“ ကိုကြီးရီ…. သမီးတို့လည်း ကျောင်းပိတ်တော့ ကစားကွင်း ခေါ်သွားပေးပါလား…” မိန်းမငယ်လေး တစ်ဦးမှ မေးမြန်းလိုက်လေသည်။
ကလေးငယ်များအဖို့ နှစ်သစ်ကူး အားလပ်ရက်များထံ အထူးတလှယ် ခံစားချက်တို့ ရှိမနေချေ။
သူတို့ နှစ်သစ်ကူးနေ့ရက်ကို ကြိုက်နှစ်သက်ရခြင်းကလည်း ရိုးရှင်းစွာဖြင့် ကျောင်းပိတ်ပေးခြင်းကြောင်း ဖြစ်၏။
“ ကောင်းပြီ.. မနက်ဖြန် လိုက်ပို့ပေးမယ်…”
“ ကိုကြီးရီ… ကတိပေးပြီးရင် ပြန်မရုတ်သိမ်းရဘူးနော်…”
လင်းရီ ပေါက်စနလေး၏ ပါးကို ဖျစ်ညစ်လိုက်ရင်း “ မင်းအစ်ကို ဘယ်တုန်းက ညာခဲ့ဖူးလို့…”
Mua….
လင်းရီ မတ်တပ်ပြန်ရပ်လိုက်ပြီး ဘေးဘီကို ကြည့်ပြီးနောက် “ နင်ယွဲ့ကော ဘယ်လိုနေလဲ… သူ့ကောင်လေးနဲ့ အဆင်ပြေတယ်မလား..”
“ အင်း.. သူ မနေ့က ဖုန်းဆက်လာတာတော့ အားလုံး အဆင်ပြေတယ်ဆိုပဲ… အမေလည်း အဲ့ကောင်လေးနဲ့ တစ်ခါတွေ့ပြီးသွားပြီ… စရိုက်လေးကတော့ မဆိုးရှာပါဘူး…ဒါပေမယ့် နင့်လို တည်ငြိမ်ပြီးပြည့်စုံတဲ့ စရိုက်နဲ့ ယှဉ်ရင်တော့ နည်နည်းလေး ဂနာမငြိမ်ဘူး…”
ကျီချင်းရန် မနေနိုင်ပဲ ပါးစပ်အုပ်ပြီး ရယ်မောလိုက်၏။
ထင်ထားတဲ့အတိုင်း အမေတွေက သူတို့သားသူတို့ အကောင်းဆုံးလို့ မြင်ကြတာပါပဲ….