← Chapters

ဂေဟာကို ဖြိုတော့မယ်

Vol. 57 Ch. 854

ဂေဟာကို ဖြိုတော့မယ်

Vol. 57 Ch. 854

“ ဘာလို့ရယ်နေတာ… ငါ့အမေပြောတာ မှားလို့လား…”

“ မှန်ပါတယ်.. မှန်ပါတယ်… နင်က အတည်ငြိမ်ဆုံးပါပဲ..” ကျီချင်းရန် ပြောလိုက်ပြီး “ ဘာကိုမှ မဆင်မခြင် မလုပ်တာ…”

“ အမှန်ပဲ… အမေတို့ နောက်ကျရင် သူ့ဆီကနေ သင်ယူခိုင်းရမယ်..” ဝမ်ချွေ့ပင်းမှ ပြောလိုက်သည်။

“ ရှင်မ ... မင်း တော်လောက်ပြီ ထင်တယ်… မင့် ချွေးမလည်း ဒီမှာ ရှိနေတာကို နည်းနည်းလေး ကျိုးကြောင်း သင့်တင့်လို့ မရဘူးလား…” ကျောက်ချွမ်းဖူမှ ပြောလိုက်ပြီး “ မင့်ရီလေးက ကျောင်းတုန်းကတည်းကရင် ရန်ဖြစ်တာပဲဖြစ်ဖြစ် စကားများတာပဲ ဖြစ်ဖြစ် ဘယ်တုန်းက ရှုံးဖူးလို့… သူ့လိုလူက ဘယ်လိုလုပ်ပြီး ပြီးပြည့်စုံတယ် ဖြစ်လာရတာ…”

“ ရန်ဖြစ်ပြီး စကားများတာက ဘာမှားနေလို့လဲ… တကယ်လို့ ယောက်ျားတစ်ယောက်က စိတ်လေးမှ မဆတ်ဘူးဆိုရင် သူ့ကိုယ်သူ ယောက်ျားလို့ ခေါ်ထိုက်ပါဦးမလား…” ဝမ်ချွေ့ပင်းမှ ပြောလိုက်ပြီး “ ဘယ်သူက ချို့ယွင်းချက် မရှိတာကျလို့…”

“ အေးပါ... တော်လိုက်တော့ .. မဟုတ်ရင် မင့်ချွေးမလေးက လှောင်ရယ်နေလိမ့်မယ်…”

“ ကျုပ် ချွေးမလေးက ကျုပ်ကို မလှောင်ရယ်ပါဘူး…”

နှစ်ယောက်သား ဘာမဟုတ်တာလေးကို ငြင်းခုန်နေကြသည်ကို မြင်တော့ ကျီချင်းရန် အတောမသတ်နိုင်စွာ ရယ်မောမိနေတော့သည်။

သူမနှင့် လင်းရီလည်း အသက်အရွယ် အိုမင်းလာသည့် အချိန်၌ ယခုလို ဖြစ်နေမည်လောဟု စူးစမ်းချင်မိသွားသည်။

နေ့လည်စာ စားပြီးနောက် လင်းရီ ကျောက်ချွမ်းဖူကို ဂေဟာရှိ အလုပ်များအား ကူညီပေးလိုက်သည်။ ကျိုးပျက်နေသည့် ပစ္စည်းမျာကို အသစ်ဖြင့် ပြန်အစားထိုးလိုက်ပြီး ပြန်သုံးလို့ရသည်များကိုတော့ ပြန်သုံးလိုက်၏။

ကျီချင်းရန်ကတော့ တစ်ချိန်လုံး ကလေးများနှင့်သာ ချော့မြူ ကစားနေပြီး ဝမ်တုန်းတုန်းကလည်း သူမအနားကပ်နေပြီး မောင်နှမရင်းချာများ ဖြစ်နေသည့် နှယ်ပင်။

ကလင် ကလင် ကလင် …

ညနေစာ စားသောက်နေသည့် အခိုက်အတန့်၌ လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

ဝူကျောင်းယို ထံမှပင်။

“ ဒါရိုက်တာလင်း… အလုပ်ရှုပ်နေတာလား မသိဘူး…”

“ အားပါတယ်… မြို့တော်ဝန်ဝူ ပြောစရာရှိရင် ပြောလေ..”

လင်းရီ အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး သူ ရန်ချိန်သို့ ရောက်နေသည့် အကြောင်း တစ်ခွန်း မဟလိုက်ပေ။

နှစ်ဦးကြား ကိုယ်ကျိုးအကျိုးစီးပွားနှင့် စပ်လျဉ်း၍ လင်းရီတို့နှစ်ဦးမှာ ပတ်သက်မှုတစ်ချို့ရှိလေသည်။ ဝူကျောင်းယိုကလည်း အတော်လေးကို သဘောကောင်း၏။ ကိစ္စမှန်သမျှကို ပြဿနာမရှိ ကိုင်တွယ်ပေးသွားခဲ့သည်။

သို့သော်လည်း လင်းရီကတော့ လူများနှင့် ရင်းနှီးမိတ်ဆွေဖွဲ့ရသည်ကို သိပ်မနှစ်သက်သောကြောင့် ထဲထဲ၀င်၀င် မဆက်ဆံပေ။

“ ကျုပ် ပြောစရာလေးရှိလို့..” ဝူကျောင်းယိုပြောလိုက်ပြီး “ ဒါရိုက်တာလင်းရဲ့ ဂေဟာက မြို့ပြင်မှာမလား… ခု မြို့တော်က အဲ့ဒီနေရာကို စီးပွားရေးဇုန်အသစ် ပြန်တည်ဆောက်ဖို့ စီစဉ်ထားတယ်…”

“ ကောင်းတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ မြို့တော်ဘက်က ပုံမှန်အတိုင်း ဖြိုချလိုက်လို့ ရတယ်… ဒါပေမယ့် ကျုပ်ကိုတော့ နေရာအသစ်ရှာဖို့ အချိန်တစ်ချို့လောက်တော့ ဖန်တီးပေးဦး…”

လင်းရီ ယခုနေရာအား ဖြိုချဖျက်ဆီးမည့် အကြောင်းကို ရှေးယခင်ကတည်းကရင် သိထားပြီး ဖြစ်၏။

သို့သော်လည်း နှစ်ဝက်မျှကြာအောင် မည်သည့် သတင်းတို့မျှ ထွက်လာခြင်း မရှိချေ။

“ လွယ်ပါတယ်…. ကျုပ်တို့ရဲ့ ရင်းနှီးပတ်သက်မှုနဲ့ ဆိုရင် နောက် နှစ်လသုံးလလောက် ရွေ့ဆိုင်းပေးဖို့က ပြဿနာ မရှိဘူး… ပြီးတော့ မိဘမဲ့ဂေဟာကလည်း အထူး အဆောက်အအုံပဲလေ… အထူး ဂရုစိုက်ပေးရမှာပဲ… ကုန်ကုန်ပြောရရင် ဟိုလို ထွေထူး ပြဿနာတွေ မဖြစ်စေရဘူး…” ဝူကျောင်းယိုပြောလိုက်ပြီး “ ပြီးတော့ ကျုပ်ကြားမိတာ ဒါရိုက်တာလင်းရဲ့ ကြင်သူသက်ထားက ဆောက်လုပ်ရေး လုပ်တယ်ဆို.. ဒီပရောဂျက်က ယွမ် နှစ်ဘီလီယမ်လောက် တန်တယ်.. မစ္စလင်း စိတ်ဝင်စားလောက်မလား မသိဘူး…”

“ ကောင်းတာပေါ့…” လင်းရီ ပြုံးလိုက်ပြီး “ ကျေးဇူးပါ မြို့တော်ဝန်ဝူ… ကျုပ် နောက်ကျရင် ဒီကိစ္စ သူမနဲ့ တိုင်ပင်လိုက်ပါ့မယ်…”

“ ဒါဆိုလည်း ကျုပ် ဒါရိုက်တာလင်းဆီက သတင်းကို ဆက်ဆက်စောင့်နေပါ့မယ်..”

“ အိုကေ…”

ဖုန်းချပြီးနောက် ဝမ်ချွေ့ပင်း လင်းရီကို ကြည့်လိုက်ပြီး “ သား… ဘာကို ဖြိုပြီး ဘာတွေ ဖျက်ဆီးမှာလဲတဲ့…”

“ အင်း… ဒီရဲ့ ဆင်ခြေဖုံးက ဒီမြေကိုပေါ့ အမေရဲ့.. ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်ဖို့ စီစဉ်ထားတာ ကြာပြီ.. ဒီအချိန်ထိ ကြန့်ကြာနေတာကိုပဲ ကျေးဇူးတင်ရမှာ…”

ပြောပြီးနောက် လင်းရီ ကျီချင်းရန်ကို ကြည့်လိုက်ပြီး “ ဝူကျောင်းယိုက ဒီပရောဂျက်ကို ချောင်ရန်အုပ်စုဆီ ပေးချင်နေတယ်… ငါတို့ အသေးစိတ် ဆွေးနွေးဖို့ လူတစ်ချို့တော့ လွှတ်မှ ဖြစ်မှာ…”

“ ကောင်းပြီလေ.. ငါ ကုမ္ပဏီခွဲကို မနက်ဖြန် အစည်းအဝေး သွားလုပ်ပြီးတော့ ဒီကိစ္စ ကိုင်တွယ်လိုက်မယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဝမ်ချွေ့ပင်း၏ အမူအရာ သိပ်မလှသည်ကို သတိပြုမိလိုက်၏။

“ အမေ.. ခုလိုလုပ်တာကလည်း ကောင်းတဲ့ ကိစ္စပဲလေ… ဘာလို့ မျက်မှောင်ကြီး ကြုတ်ထားတာ.. ဒါမှမဟုတ် အမေကြိုသိနေတာလား…”

“ အင်း... အုပ်စုတွေ အများကြီး လာခဲ့သေးတယ်.. ဒါပေမယ့် အကုန်လုံးက လမ်ဘေးလူမိုက် ရုပ်တွေနဲ့… အမေကတော့ လူကောင်းဖြစ်မယ် မထင်လို့ လျစ်လျူရှုထားလိုက်တယ်..”

“ လမ်းဘေးလူမိုက်… ဟုတ်မယ်မထင်ဘူးနော..” လင်းရီ ပြောလိုက်ပြီး “ဒီလို ကိစ္စမျိုးဆိုတာ သက်ဆိုင်ရာ ဌာနတွေက ကိုင်တွယ်စီမံရတာပါ… သူတို့ပုံစံနဲ့ ပြဿနာ ရှိလောက်မယ်တော့ မထင်ဘူး…”

“ အမေ အဲ့တာတွေ နားမလည်ဘူး… ဘာပဲဖြစ်ဖြစ် သူတို့ရုပ်က လူကောင်းတွေနဲ့ မတူလို့ အမေလျစ်လျူရှုပစ်လိုက်တယ်…”

“ အမေဘာမှ မစိုးရိမ်နဲ့…. အမေ့ချွေးမက ဒီပရောဂျက်ကို ကြီးကြပ်မှာဆိုတော့ ဖြိုချခအတွက် ပိုက်ဆံ ပိုပေးလို့ရတယ်…”

“ ငါ့ကို ဘာမှ နားမလည်ဘူးလို့ ထင်မနေနဲ့…” ဝမ်ချွေ့ပင်းမှ ပြောလိုက်ပြီး “ ဒီလို ကိစ္စမျိုးဆိုတာ ပေ အလိုက် တွက်ချက်ပြီး ပေးရတာ… တကယ်လို့ အမေ့ကို အများကြီး ပေးမယ်ဆို အမေ့ချွေးမ ပိုက်ဆံတွေ အများကြီး ကုန်သွားမှာပေါ့..”

“ အဲ့ဒီအတွက် အမေစိတ်ပူစရာ မလိုဘူး.. ဒီလို ပရောဂျက်မျိုးက တော်တော်လေးကို ကိုက်တာ… ကျွန်တော်တို့ဘက်က မရှုံးပါဘူး…” လင်းရီ ပြုံးလိုက်ပြီး “ ဒီမှာ နေလာတာလည်း ကြာပြီဆိုတော့ ရွေ့သင့်နေတာကြာပြီ… ဒီက ရေမြေက မြို့ကလောက် မကောင်းဘူး…”

“ မြို့ပေါ်က အိမ်ဈေးတွေ ဘယ်လောက်ကြီးလဲ နင်လည်း သိရဲ့သားနဲ့…” ဝမ်ချွေ့ပင်းမှ ပြောလိုက်ပြီး “ တကယ်လို့ ဒီနေရာကိုသာ ဖျက်ဆီးလိုက်မယ်ဆိုရင် ဒီကလေးတွေက ဘယ်မှာ သွားနေရတော့မှာ..”

“ ကျွန်တော် စီစဉ်ပေးမှာပေါ့…” လင်းရီ ပြောလိုက်ပြီး “ မြို့ပေါ် ပြောင်းလိုက်တော့ ကလေးတွေ အမြင်လည်း ကျယ်လာမယ်.. အခွင့်အလမ်းတွေလည်း ပိုပြီး ပေါလာမယ်… ဒီမှာနေတာထက်တော့ ပိုကောင်းပါတယ်…”

“ အဲ့တာတော့ အမေလည်း သိတာပေါ့…ဒါပေမယ့် ကျောင်းကိစ္စနဲ့ အရာအားလုံးက ပြဿနာတွေချည်းပဲလေ…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ပြီးတော့ နင်တို့ နှစ်ယောက်က တစ်အိုးတစ်အိမ်ထူထောင်တော့မယ့်ဟာကို မေမေဝမ်က ပိုက်ဆံချည်း ဆက်တိုက်တောင်းနေလို့ ဘယ်ဖြစ်မှာ…”

“ အန်တီဝမ်က အတွေးလွန်နေပါပြီ…” ကျီချင်းရန် ဝမ်ချွေ့ပင်း၏ လက်ကို ဆုပ်ကိုင်ထားပေးလိုက်ရင်း “ သမီးဒီနှစ်ပိုင်းတွေမှာ စုထားတဲ့ပိုက်ဆံမှ အများကြီးပဲ… သမီးနဲ့ လင်းရီ နှစ်ယောက်လုံး အလုပ်မလုပ်ပဲ ထိုင်စားရင်တောင် တစ်သက်လုံး စားဖို့လောက်တယ်… ဒီပမာဏလောက်လေးနဲ့တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စရာမလိုပါဘူး အန်တီရယ်… ဘာမှ တွေးမနေနဲ့…ဒီတိုင်း စိတ်ချလက်ချသာ သုံးလိုက်..”

“ အမှန်ပဲ… ကျွန်တော် ပရဟိတအဖွဲ့တွေကို လှူဒါန်းလိုက်တဲ့ငွေတွေဆို ဒီလိုမြေမျိုး နောက်တစ်ကွက် ဝယ်ဖို့အထိ လုံလောက်တယ်…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ကျောင်းကိစ္စလည်း ကျွန်တော်ပဲ စီစဉ်ပေးမယ်… အမေဘာမှ စိုးရိမ်စရာ မလိုဘူး…”

ဝမ်ချွေ့ပင်း မျက်ရည်များကို သုတ်လိုက်ရင်း “ အဲ့လိုဆိုရင် မေမေဝမ် နင်တို့အပေါ်ပဲ မှီခိုရတော့မှာပေါ့…”

“ အမေကလည်း … အသက်ကြီးနေပြီကို ဘာလို့ ငိုနေသေးလဲ… မရှက်ဘူးလား..” လင်းရီမှ ဝမ်ချွေ့ပင်း၏ မျက်ရည်များကို သုတ်ပေးရင်း ရယ်မောလိုက်လေသည်။

“ ဘာလို့ဆို အမေ နင့်ကို ငယ်ငယ်တုန်းက ကောင်းကောင်း မပြုစုပေးခဲ့ရလို့လေ… ခု … အမေက နင့်အပေါ် လုံးလုံးမှီခိုနေရတော့ စိတ်ထဲ မကောင်းဘူး…”

သားသမီးတိုင်းက မိဘလုပ်စာကို စားမြိန်သော်လည်း မိဘတိုင်းက‌တော့ သားသမီး ပြန်ငဲ့သည်ကို စားလို့ မြိန်မနေချေ။ထို့ကြောင့် ၀မ်ချွေ့ပင်းလည်း အားနာ အပြစ်ရှိသလို ခံစားနေရခြင်းပင်။

“ အမေ ကျွန်တော့်ကို ကြီးပြင်းအောင် ပျိုးထောင်ပေးပြီး ကျောင်းထားပေးရုံနဲ့တင် လုံလောက်နေပါပြီ… အဲ့တာက ကျွန်တော့်အတွက် ဆပ်မကုန်တဲ့ ကျေးဇူးတွေပါပဲ….”

“ ပြောတာကောင်းတယ်…” ကျောက်ချွမ်းဖူ စီးကရက် ဖွာရင်း ပြောလိုက်ပြီး “ မင့်အမေငယ်ငယ်တုန်းကဆို မင်းတို့ မျောက်လောင်း‌လေးတွေကို တော်တော်လေး စိတ်ပူနေခဲ့တာ.. ခု မင်းတို့ဘက်က ပြန်ပြီး ကောင်းပေးတာက လုပ်သင့်တဲ့အရာပဲ..”

ကျောက်ချွမ်းဖူမှာ စာပေစကား မပြောတတ်သောလည်း သူ့မိန်းမကိုတော့ တုန်နေအောင် ချစ်မြတ်နိုးသူ တစ်ယောက်ပင်။

“ ဒါဆို ဒီကိစ္စ အတည်ဖြစ်သွားပြီ…” လင်းရီ ပြောလိုက်ပြီး “ အမေတို့က မနက်ဖြန် ကလေးတွေကို ကစားကွင်းလိုက်ပို့ပေးလိုက်.. ကျွန်တော် ဒီကိစ္စ ကိုင်တွယ်လိုက်မယ်..”

“ အင်းပါ… အရင်ဆုံးစားကြစို့.. ဟင်းတွေတောင် အေးကုန်ကြပြီ….”

ညစာစားပြီးနောက် မိသားစုတစ်တွေ စုစည်းပြီး ခေတ္တ စကားဝိုင်းဖွဲ့ပြီးနောက် ဂေဟာမှ ထွက်ခွာရန် ဟန်ပြင်လေသည်။

“ မကြီး…”

တံခါးဝသို့ လျှောက်လာရင်း ဝမ်တုန်းတုန်းမှ ကျီချင်းရန်ကို တွန့်လိမ်ရင်း လက်ညိုးကွေးလျက် ခေါ်လိုက်၏။

ကျီချင်းရန် ယင်းအပြုအမူကို တော်တော်လေး ရင်းနှီးနေသည်။

သူမကို တုတ်တိုးချိုချဉ် ပေးစဉ်အခါကလည်း ယခုလို အမူအရာမျိုးဖြင့် ခေါ်လာခဲ့၏။

“ ဘာလဲ…” ကျီချင်းရန် ရောက်လာရင်း “ မမကို နောက်ထပ် ချိုချဉ် ပေးမလို့လား…”

“ မဟုတ်ဘူး… မကြီး… ဒီနားတိုးခဲ့… သား ပြောစရာရှိလို့…”

ထို့နောက် ဝမ်တုန်းတုန်း ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူတို့ထံ တစ်ချက်ကြည့်လိုက်ပြီး သူ့အား ဂရုစိုက်မနေသည်ကို မြင်တော့မှ ကျီချင်းရန်ကို ဘေးထံ ဆွဲခေါ်သွားလိုက်၏။

“ ဘာလဲ… ဘာဖြစ်လို့ အဲ့လောက်တောင် ဆန်းကြယ်သလိုကြီး လုပ်နေတာ…”

ကျီချင်းရန် ကုန်းကွကွပြုရင်း အပြုံးလေးဖြင့် မေးလိုက်၏။

“ သားအဖေ မနေ့တုန်းက လူတစ်ချို့နဲ့ ရန်ဖြစ်ခဲ့တယ်…”

ဝမ်တုန်းတုန်း ဂေဟာသို့ အပို့ခံထားရသည်မှာ အချိန်တစ်ချို့ ကြာပြီဖြစ်သောကြောင့် သူ၏ ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူကို ခေါ်သည့် အခေါ်အဝေါ်ကလည်း ပြောင်းလဲသွားခဲ့လေသည်။

“ အန်ကယ်ကျောက်က လူတစ်ချို့နဲ့ ရန်ဖြစ်တယ်..” ကျီချင်းရန် အံ့အားသင့်သွားခဲ့ပြီး “ ဘယ်တုန်းကလဲ…”

“ ခဏနော်…” ဝမ်တုန်းတုန်းမှ လက်ကို တစ်ချောင်းချင်း ချိုးရေတွက်လိုက်ရင်း “ သားအထင်တော့ ရှေ့ငါးရက်လောက်တုန်းက ထင်တယ်… လူတစ်ချို့ သားတို့ အိမ်ထဲ ဝင်လာပြီး အရမ်းလည်း ရိုင်းတယ်… လူကိုလည်း အော်တယ်.. အဲ့တာနဲ့ အဖေလည်း သူတို့နဲ့ စပြီး ရန်ဖြစ်တော့တာပဲ…”

All Chapters