အာလူးပူပူကြီး တစ်လုံး
Vol. 57 Ch. 855
ကျီချင်းရန် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် " ဖြိုဖျက်ခအကြောင်း လာဆွေးနွေးတဲ့သူတွေလား..... "
" အဲ့တာတော့ သားလည်း မသိဘူး... သားသိတာ သူတို့ ရန်ဖြစ်နေကြတယ် ဆိုတာပဲ... အဖေကတော့ သူတို့ ပိုက်ဆံ ဘယ်လောက်ပဲပေးပေး မရောင်းဘူးလို့တော့ ပြောသံ ကြားတာပဲ... "
" ကောင်းပြီ... မမ ဒီလောက်ဆို နားလည်ပြီ... "
ကျီချင်းရန် ၀မ်တုန်းတုန်း၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး " နောက်ခါ ဒီလိုဖြစ်ရင် မမကို ပြောဖို့ သတိရ .. ဟုတ်ပြီလား..."
"ဟုတ် ... ဒါပေမယ့် မကြီး ဘယ်သူ့ကိုမှ မပြောပြရဘူးနော်..."၀မ်တုန်းတုန်းမှ ပြောလိုက်ပြီး "အမေက ဒီအကြောင်း ပြောခွင့်ပေးထားတာ မဟုတ်ဘူး... သားက မကြီးကို မသိအောင် တိတ်တိတ်လေး လာပြောပြတာ... "
" အင်းပါ.. မကြီး နားလည်ပါတယ်... "
" ဝေ့... ပြန်ကြစို့... "
လင်းရီ တံခါး၀မှ လှမ်းခေါ်လိုက်ပြီး " မနက်ဖြန်မှ ဒီပြန်လာကြမယ်... "
" လာပြီ လာပြီ... "ကျီချင်းရန် တုံ့ပြန်ထူးလိုက်ပြီး " ကဲ တုန်းတုန်း.. မမတို့ သွားတော့မယ်.. မနက်ဖြန်မှ ပြန်လာလည်မယ်နော်... "
" ဟုတ်... ဂရုစိုက်ဦးနော် မကြီး... "
ပြောပြီးနောက် ၀မ်တုန်းတုန်း ကျီချင်းရန် လက်ကို ဆွဲလိုက်ပြီး သူ့မုန့်ဖိုးလေးဖြင့် စု၀ယ်ထားသည့် ချိုချဉ်ကို လက်ထဲထည့်ပေးလိုက်သည်။
" ကောင်စုတ်လေးကတော့.... "
ကျီချင်းရန် ချိုချဉ်နှင့်အတူ လင်းရီထံ ပြန်လာခဲ့ပြီး တက္ကစီငှား၍ ဟိုတယ်သို့ ပြန်လာခဲ့လေသည်။
ထိုအတောအတွင်း ကော်နင်ယွဲ့ထံမှ ဖုန်း၀င်လာခဲ့၏။ လင်းရီ ရန်ချိန်သို့ ရောက်နေကြောင်း သိရှိပြီးနောက် သူမလည်း နောက်တစ်နေ့ ပြန်လာရန် ဟန်ပြင်တော့သည်။
"ရီ... ငါနင့်ကို ပြောစရာရှိတယ်... "ဟိုတယ်ကို ရောက်တော့ ကျီချင်းရန်မှ စကားစလိုက်၏။
"ဘာကိစ်စလဲ...."
" ရှေ့ရက်တွေတုန်းက အန်ကယ်ကျောက် လူတစ်ချို့နဲ့ စကားများ ရန်ဖြစ်ခဲ့တယ်တဲ့... "
" ဟမ်...."လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး " ဘယ်သူနဲ့ ရန်ဖြစ်တာ... ဘယ်သူကလဲ ပြောတာ... "
" ငါတို့ မပြန်ခင်တုန်းက ၀မ်တုန်းတုန်း ငါ့ကို မခေါ်ဘူးလား... သူငါ့ကို အဲ့ဒီ ကိစ္စ တိုးတိုးလေး ပြောပြခဲ့တာပဲ... "
" ငါ့အထင်တော့ သူတို့ ဖြိုဖျက်ခ လာဆွေးနွေးတာနဲ့ တူတယ်... နောက်ဆုံး ဈေးညှိမရတော့ ရန်ဖြစ် စကားများကြတာနေမှာ..."
" တောက်ခ်.... ခြံ၀န်းထဲမှာ ကင်မရာတွေ တပ်ထားတာကိုတောင်မှလေ... မနက်ဖြန် မှတ်တမ်း ရှိလား တစ်ချက် ပြန်ကြည့်လိုက်ဦးမယ်... "လင်းရီ ပြောပြီးနောက် ဒေါသထွက်လာခဲ့ကာ " ငိုးပဲ.. ဒီလူတွေ တယ်သတ္တိကောင်းနေပါလား.. "
ကျီချင်းရန် ခေါင်းခါရမ်းလိုက်၏။ လင်းရီ၏ ငါကိုင်တုတ်သည့် စရိုက်က ပြောင်းလဲမည့်ပုံ မပေါ်ပေ။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီနှင့် ကျီချင်းရန်တို့ အသီးသီး ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ရန်ချိန် ချောင်ရန်အုပ်စု ကုမ္ပဏီခွဲသို့ တက္ကစီ ငှားလိုက်လေသည်။
ကျီချင်းရန်ကို မြင်တော့ ကုမ္ပဏီ၏ အမှုဆောင် အရာရှိတို့မှာ ဖင်ကို အပ်နှင့် အဆွခံလိုက်ရသကဲ့သို့ ဂနာမငြိမ် ဖြစ်ကုန်ကြ၏။
" ဥက္ကဌကျီ... ဥက္ကဌလင်း..."
လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ အသစ် ခန့်အပ်ခြင်း ခံထားရသည့် အထွေထွေ မန်နေဂျာ လျို၀န်ချန်မှ နှုတ်ဆက်လိုက်သည်။
" ဒီအတောအတွင်း ကုမ္ပဏီဘက်က ဘာပြဿနာ တွေ ရှိသေးလဲ... "ကျီချင်းရန် မေးမြန်းလိုက်၏။
" အားလုံးက အစီအစဉ် အတိုင်းပါပဲ ဥက္ကဌကျီ.. ဒီနှစ်အတွက် ကျန်တဲ့ ပေးချေစရာတွေကလည်း အကုန် ပြည့်လုနီးပါးမှာပါ... အခြေအနေတွေက အင်မတန် တည်ငြိမ်နေပါတယ်... "
ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "သွားစို့.. ငါတို့ အစည်းအဝေးခန်းထဲ စကားပြောကြမယ်.. ဘဏ္ဍာရေး ဌာနက အကောင့်တွေ အားလုံးရဲ့ စာရင်းစာအုပ် ငါ့ဆီ ယူလာခဲ့... "
"ဟုတ် ဟုတ် ဥက္ကဌကျီ.. ကျုပ် အခုပဲ စီစဉ်လိုက်ပါ့မယ်... "
အစည်းအဝေး စတင်ပြီးနောက် ကျီချင်းရန် ပုံမှန်အတိုင်း ကုမ္ပဏီ၏ ငွေစာရင်းအကောင့်ကို စစ်ဆေးသည်။ လင်းရီကတော့ ဘေးတွင် ဘုန်းကြီး တရားမှတ်နေသကဲ့သို့ မျက်လွှာချ၍ ငြိမ်သက်နေသည်။
သူမ စာရွက်စာတမ်းများကို လှန်လောကြည့်လိုက်တော့ မသင်္ကာဖွယ်ရာ အကောင့်တစ်ချို့ကို တွေ့လိုက်ရ၏။
သို့သော်လည်း ကျီချင်းရန် မျက်ကွယ်ပြုပေး၍ ရပါက မျက်ကွယ်ပြုပေးထားပေးလိုက်သည်။
ချောင်ရန်အုပ်စုမှာ လင်းယွမ်အုပ်စုကဲ့သို့ မကြီးမားသော်လည်း သေးငယ်သည့် အုပ်စုထဲ၌ မပါဝင်ချေ။
ရေက အင်မတန်ကြည်လင်နေမည်ဆိုပါက ငါးရှိလိမ့်မည် မဟုတ်သည့် သဘောတရားကိုလည်း ကျီချင်းရန် နားလည်ပေသည်။
တစ်ခါတစ်ရံ၌ မျက်ကွယ်ပြုထားပေးရန်ကလည်း လိုကိုလိုအပ်၏။
“ ငါ ဒီနေ့ ရောက်လာတယ်ဆိုတာ အဓိကကတော့ နင်တို့ကို ပြောစရာ ရှိလို့ပဲ…”
“ ဟန်ရွှေလမ်း အရှေ့ဘက်က မြေကို အစိုးရက စီးပွားရေးဇုန်အသစ် ပြောင်းလဲတော့မှာ.. နင်တို့လည်း အဲ့ဒီအကြောင်း သိပြီးရောပေါ့….”
“ ဟုတ်… သိပြီးပါပြီ…” လျိုဝန်ချန် ခေါင်းညိမ့်လိုက်သည်။
“ မြို့တော်ဝန်ဝူက အဲ့ဒီ ပရောဂျက်ကို ငါတို့ဆီ ကမ်းပေးချင်နေတယ်… ပရောဂျက်ရဲ့ စုစုပေါင်း တန်ဖိုးက ယွမ် နှစ်ဘီလီယမ်အထိရှိတယ်… ဒါက ဒီနှစ်ပိုင်းတွေထဲမှာ ရန်ချိန်ရုံးခွဲ လက်ခံဖူးတဲ့ အကြီးမားဆုံး ပရောဂျက်ပဲ… အချိန်ကျလာရင် ရုံးချုပ်ကလည်း လူအင်အား ပမာဏ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ပေးသွားမယ်… မန်နေဂျာလျို…… ဒီက လူတွေ အကုန်လုံးကို စုစည်းပြီးတော့ အသင့်ပြင်ထား… ပရောဂျက်ကို နှစ်သစ်ကူး မတိုင်ခင် အဆင်သင့်ဖြစ်နေရမယ်… အဲ့လိုဆို နှစ်သစ်ရောက်တာနဲ့ စပြီး အလုပ်လုပ်လို့ရပြီ…”
လျိုဝန်ချန်နှင့် အခြား ကုမ္ပဏီအမှုဆောင် အရာရှိများမှ အချင်းချင်း ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်ဝန်းထဲ၌ တုံ့ဆိုင်းမှု တစ်စုံတစ်ရာ အရိပ်အယောင်က ရှိနေကြသော်လည်း အဆုံးသတ်၌ ခေါင်းညိမ့်လိုက်ကြဆဲပင်။
ဘော့စ်ဖြစ်သူ၏ အမိန့်ကို လွှဲပယ်၍ မရသည်က ဓမ္မတာပင်။
“ ဥက္ကဌကျီ… စိတ်မပူပါနဲ့.. ကျုပ်တို့ ဒီပရောဂျက်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်သွားမှာပါ…”
ထိုစဉ် ငြိမ်သက်နေသည့် လင်းရီမှ ထူးဆန်းသည့် လေထုကို အာရုံခံမိ၍ မျက်လုံးဖွင့်၍ ကြည့်လိုက်ပြီး “ ဒီလောက်ကြီးတဲ့ ပရောဂျက် ရလိုက်တာ ပျော်နေရမှာ မဟုတ်ဘူးလား… အဲ့တာ မင်းတို့က ဘာရုပ်ကြီးတွေ ဖြစ်နေကြတာ…”
ကျီချင်းရန် တိတ်ဆိတ်စွာ အကဲခတ်နေလိုက်၏။ ပရောဂျက်ကို စတင်ကြေညာလိုက်သည်နှင့် ရုံးခွဲ အလုပ်သမားများ၏ အမူအရာ ပျက်ယွင်းနေကြောင်း သူမ သတိမူမိလေသည်။
ယခု လင်းရီက သူမကိုယ်စား ထုတ်ပြောလိုက်သောကြောင့် သူမ၏ အထင်ကို ထုတ်ပြောရန် မလိုအပ်တော့ချေ။
“ မဟုတ်တာ…” လျိုဝန်ချန် ပြုံးလိုက်ပြီး “ ဥက္ကဌကျီ… ဥက္ကဌလင်း.. စိတ်ချပါ… ကျုပ်တို့ ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးပါ့မယ်…”
“ မန်နေဂျာလျို…. ရှင်က ရုံးချုပ်ကနေ ဒီကို ပြောင်းလာခဲ့တာ… ကျွန်မတို့ အချင်းချင်းလည်း အချိန်တစ်ခုလောက်အထိ ရင်းနှီးခဲ့ကြဖူးတယ်.. ကျွန်မ ရှင့်အတွေးတွေကို မဖတ်တတ်ဘူးလို့ ထင်နေတာလား…”
“ဒါက…” လျိုဝန်ချန် ခါးသီးစွာ ပြုံးလိုက်ပြီး “ ဥက္ကဌကျီ… ဥက္ကဌလင်း… ခင်များတို့ ပြောတာ မှန်ပါတယ်.. ဒီလောက်ကြီးတဲ့ ပရောဂျက် ရမှတော့ ကျုပ်တို့ ပျော်သင့်တာပေါ့… ဒါပေမယ့် ဒီရဲ့ ပရောဂျက်က အာလူးပူပူကြီး.. ချောင်ရန်အုပ်စု အနေနဲ့ လက်ခံဖို့ မလွယ်ကူဘူး…”
“ ဘယ်လိုမျိုး အာလူးပူပူလဲ….”
“ ရန်မြို့ရဲ့ ငါးယောက်မြောက် သခင်က ဒီပရောဂျက်ကို စိတ်ဝင်စားနေလို့ပါ…”
“ ရှေ့ တစ်လကျော်လောက်တုန်းက အိမ်ခြံမြေ လမ်းညွှန်ချက် အစည်းအဝေး ကျင်းပခဲ့တယ်… အဲ့ဒီ အစည်းအဝေးပွဲမှာ ငါးယောက်မြောက် သခင်က သူ ဒီပရောဂျက်ကို စိတ်ဝင်စားနေတယ်လို့ ရောက်လာတဲ့သူတွေကို အတိအလင်း ကြေညာခဲ့တယ်… တကယ်လို့ ကျုပ်တို့ဘက်က တိုက်ခိုက်ပြီး ရယူလိုက်မယ်ဆို နှစ်ဖက် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်…”
“ အဲ့သူက ဘယ်သူလဲ… သူက အရမ်း ပါဝါကြီးနေလို့လား…”
“ တော်တော်လေးကို အထင်ကြီးဖို့ကောင်းတဲ့သူ…” လျိုဝန်ချန် ခေါင်းညိမ့်လိုက်ပြီး “ သူ့နာမည်က ဝူထျန်းဖူ… မြေအောက်လောကက လူတိုင်းကတော့ ဝူရှီ(ငါးယောက်မြောက်သခင်)လို့ပဲခေါ်ကြတာများတယ်… သူက ရန်ချိန်မှာ တကယ့်ဒိတ်ဒိတ်ကျဲကြီးပဲ… တရားဝင်တာကော တရားမဝင်တဲ့ ပရောဂျက်တွေကိုကော သူပဲ အကုန်ယူတာ…”
“ ပြီးတော့ ကျုပ်တို့က ခုလက်ရှိ ပင်းဟိုင်သစ်တောက ရှုခင်းကို ကိုင်တွယ်နေတာ… အဲ့တာတောင် သူက သူ့ရဲ့ ကိုယ်ပိုင် အိမ်ခြံမြေစီမံရေး ကုမ္ပဏီကို ကိုင်တွယ်စေချင်နေသေးတာ… ဒါပေမယ့် ကျုပ်တို့ကတော့ သဘောမတူလိုက်ဘူး… အမှန်အတိုင်းပြောရရင် နှစ်ဖက် ဆက်ဆံရေးက တော်တော်လေးကို အဆင်မပြေဖြစ်နေတာ ကြာပြီ.. တကယ်လို့ စီးပွားဇုန်သစ် ပရောဂျက်ကိုသာ လက်ခံလိုက်မယ်ဆိုလို့ကတော့ ကျုပ်တို့ ရန်ချိန်မှာ စီးပွားရေး ဆက်လုပ်လို့ မရမှာတောင် စိုးရွံ့မိတယ်…”
အိမ်ခြံမြေ လောက၌ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့ဖူးသောကြောင့် ယခုလို အဖြစ်အပျက်မျိုးနှင့် ကျီချင်းရန် မစိမ်းသက်ပေ။
အိမ်ခြံမြေလောကမှာ ခေါင်းအစ ခြေအဆုံး သန့်ရှင်းသည့် တစ်နေရာ မရှိချေ။
“ ရီ…. ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်သင့်လဲ…” ကျီချင်းရန် လင်းရီ၏ အမြင်ကို မေးမြန်းလိုက်ပြီး “ ဝူကျောင်းယိုက ဒီကိစ္စနောက်ကွယ်ကနေ တမင် ကြိုးကိုင်နေတာများလား… သူက နင့်ကို အသုံးချပြီး ဝူရှီကို ဖယ်ရှားချင်နေတာ ဖြစ်လောက်တယ်နော..”
“ ချင်းရန်... မင်းအတွေးလွန်နေပြီ…”
“ ပထမဆုံးအနေနဲ့ အဲ့ကောင် ငါ့အပေါ် မသမာတဲ့ ဘယ်လှည့်ကွက်မှ ထုတ်မသုံးရဲဘူး…”
“ နောက် ဒုတိယ တစ်ချက်က လက်ရှိ သူ့ရာထူးနဲ့ဆိုရင် ဒီလို လမ်းဘေး လူမိုက်လောက်ကတော့ ရန်ချိန်မှာ မကိုင်တွယ်ရဲစရာ အကြောင်းမရှိဘူး..”
“ နောက်ဆုံး တတိယတစ်ချက်က သူငါ့ကို ဒီပရောဂျက် ပေးလိုက်တာက ငါနဲ့ ရင်းနှီးချင်လို့ပဲ……”
လင်းရီ သူ၏ ခန့်မှန်းချက် မှန်ကန်မည်ဟု တထစ်ချ ယုံကြည်သည်။ ကျန်တာကို အပထားပြီး လျန်ရူရွှယ် သူ့နောက်၌ ရပ်တည်နေသည်ကပင် တစ်ဖက်သူကို စိတ်နှင့်ပင် မပြစ်မှားဝံ့သည်အထိ ဖြစ်သွားရန် လုံလောက်လေသည်။
“ တခြား အကြောင်းပြချက် မရှိဘူးဆိုရင်လည်း ပြီးတာပါပဲ…” ကျီချင်းရန် ဆက်ပြောလိုက်ပြီး “ ဒါဆို ငါတို့ ဒီကိစ္စ ဝူကျောင်းယိုနဲ့ ဆွေးနွေးရင်ကောင်းမလား..”
“ မလုပ်တာ ပိုကောင်းလိမ့်မယ်… သူ့ဘက်က ယွမ် ဘီလီယမ်တန် ပရောဂျက်ကိုတောင် ပေးထားပြီးမှ ပြဿနာ ရှိတော့ သူ့လာရှာတယ်ဆိုရင် ငါတို့က ဘာမှမကိုင်တွယ် မဖြေရှင်းတတ်တဲ့ ပုံစံပေါက်သွားလိမ့်မယ်..” လင်းရီ ပြောလိုက်ပြီး
“ အဲ့လိုဆိုမှတော့ ငါတို့ဘာသာပဲ ကိုင်တွယ်ကြတာပေါ့….”
စာစဉ် (၅၇) ပြီး၏။