← Chapters

အဆင့်မြင့် ဝိညာဥ်ကျောက်တုံးများ

Vol. 1-8 Ch. 16

အဆင့်မြင့် ဝိညာဥ်ကျောက်တုံးများ

Vol. 1-8 Ch. 16

ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေ၏။ ဓားနေမင်းနှင့် မတူသည့်အချက်မှာ ရှေးဦးဝိညာဉ်ခေတ်၏ လမင်းကြီးသည် ရှေးယခင်ခေတ်များကတည်းက လမင်းကြီးအတိုင်း ကျန်ရှိနေသေးသည့် အချက်ပင်ဖြစ်သည်။ ထိုလမင်းကြီးမှာ ၎င်း၏ ဖျော့တော့တော့ အလင်းရောင်များကို အဆင့်နိမ့်ကျွန်းတစ်ခွင် ဖြန့်ကျက်ထား၏။

ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းရှိ ဌာနအမျိုးမျိုး၏ တောင်ထိပ်များပေါ်တွင် ဝိညာဉ်ချီများ အကြွယ်ဝဆုံး ရှိနေသည့်နေရာမှာ ဓမ္မလက်နက်တောင်ထိပ် မဟုတ်ပေ။ သို့သော် ထိုတောင်ထိပ်မှာ အကောင်းဆုံးနေရာများထဲမှ တစ်ခု ဖြစ်သည်။

ဓမ္မလက်နက်ဌာနမှ ကျောင်းသားများမှာ ထိုတောင်ထိပ်ပေါ်တွင် နေ့စဉ်ကျင့်ကြံကြပြီး ဝိညာဉ်ကျောက်တုံးများကို သန့်စင်နေကြသည်ဖြစ်ရာ ဝိညာဉ်ချီများကို အမြောက်အမြား အသုံးပြုကြရသည်။

အခြားဌာနများမှ ကျောင်းသားများနှင့် မတူညီသည့် အချက်မှာ ထိုဌာနမှ ကျောင်းသားများသည် ယခုကဲ့သို့ အဆုံးအစမရှိလောက်အောင် များပြားသည့် ဝိညာဉ်ချီအထောက်အပံ့များနှင့် ထူးခြားဆန်းသစ်သော သန့်စင်ခြင်းပညာရပ်များကို အလကား ရရှိကြသည်တော့ မဟုတ်ပေ။ သူတို့က နှစ်စဉ်နှစ်တိုင်း နှစ်ဆုံးစာမေးပွဲတွင် ဝိညာဉ်ကျောက်တုံးများကို ပေးဆောင်ကြရသည်ဖြစ်ပြီး ထိုပမာဏမှာ အတော်အတန်ပင် ကြီးမား၏။

ထိုကဲ့သို့ပင် ဓမ္မလက်နက်ဌာနထဲ၌ အဓိက ခန်းမကြီးသုံးခုထဲမှ အတန်းများကို အလကား တက်ရောက်နိုင်ခြင်းမှလွဲ၍ ထမင်းစားခြင်း၊ အထူးကျင့်ကြံခြင်းအခန်းများကို သွားခြင်း ကဲ့သို့သော အခြားအရာအားလုံးကို လုပ်နိုင်ရန် ဝိညာဉ်ကျောက်တုံးများကို လိုအပ်သည်သာ ဖြစ်သည်။ ထို့ကြောင့် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများမှာ သူတို့၏အချိန်ကို ကောင်းကောင်းအသုံးချကာ ဝိညာဉ်ကျောက်တုံးများကို သန့်စင်လေ့ရှိကြသည်။

မှော်ဆေးရည်ဌာနမှာလည်း ထိုနည်းတူပင် ဖြစ်သော်လည်း ဓမ္မလက်နက်ဌာနလောက်တော့ မဆိုးရွားပေ။ အခြားဌာနများ၏ ငွေရှာကြသော နည်းလမ်းများမှာမူ ပို၍ရိုးရှင်း၏။ သူတို့၏ ဌာနမှ ကျောင်းသားများအတွက်သာ ဖွင့်လှစ်ထားသည့် တချို့သော ကျင့်ကြံခြင်း လေ့ကျင့်ရေးကွင်းများကို အခြားဌာနများမှ ကျောင်းသားများကိုပါ အသုံးပြုခွင့် ပေးကြခြင်းဖြစ်သည်။ ထိုအခြားဌာနများမှ ကျောင်းသားများကို ကောက်ခံသည့် ဝင်ကြေးများမှာ အလွန် ဈေးမြောက်၏။

ဥပမာဆိုရလျှင် သားရဲမွေးမြူရေးဌာန၏ ရှုခင်းတိမ်တောင်၊ မှော်ကျောက်စာဌာန၏ ရတနာရှစ်ဖြာ ဇယားကွက်၊ ထောင်ချောက်ဌာန၏ နှင်းရေခဲမျှော်စင်နှင့် သိုင်းပညာဌာန၏ ချော်ရည်အခန်းတို့မှာ သွေးချီထူးကဲအဆင့်သို့ ရောက်နေပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ဖောက်ထွက်ရန် ပြင်နေကြသည့် ကျောင်းသားများကို ကူညီပေးနိုင်သည့် ကျင့်ကြံခြင်းနေရာများ ဖြစ်ကြသည်။ အခြားဌာနများမှ ကျောင်းသားများစွာ ထိုနေရာများသို့ နေ့စဉ်နေ့တိုင်း သွားရောက်လေ့ရှိကြသည်။ ထိုနည်းလမ်း တစ်ခုတည်းနှင့်ပင် ဌာနတစ်ခုချင်းစီ၏ နေ့စဉ်အသုံးစရိတ် အကုန်လုံးနီးပါးကို ထောက်ပံ့ပေးနိုင်သည်။

ထိုအချိန်တွင် ဓမ္မလက်နက်တောင်ထိပ်ပေါ်၌ မျက်လုံးဖြင့် မမြင်နိုင်သော ဝိညာဉ်ချီများ ဖြည်းညင်းစွာ စီးဆင်းနေကြပြီး ထောင်ပေါင်းများစွာသော အစိတ်အပိုင်းများအဖြစ် ခွဲထွက်သွားကြကာ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများ၏ ဖြည်းညင်းစွာ စုပ်ယူခြင်းကို ခံနေရ၏။ သို့သော် တောင်ထိပ်နားမှ နေရာတစ်ခုဖြစ်သော အထူးဝင်ခွင့်ရကျောင်းသား၏ နတ်ဝိဇ္ဇာဂူထဲတွင်မူ အခြားကျောင်းသားများ၏ နေရာများထက် ပို၍များပြားသော ဝိညာဉ်ချီများ စုဝေးနေကြသည်။

ထို နတ်ဝိဇ္ဇာဂူထဲတွင်မူ ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေ၏။ သူသည် မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်အား အဆက်မပြတ် အသုံးပြု၍ ဝိညာဉ်ချီအမြောက်အမြားကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီး လက်မောင်းတစ်လျှောက် စေလွှတ်ကာ လက်ဖဝါးထဲတွင် စုစည်းလိုက်သည်။ ထို့နောက် လက်ဖဝါးထဲတွင် ဝိညာဉ်ကျောက်တုံးတစ်တုံး လျင်မြန်စွာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။

" ငါ ဖောက်ထွက်နိုင်ခဲ့ပြီကွ။ ဟားဟား။ ငါ ဖောက်ထွက်နိုင်ခဲ့ပြီ "

စိတ်လှုပ်တရှားဖြစ်နေသည့် ဝမ်ပေါင်လဲ့သည် သူ၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးမှာ သန့်စင်မှု ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းအား ချက်ချင်းပင် ကျော်ဖြတ်သွားသည်ကို အာရုံခံမိလိုက်သည်။ ၎င်းမှာ ခုနစ်ဆယ့်ခြောက် ရာခိုင်နှုန်းသို့ ရောက်ရှိသွားသောအခါ သူ၏ စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်တော့ပေ။ သူသည် ပျော်ရွှင်မြူးထူးစွာဖြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်လိုက်ပြီးနောက် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ စားလိုက်တော့သည်။

" ငါ အခုထက် ပိုကြိုးစားပြီးတော့ သန့်စင်မှု ရှစ်ဆယ်ရာခိုင်နှုန်းအထိ အတတ်နိုင်ဆုံး အမြန်ဆုံး ဖောက်ထွက်နိုင်အောင် လုပ်ရမယ် "

ဝမ်ပေါင်လဲ့မှ မုန့်ထုပ် အနည်းငယ် စားလိုက်ပြီးနောက် ပါးစပ်ကိုသုတ်ကာ သန့်စင်ခြင်းကို ပြန်၍စတင်လိုက်တော့သည်။ သို့သော် သူသည် ရုတ်တရက် သတိဝီရိယအပြည့် ရှိသွား၏။

" ငါ အခုထက်ပိုပြီးတော့ ဂရုစိုက်မှဖြစ်မယ်။ သမိုင်းတစ်ကျော့ ပြန်လည်သွားလို့ မဖြစ်ဘူး။ ငါ ပေါ့ဆမိရင် ဧရာမ ဖက်တီးကြီးတစ်ယောက် ပြန်ဖြစ်သွားနိုင်တယ် "

မကြာသေးမီက သူ ရင်ဆိုင်ဖြတ်သန်းခဲ့ရသော ဝိတ်ကျအောင် လုပ်ရသည့် အတွေ့အကြုံကြီးမှာ အလွန် နာကျင်စရာ ကောင်းသောကြောင့် သတိထားရန် ဆုံးဖြတ်လိုက်၏။ သူသည် ရှေးဟောင်းသိုင်းအဆင့်ထဲမှ သွေးချီအဆင့်သို့ တက်လှမ်းထားနိုင်ပါသော်လည်း ထိုဖြစ်ရပ်မျိုးကို သူ ထပ်၍ မကြုံချင်ပေ။

" ဝိတ်ကျအောင် လုပ်ရတဲ့ လမ်းခရီးက အန္တရာယ်များပြီး ရှည်လျားထွေပြားတယ်။ ငါ့လို စိတ်ဓာတ်ပြတ်သားတဲ့ လူကပဲ အောင်မြင်နိုင်မှာ "

ဝမ်ပေါင်လဲ့သည် သက်ပြင်းချကာ သူ့ကိုယ်သူ အားပေးလိုက်သည်။ သူသည် နိုးနိုးကြားကြား ရှိနေခြင်းကြောင့် အလွန် ကျေနပ်သွားပြီး တစ်ခဏမျှ တွေးတောစဉ်းစားလိုက်ပြီးနောက် သူ့ကိုယ်သူ ထပ်၍ အားပေးရန် လိုအပ်နေသေးကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး အသံမြည်အောင် ဝါးစားလိုက်တော့သည်။ ထိုသို့ စားပြီးသွားသောအခါမှသာ ဗိုက်ကိုပုတ်ကာ ဝိညာဉ်ကျောက်တုံးများကို စတင်သန့်စင်လိုက်တော့သည်။

သူ ကံကောင်းနေသောကြောင့်လား၊ သန့်စင်ခြင်း ဆေးလုံး၏ အာနိသင်က အစွမ်းထက်နေသောကြောင့်လားတော့ မသိပေ။ နောက်ထပ်ရက်အနည်းငယ်အတွင်း ဝမ်ပေါင်လဲ့တစ်ယောက် သန့်စင်ခဲ့သည့် ဝိညာဉ်ကျောက်တုံးများမှာ စဉ်ဆက်မပြတ် တိုးတက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း ဝိညာဉ်အဆီများ စုဝေးလာခြင်း မရှိတော့ပေ။

သူ၏ ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများစွာကို ဖယ်ရှားသန့်စင်လိုက်ပြီးနောက် ဝိညာဉ်ချီများမှာ ဝိညာဉ်အဆီများဖြင့် စုဝေးလာခြင်း မရှိတော့သည့်အလားပင်။ ယင်းအပြင် သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်ချီများ စီးဆင်းနေသည့် အမြန်နှုန်းကိုပါ ကျင့်သားရလာတော့သည်။ မြန်ဆန်ချောမွေ့သော စီးဆင်းမှုများက ဝိညာဉ်ကျောက်တုံးများ၏ သန့်စင်မှုကို မြှင့်တင်ပေးနိုင်သလို ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကိုလည်း ပို၍သန်မာလာအောင် မသိမသာ ကူညီပေးနေ၏။ ထို့ကြောင့် သူ၏ သွေးချီအဆင့်မှာ အတော်အတန် တိုးတက်လာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ ပျော်ရွှင်နေရတော့သည်။ သူ၏ ဝိညာဉ်ကျောက်တုံးများ သန့်စင်မှုက ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်သွားသည့်အချိန်အထိ ပိန်ပိန်သွယ်သွယ် ရှိနေသေးကြောင်း သိလိုက်ရသောအခါမှသာ သတိထားနေသည်ကို တဖြည်းဖြည်းချင်း လျော့ကာ သန့်စင်ခြင်းထဲတွင် စိတ်ရောကိုယ်ပါ နှစ်ထားလိုက်တော့သည်။

အချိန်က စီးဆင်းနေသော ရေများကဲ့သို့ တဖြည်းဖြည်း ကုန်ဆုံးသွား၏။

သိုင်းပညာဌာနထဲတွင် ရက်ရက်စက်စက် ထုထောင်းခံခဲ့ရသဖြင့် နာကျင်ခံစားနေရသည့် ကျိုးရိဖန်မှာ နတ်ဝိဇ္ဇာဂူတစ်လုံးထဲတွင် အံတကြိတ်ကြိတ် ဖြစ်နေပါသော်လည်း ကူရာကယ်ရာမဲ့သလို ခံစားနေရ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ဌာနမတူသောကြောင့် နည်းလမ်းအများစုကို အသုံးပြု၍မရပေ။

" ဝမ်ပေါင်လဲ့ "

ကျိုးရိဖန်သည် အလွန်တရာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေတော့သည်။ သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောလိုက်ပြီးနောက် ဓမ္မလက်နက်ဌာနထဲတွင် သူ၏ မိတ်ဆွေများရှိနေသည်ကို သတိရသွားတော့သည်။ ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်သော ကျန်းလင်က သူနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိပါသော်လည်း ကောင်းမွန်သော အဆင့်တစ်ခုတွင် ရှိသည်ဖြစ်ရာ သူ့ထံမှ အကူအညီ‌ တောင်း၍ ရနိုင်ပေသည်။ ထို့ကြောင့် ကျိုးရိဖန်က အသံလွှင့်လက်စွပ်ကို ချက်ချင်း ထုတ်ယူကာ ဆက်သွယ်လိုက်ပြီးနောက် ပြုံးလိုက်တော့သည်။

" ဝမ်ပေါင်လဲ့ … မင်းက ဓမ္မလက်နက်ဌာနက ဖြစ်နေရင်တောင် မင်းကို ငါ့ရဲ့ အစွမ်းအစ ဘယ်လောက်ရှိသလဲဆိုတာ သိသွားအောင် လုပ်နိုင်စွမ်း ရှိသေးတယ်ကွ "

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး သိပ်မကြာခင် နှစ်လတိတိ ကုန်ဆုံးသွားရတော့သည်။

ထို နှစ်လအတွင်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကျောက်တုံးများ သန့်စင်မှုမှာ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး ရှစ်ဆယ့်လေးရာခိုင်နှုန်းသို့ ရောက်ရှိသွားသောအခါ သူ၏ သွေးချီအဆင့်မှာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။

အကယ်၍ သိုင်းပညာဌာနကသာ ထိုအခြင်းအရာကို သိသွားမည်ဆိုပါက အသိစိတ်များပင် ပျောက်သွားနိုင်‌ပေသည်။ ဝမ်ပေါင်လဲ့၏ တိုးတက်နှုန်းမှာ သိုင်းပညာဌာနမှ ကျင့်ကြံခြင်းနှင့် ရှေးဟောင်းသိုင်းပညာရပ်များတွင် ကျွမ်းကျင်သော ကျောင်းသားများထက်ပင် ပို၍ မြန်ဆန်နေသည် မဟုတ်ပါလော။

" ဟားဟား။ ကြည့်ရတာ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သန့်စင်ဆေးလုံးက ဖယ်ရှားပေးနိုင်လိုက်တဲ့ပုံပဲ "

ဝမ်ပေါင်လဲ့သည် စိတ်လှုပ်တရှား ဖြစ်သွားပြီး သန့်စင်ဆေးလုံးအား ဝယ်ယူခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။

" ဒီပုံစံအတိုင်းဆို ငါ ရှစ်ဆယ့်ငါး ရာခိုင်နှုန်းအဆင့်ထိ ရောက်နိုင်လောက်တယ်။ ငါက ကိုးဆယ်ရာခိုင်နှုန်းကို အမြန်ဆုံး ရောက်ချင်တာ။ ငါ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင်လုပ်ပြီးတော့ ဘဝရဲ့ အထွတ်အထိပ်ကို တက်လှမ်းမဲ့ခရီးကို ထွက်ချင်နေပြီ "

ဝမ်ပေါင်လဲ့သည် ထိုအကြောင်းကို တွေးလိုက်ရုံမျှဖြင့် စိတ်လှုပ်ရှားလာရတော့သည်။ သူသည် ဘေးပတ်ပတ်လည်မှ ဝိညာဉ်ချီများကို စုပ်ယူလိုက်ပြီး လက်ဖဝါးထဲတွင် စုစည်းကာ သန့်စင်မှု ရှစ်ဆယ့်ငါးရာခိုင်နှုန်းထက် သာလွန်သွားအောင် ဆက်၍ကြိုးစားလိုက်၏။

သို့သော် ကျောင်းစဖွင့်သည့် အချိန်မှစ၍ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့သည့် ဝမ်ပေါင်လဲ့သည် ဝိညာဉ်ကျောက်တုံးခန်းမထဲမှ အတန်းများကို သိပ်၍ မတက်ရောက်ခဲ့ပေ။ သို့ဖြစ်၍ ဝိညာဉ်ကျောက်တုံးများမှာ သန့်စင်မှု ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်သောအခါတွင် အတားအဆီးတစ်ခုနှင့် ကြုံရမည်ဖြစ်ကြောင်းကို သူက မသိပေ။

တိတိကျကျ ဆိုရမည်ဆိုလျှင် သန့်စင်မှု ငါးဆယ်ရာခိုင်နှုန်း အောက်သာရှိသော ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနိုင်ပါသော်လည်း ၎င်းတို့ကို သာမန်ဝိညာဉ်ကျောက်တုံးများဟုသာ သတ်မှတ်ထားကြသည်။

ငါးဆယ်ရာခိုင်နှုန်းသို့ ရောက်သောအခါမှသာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးဟု သတ်မှတ်ကြသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများမှာ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းထက် သာလွန်နေရန် လိုအပ်သည်။

အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အား ပိုင်းခြားထားသည့် သတ်မှတ်ချက်မှာ သန့်စင်မှု ရှစ်ဆယ့်ငါး ရာခိုင်နှုန်း ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးတစ်တုံးက ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားလျှင် အဆင့်မြင့် သို့ ရောက်သွားမည်ဖြစ်ပြီး ကိုးဆယ့်ငါးရာခိုင်နှုန်းနှင့်အထက် ရောက်သွားမည်ဆိုပါက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ဖြစ်သွားမည်ဖြစ်သည်။ ထိုမျှ အရည်အသွေးကောင်းမွန်သော ဝိညာဉ်ကျောက်တုံးတစ်တုံးက အလွန် တန်ဖိုးကြီးမားပြီး အဆင့်မြင့် ဝါရင့်သဘာရင့်ပညာရှင်များသာ သန့်စင်နိုင်စွမ်း ရှိကြသည်။

ချီအားဖြည့်ပညာရပ်အား ကျင့်ကြံထားသည့်ကျောင်းသားများမှာ ထို ရှစ်ဆယ့်ငါးရာခိုင်နှုန်းရှိ အတားအဆီးကို ကျော်ဖြတ်လိုပါက ထိုပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်နေရန် လိုအပ်သည်။ သို့သော် အဘက်ဘက်မှ သာလွန်နေသည့် မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်မှာမူ ထိုအတာအဆီးအား ကြုံတွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ၎င်းအား ထုတ်ဖော်နိုင်စွမ်း ရှိသည်။

ဝမ်ပေါင်လဲ့ သန့်စင်နေသည့် ဝိညာဉ်ကျောက်တုံးမှာ သန့်စင်မှု ရှစ်ဆယ့်လေးရာခိုင်နှုန်းသို့ ရောက်သွားပြ ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ချဉ်းကပ်လာသောအခါ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီသွား၏။ ထို့နောက် ဖြည်းညင်းစွာလည်ပတ်နေသော ဝါးမျိုခြင်းသစ်စေ့ထဲမှ ထူးခြားသော စုပ်ယူခြင်း အားတစ်မျိုး ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ထိုပြောင်းလဲမှုမျိုးအတွက် ဝမ်ပေါင်လဲ့က ပြင်ဆင်ထားခြင်းမရှိသလို ကြိုတင်တွေးတောထားခြင်းလည်း မရှိပေ။ ထို့ကြောင့် နတ်ဝိဇ္ဇာဂူထဲရှိ ဝိညာဉ်ချီအကုန်လုံးနီးပါး ချက်ချင်းဆိုသလိုပင် ပြောင်စင်သွားအောင် စုပ်ယူခံလိုက်ရတော့သည်။

ထိုသို့ဖြင့် ပေါ်ထွက်လာသည့် လေဟာနယ်ကြီးက အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားသောကြောင့် ဝိညာဉ်ချီပင်လယ်ထဲတွင် တွင်းကြီးတစ်တွင်း ပေါ်လာသည့်အလား ဖြစ်သွားသည်။ ထို့ကြောင့် ဝိညာဉ်ချီအမြောက်အများ တုန်ရီလာပြီး အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။ ကံကောင်းစွာဖြင့် ဓမ္မလက်နက်ဌာန၏ တောင်ထိပ်တွင် ဝိညာဉ်ချီစုစည်းပေးသည့် အစီအရင်တစ်ခု ရှိနေသောကြောင့် ၎င်းမှာ ထိုဟန်ချက်မညီ ဖြစ်နေသည့် အခြေအနေကြီးကို ချက်ချင်းပင် တည်ငြိမ်သွားအောင် လုပ်ပေးလိုက်သည်။

ဝမ်ပေါင်လဲ့၏ စုပ်ယူနှုန်းမှာ မြန်ဆန်နေပြီး ထိုကဲ့သို့ စုပ်ယူခံနေရသည့် ပမာဏမှာ အဆမတန် ကြီးမားပါသော်လည်း ဓမ္မလက်နက်ဌာနတစ်ခုလုံးရှိ ဝိညာဉ်ချီများနှင့် နှိုင်းယှဉ်လိုက်ပါက စာမဖွဲ့လောက်ပေ။ သို့ဖြစ်၍ မည်သူကမှ ထိုကိစ္စကို အာရုံမစိုက်မိကြပေ။

သူတို့က အလွန်ဆုံး ဘေးနားတစ်ဝိုက်မှ ဝိညာဉ်ချီ စီးဆင်းမှုများ တစ်ခဏမျှ ရပ်တန့်သွားသည်ကိုသာ ခံစားလိုက်ရမည်ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ ရုတ်တရက် များပြားလာသည့် စုပ်ယူအားနှင့် ဒ‌လဟောစီးဆင်းနေသည့် မြစ်တစ်စင်းကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေကြသည့် ဝိညာဉ်ချီများကြောင့် အသိစိတ်ပျောက်လုမတတ် ဖြစ်သွားရ၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေသည့် ဝိညာဉ်ချီများကို လက်ဖဝါးပေါ်သို့ အချိန်ကိုက် လမ်းကြောင်းမပြောင်းပေးနိုင်တော့သောကြောင့် ၎င်းတို့မှာ လျင်မြန်စွာ စုဝေးလာကြပြီး ဝိညာဉ်အဆီများအဖြစ် ပြောင်းလဲသွားကြတော့သည်။

ထို ဝိညာဉ်အဆီများက သိသိသာသာ တိုးပွားလာနေချိန်တွင် သူ၏ လက်ဖဝါးထဲမှ ဝိညာဉ်ကျောက်တုံးမှာ ထိုကဲ့သို့ ရုတ်ချည်း မြင့်တက်လာသော ဝိညာဉ်ချီများကြောင့် ရှစ်ဆယ့်လေးရာခိုင်နှုန်းအား ကျော်ဖြတ်သွားပြီး ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားတော့သည်။

ထို့ကြောင့် ၎င်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး မဟုတ်တော့ဘဲ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးအဖြစ်သို့ ရောက်သွားပြီဖြစ်သည်။

ထို ကြည်လင်ဝင်းပကာ သလင်းကျောက်သဖွယ်ဖြစ်နေသည့် ဝိညာဉ်ကျောက်တုံးထဲမှ အလင်းတန်းများ ထိုးထွက်နေ၏။ ၎င်းမှာ အတန်းထဲတွင် ဆရာကျိုး သန့်စင်ပြခဲ့သည့် ကျောက်တုံးထက် အဆင့်နိမ့်ပါသော်လည်း အများကြီး ကွာခြားနေသည်တော့ မဟုတ်ပေ။ ၎င်းမှာ ထိုကျောက်တုံးကဲ့သို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးဖြစ်ပြီး အလွန် အဖိုးတန်၏။

သို့သော် ဝမ်ပေါင်လဲ့မှာ မ‌ပျော်နိုင်တော့ပေ။ သူသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သော သူ၏ ခန္ဓာကိုယ်ကြီးအား မူးဝေဝေနှင့် စိုက်ကြည့်နေရင်း လက်ထဲမှ ဝိညာဉ်ကျောက်တုံးက ဗိုက်ပေါ်သို့ ပလုတ်ခနဲ လွတ်ကျသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ဝိညာဉ်ကျောက်တုံးကို မမြင်ရတော့ဘဲ သူ၏ ဗိုက်ကြီးကိုသာ မြင်လိုက်ရတော့သည်။

အတန်ငယ်ကြာပြီးနောက် ထိုနတ်ဝိဇ္ဇာဂူထဲမှ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည့် ငိုသံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။ ဝမ်ပေါင်လဲ့သည် ငိုမဲ့မဲ့ဖြစ်နေပြီး စိုးရိမ်သောကကြီးစွာဖြင့် လက်များကို‌မြှောက်ကာ သူ၏ ဗိုက်ကြီးကို ကြည့်လိုက်၏။ ထို့နောက် သူသည် ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးလိုက်တော့သည်။

" မဖြစ်ဘူး။ ငါ့ရဲ့ အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ် အချိုးအစားလေးတော့ သွားပါပြီ "

" ဘာလို့ ဒီလိုတွေ ဖြစ်သွားရတာလဲ "

ဝမ်ပေါင်လဲ့မှာ မချိတင်ကဲ ခံစားနေရပြီး မတ်တတ်ထရပ်ရန် ကြိုးပမ်းပါသော်လည်း မထနိုင်တော့သည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူသည် ရူးသွပ်လုမတတ် ဖြစ်သွားရပြီး လေအေးတစ်ချက် သူ့အား ဖြတ်၍ တိုက်ခတ်သွားသည့်အလား ခံစားလိုက်ရတော့သည်။ သူသည် မရေမတွက်နိုင်လောက်အောင် များပြားသော ဖက်တီးဘိုးဘေးကြီးများက အရပ်မျက်နှာ အနှံ့မှနေ၍ လျှောက်လှမ်းလာနေပြီး သူ့အားပြုံးပြကာ သူနှင့် ပြန်လည်ဆုံဆည်းနိုင်ရန် မျှော်လင့်နေသည့်အလား လက်များအား ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည့်အလား ခံစားနေရတော့သည်။

" ငါက ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ချင်ရုံပါကွာ။ ဘာလို့ ဒီလောက် အခက်အခဲတွေအများကြီး ကြုံနေရတာလဲ "

ဝမ်ပေါင်လဲ့သည် ပူဆွေးသောကကြီးစွာဖြင့် ကြိုးစားရုန်းကန်ကာ မတ်တတ်ထလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကြီးအား နတ်ဝိဇ္ဇာဂူ၏ တံခါးအပြင်ဘက်သို့ ရောက်သွားအောင် ဖျစ်ညှစ်၍ ကြိုးစားလိုက်တော့သည်။

သူသည် ထိုနတ်ဝိဇ္ဇာဂူထဲမှ ထွက်နိုင်ဆဲဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားတော့သည်။ ထိုတံခါးပေါက်အပြင်သို့ မထွက်နိုင်လောက်အောင် ဝနေမည်ကို သူ အလွန် စိုးရိမ်နေခဲ့၏။ အကယ်၍ ထိုသို့သာ ဆိုပါက သူ အမှန်တကယ်ပင် ငါးပါးမှောက်သွားမည်သာ ဖြစ်သည်။

ကံကောင်းသည့်အချက်မှာ ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်နေသောကြောင့် မည်သူကမှ ထိုနတ်ဝိဇ္ဇာဂူတွင် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို သတိမထားမိလိုက်ကြပေ။ ထိုသို့သာမဟုတ်ပါက သူတို့သည် သားရဲကြီးတစ်ကောင် ရောက်ရှိလာသည်ဟု မှတ်ယူကာ သေချာပေါက် ဆွံ့အမှင်တက်သွားကြမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ မချိတင်ကဲ ဝေဒနာများကို ခံစားနေရသဖြင့် အံကိုကြိတ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ကျွန်းကိုပတ်၍ ပြေးလိုက်ပြန်တော့သည်။

သို့သော် ယခုအကြိမ်တွင်မူ ၎င်းမှာ ထိရောက်မှု မရှိသည့်ပုံပင်။ သူသည် လူ မရှိတုန်း အလေးမ,သည့် လေ့ကျင့်ရေးကွင်းသို့ သွားကာ အလေးတုံးများကို အရူးတစ်ယောက်လိုမ,၍ နောက်ထပ်အလေးတုံးများကိုပါ ထပ်၍ ပေါင်းထည့်ပါသော်လည်း သိသိသာသာ ထူးခြားလာခြင်းမရှိပေ။ သူ လိုအပ်သော ရလဒ်မျိုး ထွက်ပေါ်မလာခဲ့ပေ။

" သောက်ကျိုးနည်းကွာ ငါ ဘာလုပ်ရမှာတုန်း "

ဝမ်ပေါင်လဲ့မှာ စိုးရိမ်သောကကြီးစွာ ခံစားနေရသဖြင့် နဖူးပေါ်မှ ချွေးများ တဒီးဒီး စီးကျလာတော့ငည်။ နောက်ဆုံးတွင် သူသည် ဝိညာဉ်ကွန်ရက်၏ အကူအညီဖြင့် ဝိတ်ကျအောင် လုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလိုက်တော့သည်။

အရာခပ်သိမ်းကို သိရှိနေသည့်ပုံပေါ်သည့် ဝိညာဉ်ကွန်ရက်ထဲတွင် သောင်းပြောင်းထွေလာ အချက်အလက်ပေါင်းများစွာဖြင့်‌ ပြည့်နှက်နေပါသော်လည်း ဝိတ်ကျအောင် လုပ်ချင်သည့် အတွေးတစ်ခုသာရှိသော ဖက်တီးတစ်ယောက်ကို ဟန့်တားနိုင်စွမ်း မရှိပေ။ ဖက်တီးများမှာ အခြားလူများအတွက် သာမန်သတင်းတစ်ခုဟုသာ ထင်ရသော သတင်းများထဲကပင် ဝိတ်ကျနိုင်သော နည်းလမ်းများကို အလျင်အမြန် ဖော်ထုတ်နိုင်စွမ်း ရှိကြသည်။

ဥပမာပြရလျှင် သိုင်းပညာဌာန၏ ချော်ရည်အခန်းပင်ဖြစ်သည်။

" သိုင်းပညာဌာနရဲ့ ချော်ရည်အခန်းက ငရဲပြည်နဲ့ တော်တော်ကိုဆင်တူတယ်။ တကယ့်ကို နှိပ်စက်ခန်းကြီးတစ်ခုပဲ။ ငါ အဲဒီထဲမှာ ရှိခဲ့တုန်းကဆိုရင် ချွေးမိုးတွေပါ ရွာခဲ့တဲ့အတိုင်းပဲ "

" အဲဒီနေရာကြီးက လူတွေကို နှိပ်စက်တဲ့ နေရာတစ်ခုပဲ။ ငါ အဲဒီထဲမှာ ငါးမိနစ်လောက်ပဲ နေခဲ့တာတောင် ငါ့အလေးချိန်က ကီလိုဝက်အထိ ကျသွားခဲ့တာ။ ငါ့ကိုယ်ငါတောင် သနားမိတယ် "

ဝမ်ပေါင်လဲ့သည် ဝိညာဉ်ကွန်ရက်ပေါ်တွင် ချော်ရည်အခန်းနှင့် ပတ်သတ်သော ဝေဖန်ချက်များအမျိုးမျိုးကို မြင်လိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများလည်း ဝင်းလက်သွားတော့သည်။

" ချော်ရည်အခန်း ... ချော်ရည်အခန်း "

ဝမ်ပေါင်လဲ့သည် အသက်ကယ်တင်ပေးနိုင်မည့် ကောက်ရိုးမျှင်တစ်ချောင်းကို လှမ်းဆွဲလိုက်မိသော ရေနစ်နေသည့် လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ချက်ချင်းပင် ခေါင်းမော့ကာ သိုင်းပညာတောင်ထိပ်အား လှမ်းကြည့်လိုက်ပြီး ထိုနေရာသို့ ပျံသန်းသွားတော့သည်။

လရောင်အောက်တွင်မူ သားရဲကြီးတစ်ကောင်နှင့်တူသော ဧရာမအရိပ်ကြီးတစ်ခုက ရွှီခနဲ မြည်သံနှင့်အတူ တဟုန်ထိုး ထွက်ခွာသွားသည်ကို မြင်နိုင်ပေသည်။

" ငါ ဝိတ်ကျချင်တယ် "

All Chapters