ငါက အပြစ်သားလား။
Vol. 133 Ch. 1862
မိုးပြာ နဂါးက ဓားအဖြစ်၊ ပြောင်းလဲ ခုန်ဆင်း လာသော မြင်ကွင်းကြောင့်၊ လျူ မိသားစု အမည်ခံ သူတော်စင်မှာ၊ ကြောက်လန့် တကြား ရှောင်တိမ်း တော့၏။
“ စွပ် ... ။ ”
သို့တိုင် ဓားအလင်းက သူ့ ရင်ဘတ်ကို ဖောက်ထွက် သွားသေးသည်။ သွေးများ စီးကျ လာကာ၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် မိ၏။
“ ဝှစ် ... ။ ”
သို့တိုင် မိန်ဇီဟော် ဖန်တီး ထားသော မီးငှက်၏ ဖိအားကို မခုခံ နိုင်တော့ သဖြင့်၊ လျူချန် အလောင်း ရှိရာသို့ ချက်ချင်း ခုန်ဆုတ် သွားသည်။
လင်းယွန်က ပန်းသင်္ချိုင်း ဓားပေါ်မှ ဆင်းလျက်၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားသော လျူ မိသားစု အမည်ခံ သူတော်စင်ကို ကြည့် လိုက်၏။
ဆဋ္ဌမတန်း မိုးပြာ နဂါး၊ ကောင်းကင် အမိုးဓားနှင့် နတ်ဘုရား ပုံရိပ်ယောင် ဓားသည်၊ အမည်ခံ သူတော်စင် များကို ဒဏ်ရာ ပေးနိုင် ချေပြီ။
လက်ရှိ ခွန်အား အရ၊ အမည်ခံ သူတော်စင် တစ်ပါးကို မထိခိုက် စေနိုင် သော်လည်း၊ မိုးပြာ နဂါးနှင့်၊ ဓား ပေါင်းစပ် ပါက ကွဲပြားသော ဇာတ်လမ်း ဖြစ်ပေမည်။
လျူမိသားစု၏ အမည်ခံ သူတော်စင်က လျူချန် အလောင်းအား ငုံကြည့်ကာ၊ ပတ်ဝန်း ကျင် အနှံ့၊ ဝေ့ကြည့် တော့သည်။
( ဘာလို့ ... ထွက် မလာကြ သေးတာလဲ။ )
၎င်းက တစ်စုံ တစ်ဦးအား၊ ရောက်လာ စေခြင်ပုံ ရသည်။ သို့သော် ငြားလည်း၊ သူ့ ဆန္ဒ မပြည့် ခဲ့ချေ။
ယင်းအစား လင်းယွန်နှင့် အဖွဲ့က၊ သူ့ထံ လျှောက်လှမ်း လာသည်။ ထို့ကြောင့် ဖြူဖျော့ နေသော အသွင်ဖြင့်၊ ဆယ်မိုင် အကွာထိ၊ ထပ်မံ ဆုတ်ခွာ လိုက်၏။
“ ငါတို့ အခု ထွက်သွားလို့ ရပြီလား။ ”
မင်ဂိုဏ်း၏ အမည်ခံ သူတော်စင်မှာ၊ ထွက်ပြေး သွားပြီး၊ လျူ မိသားစု၏ အမည်ခံ သူတော်စင်က နောက်ဆုတ် သွားသည်။
ထို့ကြောင့် ကူကျွင့်မှ ပတ်ဝန်းကျင်အား ကြည့်ကာ၊ မေးလိုက်ခြင်း ဖြစ်သည်။ ဤနေရာ၌ ဆက်မနေ လိုတော့ချေ။
“ အဲ့ဒီလောက် လွယ်မှာ မဟုတ်ဘူး၊ လျူ မိသားစုက အမည်ခံ သူတော်စင် နှစ်ပါးတည်းနဲ့၊ ဆိပ်ခံ တံတား တစ်ခုလုံးကို၊ ပိတ်နိုင် မယ်လို့ ထင်လား။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။ ဤဆိပ်ခံ တံတားသည် မြို့ငယ် တစ်မြို့ နီးပါး ကျယ်ပြော လေသည်။
ထို့ပြင် သင်္ဘော များ၏ ပိုင်ဆိုင်ရှင်မှာ အားနည်းသူ မဟုတ် သောကြောင့်၊ အမည်ခံ သူတော်စင် နှစ်ပါး၏ အမိန့်ကို နာခံမည် မဟုတ်ချေ။
ကူကျွင့်နှင့် မိန်ဇီဟော်မှာ မျက်နှာများ ပြောင်းလဲ သွားသည်။ အန်းလျူယွင် သာလျှင်၊ မျှော်လင့် ထားပြီး ဖြစ်သောကြောင့်၊ လင်းယွန် စကား အပေါ်၊ အံ့သြခြင်း မရှိချေ။
“ ဒါဆို ဘာလို့ ... ထွက်မလာ တာလဲ။ ”
မိန်ဇီဟော်က စိတ်ဝင်တစား မေး၏။
“ အကြောင်းပြချက် ... တစ်ခု ခုတော့ ရှိမှာပေါ့။ ”
လင်းယွန်၌ ထင်မြင်ချက် တစ်ခု ရှိနေ သော်လည်း၊ ထုတ်ဖော် ပြောလိုခြင်း မရှိသေး ချေ။ ထို့ကြောင့် ကျွားချင်းယန်ထံ ပြန်ကြည့် ကာ၊
“ ထားလိုက်ပါ ... ၊ အဲဒီ ဆိတ်အိုကြီး တကယ် သေသလား- မသေလား၊ အရင် ကြည့် ရအောင်။”
-ဟု ဆိုလိုက်၏။
၎င်းသာ ကွယ်လွန်သော် အကောင်းဆုံး ပေပင်။ အသက်ရှင် နေသေး ပါက၊ နောက်ထပ် ဓားတစ်ချက် ပေးရမည် ဖြစ်၏။
“ သွား ... ။ ”
လက်ဝှေ့ ယမ်းလျက် ပန်းသင်္ချိုင်းကို ကျွားချင်းယန်ထံ ပျံသန်း စေလိုက်သည်။ ဤ အရာက လူတိုင်း၏ အာရုံကို၊ သဘာဝ အတိုင်း စွဲဆောင် သွားသည်။
အမှန်အတိုင်း ဝန်ခံ ရပါက၊ မြင့်မြတ်မြေမှ အမည်ခံ သူတော်စင် ငါးပါးမှာ၊ ကျွားချင်းယန် မသေ မည်ကို လင်းယွန်ထက် ပို၍ စိုးရိမ်၏။
“ ဝှီး ... ။ ”
ပန်းသင်္ချိုင်းက ကျွားချင်းယန်၏ နဖူးထံ လျင်မြန်စွာ ပျံသန်း သွားစဉ်၊ လက် တစ်ဖက်က ရေပြင်ကို ခတ်ကာ၊ ရှောင်တိမ်း သွားတော့ သည်။
“ ထန် ... ။ ”
ပြီးနောက် စွမ်းအင် အလင်းဖြင့် တောက်ထုတ်ကာ၊ ပန်းသင်္ချိုင်း ဓားကို နောက်ကြောင်း ပြန်စေ ခဲ့၏။
ပန်းသင်္ချိုင်း ပြန်ရောက် လာသည်နှင့် လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းကာ ဓားအား ဖမ်းယူ လိုက်သည်။
“ သူ မသေ သေးဘူး။ ”
လူတိုင်း အံ့အားသင့် သွားကြ၏။ ကျွားချင်းယန်မှ ထရပ်လျက် ဖြူဖျော့ နေသော မျက်နှာဖြင့်၊ လင်းယွန်ကို ကြည့်သည်။
“ မင်း ... တိရစ္ဆာန် ကောင်၊ ငါ့ရဲ့ ကျင့်ကြံမှု ... ဆယ်နှစ်ကို ဖျက်ဆီး ပစ်လိုက်ပြီ။ ”
သူတော်စင် တစ်ပါး အတွက် (၁၀) နှစ် ဟူသော ကာလကို၊ ဆေးလုံး များဖြင့် ပြန်လည် ရယူ နိုင်သည်။
သို့သော် အမည်ခံ သူတော်စင် အတွက်မူ၊ သူတော်စင် ဖြစ်လိုသော်၊ နောက်ထပ် ဆယ်နှစ် စောင့်ဆိုင်း ရမည်ဟု အဓိပ္ပါယ် ရချေ၏။
ဤသည်မှာ အမည်ခံ သူတော်စင်တိုင်း အတွက်၊ ပြင်းထန်သော ထိုးနှက်ချက် ပေပင်။ အထူးသဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ် အတွင်း သူတော်စင် ဖြစ်လာ နိုင်သည့်၊ ကျွားချင်းယန် အတွက် ဖြစ်၏။
၎င်းသာ ဆန္ဒ ရှိက ခြောက်လ အတွင်း သူတော်စင် တစ်ပါး ဖြစ်နိုင် ပေမည်။ ထို့ကြောင့် ကျွားချင်းယန်မှာ လင်းယွန်အား အစိမ်းလိုက် ဝါးစားချင် နေ၏။
လင်းယွန် သည်သာ သူ့အား သတ်ပစ်ရန်၊ ထပ်မံ ကြိုးစားခြင်း မရှိပါက၊ ပထမ ဓားဒဏ်ရာ ကို သူတော်စင် ရောင်ဝါဖြင့်၊ ဖြည်းညှင်းစွာ ကုစား နိုင်မည်။
ယခုမူ ကုသခြင်းကို ရပ်လိုက် ရသဖြင့်၊ ဆယ်နှစ် ပေးဆပ် လိုက်ရပြီ ဖြစ်၏။ သူမှ ဒေါသ မထွက် မည်သူ ထွက်မည်နည်း။
“ ကျွား ချင်း ယန် ... ၊ သခင်လေး ချန်က မင်းကြောင့် ... သေသွားပြီ၊ လင်းရှောင်ကို ဒီနေ့ သတ်ပါ၊ မဟုတ်ရင် ... မင်းက လျူမိသားစုရဲ့ ရန်သူပဲ။ ”
လျူမိသားစု၏ အမည်ခံ သူတော်စင်က အမုန်းတရား များဖြင့် အော်ဟစ် လိုက်သည်။ ကျွားချင်းယန်က ၎င်း၏ စကားကြောင့် ချက်ချင်း လှည့်ကြည့် လိုက်၏။
ဒေါသကြောင့် နှုတ်ခမ်းများ တဆက်ဆက် တုန်ယင် လာပြီး၊
“ ဒါဆို ... ငါက အပြစ် သားလား ... ။ ”
-ဟု မေးသည်။
“ ဟုတ်တယ် ... လျူချန်က မင်းကြောင့် သေရတာ။ ”
“ ကောင်း ပြီ ... ။ ”
လျူမိသားစု အမည်ခံ သူတော်စင်က အလိုက်သင့် ထပ်ပြော၏။ ကျွားချင်းယန်မှ ခေါင်းညိတ်သည်။
“ ဝှစ် ... ။ ”
ခေါင်းပြန် အမော့တွင် လျူမိသားစု အမည်ခံ သူတော်စင် အနား ရောက်ရှိ သွားကာ၊ ဦးခေါင်း ထံ ထိုးချ ပစ်လိုက်၏။
“ ငါ့ ဆရာက လွဲရင် ... ၊ ငါ့ကို ဒီလို စကားမျိုး ဘယ်သူမှ မပြောရဲဘူး၊ မင်းကိုယ်မင်း ဘယ်သူများ ထင် နေလဲ၊ ဟမ့် ... ။ ”
ဦးခေါင်းမဲ့ အလောင်းမှာ၊ ရေပြင်ပေါ် ပြုတ်ကျ သွားချိန်၌ ကျွားချင်းယန်က၊ မူလ နေရာ ပြန်ရောက် နေပြီ ဖြစ်သည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ၏။ ကျွားချင်းယန် တစ်ယောက် ရူးသွပ် သွားချေပြီ။
သူတော်စင် ဖြစ်ရန်၊ (၁၀)နှစ် စောင့်ရမည် ဟူသော ရလာဒ်က၊ သူ့အား တည်ငြိမ်မှု ပျက်စီး သွားစေ၏။
“ မင်း ... ထွက်သွား နိုင်မယ် ထင်လား၊ ဟား ဟား ဟား ... ။ ”
ကျွားချင်းယန်က လင်းယွန်ကို လှည့်ကြည့်ကာ၊ ရယ်မော လိုက်သည်။ အကြည့် တစ်ချက်ဖြင့် လင်းယွန် အနား ရောက်ရှိ လာ၏။
သို့သော် သတိထား နေသဖြင့်၊ (၁၀)မီတာ အကွာထိ၊ လင်းယွန်မှ ချက်ချင်း ဆုတ်ခွာ သွား ပြီး ဖြစ်နေ လေသည်။
နေနှင့် လက၊ ကျွားချင်ယန် မျက်ဝန်း အတွင်း ပွင့်လျက်၊ ဒြပ်စင် (၇) ပါးဖြင့် ဖွဲ့စည်း ထားသော ပလ္လင် တစ်လုံး၊ လေထဲ ပေါ်လာသည်။
“ ကောင်းကင် ကျမ်း ... ။ ”
ဤသည်မှာ ကြောက်စရာ ကောင်းသော ကောင်းကင်ကျမ်း ဖြစ်၏။ အရှေ့ဘက် ပျက်စီး မြေ၌၊ ၎င်းကို မသိသူ မရှိချေ။
ထျန်ရွှမ်ဇီမှ မွန်းမံ ထားသော ရှေးဟောင်းကျမ်း တစ်ဆောင် ဖြစ်သည်။ ၎င်းသာ ပြီးမြောက် သွားက၊ အထွတ်အထိပ် နဂါး ဝိညာဉ် ပညာရပ် ဖြစ်လာ ပေမည်။
အမြင့်ဆုံး အဆင့်သို့ ရောက်သော အခါ၊ ထိုအဆင့်အား ဖြတ်ကျော် သွားနိုင်၏။ မည်မျှ အစွမ်းထက် မည်ကို တွက်ဆ နိုင်သည်။
ထျန်ရွှမ်ဇီမှာ ဤကျမ်းကြောင့် ကျော်ကြား လာခြင်း ဖြစ်၏။ နှစ်ပေါင်း တစ်ထောင် အတွင်း အရှေ့ဘက် ပျက်စီးမြေ၏ အထက်ရှ ဆုံးသော ပါရမီရှင် ပေပင်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ရောင်ဝါ ဖြင့်ပင်၊ လင်းယွန်နှင့် အဖွဲ့မှာ ဆိုးရွားစွာ နာကျင် လာကြ သဖြင့်၊ လွတ်ရာသို့ လူတိုင်း ဆုတ်ခွာ လိုက်တော့၏။
***