← Chapters

လူယုတ်မာ ... ။

Vol. 134 Ch. 1872

လူယုတ်မာ ... ။

Vol. 134 Ch. 1872

“ ငါ တွေ့ပြီ ... ။ ”

အိုင်းရစ် ဓားသေတ္တာ၏ တည်နေရာကို ခံစားမိ ပြီးနောက်၊ လင်းယွန် တစ်ယောက် ပြုံး လိုက်မိသည်။

အနန္တ နတ်မိစ္ဆာ တောင်ထိပ် ဟူသည် လျှို့ဝှက် ဆန်းကြယ်ပြီး၊ တားမြစ် နယ်မြေ တစ်ရပ် ဖြစ်၏။

ဧကရာဇ် များပင် ဝင်ရောက်ရန် ဆန္ဒ မရှိချေ။ ထို့ကြောင့် ခရမ်းငယ် အတွက် စိုးရိမ် နေခဲ့ ရသည်။

ယခုမူ စိတ်သက်သာရာ ရသွား သည်မို့၊ မြေပြင်ပေါ် ထိုင်ချကာ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား၊ ဖြန့်ကျက် လိုက်သည်။

ဤနည်းစနစ်အား ကျင့်ကြံရန်၊ စစ်မှန်သော နဂါး သူတော်စင် သွေးရည်ကြည် လို၏။ ဆဋ္ဌမ အဆင့်တွင် အချိန် အတော် ကြာအောင် ပိတ်မိ နေရ ခြင်းမှာ၊ ၎င်းကြောင့် ဖြစ်သည်။

ခဏ အကြာတွင်၊ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တစ်ကောင်က သူ့ခန္ဓာမှ ပျံထွက်ပြီး၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို တဟုန်ထိုး စုပ်ယူ တော့သည်။

သူ့တင်ပါးအောက် မြေပြင်၌၊ ကြာပန်း တစ်ပွင့် ကဲ့သို့ ခရမ်းရောင် ပန်းတစ်ပွင့် ပွင့်လာ ခဲ့၏။ ထိုပန်းပွင့်လာ ချိန်၌ နဂါးနှင့် ဖီးနစ်တွင်၊ ရွှေရောင် အဆင်းများ ဖုံးလွှမ်း လာသည်။

အချိန် အနည်းငယ် ကြာ ပြီးနောက်၊ ဓားနှလုံးက အန္တရာယ် အရိပ် အမြွက်ကို ခံစား ရကြောင်း သတိ ပေးလာသည်။

မျက်ဝန်းများ ဖွင့်လျက်၊ ဦးတည်ရာ တစ်ရပ်ထံ မော့ကြည့်ကာ၊

“ ငါတို့ မတွေ့တာ တစ်နှစ် ရှိပြီ ... ၊ မင်း အရမ်း ရက်စက်တယ်၊ ငါ့ကို သတ်မိ သွားမှာ မစိုးရိမ် ဖူးလား။ ”

“ ဟမ့် ... ၊ မင်းက လူယုတ်မာပဲ။ ”

ခရမ်းငယ်က ဓားသေတ္တာ စီးနင်းလျက် လေဟာနယ်ကို ခွဲပြီး ထွက်ပေါ် လာတော့သည်။ ခရမ်းရောင် ဂါဝန်ကို ၀တ်ဆင် ထားပြီး၊ ပခုံးပေါ် ငွေရောင် ဆံနွယ်များ ဝဲကျ နေသည်။

နဖူးရှိ ရွှေရောင်နှင့် ကြက်သွေးရောင် ရူရ်နှစ်လုံး လင်းလက် နေကာ၊ မျက်ဆန် ထဲ၌ ခရမ်းရောင် တံဆိပ်များ ရှိနေ၏။

ရောင်ဝါ သည်လည်း ယခင်ထက် ပိုမို မွန်မြတ် လာပြီး၊ သူတော်စင် ရောင်ဝါ ကိုပင် ပေးဆောင် သည်။ သို့သော် ကလေး မလေး တစ်ယောက် အသွင် ဖြစ်နေဆဲ ပေပင်။

သူမဘေးတွင် နဂါးလေးက ပြုံးကာ ရပ်နေသည်။ သို့သော် သူ့အား နှုတ်ဆက်ရန် မဝံ့ချေ။ ထိုအချိန်တွင် ခရမ်းငယ်က သူ့အား တိုက်ခိုက် လာတော့သည်။

သူမ၏ ကျင့်ကြံမှုမှာ လောက နိယာမ နယ်ပယ် ဖြစ်သည်။ သို့သော် ခွန်အားကို ၎င်းဖြင့် တိုင်းတာ၍ မရချေ။

အနည်းငယ် တွက်ဆ ပြီးနောက်၊ ခရမ်းငယ်အား စမ်းသပ်ရန် လက်ဖဝါး နှင့်သာ၊ ပြန်ရိုက် လိုက်သည်။

“ ဖပ် ... ။ ”

“ အွတ် ... ။ ”

တစ်ချက်တည်းနှင့် အဝေးသို့ ရိုက်ထုတ် ခံလိုက် ရသည်။ လက်ဖဝါးများ ထိတွေ့ လိုက် ချိန်၌၊ ထူးခြားသော လျှပ်စီး စွမ်းအင်ကို ခံစားမိသည်။

၎င်း၌ ရှေးကျပြီး အားပြင်းသော ‘လေ’ သဘာဝ ပါရှိ၏။

“ နင် သက်သာ လာပြီလား။ ”

ခရမ်းငယ်မှ မျက်လုံးများ တောက်ပ လာပြီး မေးသည်။ ရုတ်တရက် ဖြစ်သဖြင့် လင်းယွန်မှာ ချက်ချင်း ပြန် မဖြေနိုင် သေးချေ။

သူမနှင့် လမ်းခွဲ လိုက်စဉ်က နဂါး သွေးလွှတ်ကြောများ ကြီးစွာ ပျက်စီး နေခဲ့ သည်ကို၊ ပြန်၍ သတိ သွားသည်။

ထိုဒဏ်ရာ များမှာ လွန်ခဲ့သော ခြောက်လ တည်းကပင်၊ ပြန်လည် ကောင်းမွန်လာ သဖြင့် မေ့နေခြင်း ဖြစ်၏။

“ အင်း ... သက်သာ သွားပြီ။ ”

“ ဒါဆို ကောင်းတယ် ... ။ ”

ခရမ်းငယ်က လင်းယွန် အဖြေကြောင့် ရက်စက်စွာ ပြုံးပြီး၊ သူမ ခွန်အားကို ထုတ်လွှတ် လိုက်တော့သည်။

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်နှင့် မတူသော၊ အားပြင်းသည့် လျှပ်စီး လေပြင်းများ ချက်ချင်း ပြည့်နှက် လာ၏။ ဓား မသုံးက လုံးဝ ကူကယ်ရာ မဲ့စေသည်။

လက်နက်မဲ့ ဆယ်ကြိမ် ဖလှယ် ပြီး နောက်တွင် သူ့ အားနည်းချက်ကို ခရမ်းငယ်မှ၊ တွေ့ရှိ သွားသည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

ထို့ကြောင့် လေပြင်းနှင့် လျှပ်စီးများ လက်နေသော ကြောက်မက်ဖွယ် နဂါး များစွာ ထိမှန် ကုန်သည်။

“ တောင်းပန် ပါတယ်။ ”

လင်းယွန်က အလျင်အမြန် တောင်းပန လိုက်၏။ ထိုတောင်းပန် မှုသည် လှိုက်လှိုက် လှဲလှဲ ရှိမှန်း၊ ခရမ်းငယ် မြင်သဖြင့်၊ လင်းယွန် ရင်ဘတ်နှင့် သုံးလက်မ အကွာ၌၊ ရပ်ပေး လိုက်သည်။

“ ဟမ့် ... လူယုတ်မာ၊ ငါ နင့်ကို စောင့်နေရတာ ... ၊ ဘယ်လောက် ကြာပြီလဲ နင် သိလား။ ”

“ လေးလ ... ။ ”

“ ဘာ လေးလလဲ ... လေးလနဲ့ သုံးရက် တိတိ ရှိနေပြီ၊ အဲဒီ ရက်တွေမှာ ... နင့် သေပြီလို့ တွေးတွေး မိပြီး၊ ငါ တစ်ရက်မှ မပျော် ရဘူး။ ”

“ ဒါပေမယ့် ... အခု ငါ မသေတော့ ဝမ်းသာတယ် မဟုတ်လား။ ”

“ ဟုတ်တယ် ... ၊ ဒါနဲ့ နင်ကရော ငါ့ကို အနန္တ နတ်မိစ္ဆာ တောင်ထိပ်မှာ၊ သေနေပြီ ထင် ခဲ့တယ် မဟုတ်လား ... ၊ ဒါကြောင့် ခြောက်လ နေရင် ပြန်ဆုံဖို့ သဘောတူ ထားပေမယ့်၊ နင် မလာ ခဲ့တာပေါ့။ ”

“ ဒါဆို ... မင်း ဒီမှာ တစ်ချိန်လုံး ထိုင်စောင့် နေတာလား။ ”

လင်းယွန်က စိတ် မကောင်းသော လေသံဖြင့် မေးလိုက် မိသည်။

“ ဟုတ်တယ် ... အိုင်းရစ် ဓားသေတ္တာနဲ့ ... ငါ ဘယ်ကိုမှ မသွား ဝံ့ဘူး၊ ဒီမှာပဲ စောင့်နေ မိတယ်။ ”

ခရမ်းငယ်မှ ခေါင်းညိတ် သည်။

“ တောင်းပန် ပါတယ်။ ”

“ ရတယ် ... ၊ ငါ့မှာ နဂါးလေး ရှိတယ်၊ သူရှိနေတော့ မပျင်း ရဘူး၊ အနန္တ နတ်မိစ္ဆာ တောင်ထိပ် ကနေ၊ ငါတို့ အကျိုး အမြတ် အများကြီး ရခဲ့တယ်။ ”

“ အိုး ... ဟုတ်လား။ ”

လင်းယွန်က စူးစမ်းလို စိတ်များ ဖြစ်ပေါ် လာသည်။

“ အင်း ... ၊ ဘုရင် အဆင့် နတ်ရူရ် ခုနစ်လုံး အနက်က၊ နောက်ထပ် တစ်လုံး ငါ ရလာတယ်။ ”

ခရမ်းငယ်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောသည်။ ခရမ်းရောင် ဓား သေတ္တာသည် ဘုရင် အဆင့် နတ်ရူရ် (၇)လုံး ပါဝင်သော မြင့်မြတ်မြေ ဖြစ်၏။

“ လေပြင်း နတ်ရူရ် ထင်တယ်။ ”

လင်းယွန်က ခန့်မှန်း လိုက်သည်။

“ မှန်တယ် ... နင် မဆိုးဘူး။ ”

“ ငါ ကြည့်မယ်။ ”

လင်းယွန်က နဂါး မူလဖြင့် ကောင်းကင် သော့ဖွင့်ခြင်း တံဆိပ်၊ အား ဖန်တီး လိုက်သည်။ ထို့နောက် သုံးယောက်သား လျှို့ဝှက် နယ်မြေ ထဲ ဝင်ရောက် လာခဲ့၏။

ဤအမှောင် ကမ္ဘာသည်၊ ယခင် ကအတိုင်းပင် ဗလာ ဖြစ်နေပြီး၊ အသက် ဓာတ်များ ဆိတ်သုန်း နေဆဲ ဖြစ်၏။

သို့သော် ကောင်းကင် တခွင် လျှပ်စီးများ လက်နေသည်။ သက်ပြင်းချလျက် ဖီးနစ်သစ်ပင် ထံသို့၊ လျှောက်လှမ်း လာမိသည်။ ဤသည်မှာ လျှို့ဝှက် နယ်မြေ၏ တစ်ခု တည်းသော သက်ရှိ ပေပင်။

ထိုအချိန်က အကိုင်း အခက် အနည်း ငယ်မျှသာ ရှိပြီး၊ ၎င်းအား ကြည့်ကာ ခရမ်းငယ် တစ်ယောက် ဝမ်းနည်း နေခဲ့ ဖူးသည်။ သူမကို အချိန် အတော် ကြာအောင် နှစ်သိမ့် ခဲ့ရ၏။

ထိုအမှတ် တရကြောင့် ပြုံးမိသည်။

“ ဘာ ... ပြုံးတာလဲ။ ”

“ ဘာမှ မဟုတ် ပါဘူး၊ မင်း အရပ် ပိုမြင့် လာလို့ပါ။ ”

ဖီးနစ် သစ်ပင်မှာ၊ အမြင့် တစ်မီတာ ကျော်လာပြီ ဖြစ်သဖြင့်၊ သူမအား လှည့်ကြည့် ကာ ပြောလိုက်သည်။

ခရမ်းငယ်က အပင်ငယ် ဆီသို့ ချဉ်းကပ် လာပြီး၊

“ ဒီအပင် မီတာ တစ်ရာ ကျော်ရင် ... ၊ ငါ့ရဲ့ ရုပ်သွင်ကို ပြန်ရ နိုင်မယ်။ ”

-ဟု ရှင်းပြ လေသည်။

“ ဒါဆို ... အဲဒီ အချိန် တုန်းက ... ၊ မင်းဘယ်လောက် အထိ၊ ရင်သပ် ရှုမောဖွယ် ဖြစ်မလဲ မြင်ရ မှာပေါ့။ ”

“ ဒါတော့ သေချာတယ်၊ ငါက သမုဒ္ဒရာ (၄)စင်း၊ ပျက်စီးမြေ (၈)ပါး၊ ကောင်းကင် (၃၆) လွှာနဲ့၊ မြေကမ္ဘာ (၇၂) ထပ်ကို အုပ်စိုးတဲ့၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ၊ ငါ့ပုံစံ အမှန်က ဆုစီယာထက် ပိုလှတယ်။ ”

“ ဘာလို့ ဆုစီယာ အကြောင်း ပါလာ ရတာလဲ။ ”

လင်းယွန်က မေးသည်။ ခရမ်းငယ်မှ ပြန် မဖြေချေ။ ထို့ကြောင့် စကား ဦးတည် ချက်ကို၊ မူလထံ ပြန်သွား လိုက်သည်။

“ မီတာ တစ်ရာ ကျော်လာဖို့ ... ၊ ဘယ်လောက် ကြာဦး မလဲ။ ”

“ နှစ် တစ်ရာ ... ဒါမှ မဟုတ် တစ်ထောင်။ ”

ခရမ်းငယ် အသွင်က ပြန်လည် အားလျော့ သွားသည်။

“ အနန္တ နတ်မိစ္ဆာ တောင်ထိပ် ကနေ ဘာတွေ ထပ်ရလာ သေးလဲ။ ”

“ ငါ့ မှတ်ဉာဏ် အပိုင်းအစ ... နည်းနည်း ပြန်ရ ခဲ့တယ်၊ အနန္တ နတ်မိစ္ဆာ တောင်ထိပ်က နတ်ဘုရား တိုက်ပွဲမှာ ... စစ်တလင်း ဖြစ်ခဲ့ ရတယ်၊ ငါက ခွန်လွန်က မဟုတ်ဘူး။ ”

“ ဒါဆို ခွန်လွန် အပြင် ကပေါ့ ... ။ ”

“ မသေချာဘူး ... ။ ”

ခရမ်းငယ်က ခေါင်းခါ လိုက်သည်။

“ တော်တော် များများက ... အဲဒီ လူရဲ့ ကျေးဇူး တွေကြောင့်၊ ခွန်လွန်ကို ရောက်လာခဲ့ ကြတယ်၊ ဒါပေမယ့် တိုက်ပွဲ ပြီးသွား တာတောင် သူ ရောက် မလာဘူး။ ”

ခရမ်းငယ်မှ နဂါးပြာ ဘိုးဘေး နတ်ဘုရားအား၊ ရည်ရွယ် နေမှန်း လင်းယွန် သိလိုက်သည်။

“ သူ သေသွား တာရော ... မဖြစ် နိုင်ဖူးလား။ ”

လင်းယွန်မှ ဝင်ပြော မိသည်။

“ ဖြစ်နိုင်တယ် ... ဒါပေမယ့် အဲဒီ တုန်းက ဖြစ်ပျက်ခဲ့ တာနဲ့၊ ဧကရာဇ် (၉)ပါးကို ဘယ်လိုမှ ဆက်စပ် ကြည့်လို့ မရဘူး၊ ဒါကို ရှာနိုင်ရင် သိမှာပဲ။ ”

ခရမ်းငယ်က သက်ပြင်းချ လိုက်၏။ ထိုစကားကြောင့် လင်းယွန် သည်လည်း အတွေး နက်သွား၏။

“ ဒါနဲ့ နင့်ရဲ့ တစ်နှစ်တာ အတွေ့ အကြုံကို ပြောပြ ပါဦး။ ”

ခရမ်းငယ်မှ ရုတ်တရက် တောင်းဆို လာသည်။ လင်းယွန်က ပြုံးပြီး၊ သူ့ တစ်နှစ်စာ အတွေ့ အကြုံ များကို၊ ပြန်ပြောပြ လိုက်၏။

ယွဲ့ဝေဝေ ကဏ္ဍ ရောက်ချိန်၌ ခရမ်းငယ် မျက်နှာ ရွှင်လန်း လာခဲ့သည်။ နိဗ္ဗာန် ပွဲတော် အကြောင်း ကြားသော်၊

“ ဘဝ ကြင်ဖော် ရေကန်မှာ ... ၊ နင် ဒီလောက် လူတွေ အများကြီး တွေ့ရတာ၊ ငါ့ကို ဘာလို့ မမြင် တာလဲ။ ”

-ဟု နှုတ်ခမ်းဆူကာ မကျေ မနပ် မေး၏။

“ ဘာတွေ လျှောက်ပြော မေးနေ တာလဲ ... ။ ”

“ မရဘူး ... ပြောပါ၊ ငါ့ကို တွေ့လား၊ မတွေ့ ဖူးလား။ ”

လင်းယွန် အမှန်ပင် သူမအား မတွေ့ ခဲ့သဖြင့်၊ မတွေ့ကြောင်း ထပ်လောင်း ပြောပြ လိုက်သည်။

“ နင်က ... အကြင်နာ မဲ့တဲ့ လူယုတ်မာ။ ”

ခရမ်းငယ်က မျက်လုံးများ နီလာပြီး ဆို၏။

“ မငိုနဲ့ ... မငိုနဲ့ ... ၊ ငါ နောက်တာ၊ မင်းကို မြင်ခဲ့တယ်။ ”

လင်းယွန်မှ ကူကယ်ရာ မဲ့စွာဖြင့်၊ ပြင်ပြောလိုက် ရတော့သည်။ ခရမ်းငယ် မျက်လုံးများ တောက်ပ လျက်၊

“ မလိမ်နဲ့ ... အမှန်အတိုင်း ပြော။ ”

“ မလိမ် ပါဘူး၊ တကယ် ပြောတာ။ ”

“ နင် ... နင်က တကယ့် လူယုတ်မာပဲ။ ”

လင်းယွန် ထံမှ အတည် ပြုချက် ရလိုက် သည်နှင့် ခရမ်းငယ်က ရွံရှာစွာဖြင့်၊ နှာခေါင်းရှုံ့ ဝေဖန် လိုက်တော့သည်။

***

All Chapters