← Chapters

တဟုန်ထိုး တိုးတက်သွားမှု

Vol. 64 Ch. 847

တဟုန်ထိုး တိုးတက်သွားမှု

Vol. 64 Ch. 847

ချိမင်နတ်ဘုရားသားတော်က ပြုံးလိုက်ပြီး တိတ်ဆိတ်နေသည်။ သူ့အပြုံးသည် ရှင်းအန်း၏စကားကို သဘောမတူကြောင်း သက်သေထူနေ၏။ ‘သူနဲ့ငါ အတူတူပဲလို့ ငါ ပြောလိုက်တုန်းက ဝတ္တရားအရ နှိမ့်ချပြောနေမှန်း သဘောမပေါက်ဘူးပဲ... ဒါပေမဲ့ သူ့ပြဿနာကို ငါ မဖြေရှင်းနိုင်တာတော့ မှန်တယ်... ယိုတုသားတော်ပဲ သူ့ကို ကူညီနိုင်တယ်’

ကောင်းကင်ထက်တွင် ချင်မူကား ပါမောက္ခပါ့ရှန်နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ပါမောက္ခပါ့ရှန်သည် ဤတိုက်ပွဲက ချောချောမွေ့မွေ့ သွားနေကြောင်း ခံစားရ၍ အားမာန်အပြည့်ဖြင့် ဟိန်းဟောက်နေ၏။ သူက ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှ သိုင်းကွက်အားလုံးအား ထုတ်ဖော်ပြသချင်နေသည်။

လီမြစ်တက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သည့်အလျောက် တက္ကသိုလ်အတွင်း ပြုပြင်ပြောင်းလဲမှုများမှ ထွက်ပေါ်လာသော အသီးအပွင့်မှန်သမျှသည် သူမှတစ်ဆင့်သာ ဖြတ်သွားရမည်မဟုတ်ပါ၏‌လော။ သို့သော် ပါမောက္ခပါ့ရှန်မှာ သူ၏ကိုယ်ပိုင်ကျင့်စဉ်များ၊ သိုင်းကွက်များတွင် ပိတ်မိနေကာ ရှေ့ဆက်မတိုးနိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက သူ၏ကိုယ်ပိုင်ကျင့်စဉ်၊ သိုင်းကွက်များ၌ အဆင့်တက်နိုင်ရန် တခြားကောင်းကင်နတ်သိုင်းများကို လေ့လာ၍ လိုအပ်နေသော နေရာများတွင် ဖာထေးခဲ့၏။

သို့သော် သူ၏အစွမ်းအစများ ထုတ်ဖော်ပြသရန် ဖိအားပေးနိုင်လောက်သည့် ပြိုင်ဘက်မှာ ရှားပါးခဲ့လေသည်။

သိုင်းကွက်အသားပေးပညာရပ်နှင့် မှော်အစီအရင်များ၏ ပေါင်းစည်းမှုက သူ၏သိုင်းကွက်များကို လွန်စွာအားကောင်းပြင်းထန်စေ၍ အဆင့်တူများပင် သူ့ဆီမှ သိုင်းကွက်တစ်ကွက်ပင် မခုခံနိုင်ပေ။ သို့သော် ထိုပညာရပ်ဖြင့် လမ်းစဉ်အဆင့်သို့ မဝင်ရောက်နိုင်သေးသည့်အတွက် သားသတ်သမားနှင့် ရှင်းအန်းလို ပြိုင်ဘက်များနှင့် တွေ့ရပါက သိုင်းကွက်တစ်ကွက်၊ နှစ်ကွက်တည်းနှင့် ရှုံးနိမ့်ရပြန်သည်။ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ သူ့အတွက် အစွမ်းအစများ ထုတ်ဖော်ပြသရန် အခွင့်အရေးမရပေ။

ပါမောက္ခပါ့ရှန်သည် ပိုးတုံးလုံးမှ လိပ်ပြာအဖြစ် ကူးပြောင်းနိုင်မည့်အခြေအနေ၏ ကနဦးအဆင့်တွင် ရှိသော်လည်း ထိုအခြေအနေမှာ စိတ်ဓာတ်ကျစရာအကောင်းဆုံးနှင့် ကူကယ်ရာအမဲ့ဆုံးလည်း ဖြစ်၏။ သူကား ပါရမီထက်သန်သော်လည်း ပါရမီတစ်ခုတည်းနှင့် မတိုးတက်၊ မပြောင်းလဲနိုင်ပေ။ သူ့ကို ဖိအားပေးရန် လိုအပ်သည်။ သို့သော် ဖိအားပေးနိုင်သည့် လူကို ရှာတွေ့ရန်မှာလည်း အလွန်ခက်သည်။

သူ၏အစွမ်းအစအားလုံး ထုတ်ဖော်နိုင်ခဲ့သော အခွင့်အရေးမျိုး ရခဲ့ဖူးသည့် တစ်ကြိမ်မှာ ကျားနတ်မင်းနှင့် ရင်ဆိုင်ရစဉ်က ဖြစ်ခဲ့သည်။ သို့သော် ကျားနတ်မင်းက သစ်ခုတ်သမားနှင့်အတူ မကြာခဏ ခရီးသွားရသောကြောင့် တက္ကသိုလ်သို့ တစ်ကြိမ်သာ လာခဲ့ဖူး၏။

ဤတစ်ကြိမ်တွင် ချင်မူက လီမြစ်တက္ကသိုလ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ချင်မူသည် ဒူပေနာပေ အကြမ်းခံပြီး သန်မာသော လူငယ်တစ်ယောက်ဖြစ်သည့်အတွက် ပါ့ရှန်မှာ သူ လေ့လာတတ်မြောက်ထားခဲ့သမျှ သိုင်းကွက်များ၊ ကျင့်စဉ်အားလုံးကို အားပါးတရ ထုတ်ဖော်ပြသခွင့် ရသွား၏။

ချင်မူက လီမြစ်တက္ကသိုလ်၌ ပညာသင်ရန် လာခဲ့သော်လည်း ယခုတွင် ပါမောက္ခပါ့ရှန်အတွက် ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်သိုင်းကွက်များ စိတ်တိုင်းကျ ထုတ်လွှတ်ရန် အသုံးချခံပစ္စည်းလေးတစ်ခုပမာ ဖြစ်နေသည်။ ပါ့ရှန် မည်သည့်သိုင်းကွက် အသုံးပြုစေကာမူ သူက ကာကွယ်နိုင်၏။

ထိုမျှသာမက ချင်မူ၏ သင်ယူနိုင်စွမ်းကလည်း အံ့အားသင့်ဖွယ်ကောင်းသည်။ သူက နောက်ဆုတ်နေသော်လည်း သူ၏လှုပ်ရှားမှုများက ရှုပ်ထွေးနေပြီး ပါမောက္ခပါ့ရှန် ထုတ်လွှတ်နေသည့် လီမြစ်တက္ကသိုလ်၏ သိုင်းကွက်များကို လေ့လာသင်ယူကာ ပြန်လည်ထုတ်‌ဖော်နိုင်နေသည်။

ထို့အပြင် ချင်မူက တစ်ကွက်၊ နှစ်ကွက်မျှ လှုပ်ရှားလိုက်ရုံဖြင့် ပါမောက္ခပါ့ရှန်၏ သိုင်းကွက်များအတွင်းရှိ ဟာကွက်များ၊ အားနည်းချက်များကိုလည်း ရှာတွေ့နိုင်သည်။ ဤသို့ဖြင့် ပါမောက္ခပါ့ရှန်က ချင်မူ၏ တန်ပြန်သိုင်းကွက်များကို ပြန်လေ့လာ၍ အပြောင်းအလဲများလုပ်ရင်း တိုးတက်လာသည်။

ချင်မူက ပါမောက္ခပါ့ရှန်ကို ပိုမိုထက်မြက်လာအောင် ဖန်တီးပေးနိုင်သော ဓားသွေးကျောက်တစ်တုံးပမာ ဖြစ်သည်။

ထိုကဲ့သို့ ပြိုင်ဘက်မျိုးသည် တစ်သက်တွင် တစ်ခါ ဆုံတွေ့ရန် ခဲယဉ်းလှ၏။

“အစ်ကိုဖြစ်သူက ညီငယ်ကို သိုင်းကွက်တွေ သင်ပေးနေတာမဟုတ်ဘဲ ညီငယ်က အစ်ကိုဖြစ်သူကို လမ်းပြပေးနေတာပဲ”

လယ်သမားအိုကြီးက ခေါင်းတယမ်းယမ်းဖြင့် သားသတ်သမားဆီသို့ ပြောလိုက်သည်။ “ချင်သားတော်က မင့်တပည့်ကို သင်ပေးတဲ့နေရာမှာ မင့်ထက် တော်တယ်”

သားသတ်သမားလည်း‌‌ ခေါင်းညိတ်လိုက်၏။ “ပါ့ရှန်မှာ ရဲတင်းတဲ့ သတ္တိမရှိဘူး.. သူက ကျုပ်ရဲ့ ဓားမသိုင်းမှာ မအောင်မြင်ခဲ့ပေမယ့် ကျုပ်ကို တုဖို့ ကြိုးစားနေခဲ့တယ်... လမ်းစဉ်အဆင့် ဝင်ရောက်နိုင်မယ့် ပြိုင်ဘက်ကင်းပညာရပ်တွေကို စဉ်းစားနိုင်ဖို့အထိလည်း သူ ဉာဏ်မကောင်းဘူး... ဒါပေမဲ့ ကျုပ် တစ်ခါသေသွားတာ ကံကောင်းတယ်ဆိုရမယ်... ကျုပ်ရဲ့ သေဆုံးမှုက သူ့ကို ကျုပ်လောင်းရိပ်အောက်ကနေ ထွက်သွားစေပြီး သူ့ကိုယ်ပိုင်သိုင်းကွက်မှော်ကျင့်စဉ်ကို တီထွင်စေနိုင်ခဲ့တယ်... ဒါပေမဲ့ ကျုပ်အနေနဲ့ သူ့ကို ဆက်သင်ပေးလို့မရတော့ဘူး”

လယ်သမားအိုကြီးက သူ့စကားကြောင့် တွေးသွားသည်။ “လက်လွှတ်ပေးလိုက်ရမှာ သိတာနဲ့တင် မင်း ဆရာကောင်းတစ်ယောက် ဖြစ်နေပါပြီ”

သားသတ်သမားက ဟက်ခနဲ ရယ်လိုက်သည်။ “သိုင်းပညာကောင်းကင်ဆရာသခင်၊ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်ပြီးပြီလား”

လယ်သမားအိုကြီးသည် သက်ပြင်းချ၍ ခေါင်းယမ်း၏။

“သိုင်းပညာလမ်းစဉ်ရဲ့ မဟာဧကရာဇ်ဆိုတဲ့ ဘွဲ့က ... သတ္တမကောင်းကင်ရတနာ မဖွင့်ဘဲ ကောင်းကင်နန်းဆောင်ဆီ တန်းတက်ခဲ့တာကြောင့် ရတဲ့ ဘွဲ့ပဲ... ဒါပေမဲ့ သတ္တမကောင်းကင်ရတနာ မရှိတဲ့အတွက် တခြားဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေနဲ့ ယှဉ်ရင် အနည်းငယ် အားနည်းတယ်လို့လည်း ဆိုလိုတယ်”

သားသတ်သမားက အေးအေးလူလူ ပြောနေသည်။ “သတ္တမကောင်းကင်ရတနာ ပြီးမြောက်ပြီး ‌ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ပွင့်လာမှ သိုင်းပညာလမ်းစဉ်ရဲ့ မဟာဧကရာဇ်လို့ အမှန်တကယ် ခေါ်နိုင်မှာ... ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ပွင့်လာရင် ကောင်းကင်နတ်မြစ်က ကျန်တဲ့ ကောင်းကင်ရတနာအားလုံးကို ဆက်သွယ်ပေးတယ်... ဒါဆို ခင်ဗျားဟာ ဒီကမ္ဘာပေါ်က အသန်မာ၊ အားအကောင်းဆုံး ဧကရာဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ် ... ခင်ဗျားရဲ့ အောင်မြင်မှုတွေဟာ သမိုင်းတွင်လိမ့်မယ်”

လယ်သမားအိုကြီ၏ မျက်နှာ ရှုံ့မဲ့သွားပြီး သူက ခြောက်ကပ်ကပ် ပြန်ဖြေသည်။ “ငါက နည်းနည်းတုံးနေတာကွာ ဟုတ်ပြီလား.... ငါ မာန်ဟုန်မြစ်ဘေးမှာ အကြာကြီး ထိုင်ခဲ့တာတောင် ကောင်းကင်နတ်မြစ်ရဲ့ စွမ်းအားကို မခံစားခဲ့ရဘူး... သစ်ခုတ်သမား ပြောသလို ငါ့ခေါင်းထဲမှာ ဦးနှောက်မဟုတ်ဘဲ ကြွက်သားတွေပဲ ပြည့်နေတယ် ထင်ပါရဲ့”

သားသတ်သမား ရယ်ရမလား၊ ငိုရမည်လား မသိတော့ပေ။

ဤအခိုက်အတန့်တွင် မိုးကြိုး၊ လျှပ်စီးတန်းများ ကောင်းကင်တစ်လျှောက် ဖြာထွက်သွားသည်။ ဓားမရောင်တစ်ချက် ဖျတ်ခနဲ လက်လာပြီး မိုးကြိုး၊ လျှပ်စီးတန်းများကို ပါ့ရှန်၏ အာဏာရှင်ဓားထဲသို့ ဆွဲငင်လိုက်၏။ အာဏာရှင်ဓားဆီမှ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံများ ထွက်လာသည်။

နောက်တခဏတွင် ဓားမရောင်တစ်ချက်သည် လေကို ပိုင်းခွဲ၍ မရေမတွက်နိုင်သော ဓားမရောင်များအဖြစ် လျင်မြန်စွာ ဖြာထွက်သွားပြီးနောက် ရေလှိုင်းလုံးကြီးအဖြစ် စုစည်းသွားကာ ချင်မူ့ဆီသို့ ရိုက်ခတ်လာ၏။

သားသတ်သမား၊ လယ်သမားအိုကြီးနှင့် စောင့်ကြည့်နေကြသူများမှာ ပါမောက္ခပါ့ရှန်ကို လေးစားသွားကြသည်။ သားသတ်သမားက မှတ်ချက်ပြုသည်။ “ပါ့ရှန်ရဲ့ သိုင်းကွက်မှော်ကျင့်စဉ်က ကြောက်ခမန်းလိလိ တိုးတက်လာပြီ.... ဒါပေမဲ့ သူ လမ်းစဉ်အဆင့် မဝင်နိုင်သေးဘူး... ဓားမတွေ သုံးတဲ့နေရာတို့၊ လျှပ်စီးမှော်ထုတ်လွှတ်နေရာတို့၊ သိုင်းပညာထုတ်ဖော်တဲ့နေရာတို့မှာ ... လိုအပ်နေသေးတယ်”

လက်သမားအိုကြီး အံ့အားသင့်နေသည်။ “ထူးဆန်းတယ်... သူ့စွမ်းအားက ကြောက်ခမန်းလိလိ အားကောင်းနေပါလား”

သူ စကားပြောနေစဉ် ပုံရိပ်သဏ္ဍာန်အမြောက်အမြား ချင်မူ့ကို လွှမ်းခြုံသွားသည်။ ချင်မူက သိုင်းကွက်ပေါင်း မရေမတွက်နိုင်အောင် ထုတ်ဖော်လိုက်သည့်အလား ထင်ရပေသည်။ ပုံရိပ်သဏ္ဍာန်များက ကောင်းကင်ထဲတွင် ခံ့ညားထည်ဝါသော လက်ဝါးကြီးတစ်ခုအဖြစ် ဖွဲ့တည်သွား၏။

ကောင်းကင်ဘုံ၏ ဆန်းကြယ်တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်။

သူ့လက်ဝါး၏ စွမ်းအားက ပါ့ရှန်၏ အာဏာရှင်ဓားမလှိုင်းနှင့် ဝင်တိုက်သွားသည်။ ဓားမရောင်များက ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကို ပိုင်းဖြတ်ရင်း အရပ်မျက်လေးမျက်နှာသို့ တောက်ပလင်းလက်စွာ ဖြာထွက်သွား၏။

လက်ဝါးသိုင်းကွက် ထုတ်ဖော်လိုက်သည့်အချိန်မှာပဲ ချင်မူ့အရိပ်က လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သူ့လက်ထဲတွင် ဓားစက်လုံးတစ်လုံး ပေါ်လာပြီး အာဏာရှင်ဓားမတစ်လက်အသွင် ပြောင်းသွားသည်။

ချင်မူက စောစောက ပါ့ရှန် ထုတ်လွှတ်ခဲ့သော သိုင်းကွက်မှော်ကျင့်စဉ်၏ လှုပ်ရှားမှုများအတိုင်း လှုပ်ရှားရင်း ပါ့ရှန်ကို လှည့်ပတ်နေသည်။ သိုင်းကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းကား တိုင်းတာ၍မရအောင် ရှင်းလင်းပြတ်သားနေ၏။ ပါ့ရှန်၏ သိုင်းကွက်များနှင့် မတူသည့်အရာဆို၍ ဤသိုင်းကွက်များမှာ ဟာကွက်များ ဖာထေးပြီးထားသော သိုင်းကွက်များ ဖြစ်နေခြင်းသာ ရှိသည်။

ပါ့ရှန်သည် ချင်မူ လှည့်ပတ်နေသည့် အလယ်တွင် ရပ်၍ ချင်မူ့ဆီမှ သူ၏သိုင်းကွက်များကို ကြည့်နေသည်။ သိုင်းကွက်များသည် အားကောင်းပြင်းထန်သင့်သလောက် မပြင်းထန်ပါသော်လည်း အလွန်တရာ အသေးစိတ်နေပြီး အနှစ်သာရကို အမိအရ ဖမ်းဆုပ်ထားနိုင်၏။

တခဏလေးအတွင်း ချင်မူကား အာဏာရှင်ဓားမသိုင်းကွက် ခုနစ်ကွက်စလုံး ထုတ်ဖော်ပြီးသွားချေပြီ။ ရှစ်ကွက်မြောက်အား ထုတ်ဖော်နေဆဲ ခုလတ်တွင် ချင်မူက ရပ်လိုက်၏။

ချင်မူ ဓားမကို ရပ်လိုက်သည်နှင့် ပါ့ရှန်မှာ ရင်ထဲတွင် မွန်းကြပ်သွားသည်။ သူက အလွန်စိတ်တိုသွား၍ သွေးအန်လုဆဲဆဲ ဖြစ်သွား၏။

ပါမောက္ခပါ့ရှန်သည် အမျက်‌ဒေါသအပြည့်ဖြင့် အာဏာရှင်ဓားမကို ချင်မူ့ဓားမ ဝိုက်ဆွဲသွားသော လမ်းကြောင်းအတိုင်း ရွေ့လျားလိုက်ရင်း အောက်တည့်တည့်သို့ ခုတ်ပိုင်းကာ အော်ဟစ်လိုက်၏။ “ဒီလို ထုတ်လွှတ်ရတာကွ”

ချင်မူ့ဓားမရောင်နှင့် သူ၏ဓားမရောင်တို့ ချွင်ခနဲ ထိခတ်သွားသည်။ ပါမောက္ခပါ့ရှန်က သူ၏အာဏာရှင်ဓားမဖြင့် ချင်မူ့ဓားမကို တွန်းကာ အဋ္ဌမသိုင်းကွက်ကို ထုတ်လွှတ်ပြီးစီးစေလိုက်၏။

ပါမောက္ခပါ့ရှန်၏ အာဏာရှင်ဓားမသိုင်းကွက် ခုနစ်ကွက်မှာ သားသတ်သမား၏ ကောင်းကင်ဓားမသိုင်းကွက် ကိုးကွက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ လီမြစ်တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်လာပြီးနောက်တွင် သူက သတ္တမသိုင်းကွက်အပေါ် အခြေခံကာ အဋ္ဌမသိုင်းကွက်ကို တီထွင်နိုင်ခဲ့၏။

ချင်မူက သူ၏အဋ္ဌမသိုင်းကွက်ကို တစ်ဝက်တစ်ပျက်သာ ထုတ်ဖော်ခဲ့သောကြောင့် အပြင်သူများ၏အမြင်တွင် အရေးမကြီးသော်လည်း ပါ့ရှန်၏ရင်ထဲတွင် ပြီးမြောက်အောင် ထုတ်ဖော်စေလိုစိတ် တဖွားဖွား ပေါ်ထွက်လာခဲ့သည်။

ချင်မူက ပြုံးလိုက်ပြီး သူ၏ဓားမနှင့် ကောင်းကင်နတ်သိုင်းများကို ပါ့ရှန်၏ အာဏာရှင်ဓားမ သွားရာလမ်းကြောင်းအတိုင်း လိုက်သွားစေလိုက်သည်။

ပါမောက္ခပါ့ရှန်က အဋ္ဌမသိုင်းကွက်ကို ထုတ်လွှတ်ပြီး၍ ပြန်ဆုတ်တော့မည့်အချိန် ချင်မူ့ဓားမသည် သူ၏အာဏာရှင်ဓားမကို ဆွဲရင်း အဆင့်အသစ်ထဲသို့ လမ်းညွှန်ပြသနေ၏။

ပါမောက္ခပါ့ရှန် မှင်သက်သွားသည်။ တခဏလေးအတွင်း သူ၏မှော်စွမ်းအင်၊ ကောင်းကင်နတ်သိုင်းများ၊ ဓားမနှင့် သိုင်းကွက်များ ဖြတ်ကျော်တိုးထွက်သွားရမည့် တံခါးဝတစ်ခုကို တွေ့ရှိသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

သူ၏ဓားမက ချင်မူ့ဓားမ လှုပ်ရှားရာအတိုင်း လိုက်ပါသွား၏။ ပါမောက္ခပါ့ရှန်မှာ သူ့ကို ပိတ်လှောင်ထားသော တံခါးများကို ချိုးဖျက်ရင်း သူ၏ရည်မှန်းချက်များအား စိတ်တိုင်းကျ အကောင်အထည်ဖော်နိုင်တော့မည့်အလား ခံစားနေရတော့သည်။

ကောင်းကင်က ဖျတ်ခနဲ လင်းသွားသည်။ မိုးကြိုးများ၊ လျှပ်စီးတန်းများက ဝဲကြီးတစ်ဝဲသဖွယ် လည်သွားကြပြီး ကြီးမားတုတ်ခိုင်သော အလင်းတန်းကြီးများ ဖွဲ့တည်၍ ဝဲကြီး၏အလယ်ဗဟိုမှ ဖြာဆင်းလာကာ အာဏာရှင်ဓားမနှင့် ဆက်သွယ်သွားသည်။

အာဏာရှင်ဓားမ၏ နဝမသိုင်းကွက်။

ချင်မူ့လက်ထဲတွင် အာဏာရှင်ဓားကို လမ်းညွှန်ပေးနေသော ဓားမ မရှိတော့ပေ။ ပါမောက္ခပါ့ရှန်သည် သူ့အရှေ့ကို ပိတ်ကွယ်နေခဲ့သည့် မြူခိုးများကို ထိုးဖောက်၍ လမ်းအား ရှာတွေ့သွားပြီဖြစ်၏။ သူကား မိုးကြိုးလျှပ်စီးတို့၏ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထစ်ချုန်းအော်မြည်သံများနှင့်အတူ ဓားမချက်များအား အားပါးတရ ထုတ်ဖော်နေတော့သည်။

မိုးကြိုးလျှပ်စီးဝဲက လေဆင်နှာမောင်းလို လည်ပတ်လာပြီး ပါ့ရှန်၏အနောက်တွင် မီးပင်လယ်တစ်စင်း ပေါ်ထွက်လာသည်။ မီးတောက်များသည် ဟုန်းဟုန်းတောက်လျက် ဓားမကို စွဲ‌လောင်သွားပြီး သိုင်းကွက်မှော်ကျင့်စဉ်၏ စွမ်းအားများ ပြည့်နှက်လာစေ၏။

ပါ့ရှန် တီထွင်ခဲ့သော သိုင်းကွက်အသားပေးပညာရပ်နှင့် မှော်အစီအရင်၏ ပေါင်းစည်းမှုကား အမြင့်အသစ်သို့ ရောက်ရှိသွားချေပြီ။

သူသည် ယခင်တုန်းက လမ်း၏ အစပ်နား၌တင် ရပ်နေခဲ့ရ၏။ ဗဟုသုတမကြွယ်ဝမှုကြောင့် ရှေ့ဆက်မလှမ်းနိုင်ခဲ့ပေ။ ချင်မူက သူ၏အားနည်းချက်၊ ဟာကွက်များကို ဖေးထေးလိုက်ခြင်းဖြင့် အရေးကြီးသော ပထမခြေလှမ်းအား လှမ်းနိုင်အောင် ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။

ဤပထမဆုံးခြေလှမ်းက ပါ့ရှန်ကို ကမ္ဘာလောကအသစ်ဆီသို့ ခေါ်သွားသည်။ ယနေ့မှစ၍ သူကား ချင်မူ၏အကူအညီမလိုဘဲ သူ့လမ်းသူ ဆက်လျှောက်နိုင်တော့မည်။

ပါ့ရှန်က ခန္ဓာကိုယ်ကို လှည့်၍ သိုင်းကွက်တစ်ကွက် ထုတ်လွှတ်လိုက်သည်။ ဓားမရောင်သည် ကောင်းကင်နှင့်မြေပြင်ကို ပိုင်းခြမ်း၍ ပင်လယ်တစ်စင်း ဖွဲ့တည်လိုက်၏။ ယခုတွင် ကောင်းကင်မှာ ဆေးကြောသန့်စင်ခံလိုက်ရသကဲ့သို့ ကြည်လင်ပြာလဲ့သွားလေသည်။

ချင်မူ တဟားဟား ရယ်မောရင်း ပါ့ရှန်ဆီ သွားကာ လှမ်းခေါ်လိုက်သည်။ “အစ်ကိုကြီးပါ့ရှန်၊ ဒီနေ့ကစပြီး အစ်ကိုကြီးက သိုင်းကွက်မှော်လမ်းစဉ်ရဲ့ မဟာဆရာသခင် ဖြစ်သွားပြီ”

ပါ့ရှန်သည် သိုင်းကွက်များကို တုံ့ခနဲ ရပ်လိုက်ပြီး လေထဲတွင် တောင့်တောင့်ကြီး ရပ်နေ၏။ သူ့မျက်နှာတွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ ရောနေပြီး မျက်ရည်များက သူ၏မျက်လုံးများမှ စီးကျလာနေသည်။

လူကြမ်းကြီးမှာ ဓားမကို ဆုပ်ကိုင်လျက် အကြာကြီး တိတ်ဆိတ်နေသည်။ ရုတ်တရက် သူက ဓားမကို လက်နှစ်ဖက်ဖြင့် ကိုင်၍ လေထဲတွင် ဒူးထောက်ချကာ ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ညီလေး”

ချင်မူလည်း ကပျာကယာ ဒူးထောက်ဦးညွှတ်လိုက်ရင်း ရယ်လိုက်၏။ “အစ်ကိုကြီး၊ ကျွန်တော်က အစ်ကိုကြီး နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်လို့ တံခါးအပြင်မှာပဲ ရပ်နေရတာကို သတိထားမိရုံသက်သက်ပါ... ကျွန်တော်က ဒီနယ်ပယ်မှာ သိပ်အတွေ့အကြုံမရှိတော့ အစ်ကိုကြီးကိုယ်တိုင်ပဲ ဆက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်.... သိုင်းကွက်မှော်ကျင့်စဉ်နဲ့ လမ်းစဉ်အဆင့်တက်ပြီး မဟာဆရာသခင်တစ်ယောက် ဖြစ်လာတာက အစ်ကိုကြီးရဲ့ အားထုတ်မှုတွေပါပဲ”

သူတို့နှစ်ယောက် မတ်တပ်ပြန်ရပ်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကျယ်‌လောင်စွာ ရယ်မောလိုက်ကြသည်။

ပန်ကုန်းစုန်က သံသယဝင်နေသော အမူအရာနှင့် မေးသည်။ “ပါမောက္ခပါ့ရှန်က သိုင်းပညာနဲ့ လမ်းစဉ်အဆင့် တက်တာလည်းမဟုတ်၊ ဓားမသိုင်းနဲ့ လမ်းစဉ်အဆင့် တက်တာလည်း မဟုတ်ဘူး... ကောင်းကင်နတ်သိုင်းနဲ့လည်း မဟုတ်ဘူး... ထူးဆန်းတယ်၊ ဘယ်လိုဖြစ်လို့ သူ့ကျင့်စဉ်စွမ်းအင်က ရုတ်တရက်ကြီး ထိုးတက်သွားတာလဲ”

သူ့ဘေးရှိ ရှင်းအန်းက ဖြေသည်။ “သူက သိုင်းကွက်မှော်ကျင့်စဉ်နဲ့ လမ်းစဉ်အဆင့်တက်ပြီး သူ့ကိုယ်ပိုင် ကျင့်စဉ်စနစ်ကို တီထွင်လိုက်ပြီ... ဂိုဏ်းသခင်ချင်က သူ့ဦးတည်ရာအတိုင်း လိုက်သွားရင်း ပထမဆုံးခြေလှမ်း လှမ်းနိုင်အောင် ကူညီပေးခဲ့တယ်... အဲဒီခြေလှမ်းက သူ့ကို အကြီးအကျယ် တိုးတက်သွားစေတာပဲ”

ချိမင်နတ်ဘုရားသားတော် ခေါင်းညိတ်လိုက်သည်။ “ပါမောက္ခပါ့ရှန်က သိုင်းပညာ၊ ဓားမသိုင်းနဲ့ ကောင်းကင်နတ်သိုင်းတွေကို တစိုက်မတ်မတ် ပူးတွဲကျင့်ကြံရင်း သူ့ကိုယ်သူ တိုးတက်လာအောင် လုပ်ခဲ့တယ်... ဒါပေမဲ့ အဲဒီနယ်ပယ်သုံးမျိုးစလုံးနဲ့ လမ်းစဉ်အဆင့် တက်ဖို့ သိပ်ခက်တယ်... လမ်းမှား ရောက်နေတာလို့ ဆိုရမယ်... ဂိုဏ်းသခင်ချင်က သူ့အာဏာရှင်ဓားရဲ့ သတ္တမသိုင်းကွက်ကို အသုံးချရင်း သူ အဲဒီနယ်ပယ်သုံးခုလုံး စွန့်ပစ်ပြီး သူ့လမ်းသူ ဆက်လျှောက်နိုင်အောင် လမ်းပြပေးခဲ့တာ.... ဂိုဏ်းသခင်ချင် သူ့ကို ကူညီပေးလိုက်တဲ့ ခြေတစ်လှမ်းက သူ့ကို မျိုးဆက်တစ်ဆက်ရဲ့ မဟာဆရာသခင် ဖြစ်လာစေခဲ့ပြီ”

ပန်ကုန်းစုန် တုန်လှုပ်သွားသည်။ သူက အသံကို တိုး၍ မေးလေသည်။ “အဲဒီခွေးသူတောင်းစားချင်က ... အဲဒီလောက် ကြောက်စရာကောင်းတယ်လား”

“ကြောက်စရာကောင်းတာမဟုတ်ဘူး... ထက်မြက်တာ”

ရှင်းအန်းက ချင်မူ့ဆီသို့ လျှောက်သွားသည်။ သေတ္တာကြီးကလည်း ဗြောင်းဗြောင်းဗြုန်းဗြုန်း မြည်သံများဖြင့် သူ့နောက်မှ လိုက်လာ၏။ ချင်မူ့ခြေထောက်နား ‌ရောက်သည့်အခါ သေတ္တာကြီးက သူ့ခြေထောက်များကို လှည့်ပတ်ပြီး တိုးဝှေ့ပွတ်သပ်နေလေသည်။

“ရှင်းအန်း”

ချင်မူ သေတ္တာကြီးကို ထိလိုက်ပြီး အပြုံးတစ်ခုဖြင့် ရှင်းအန်းဆီသို့ နှုတ်ဆက်လိုက်သည်။ “မင်း ပေါ်လာတိုင်း ရုပ်က မတူပြန်ဘူးနော်... ဒါ ဘယ်သူ့ခန္ဓာကိုယ်လဲ”

“ဒါက ငါ အစစ်ပဲ”

ရှင်းအန်းက တည်ကြည်လေးနက်နေသော အမူအရာဖြင့် ပြန်နှုတ်ဆက်၏။ “ငါ ငယ်ငယ်တုန်းက ဒီလိုပုံစံ ရှိခဲ့တယ်”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားကာ သွေးတိုးစမ်းကြည့်လိုက်သည်။ “ဖန်ဆင်းကောင်းကင်နတ်သိုင်းလား... ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ထားတာလား... အရင်တုန်းက မင်းက အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ မူလဝိညာဉ်တွေကို လိုက်ဖြတ်လုယူရင်း လျှောက်သွားတဲ့သူပဲ ... မင်းရဲ့ခန္ဓာကိုယ်ကို တည်ဆောက်တာကိုတော့ နားလည်ပေမယ့် မူလဝိညာဉ်ကို ဘယ်လိုပြန်တည်ဆောက်ခဲ့တာလဲ”

“အဲဒီကိစ္စကြောင့်ပဲ ငါ မင်းကို လာတွေ့တာ”

လူငယ်ရှင်းအန်းက ဆက်ပြောသည်။ “အခု ငါက ငါ ဟုတ်သေးရဲ့လား မသိတော့ဘူး... အရင်တုန်းက အသက်ရှည်ဖို့ ၊ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်သိုင်းကွက်တွေ လေ့လာဖို့ ငါ ငါ့ရဲ့ခန္ဓာကိုယ်နဲ့ မူလဝိညာဉ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့တယ်... အခြားသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ မူလဝိညာဉ်တွေကို ခိုးရင်း ဖြုတ်လိုက်၊ ဆက်လိုက် လုပ်ခဲ့တယ်... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေတစ်ဆင့် ဒီနည်းလမ်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ငါ သဘောပေါက်ခဲ့တယ်... အခု ငါအစစ် ပြန်ဖြစ်မှပဲ ငါ ဆက်လက်တိုးတက်နိုင်လိမ့်မယ်.. ဒါပေမဲ့ ငါ့ဝိညာဉ်၊ ငါအစစ်ကို ပြန်ရှာမတွေ့တော့ဘူး... ငါ့ရဲ့လူငယ်ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပေမယ့် တကယ့်ငါ မဟုတ်သေးဘူး... ငါ အခု အင်မတန် ကြောက်ရွံ့မိတယ် ဂိုဏ်းသခင်ချင်”

“မင်းရဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို အရင်ကတည်းက သိခဲ့သင့်တယ်”

ချင်မူ သရော်တော်‌တော် ပြောလိုက်၏။ “မင်းရဲ့ ဝိညာဉ်ကို ပြန်စုစည်းပြီး တည်ဆောက်ပေးစေချင်တာလား... မင်းရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ”

ရုတ်တရက် သေတ္တာကြီးက အလိုလို ပွင့်လာသည်။

ချင်မူ့အကြည့်သည် သေတ္တာအထဲရှိ ပစ္စည်းများအပေါ် ကျရောက်သွားသည့်အခါ ရင်ထဲ ဒိန်းခနဲ ခုန်သွား၏။

လူငယ်ရှင်းအန်းကလည်း နှမြောတသဖြစ်နေသော မျက်လုံးများဖြင့် ပစ္စည်းများကို ကြည့်၍ အလေးအနက် ပြန်ပြောသည်။ “မင်းရဲ့ အကူအညီအတွက် ဒီတန်ဖိုးနဲ့ လောက်လား”

ချင်မူ ဣန္ဒြေဆည်၍ သေတ္တာကြီးကို ပြန်ပိတ်ကာ အလေးအနက် ဖြေလိုက်သည်။ “လောက်တယ်”

All Chapters